Urticaria (အင်ပြင်ထွက်ခြင်း)

Urticaria (အင်ပြင်ထွက်ခြင်း)

အင်ပြင်ထွက်ခြင်းဆိုသည်မှာ အရေပြားပေါ်တွင် ရုတ်တရက် အနီရောင်အဖုများထွက်ပြီး ယားလာခြင်းဖြစ်သည်။ အင်ပြင်ထွက်ခြင်းမှာ အဓိကအားဖြင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး အချို့သောဆေးများနှင့် ရောဂါများကြောင့်လည်းဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်တတ်သည်။

Urticaria IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အင်ပြင်ထွက်ခြင်း အမျိုးအစားများနှင့် ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. လတ်တလော အင်ပြင်ထွက်ခြင်း (Acute urticaria)
    အင်ပြင်ထွက်ခြင်းမှာ (၆) ပတ်မကျော်လျှင် လတ်တလော အင်ပြင်ထွက်ခြင်းဟု ခေါ်သည်။ အစားအသောက်များ၊ ဆေးများ၊ အရေပြားနှင့် ထိတွေ့မိသည့်အရာများ စသည့်တစ်ခုခုနှင့် ဓာတ်မတည့်လျှင် အရေပြားရှိ ခုခံအားဆဲလ်များ (Mast cells) များမှ ဟစ်စ်တမင်း (Histamine) ဓာတုပစ္စည်း ထုတ်သောကြောင့် အင်ပြင်ထွက်လာရခြင်းဖြစ်သည်။ အင်ပြင်ထွက်စေသော အဓိကအကြောင်းရင်းများမှာ_
    • အင်းဆက်ကိုက်ခံရခြင်းနှင့် အချို့သောရောဂါပိုးများဝင်ခြင်း
    • မြေပဲ၊ ချောကလက်၊ ပင်လယ်စာ၊ ခရမ်းချဥ်သီး၊ ဥ၊ ဘယ်ရီသီး၊ နို့ စသော အစားအသောက်များကို စားခြင်း
    • အစားအစာများကို အစိမ်းစားခြင်း
    • အကိုက်အခဲ‌ပျောက်ဆေး (Ibuprofen၊ Codeine)၊ သွေးပေါင်ကျဆေး (ACEI)နှင့် အချို့သော ပိုးသတ်ဆေးများ သုံးစွဲခြင်း
    • ရာဘာ (သို့မဟုတ်) အလှပြင်ပစ္စည်းများဖြင့် အရေပြားကို ထိတွေ့မိခြင်း စသည်တို့ဖြစ်သည်။
      လတ်တလော အင်ပြင်ထွက်ခြင်းမှာ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သောနှာရည်ယိုခြင်း (Allergic rhinitis)၊ အရေပြားယားပြီး ခြောက်သွေ့ခြင်း (Atopic dermatitis)၊ ပြင်းထန်သော စိတ်ဖိစီးမှုများ (extreme stress) တို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆသည်။
  2. နာတာရှည် အင်ပြင်ထွက်ခြင်း (Chronic urticaria)
    အင်ပြင်ထွက်ခြင်းသည် တစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်ဖြစ်ပြီး (၆) ပတ်ထက် ပို၍ကြာလျှင် နာတာရှည် အင်ပြင်ထွက်ခြင်းဟုခေါ်သည်။ နာတာရှည် အင်ပြင်ထွက်ခြင်းသည် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်လေ့မရှိဘဲ အများစုတွင် အကြောင်းရင်း ရှာမရပါ။ အချိန်ကာလကြာမြင့်စွာ ဖြစ်တတ်သော်လည်း အသက်အန္တရာယ် မရှိပါ။
    နာတာရှည် အင်ပြင်ထွက်ခြင်းနှင့် တွဲ၍တွေ့နိုင်သော ရောဂါပိုးများနှင့် ‌အချို့သောရောဂါများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • ဗိုင်းရပ်စ်ပိုးများ (ဥပမာ _ တုပ်ကွေးရောဂါပိုးအသည်းရောင်အသားဝါ ဘီ ပိုး)
    • ဘက်တီးရီးယားပိုးများ (ဥပမာ _ လည်ပင်းနာရောဂါပိုး – Strep throat)
    • ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းဆိုင်ရာရောဂါများ (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း – Autoimmune hypothyroid)၊ ရူမတွိုက်အဆစ်ရောင်ရောဂါ – Rheumatoid arthritis၊ အက်စ်အယ်လ်အီးရောဂါ – SLE)
    • သွေးကြောရောင်ခြင်း (Vasculitis)
  3. အရေပြားကို ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် အင်ပြင်ထွက်ခြင်း (Physical urticaria)
    ပူခြင်း၊ အေးခြင်း၊ နေလောင်ခြင်း၊ တုန်ခါခြင်း၊ ဖိအားများခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချွေးထွက်ခြင်းအစရှိသည့် အခြေအနေများနှင့် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ အင်ပြင်အများစုမှာ မိနစ်ပိုင်းအတွင်းတွင် ဖြစ်ပေါ်လာပြီး နာရီအနည်းငယ်ကြာလျှင် သက်သာသွားတတ်သည်။
ရောဂါလက္ခဏာများ

အင်ပြင်ထခြင်း၏ အဓိကလက္ခဏာမှာ ခန္ဓာကိုယ်၌ မည်သည့်နေရာတွင်မဆို ယားသောအဖုအပိန့်များ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံ ဖြစ်နိုင်သည်။ အသားအရောင်ပေါ် မူတည်၍ ပန်းရောင်၊ အနီရောင် (သို့မဟုတ်) အရေပြားအရောင်အတိုင်း ဖြစ်နိုင်သည်။ ပြင်းထန်စွာယားသည့်အပြင် တစ်ခါတစ်ရံ ပူလောင်ခြင်း‌ကိုလည်း ခံစားရနိုင်သည်။ မျက်လုံးတစ်ဝိုက်၊ ပါး (သို့မဟုတ်) နှုတ်ခမ်းတို့တွင် ဓာတ်မတည့်ဖောရောင်ခြင်း (Angioedema) များ ဖြစ်ပေါ်နိုင်သည်။ အင်ပြင်ဖုများမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နိုင်သည်။ အများစုမှာ (၂၄) နာရီအတွင်း သက်သာလေ့ရှိသော်လည်း အချို့မှာ အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်တတ်သည်။

Urticaria IMG2
နောက်ဆက်တွဲပြဿနာများ

အင်ပြင်ထခြင်း အများစုမှာ စိုးရိမ်စရာမရှိသော်လည်း တစ်ခါတစ်ရံတွင် ပြင်းထန်သော ဓာတ်မတည့်ခြင်း (Severe allergic reaction – Anaphylaxis) များ ရုတ်တရက်ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။ ပြင်းထန်သော ဓာတ်မတည့်ခြင်းဖြစ်လျှင် အင်ပြင်ထခြင်းနှင့်အတူ မျက်နှာနှင့် နှုတ်ခမ်းများရောင်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ သတိလစ်ခြင်း အစရှိသော လက္ခဏာများ ဖြစ်ပေါ်လာပြီး အချိန်မီအ‌ရေးပေါ်ကုသမှု မခံယူပါက အသက်သေဆုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

ရက်အနည်းငယ် ကြာသည့်တိုင်အောင် အင်ပြင်ထခြင်း မသက်သာဘဲ ပိုဆိုးလာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသမှု ခံယူရန်လိုအပ်သည်။ အထက်တွင် ဖော်ပြထားသည့် အသက်အန္တရာယ်ရှိနိုင်သည့် ပြင်းထန်သော ဓာတ်မတည့်ခြင်း (Anaphylaxis)၏ လက္ခဏာများ ခံစားရပါက အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာ မေးမြန်းခြင်း၊ အရေပြားကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ဓာတ်မတည့်မှုကို စစ်ဆေးခြင်း (Allergy test) ဖြင့် သိရှိနိုင်သည်။ ဓာတ်မတည့်မှုကို စစ်ဆေးခြင်း (Allergy test) တွင် အရေပြားတွင်စစ်ဆေးခြင်း (Allergy skin test)နှင့် သွေးတွင်းစစ်ဆေးခြင်း နှစ်မျိုးရှိပြီး ဓာတ်မတည့်စေသောအ‌ရာများကို သိရှိနိုင်သဖြင့် မိမိနှင့်မတည့်သည့်အရာများကို ရှောင်ကြဥ်နိုင်သည်။

အရေပြားတွင် ဓာတ်မတည့်မှု စစ်ဆေးခြင်း (Skin prick test)
လက်ဖျံရှိ အရေပြားကို ပိုးသတ်ထားသော အပ်အသေးဖြင့် ခြစ်၍ ဓာတ်မတည့်နိုင်ခြေရှိသော ပစ္စည်းများကို တစ်ပြိုင်တည်းတင်ပြီး ဓာတ်မတည့်မှုကို စစ်ဆေးနိုင်သည်။

Urticaria IMG3

သွေးတွင်းဓာတ်မတည့်မှုကို စစ်ဆေးခြင်း (Blood test)
သွေးထဲတွင် ဓာတ်မတည့်စေသောအရာကို တိုက်ခိုက်သည့် ပဋိပစ္စည်း (Antibodies) ကို စစ်ဆေးခြင်းဖြစ်သည်။

ကုသခြင်း

အင်ပြင်ထွက်သူ အများစုသည် သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။ နာတာရှည် အင်ပြင်ထွက်ခြင်းအတွက်မူ ဆရာဝန်မှ လက္ခဏာများ သက်သာစေရန်နှင့် အင်ပြင် ထပ်မံဖြစ်ပွားနိုင်ချေကို လျှော့ချရန်အတွက် ဆေးဝါးများနှင့် အိမ်တွင်းပြုစုစောင့်ရှောက်မှုများကို အကြံပြုနိုင်သည်။ ကုသမှုများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဓာတ်မတည့်ခြင်းအတွက် ဆေးဝါးများ (Allergy Medications)
    Antihistamines ဟုခေါ်သော ဟစ်စ်တမင်းဆန့်ကျင်ဆေးဝါးများသည် အင်ပြင်လက္ခဏာများ ဖြစ်စေသော ဟစ်စ်တမင်း၏ အာနိသင်များကို ပိတ်ဆို့ပေးသည်။ ဆေးများကို သောက်ဆေး (သို့မဟုတ်) လိမ်းဆေးအနေဖြင့် ရရှိနိုင်သည်။ အဆိုပါဆေးများသည် အင်ပြင်ကြောင့်ဖြစ်သော ယားယံခြင်းကို သက်သာစေပြီး ဓာတ်မတည့်မှုများကိုလည်း လျော့နည်းစေသည်။ ထိုဆေးများတွင် Diphenhydramine, Loratadine, Fexofenadine, Cetirizine, Levocetirizine စသည်တို့ပါဝင်သည်။
  • စတီးရွိုက်ဆေးများ
    ဟစ်စ်တမင်းဆန့်ကျင်ဆေးများဖြင့် မသက်သာပါက စတီးရွိုက်လိမ်းဆေး (သို့မဟုတ်) သောက်ဆေးများဖြင့် ကုသနိုင်သည်။
  • ဓာတ်မတည့်ခြင်းအတွက် ထိုးဆေးများ (Allergy Shots)
    ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ စတီးရွိုက်ဆေးများဖြင့် မသက်သာသော နာတာရှည်အင်ပြင်ရောဂါများအတွက် ဓာတ်မတည့်ခြင်းကို တားဆီးပေးသည့် ထိုးဆေးများဖြင့် ကုသနိုင်သည်။ ဤထိုးဆေးများသည် ကိုယ်ခံအားစနစ်မှ IgE ထုတ်လုပ်ခြင်းကို ပိတ်ဆို့ပေးသည်။
  • အိမ်တွင်းကုသမှုများ (At-home Treatments)
    အင်ပြင် သက်သာစေရန်အတွက် ရေအေးဖြင့် ရေချိုးခြင်း၊ အဝတ်အစား ပွပွချောင်ချောင် ဝတ်ဆင်ခြင်းနှင့် ရေခဲဝတ်ကပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ မပြင်းထန်ပါက ဟစ်စ်တမင်းဆန့်ကျင်လိမ်းဆေးနှင့် စတီးရွိုက်လိမ်းဆေးများ လိမ်းနိုင်သည်။
  • အသက်အန္တရာယ်ရှိသော ပြင်းထန်သည့် ဓာတ်မတည့်ခြင်းဖြစ်လျှင် အရေးပေါ်အသက်ကယ်ထိုးဆေး (injection epinephrine) ထိုးရန် လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အမြန်ဆုံးသွားရောက်၍ ချက်ချင်းကုသမှု ခံယူရမည်
ကာကွယ်ခြင်း

လတ်တလော အင်ပြင်ထခြင်းကို ကာကွယ်ရန်

  • မိမိနှင့် ဓာတ်မတည့်စေသော ပစ္စည်းများကို စစ်ဆေးရှာဖွေမှတ်သားပြီး ‌ရှောင်ကြဥ်ပါ
  • ပြင်းထန်သော ရာသီဥတု အပြောင်းအလဲကို ရှောင်ပါ
  • စိတ်ဖိစီးမှုကို လျှော့ချပါ
  • ပွ၍ချောင်ချိသော အဝတ်များကို ဝတ်ပါ
  • အစားအသောက်တစ်မျိုးမျိုးနှင့် ဓာတ်မတည့်သူများ၊ ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများသည် အရေးပေါ်သုံးရန် မိမိကိုယ်တိုင် (သို့မဟုတ်) မိဘ (သို့မဟုတ်) အခြားသူတစ်ဦးမှ ခလုတ်နှိပ်၍ ထိုးပေးနိုင်သော epinephrineထိုးဆေး (Epipen) မျိုးကို ဆောင်ထားသင့်သည်။

References:

  1. Mayo Clinic. (n.d.). Chronic hives – Symptoms and causes. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/chronic-hives/symptoms-causes/
  2. Cleveland Clinic. (n.d.). Hives. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/8630-hives
  3. Medical News Today. (2023). Hives (urticaria): Causes, pictures, and treatments. Medical News Today. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/157260
  4. WebMD. (2025). Hives, urticaria, and angioedema – Allergies. WebMD. Retrieved July 26, 2025, from https://www.webmd.com/skin-problems-and-treatments/hives-urticaria-angioedema

Published: 30 August 2024

Last updated: 19 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.