တီဘီရောဂါဆိုသည်မှာ တီဘီရောဂါ ဘက်တီးရီးယားပိုး (Mycobacterium tuberculosis) ကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ထိုတီဘီရောဂါပိုးသည် အဓိကအားဖြင့် အဆုတ်သို့ ကူးစက်ပြီး ဦးနှောက်၊ ကျောရိုးမကြီးနှင့် ကျောက်ကပ်စသည့် အခြားကိုယ်တွင်းအင်္ဂါတို့ကိုလည်း ကူးစက်ဝင်ရောက်နိုင်သည်။ တီဘီရောဂါပိုးနှင့် ထိတွေ့မိတိုင်း တီဘီရောဂါ မဖြစ်ပွါးပါ။ အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများနှင့် ခုခံအားကျဆင်းသူများတွင် တီဘီရောဂါ ကူးစက်နိုင်ခြေများသည်။ တီဘီရောဂါကို ပဋိဇီဝပိုးသတ်ဆေး (တီဘီဆေး) သောက်သုံးခြင်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည်။ သို့သော် ထိရောက်စွာ ကုသမှုမခံယူလျှင် ရောဂါပြင်းထန်၍ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပြန့်ပွါးခြင်းဖြစ်သည်။ သလိပ်တွင် တီဘီပိုးပါသည့်အဆင့် (Active TB) ဖြစ်နေသော လူနာ၏ နှာချေ၊ ချောင်းဆိုး၊ စကားပြောခြင်း၊ သီချင်းဆိုခြင်း (သို့မဟုတ်) ရယ်ခြင်းများမှတစ်ဆင့် အခြားသူများကို လွယ်ကူစွာ ကူးစက်ပြန့်ပွါးနိုင်သည်။ ထိုတီဘီပိုးများသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် နာရီပေါင်းများစွာကြာသည်အထိ ရှင်သန်နေနိုင်ကြသည်။ ထို့ကြောင့် လေကောင်းလေသန့်ရရှိမှု နည်းပါးသော အလုံပိတ်အခန်းများထဲတွင် ပို၍ ကူးစက်ပြန့်ပွါးနိုင်သည်။ တီဘီရောဂါပိုးသည် လက်ဆွဲနှုတ်ဆက်ခြင်း၊ အစားအသောက်များ မျှဝေစားသုံးခြင်း၊ အိပ်ရာခင်းများ သို့မဟုတ် အိမ်သာထိုင်ခုံများနှင့် ထိတွေ့ခြင်း၊ သွားတိုက်တံများ မျှဝေသုံးစွဲခြင်း၊ နမ်းရှုံ့ခြင်းအစရှိသော နည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။
တီဘီရောဂါပိုး ကူးစက်နိုင်ခြေများသူများမှာ_
- တီဘီရောဂါပိုး ပြန့်ပွါးလွယ်သည့် လူနေထူထပ်သောနေရာများတွင် နေခြင်း (ဥပမာ _ လူအိုရုံများ၊ ထောင်)
- ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ကိုင်သူများ
- တီဘီရောဂါဖြစ်ပွါးမှုများပြားသော နိုင်ငံများတွင် နေထိုင်ခြင်း (ဥပမာ _ အာရှ၊ အာဖရိက)
- တီဘီရောဂါရှိသူနှင့် အနီးကပ် ထိတွေ့မှုရှိခြင်းတို့ ဖြစ်ကြသည်။
တီဘီရောဂါတွင် အဆင့် (၃) ဆင့်ရှိသည်။
- တီဘီရောဂါပိုး ဝင်ရောက်သည့် အဆင့် (Primary TB)၊
- တီဘီရောဂါပိုး ကိန်းအောင်းနေသည့် အဆင့် (Latent TB)၊
- တီဘီရောဂါပိုး ပွါးများပြီး မိမိ၌ လက္ခဏာပြကာ၊ အခြားသူများသို့ ကူးစက်သည့် အဆင့် (Active TB) ဟူ၍ အဆင့် (၃)ဆင့် ခွဲခြားထားသည်။
တီဘီရောဂါပိုး ကူးစက်ခံရသူအများစုသည် မိမိ၏ ကိုယ်ခံအားစနစ်မှ တီဘီပိုးကို တိုက်ခိုက်သောကြောင့် ခန္ဓာကိုယ်မှ တီဘီရောဂါပိုးမွှားများကို ထိန်းချုပ်ထားနိုင်သဖြင့် တီဘီရောဂါမဖြစ်ပေါ်ဘဲ ရောဂါပိုးအားဖယ်ရှားနိုင်သကဲ့သို့၊ ရောဂါအောင်းသည့်အဆင့် (Latent TB) တွင်လည်း ရှိနေနိုင်သည်။ ထိုသို့ရောဂါအောင်းသည့်အဆင့်တွင်ရှိသူများ၏ (၉၀%) မှ (၉၅ %)သည် တီဘီရောဂါမဖြစ်ဘဲ ဘဝတစ်လျှောက်လုံး ကျန်းမာစွာ နေထိုင်သွားနိုင်သည်။ ဤရောဂါအောင်းသည့် အဆင့် (Latent TB) တွင် တခြားသူများသို့ တီဘီရောဂါ မကူးစက်နိုင်ပါ။ ကျန်ရှိသည့် (၅%) မှ (၁၀%)ခန့်သာ မိမိ၏ကိုယ်ခံအားစနစ်ကျဆင်းသည့် အခြေအနေများတွင် တီဘီရောဂါ ဖြစ်ပွါးနိုင်သည်။
တီဘီရောဂါပိုး ပွါးများပြီး မိမိ၌ လက္ခဏာပြကာ၊ အခြားသူများသို့ ကူးစက်သည့် အဆင့် (Active TB) ဖြစ်နိုင်ခြေများနှင့် အခြားသူများထံမှလည်းအလွယ်တကူကူးစက်နိုင်သူများမှာ_
- ကိုယ်ခံအားနည်းသူများ (အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ)
- နာတာရှည်ရောဂါများရှိသူများ (ဥပမာ _ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အိတ်ချ်အိုင်ဗွီရောဂါ)
- ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားသူများနှင့် ကိုယ်ခံအားနှိမ့်ချသော ဆေးဝါးများ သောက်သုံးနေရသူများ
- ကင်ဆာရောဂါ ကုသမှုခံယူနေသူများ
- အာဟာရချို့တဲ့သူများ
- အရက်အလွန်အကျွံသောက်သူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများတို့ ဖြစ်ကြသည်။
တီဘီရောဂါတွင် အဆုတ်တီဘီရောဂါ (Pulmonary TB) နှင့် အဆုတ်ပြင်ပတီဘီရောဂါများ (Extrapulmonary TB) ဖြစ်သော_
- ဦးနှောက်
- ကျောရိုး
- အရိုးအဆစ်
- ကျောက်ကပ်
- ပြန်ရည်ကျိတ်
- အူလမ်းကြောင်း
- လိင်အင်္ဂါ
- အသံအိုး
- အဆုတ်အမြှေးပါးတီဘီရောဂါများလည်း ဖြစ်ပွါးနိုင်သည်။
ထို့အပြင် သွေးမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာသို့ ပျံ့နှံ့သွားသောတီဘီ (Miliary TB) လည်း ဖြစ်ပွါးနိုင်သည်။
ရောဂါလက္ခဏာများ
အဆုတ်တီဘီရောဂါ၏ ရောဂါလက္ခဏာပြ၍ တခြားသူများသို့ ကူးစက်သည့်အဆင့် (Active TB) ဖြစ်နေချိန်တွင် ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ_
- အချိန်ကာလ နှစ်ပတ်နှင့်အထက် ချောင်းဆိုးခြင်း
- ချောင်းဆိုးသွေးပါခြင်း ၊ သလိပ်ထွက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ကိုယ်အလေးချိန် ကျခြင်း
- တငွေ့ငွေ့ ဖျားခြင်း (အထူးသဖြင့် ညနေပိုင်းတွင် ဖျားခြင်း)
- ချမ်းတုန်ခြင်း
- ညဘက်တွင် ချွေးထွက်ခြင်း စသည်တို့ဖြစ်သည်။
အဆုတ်ပြင်ပတီဘီရောဂါတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများအပြင် တီဘီပိုး ကူးစက်ဝင်ရောက်သည့်နေရာနှင့် သက်ဆိုင်သော လက္ခဏာများပါ တွေ့နိုင်သည်။
ဥပမာ_
- ဦးနှောက်တီဘီ (TB meningitis) _ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
- အရိုးတီဘီ (Bone TB) နှင့် ကျောရိုးဆစ်တီဘီ (Pott’s spine) _ ခါးနာခြင်း၊ ခါးကိုင်းခြင်း၊ ကျောရိုးငေါထွက်လာခြင်း (gibbus)၊ ခြေထောက်များ မလှုပ်နိုင်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း
- ကျောက်ကပ်တီဘီ _ ကျောက်ကပ်နေရာ၊ ခါးဘေးတွင် နာခြင်း၊ ဆီးကျဥ်ခြင်း၊ ဆီးနောက်ခြင်း
- ပြန်ရည်ကျိတ်တီဘီ _ လည်ပင်းရှိအကျိတ်များ ကြီးလာခြင်း
- အဆုတ်အမြှေးပါးတီဘီ _ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း
နောက်ဆက်တွဲပြဿနာများ
တီဘီရောဂါကို စောစီးစွာ ထိရောက်သော ကုသမှုမခံယူလျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည့်အပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်သည်။
- အဆုတ် ထိခိုက်ပျက်စီးခြင်း
- အဆစ်များ ထိခိုက်ပျက်စီးခြင်း
- အရိုး၊ ဦးနှောက်၊ ကျောရိုးမ (သို့မဟုတ်) ပြန်ရည်ကျိတ်များ ထိခိုက်ပျက်စီးခြင်း
- အသည်း (သို့မဟုတ်) ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
- မသန်စွမ်းဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိတွင် တီဘီရောဂါလက္ခဏာများ ခံစားနေရသည်ဟု ယူဆပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း၊ သလိပ်စစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်း (အထူးသဖြင့် ခုခံအားကျဆင်းသည့်ရောဂါ ရှိမရှိ မေးမြန်းခြင်း၊ ယခင်က တီဘီရောဂါ ဖြစ်ခဲ့ဖူးခြင်း ရှိမရှိ မေးမြန်းခြင်း၊ တီဘီရောဂါရှိသူနှင့် အတူနေထိုင်ခြင်း (သို့မဟုတ်) ပြောဆိုဆက်ဆံခြင်း ရှိမရှိ မေးမြန်းခြင်း)၊ လူနာကို စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်လိမ့်မည်။ ထို့နောက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)၊ သလိပ်တွင် တီဘီရောဂါပိုး စစ်ဆေးခြင်း (Sputum AFB)၊ သွေးစစ်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ Latent TBဟု ယူဆပါက အရေပြား၌ တီဘီစစ်ဆေးခြင်း (Tuberculin skin test)၊ သွေးစစ်ဆေးခြင်း [Interferon Gamma Release Assays (IGRA)] စသည်တို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။ မည်သည့် စမ်းသပ်စစ်ဆေးမှုဖြင့် တီဘီရောဂါကို ရှာဖွေသည်ဖြစ်စေ၊ ဖြစ်ပေါ်နေသော လက္ခဏာများကို စမ်းသပ်စစ်ဆေးမှု အဖြေများနှင့် ယှဉ်တွဲစဉ်းစားပြီးမှ တီဘီဆေးဖြင့် ကုသင့်၊ မကုသင့် ဆုံးဖြတ်ရသည်။
ဆေးယဉ်ပါးတီဘီသည် မြန်မာနိုင်ငံတွင် များပြားလာသည့်အတွက် တီဘီပိုး ရှာဖွေနေစဉ် တစ်ပြိုင်နက် ဆေးယဉ်ပါးပိုး ဖြစ်မဖြစ်ကို သိနိုင်ရန် သလိပ်မှတစ်ဆင့် GeneXpert ဖြင့် ရှာဖွေလေ့ရှိသည်။
အဆုတ်ပြင်ပ တီဘီရောဂါများကို သံသယရှိပါက သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါနေရာမှ တစ်ရှူး (သို့မဟုတ်) အရည်ကို ရယူ၍ စစ်ဆေးကြသည် (ဥပမာ_အဆုတ် အမြှေးပါးအတွင်းမှ အရည်ကိုစုပ်ထုတ်ခြင်း၊ လည်ပင်းအကျိတ်ကို ခွဲစိတ်ထုတ်၍ အသားစပို့ စစ်ဆေးခြင်း စသည်တို့ဖြစ်သည်)။
ကုသခြင်း
တီဘီရောဂါကို ပဋိဇီဝပိုးသတ်ဆေး (တီဘီဆေး) ဖြင့် ကုသနိုင်သည်။ သို့သော် ရောဂါပိုးကိုကင်းစင်စေရန် လနှင့်ချီ၍ ကုသရသည်။ တီဘီရောဂါ အမျိုးအစား၊ ပြင်းထန်မှု၊ ဆေးယဉ်ပါးခြင်းရှိမရှိ စသည်တို့ပေါ်မူတည်ပြီး ကုသမှုပုံစံ၊ အချိန်ကာလကွာခြားသည်။
တီဘီ ရောဂါပိုးပွါးများပြီး မိမိ၌လက္ခဏာပြကာ၊ အခြားသူများသို့ ကူးစက်သည့် အဆင့် (Active TB)
ပုံမှန်တီဘီကုထုံး (Standard regimen) တွင် Rifampicin, Isoniazid, Pyrazinamide, Ethambutol စသည့် ဆေးများကို ပေါင်းစပ်ပြီး ဆေးပေါင်းကုထုံးဖြင့် (၆) လကြာ ကုသမှုကို အသုံးပြုသည်။ တီဘီကုသရာတွင် အရေးအကြီးဆုံးအချက်မှာ ညွှန်ကြားချက်များအတိုင်း နေ့စဥ် မပျက်မကွက် ရက်ပြည့်သည်အထိ သောက်သုံးရန်ဖြစ်သည်။ သောက်သုံးမှု သေချာစေရန်အတွက် တိုက်ရိုက်ကြည့်ရှု ကုသမှု (Directly Observed Therapy – DOT) ကို အသုံးပြုကုသသည်။ ညွှန်ကြားချက်အတိုင်း ရက်ပြည့်အောင်မသောက်လျှင် တီဘီရောဂါ မပျောက်ကင်းခြင်းသာမက ပိုမိုဆိုးရွားပြင်းထန်သော ဆေးယဥ်ပါးတီဘီရောဂါ ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်စေသည်။
မြန်မာနိုင်ငံတွင် Fixed Dose Combination (FDC) ဟုခေါ်သည့် ဆေးတစ်လုံးထဲတွင် တီဘီဆေးနှစ်မျိုး (သို့မဟုတ်) နှစ်မျိုးထက်ပိုသော ဆေးများကို ပေါင်းထည့်ထားသည့် ဆေးတွဲများဖြင့် ကုသသောကြောင့် ဆေးသောက်သုံးခြင်းကို ပိုမိုလွယ်ကူစေသည်။ ထို့အပြင် တီဘီဆေးများကို အခမဲ့ ထုတ်ဝေကုသပေးနေသည့်အတွက် ဆရာဝန်မှ ရောဂါရှာဖွေသိရှိပါက သက်ဆိုင်ရာ အမျိုးသားတီဘီရောဂါကုဌာနတွင် ကုသမှု ဆက်လက်ခံယူရန် ညွှန်းပို့လိမ့်မည်။
ယခုအခါတွင် တီဘီဆေးကို ယခင်ကဲ့သို့ (၆) လအနည်းဆုံးမဟုတ်ဘဲ ပို၍တိုတောင်းသော အချိန်အတွင်း ကုသနိုင်ရန် သုတေသနများ ပြုလုပ်လျက်ရှိသည်။ (၂၀၂၅) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) သည် အသက် (၃)လ မှ (၁၆) နှစ်ကြားရှိသူများတွင် ပြင်းထန်မှုမရှိသော၊ ဆေးယဥ်ပါးမှုမရှိသည့် တီဘီရောဂါဖြစ်ပါက Rifampicin, Isoniazid, Pyrazinamide, (Ethambutol)) တို့ပါဝင်သော ဆေးပေါင်းကုထုံးကို အချိန် (၄)လဖြင့် ကုသနိုင်သည်ဟု အကြံပြုထားသည်။ ပြင်းထန်မှုမရှိသော တီဘီဆိုသည်မှာ လည်ပင်းအကျိတ်တီဘီ၊ မပြင်းထန်သော အဆုတ်အမြှေးပါးအတွင်း အရည်စုခြင်း၊ တီဘီပိုးကောင်ရေ နည်းသောကြောင့် သလိပ်တွင် တီဘီပိုးမတွေ့ခြင်း၊ အဆုတ်တွင် အနာပေါက်မရှိခြင်း၊ အဆုတ်၏ တစ်စိတ်တစ်ပိုင်းတွင်သာ ဖြစ်ပေါ်ခြင်း စသည့်အချက်များကို ဆိုလိုသည်။ ထို့အပြင် အသက် (၁၂) နှစ်အထက်ရှိသူများတွင်လည်း ဆေးယဥ်ပါးမှု မရှိသည့် တီဘီရောဂါဖြစ်ပါက Isoniazid, Rifapentine, Moxifloxacin and Pyrazinamide စသည့် ဆေးများ ပေါင်းစပ်ပါဝင်သော ဆေးပေါင်းကုထုံးကို အချိန် (၄) လကြာသောက်သုံး၍ ကုသနိုင်ကြောင်း အကြံပြုဖော်ပြထားသည်။ သို့ရာတွင် အထက်ပါကုထုံးများသည် ကုန်ကျစရိတ်၊ ဆေးရရှိနိုင်မှု၊ လူတိုင်းအတွက်သင့်တော်မှု ရှိမရှိ၊ ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် ဆေးယဥ်ပါးမှုဖြစ်နိုင်ခြေ စသည့်အချက်များအတွက် သုတေသနများ ဆက်လက်လုပ်ဆောင်နေသည်။
တီဘီ ရောဂါအောင်းနေသည့် အဆင့် (Latent TB)
မိမိတွင် တီဘီရောဂါအောင်းနေသည့် အဆင့် (Latent TB) ဖြစ်နေပါက ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် တီဘီပိုးသတ်ဆေးတစ်မျိုး (သို့မဟုတ်) နှစ်မျိုးဖြင့် ကြိုတင်ကာကွယ်နိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် တီဘီရောဂါဖြစ်ပွါးမှုနှုန်း အလွန်များပြားသည့်အတွက် နောက်တစ်ကြိမ် တီဘီရောဂါဖြစ်ပါက တီဘီဆေးယဥ်ပါးမှုပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် အမြဲတစေပုံမှန် ကြိုတင်ကာကွယ်လေ့မရှိဘဲ အမှန်တကယ်လိုအပ်သည့် အခြေအနေများမှသာ ကြိုတင်ကာကွယ်လေ့ရှိသည်။ အထူးသဖြင့် မိမိတွင် ခုခံအားကျဆင်းသည့် ရောဂါရှိပါက တီဘီဆေးသောက်သုံး၍ ကုသမှု ခံယူရန်လိုအပ်သည်။ တီဘီဆေးကို ဆရာဝန် ညွှန်ကြားသည့် ပမာဏနှင့် အချိန်ကာလအတိုင်း ပြည့်မီအောင် သောက်သုံးရမည်။
ဆေးယဉ်ပါး တီဘီရောဂါ (Drug-resistant TB)
ဆေးယဉ်ပါးသည့် ဆေးပေါ် မူတည်၍ တီဘီဆေးဝါးများကို ကာလပိုမိပိုမိုကြာရှည်စွာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရန် လိုအပ်သည်။
တီဘီဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
တီဘီဆေးသောက်သုံးလျှင် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ_
- ခြေလက်များ ထုံကျဉ်ခြင်း
- ပျို့အန်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- အားနည်းခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- အဆစ်အမြစ် ကိုက်ခဲခြင်း
- မျက်လုံး နာခြင်း၊ အမြင် ဝေဝါးခြင်း
- အရေပြား အနီပြင်ထခြင်း
- အသားဝါခြင်း
- ဆီး အနီရောင် (သို့မဟုတ်) လိမ္မော်ရောင်ပြောင်းခြင်း စသည့် တီဘီဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
တီဘီဆေးသောက်နေချိန် ဆေးမတည့်ခြင်း (သို့မဟုတ်) ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာသည်ဟု သံသယရှိပါက သို့မဟုတ် ခံစားရပါက (အထူးသဖြင့် အနီစက်၊ အနီပြင်များ ပေါ်လာခြင်း၊ အသားဝါခြင်းတို့ရှိပါက) မိမိ၏ မိသားစုဆရာဝန်ထံ အမြန်ဆုံး ဆက်သွယ်ဆွေးနွေးသင့်သည်။ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လျှင် မိသားစုဆရာဝန်များမှ ရောဂါလက္ခဏာများသက်သာအောင် ဆေးဝါးများဖြင့် ကုသပေးနိုင်သည်။ အရေးအကြီးဆုံးမှာ ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောဆန္ဒအလျောက် တီဘီဆေးများကို လျှော့ခြင်း၊ ဆေးရပ်ခြင်း လုံးဝလုံးဝ မပြုလုပ်ရပါ။
ကာကွယ်ခြင်း
- လက်ကို ရေ၊ ဆပ်ပြာ (သို့မဟုတ်) လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏဆေးခြင်း
- နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါ၊ တစ်ရှူး (သို့မဟုတ်) တံတောင်ဆစ်ဖြင့် ပါးစပ်ကို ဖုံးအုပ်ခြင်း
- လူစုလူဝေးများသည့် နေရာများကို ရှောင်ကြဉ်ခြင်း၊ မဖြစ်မနေ သွားရန်လိုအပ်ပါက နှာခေါင်းစည်းမျက်နှာဖုံး (mask) တပ်ဆင်ခြင်း
- တီဘီရောဂါဖြစ်သည်ဟု သံသယရှိလျှင် ဆရာဝန်နှင့် ပြသ၍ လိုအပ်သည့် စစ်ဆေးမှုနှင့် ကုသမှုကို အပြည့်အဝ ခံယူခြင်း
- မိမိတွင် သလိပ်ပိုးတွေ့တီဘီရောဂါဖြစ်နေပါက တီဘီဆေးစတင်သောက်သုံးသည့်အချိန်မှစ၍ အနည်းဆုံး (၂) ပတ် သို့မဟုတ် သလိပ်တွင် တီဘီပိုးကင်းစင်သည့်အချိန်အထိ အခြားသူများနှင့်ခွဲ၍ သီးခြားနေထိုင်ခြင်း
- ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ခြင်း
- အာဟာရပြည့်ဝသော ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကို ပုံမှန်စားသောက်ခြင်း
- အိပ်ရေးဝအောင်အိပ်ခြင်း [တစ်ညလျှင် အနည်းဆုံး (၇)နာရီ မှ (၉)နာရီပြည့်အောင် အိပ်ခြင်း]
- တစ်ရက်လျှင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- တီဘီရောဂါ အဖြစ်များသည့် နိုင်ငံများတွင် (၁) နှစ်အောက် ကလေးငယ်များကို တီဘီရောဂါကာကွယ်ဆေး (BCG Vaccine) ထိုးနှံခြင်းဖြင့် တီဘီပိုးကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်းနှင့် တစ်ကိုယ်လုံးပျံ့နှံ့တတ်သော တီဘီရောဂါ (Miliary TB) ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်
ဆက်လက်ဖတ်ရှုရန်
- ကလေးတီဘီရောဂါ
- တီဘီ ဦးနှောက်အမြှေးရောင်ရောဂါ
- ဝမ်းဗိုက်တီဘီ
- ကျောရိုးဆစ်တီဘီရောဂါ
- အရေပြား၌ တီဘီစစ်ဆေးခြင်း
References:
- CDC. (n.d.). Tuberculosis (TB). Retrieved June 26, 2025, from https://www.cdc.gov/tb/index.html
- CDC. (n.d.). 2025 Treatment guidelines — Dear Colleague letters. Retrieved June 26, 2025, from https://www.cdc.gov/tb/php/dear-colleague-letters/2025-treatment-guidelines.html
- Cleveland Clinic. (n.d.). Tuberculosis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/11301-tuberculosis
- Mayo Clinic. (n.d.). Tuberculosis — Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/tuberculosis/symptoms-causes/syc-20351250
- WebMD. (n.d.). Understanding tuberculosis basics. Retrieved June 26, 2025, from https://www.webmd.com/lung/understanding-tuberculosis-basics
- World Health Organization. (2025). WHO consolidated guidelines on tuberculosis: Module 4 – treatment and care. Retrieved June 26, 2025, from https://www.who.int/publications/i/item/9789240107243
- Uptodate. (n.d.). Treatment of drug-susceptible pulmonary tuberculosis in nonpregnant adults without HIV infection. Retrieved June 26, 2025, from https://www.uptodate.com/contents/treatment-of-drug-susceptible-pulmonary-tuberculosis-in-nonpregnant-adults-without-hiv-infection?search=treatment%20of%20tuberculosis&source=search_result&selectedTitle=1~150&usage_type=default&display_rank=1
- Uptodate. (n.d.). Treatment of drug-susceptible pulmonary tuberculosis in nonpregnant adults without HIV infection [duplicate]. Retrieved June 26, 2025, from https://www.uptodate.com/contents/treatment-of-drug-susceptible-pulmonary-tuberculosis-in-nonpregnant-adults-without-hiv-infection?search=treatment%20of%20tuberculosis&source=search_result&selectedTitle=1~150&usage_type=default&display_rank=1
Published: 30 August 2024
Last updated: 1 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.