Bipolar mood disorder (စိတ်ကြွစိတ်ကျရောဂါ)

Bipolar mood disorder (စိတ်ကြွစိတ်ကျရောဂါ)

စိတ်ကြွစိတ်ကျရောဂါ (Bipolar Mood Disorder) သည် စိတ်ကြွသည့်လက္ခဏာများ ခံစားရသည့် အချိန်ပိုင်းနှင့် စိတ်ကျသည့်လက္ခဏာများ ခံစားရသည့်အချိန်ပိုင်းတို့ အပြန်ပြန် အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာရောဂါ (Mood Disorder) အမျိုးအစားတစ်ခုဖြစ်သည်။ ယခင်က (Manic Depressive Disorder) ဟု သုံးနှုန်းကြသည်။ ဤရောဂါတွင် စိတ်ဓာတ်တက်ခြင်း၊ ကျခြင်း၊ စိတ်ဓာတ်ခွန်အား၊ အတွေးအခေါ်၊ အပြုအမူ စသည်တို့တွင် သိသာပြင်းထန်သော အပြောင်းအလဲများ တွေ့ရတတ်သည်။ အဆိုပါပြောင်းလဲမှုများသည် အချိန်ကာလအားဖြင့် နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း စသည်ဖြင့် ကြာမြင့်တတ်ပြီး ကာယကံရှင်၏ နေ့စဥ်လူနေမှုဘဝ၊ လူမှုဆက်ဆံရေး၊ မိသားစုအရေး၊ ပညာရေး၊ လုပ်ငန်းခွင်စသည့် ကဏ္ဍအသီးသီးကို ထိခိုက်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိတ်ကြွစိတ်ကျရောဂါသည် ဇီဝဖြစ်စဥ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကြောင်းရင်းများ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ အဆိုပါအ‌ကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • မျိုးဗီဇ (Genetics)
    မိဘ၊ မောင်နှမမျိုးရိုးတွင် စိတ်ကြွစိတ်ကျရောဂါ ခံစားရသူရှိပါက စိတ်ကြွစိတ်ကျရောဂါ ခံစားနိုင်ရခြေ များတတ်သည်၊ ဤရောဂါသည် မျိုးဗီဇ၏ လွှမ်းမိုးမှုများသော ရောဂါတစ်ခု ဖြစ်သည်။ သို့သော် မျိုးဗီဇဇရာဇဝင်မရှိဘဲနှင့်လည်း ရောဂါခံစားရနိုင်သည်
  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    ဦးနှောက်အတွင်းရှိ Norepinephrine၊ Serotonin၊ Dopamine စသည့် ဓာတုပစ္စည်းများ မညီမျှခြင်းနှင့် စိတ်ကြွစိတ်ကျရောဂါ ဆက်နွှယ်မှုရှိသည်
  • စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များ (Stressful life events)
    အချို့သောသူများတွင် စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များကြောင့် စိတ်ကြွစိတ်ကျရောဂါ ခံစားလာရနိုင်သည်
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • သိုင်းရွိုက်ဟော်မုန်း လွန်ကဲရောဂါ (Hyperthyroidism) နှင့် သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ (Hypothyroidism)၊ (Cushing’s disease) တို့ကဲ့သို့ ဟော်မုန်းဆိုင်ရာရောဂါများ
    • အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြား အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia) များ၊ ဦးခေါင်းဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်း စသည်တို့အပါအဝင် အခြားဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများ
    • ခုခံအားကျကူးစက်ရောဂါ (AIDS)၊ ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) (Syphilis)နှင့် ဦးနှောက်အတွင်း အခြားရောဂါပိုးများဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း
    • Systemic Lupus Erythematosus ရောဂါအပါအဝင် အခြားကိုယ်ခံအား မူမမှန်တုံ့ပြန်မှုနှင့် ဆိုင်သောရောဂါများ (Autoimmune) စသည့် အခြေအနေတစ်ခုခုရှိသူတို့တွင် စိတ်ကြွစိတ်ကျ ရောဂါလက္ခဏာများ ခံစားရတတ်သည် (အခြားသော ရုပ်ပိုင်းဆိုင်ရာရောဂါများလည်း ရှိသည်)
  • ဆေးဝါးများ
    • စတီးရွိုက်ပါဝင်သောဆေးများကြောင့်လည်း စိတ်ကြွစိတ်ကျလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးများ
    • လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်စေနိုင်သည့်ဆေးများ (Hallucinogens) အမ်ဖက်တမင်းကဲ့သို့ စိတ်ကြွဆေးအမျိုးအစားများ (Amphetamine Type of Stimulants – ATS) သုံးစွဲခြင်းကြောင့်လည်း စိတ်ကြွစိတ်ကျ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်
ရောဂါလက္ခဏာများ
စိတ်ကြွသည့်ဖြစ်စဥ်တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ
  • စိတ်ကြွလွန်းနေခြင်း၊ အလိုလို ပျော်ရွှင်လွန်းနေခြင်း၊ စိတ်ဆတ်လွန်းခြင်း၊ စွမ်းအားများ ပြည့်ဝမြင့်မားနေသည်ဟု ခံစားရခြင်း
  • ကိုယ့်ကိုယ်ကို လွန်ကဲစွာအထင်ကြီးခြင်း၊ ယုံကြည်မှု လွန်ကဲလာခြင်း
  • လုပ်ဆောင်မှု၊ လှုပ်ရှားမှုများ များလွန်းနေခြင်း
  • အချိန်အနည်းငယ်သာ အိပ်စက်ရန်လိုအပ်ခြင်း (အိပ်ချိန်နည်းသော်လည်း အိပ်ရေးဝသကဲ့သို့ လန်းဆန်းနေတတ်ခြင်း)
  • စကားအလွန် ပြောလာခြင်း
  • အတွေးများ မြန်လွန်းနေခြင်း
  • အာရုံပျံ့လွင့်လွယ်ခြင်း
  • စိတ်လိုက်မာန်ပါ ပြုလုပ်လာတတ်ခြင်း၊ မဆင်မခြင် ပြုမူလာတတ်ခြင်း
  • လူမှုရေးအထိန်းအကွပ် လျော့နည်းလာခြင်း
  • ဆုံးဖြတ်ချက်များ ကောင်းစွာမချနိုင်ခြင်း
  • ဆိုးကျိုးဆက်များ ဖြစ်လာနိုင်သည့်ကိစ္စများ လုပ်ဆောင်လာခြင်း
  • နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများအပေါ် ထိခိုက်လာခြင်း၊ လုပ်ဆောင်ရာတွင် ပြဿနာများဖြစ်လာခြင်း (အဆိုပါလက္ခဏာများ အနည်းဆုံး ရက်သတ္တပတ် (၁)ပတ်ခန့် ရှိနေမှသာ စိတ်ကြွသည့်ဖြစ်စဥ်ဟု သတ်မှတ်လေ့ရှိသည်)

စိတ်ကြွသည့်ဖြစ်စဥ်ကို ပြင်းထန်ပါက (Manic episode) ဟူ၍လည်းကောင်း၊ ၄င်းအခြေအနေလောက် ရောဂါလက္ခဏာများ မပြင်းထန်ပါက (Hypomanic episode) ဟူ၍လည်းကောင်း ခေါ်ဆိုသည်။

စိတ်ကျသည့်ဖြစ်စဥ် (Depressive episode) တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ
  • အမြဲလိုစိတ်ဓာတ်ကျနေခြင်း
  • လုပ်ဆောင်ဖွယ်ရာများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း
  • ပျော်ရွှင်မှုမရှိခြင်း
  • ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း
  • သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တိုဒေါသထွက်လွယ်ခြင်း
  • စိုးရိမ်စိတ်လွန်ကဲခြင်း
  • အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ကဲခြင်း
  • အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုမိုစားလာခြင်း
  • ကိုယ်အလေးချိန်လျော့ခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးလာခြင်း
  • စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
  • ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်း
  • အကြောင်းရင်းခံကို ရှင်းလင်းမပြနိုင်သည့် ကိုယ်ခန္ဓာရောဂါလက္ခဏာများ ခံစားရခြင်း (ဥပမာ – နာကျင်ကိုက်ခဲနေတတ်ခြင်း)
  • အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း
  • နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများလုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း
  • လိင်မှုကိစ္စများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း
  • မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရခြင်း၊ အားကိုးရာမဲ့သလို ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ဦးကဲ့သို့ ခံစားရခြင်း၊ အလွန်အကျွံ အပြစ်ရှိနေသူတစ်ဦးကဲ့သို့ ခံစားရခြင်း
  • သေလိုစိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် ကြံစည်လုပ်ဆောင်လာတတ်ခြင်း စသည်တို့ကိုပါ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး တွေ့ရတတ်သည်

စိတ်ကြွစိတ်ကျရောဂါကို

  • စိတ်ကြွသည့်ဖြစ်စဥ် (Manic episode) အနည်းဆုံး တစ်ကြိမ် ခံစားရပါက (Bipolar I disorder)၊
  • ရောဂါလက္ခဏာများ မပြင်းထန်သည့် စိတ်ကြွသည့်ဖြစ်စဥ် (Hypomanic episode) အနည်းဆုံး (၁) ကြိမ်နှင့် စိတ်ကျသည့်ဖြစ်စဥ် အနည်းဆုံး (၁) ကြိမ် ခံစားရပါက (Bipolar II disorder) ဟူ၍သတ်မှတ်ကြသည် (အခြားအမျိုးအစားသတ်မှတ်ချက်များလည်းရှိသည်)

စိတ်ကြွစိတ်ကျရောဂါတွင် လှုံ့ဆော်မှုမဲ့အာရုံမှားများ ခံစားရခြင်း (Hallucination)၊ ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) စသည့် စိတ်ဖောက်ပြန်လက္ခဏာများ ခံစားရခြင်းမျိုးလည်းရှိသည်။

BMD IMG1
နောက်ဆက်တွဲပြဿနာများ

စိတ်ကြွစိတ်ကျ ရောဂါခံစားရမှု ပြင်းထန်သည့်အခြေအနေပေါ် မူတည်ပြီး နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် သို့မဟုတ် အခြားကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲပြဿနာများ ဖြစ်ပေါ်လာတတ်သည်။

စိတ်ကြွသည့်ဖြစ်စဥ်တွင်

  • လှုပ်ရှားလုပ်ဆောင်မှုများလွန်းခြင်း၊ အအိပ်အနေနည်းခြင်း စသည်တို့ကြောင့် ကျန်းမာရေး ထိခိုက်ခြင်း
  • စိတ်လိုက်မာန်ပါ ပြုလုပ်လာတတ်ခြင်း၊ မဆင်မခြင် ပြုမူလာတတ်ခြင်း၊ လူမှုရေးအထိန်းအကွပ် လျော့နည်းလာခြင်း၊ ဆုံးဖြတ်ချက်များ ကောင်းစွာမချနိုင်ခြင်း စသည်တို့ကြောင့် ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း၊ ခိုက်ရန်ဖြစ်ပွါးတတ်ခြင်း၊ ငွေကြေးအသုံးအဖြုန်းများလွန်းခြင်း၊ စီးပွါးရေးလုပ်ငန်းများ အရမ်းကာရော လုပ်ဆောင်လာတတ်ခြင်း၊ လိင်မှုကိစ္စများ မဆင်မခြင်လုပ်ဆောင်လာခြင်း (လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ရလာနိုင်ခြင်း) စသည်တို့ ဖြစ်ပေါ်လာတတ်သည်

စိတ်ကြွစိတ်ကျရောဂါခံစားရသည့်အခါတွင်

  • စိတ်ကြွသည့်ဖြစ်စဥ်ခံစားနေရချိန်အတွင်း၌ ကိုယ့်ကိုယ်ကို ရောဂါခံစားနေရသည်ဟု လက်မခံတတ်ခြင်း၊ စိတ်ကျသည့်ဖြစ်စဥ်အတွင်းတွင် ရောဂါကုသမှုမခံယူလိုခြင်း စသည်တို့ကြောင့် စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာနိုင်ခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲလာခြင်း၊ ယခင်ကထက် ပိုမိုသုံးစွဲလာခြင်း
  • မိမိတွင် စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ကို လက်သင့်မခံလိုခြင်း၊ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာ စွန်းထင်းမှုနှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု (Stigma and Discrimination) စသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလကြာမြင့်မှ သို့မဟုတ် အခြေအနေဆိုးဝါးလာမှသာ ကုသမှုခံယူခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုမည့်၊ အဆုံးစီရင်မည့် အတွေးစိတ်ကူး၊ အစီအစဥ်၊ လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုရန် လိုအပ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်ကြွစိတ်ကျရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။ ရောဂါပြင်းထန်မှုအခြေအနေပေါ် မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ကောင်းစွာပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိတ်ကြွစိတ်ကျရောဂါကို ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။ စိတ်ကြွစိတ်ကျရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် အခြားရောဂါများကိုလည်း စိစစ်ဖော်ထုတ်ရန် လိုအပ်သည်။

ကုသခြင်း

စိတ်ကြွစိတ်ကျရောဂါကို ထိရောက်စွာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှုများကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။ စိတ်ကြွစိတ်ကျရောဂါ ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ စိတ်ကြွစိတ်ကျ ရောဂါကုသဆေး အမျိုးအစားများစွာရှိသည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါ ပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့်အချက်အလက်များအပေါ် မူတည်ပြီး ဆေးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။

ရောဂါအခြေအနေပေါ်မူတည်ပြီး စိတ်အခြေအနေ ထိန်းညှိဆေးများ (Mood Stabilizers)၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ (Antipsychotics)၊ စိတ်ငြိမ်ဆေးများ (Anxiolytics)ကိုလည်း လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။

ဆေးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့ ပြုလုပ်ရန်အတွက် နောက်ဆက်တွဲ ပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။ စိတ်ကြွစိတ်ကျရောဂါတွင် စိတ်ကျရောဂါကုသဆေးများ (Antidepressants) အသုံးပြုရန် လိုအပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့အတွက် စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။

စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological intervention)
ကုသသူပညာရှင်နှင့် ဝေဒနာရှင်တို့ ပြောဆိုဆက်သွယ်ပြီး ကုသပေးသော ကုသနည်းဖြစ်သည်။ ဝေဒနာရှင်အတွက် ထိခိုက်စေသော အတွေး၊ စိတ်ခံစားချက်၊ အပြုအမူ စသည်တို့ ဆက်နွှယ်နေပုံကို သတိပြုလာနိုင်စေရန်နှင့် ပြောင်းလဲလာစေရန် အထောက်အကူပြုသည့် ကုသမှုမျိုးဖြစ်သည်။ ကူညီပံ့ပိုးပေးသည့် စိတ်ကုထုံး (Supportive psychotherapy)၊ ဆက်ဆံရေး ပြုပြင်မှုကုထုံး (Interpersonal Psychotherapy)၊ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy-CBT) စသည်တို့အပြင် စိတ်ကုထုံး အမျိုးအစားများစွာ ရှိကြသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကာလတာရှည် ကုသမှုခံယူရန် လိုအပ်နိုင်သည်။

အခြားကုသမှုအမျိုးအစားများ
ရောဂါပြင်းထန်မှု၊ ကုသမှု စွမ်းအားအရင်းအမြစ် ရရှိနိုင်မှုတို့အပေါ် မူတည်ပြီး ဦးနှောက်အတွင်း လျှပ်စီးလှိုင်းများကို လိုအပ်သလို ပြုပြင်ပြောင်းလဲပေးသည့်ကုထုံး (Electroconvulsive Therapy (ECT)) အသုံးပြုရန်လိုအပ်ပြီး၊ Deep Brain Stimulation (DBS)၊ Transcranial Magnetic Stimulation (TMS) စသည့်ကုထုံးများကိုလည်း ထည့်သွင်းစဥ်းစားနိုင်သည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ (Psychosocial interventions) လိုအပ်သလို စီစဥ် ဆောင်ရွက်ပေးခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) တို့လည်း လိုအပ်သည်

ဆေးရုံတွင်ကုသခြင်း

  • ကာယကံရှင်နှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း၊
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိခြင်း၊
  • ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း၊
  • ဆေးရုံတွင်သာ ရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင်ကုသရန် လိုအပ်သည့် အခြေအနေများဖြစ်သည်
ကာကွယ်ခြင်း

စိတ်ကြွစိတ်ကျရောဂါကို အတိအကျ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းမရှိပါ။ စိတ်ကြွစိတ်ကျ ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ကုသမှုရယူခြင်းသည် နောက်ဆက်တွဲ စိတ်ကြွ-စိတ်ကျဖြစ်စဥ်များ ခံစားရခြင်းနှင့် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။

References:

  1. American Psychiatric Association. (n.d.). What are bipolar disorders? Retrieved August 26, 2025, from https://www.psychiatry.org/patients-families/bipolar-disorders/what-are-bipolar-disorders
  2. WebMD. (n.d.). Bipolar disorder (manic depression). Retrieved August 26, 2025, from https://www.webmd.com/depression/bipolar-disorder-manic-depression
  3. Mayo Clinic. (n.d.). Bipolar disorder: Symptoms and causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/bipolar-disorder/symptoms-causes/syc-20355955
  4. Cleveland Clinic. (n.d.). Bipolar disorder. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/9294-bipolar-disorder
  5. American Psychiatric Association. (2013). Bipolar and related disorders. In Diagnostic and statistical manual of mental disorders (5th ed.) (pp. xx–xx). American Psychiatric Association. https://doi.org/10.1176/appi.books.9780890425787

Published: 30 August 2024

Last updated: 30 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.