Type 1 diabetes in children (အမျိုးအစား ၁ ဆီးချို) (ကလေးဆီးချိုရောဂါ)

Type 1 diabetes in children (အမျိုးအစား ၁ ဆီးချို) (ကလေးဆီးချိုရောဂါ)

ဆီးချိုရောဂါဆိုသည်မှာ သွေးနှင့်ဆီးအတွင်း သကြားဓာတ်သည် ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေခြင်းကိုခေါ်သည်။ ဆီးချိုရောဂါဖြစ်ရခြင်းသည် အင်ဆူလင်ဟော်မုန်းနှင့် သက်ဆိုင်သည်။ အင်ဆူလင် (Insulin) ဆိုသည်မှာ ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို ပုံမှန်အတွင်းရှိနေစေရန် ထိန်းပေးသော ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယ (Pancreas) ဟုခေါ်သော ကိုယ်တွင်းအင်္ဂါမှ ထုတ်လုပ်ပေးသည်။

အောက်ပါအခြေအနေများကြောင့် ဆီးချိုရောဂါ ဖြစ်ပေါ်လာသည်။

  1. ပန်ကရိယမှ အင်ဆူလင် (Insulin) ကို လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်း (Insulin deficiency) – အမျိုးအစား (၁) ဆီးချို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်
  2. ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင်သည် အာနိသင်ကျဆင်းလာခြင်း (Insulin resistance) – အမျိုးအစား (၂) ဆီးချို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်
ကလေးဆီးချိုအမျိုးအစားများ

ကလေးဆီးချိုလူနာများတွင်မူ အမျိုးအစား (၁) ဆီးချိုကို ပိုမိုတွေ့ရလေ့ရှိပြီး အမျိုးအစား (၂) ဆီးချိုရောဂါကိုလည်း တစ်ခါတစ်ရံ တွေ့ရနိုင်သည်။ ရှားပါးသော်လည်း ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်နိုင်ခြေရှိသော အခြားဆီးချိုအမျိုးအစားများမှာ_

  1. မျိုးဗီဇတစ်နေရာတည်းတွင် ချို့ယွင်းမှုကြောင့် ဖြစ်သောဆီးချိုရောဂါ (Monogenic DM)
    မျိုးရိုးလိုက်တတ်သော ရောဂါအခြေအနေဖြစ်ပြီး ထိုအမျိုးအစားများတွင်_
    • မွေးကင်းစကလေးများနှင့် လသားအရွယ်များတွင် စတင်ဖြစ်ပေါ်သော မွေးကင်းစဆီးချိုရောဂါ (Neonatal diabetes mellitus – NDM)
    • ဆယ်ကျော်သက်အရွယ်ကလေးများတွင် စတင်ဖြစ်ပေါ်သော အမျိုးအစား (၂) ဆီးချိုရောဂါ (Maturity-onset diabetes of the young – MODY) တို့ပါဝင်သည်။
  2. ဆဲလ်အတွင်းရှိ မိုက်တိုကွန်ဒရီးယားအစိတ်အပိုင်းတွင် ချို့ယွင်းဖောက်ပြန်မှုကြောင့်ဖြစ်သော ဆီးချိုရောဂါ (Mitochondrial diabetes)
  3. အကြောင်းရင်းခံ ရောဂါ သို့မဟုတ် အခြေအနေတစ်ခုခု၏ နောက်ဆက်တွဲအနေနှင့်ဖြစ်သော ဆီးချိုရောဂါ (Secondary diabetes)
    အကြောင်းရင်းခံများတွင် သာလာဆီးမီးယားရောဂါ၊ နာတာရှည်ပန်ကရိယရောင်ရမ်းသော ရောဂါ၊ အဆုတ်နှင့် အစာအိမ်အူလမ်း‌ကြောင်းကို ထိခိုက်စေသော Cystic fibrosis ရောဂါများကြောင့် ဆီးချိုရောဂါ နောက်ဆက်တွဲဖြစ်ပွါးလာနိုင်သည့်အပြင် ကိုယ်တွင်းအင်္ဂါအစားထိုးကုသခြင်း၊ ကင်ဆာရောဂါအတွက် ကင်ဆာဆေးဝါးများဖြင့် ကုသခြင်းစသည့် ကုသမှုများ၏ နောက်ဆက်တွဲပြဿနာအနေဖြင့်လည်း ဆီးချိုရောဂါဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မိမိကိုယ်ခံစွမ်းအားစနစ်၏ ပုံမှန်မဟုတ်သည့် အခြေအနေကြောင့် ပဋိပစ္စည်း (Antibody) များ ထွက်လာပြီး အင်ဆူလင်ထုတ်လုပ်ပေးသော ပန်ကရိယအတွင်းရှိ ဆဲလ်များ ဖျက်ဆီးခံရသည်။ ထိုအခါ အင်ဆူလင်ထုတ်နိုင်စွမ်း ကျဆင်းလာပြီး ကိုယ်ခန္ဓာအတွင်း သကြားဓာတ်မြင့်တက်လာခြင်းကြောင့် အမျိုးအစား (၁) ဆီးချို ဖြစ်ပေါ်လာရသည်။

အမျိုးအစား(၁) ဆီးချိုရောဂါကို ဖြစ်စေသော အကြောင်းရင်းအတိအကျ မတွေ့ရှိသေးပါ။ သို့သော် မိသားစုအတွင်းတွင် ထိုရောဂါရှိလျှင် ဖြစ်နိုင်ခြေနှုန်းပိုများသည်။ ဗိုင်းရပ်စ်ပိုးများနှင့် ပတ်ဝန်းကျင်လှုံ့ဆော်မှုများကြောင့် ကိုယ်ခံစွမ်းအားစနစ်ပြောင်းလဲပြီး အင်ဆူလင်ထုတ်သောဆဲလ်များကို ပျက်ဆီးစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ အမျိုးအစား (၁) ဆီးချိုသည် အချိုစားလွန်း၍ ဖြစ်ခြင်း မဟုတ်သကဲ့သို့ အဝလွန်ခြင်းကြောင့် ဖြစ်ခြင်းလည်းမဟုတ်ပါ။

ရောဂါလက္ခဏာများ

အမျိုးအစား (၁)ဆီးချိုသည် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်သော်လည်း ကလေးဆီးချို လူနာများတွင်မူ အမျိုးအစား (၁) ဆီးချိုကို ပိုမိုတွေ့ရသည်။

အဓိကလက္ခဏာများမှာ_

  • ဆီးသွားများခြင်း (အထူးသဖြင့် ညဘက်တွင် ဆီးမကြာခဏသွားခြင်း)
  • ရေငတ်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။

အခြားလက္ခဏာများမှာ_

  • ကိုယ်လက် မအီမသာဖြစ်ခြင်း၊ နွမ်းနယ်နေခြင်း
  • ကြွက်တက်ခြင်း
  • မျက်စိမှုန်ခြင်း
  • ဗိုက်နာခြင်း၊ ပျို့အန်ခြင်း
  • မကြာခဏဗိုက်ဆာခြင်း
  • အနာဖြစ်လျှင် ကျက်ရန်အချိန်ကြာခြင်း
  • ဘက်တီးရီးယားပိုး၊ မှိုပိုးများ အ၀င်လွယ်ခြင်း စသည်တို့ဖြစ်သည်။

အချို့ကလေးများသည် အချိန်ကာလတိုအတွင်း ရောဂါလက္ခဏာများ သိသာထင်ရှားလာတတ်ပြီး အချို့တွင်မူ ကာလအတော်ကြာမှ သိသာလာတတ်သည်။

နောက်ဆက်တွဲပြဿနာများ

ဆီးချိုရောဂါ ဖြစ်ပွါးပါက စောစီးစွာကုသမှု ခံယူသင့်သည်။ အကယ်၍ ဆီးချိုရောဂါဖြစ်နေသည်ကို သတိမထားမိပါက ဆီးချိုသွေးချိုဆိပ်တက်ခြင်း (Diabetic Ketoacidosis) အခြေအနေသို့ ရောက်ရှိနိုင်သည်။ ထိုအခြေအနေတွင် ကလေးသည် မှိန်းလာခြင်း၊ အသက်ရှူမြန်ခြင်း၊ မောလာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်းတို့အပြင် အချိန်မီ မကုသနိုင်ပါက သွေးပေါင်ကျ၍ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရှိရမည့်ပမာဏအတွင်း သေချာစွာမထိန်းနိုင်ပါက ရေရှည်တွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • နှလုံး‌ရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါနှင့် သွေးတိုးရောဂါဖြစ်ခြင်း
  • အာရုံကြောများထိခိုက်၍ ခြေ၊လက်များ ထုံကျဥ်ကိုက်ခဲခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • မျက်လုံး မြင်လွှာပျက်စီးခြင်း
  • အရိုးပွခြင်း စသည်တို့ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ ကလေးဆီးချို [အမျိုးအစား (၁) ဆီးချို] ဟုယူဆပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းတို့ပြုလုပ်ပြီး ဆီးနှင့် သွေးစစ်ခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။ ဆီးချိုရောဂါဟုသတ်မှတ်ရန်

  1. HbA1c – 6.5 ရာခိုင်နှုန်း နှင့်အထက်ရှိနေခြင်း
    HbA1c ဆိုသည်မှာ လွန်ခဲ့သော (၃) လအတွင်း ပျမ်းမျှသွေးတွင်းသကြားဓာတ် ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ သွေးနီဥအတွင်းရှိ အောက်ဆီဂျင်သယ်ဆောင်သည့် ပရိုတင်းတစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်တွင် တွယ်ကပ်နေသော သွေးတွင်းသကြားဓာတ်၏ ရာခိုင်နှုန်းကို တိုင်းတာခြင်းဖြစ်သည်။
    (သို့မဟုတ်)
  2. FBS (Fasting Blood Sugar)
    အချိန် (၈)နာရီ မှ (၁၀)နာရီကြာ အစာမစားဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် ပမာဏသည် (126 mg/dl) (7 mmol/l) နှင့်အထက်ရှိနေခြင်း
    (သို့မဟုတ်)
  3. Glucose tolerance test
    အချိန် (၈) နာရီကြာ အစာမစားဘဲ သကြား (၇၅) ဂရမ်ပါ၀င်သော သကြားရည်တစ်ခွက်ကို သောက်ပြီးနောက် (၂) နာရီအကြာတွင် တိုင်းတာသော သွေးတွင်းသကြားဓာတ်ပမာဏမှာ 200 mg/dl (11.1mmol/l) နှင့်အထက်ရှိ‌နေခြင်း
    (သို့မဟုတ်)
  4. RBS (Random Blood Sugar)
    အစာဖြတ်တောက်ခြင်းမရှိဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် ပမာဏသည် (200 mg/dl) (11.1mmol/l) နှင့်အထက်ရှိ‌နေခြင်း
    • ဆီးချိုရောဂါလက္ခဏာများ ရှိနေသူများတွင် သွေးစစ်၍ အထက်ဖော်ပြပါ (၄) ချက်ထဲမှ (၁)ချက် ရှိ‌နေလျှင် ဆီးချိုရောဂါဟု သတ်မှတ်သည်
    • ကိုယ်ခံအားစနစ်ကို တုံ့ပြန်သော ပဋိပစ္စည်း (Islet autoantibodies) များကိုလည်း သွေးစစ်ရှာဖွေနိုင်သည်
    • နောက်ဆက်တွဲပြဿနာများ ရှာဖွေရန် မျက်စိစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း၊ နှလုံးစမ်းသပ်စစ်ဆေးခြင်း စသည်တို့ကိုလည်း လိုအပ်လျှင် ပြုလုပ်နိုင်သည်
ကုသခြင်း

အမျိုးအစား (၁) ဆီးချိုသည် ကိုယ်ခန္ဓာအတွင်း အင်ဆူလင်ထုတ်နိုင်စွမ်း ကျဆင်းလာမှုကြောင့် ဖြစ်ပေါ်လာရသဖြင့် အင်ဆူလင်ထိုးဆေးဖြင့်သာ ကုသရမည်။ အင်ဆူလင်ထိုးဆေးအပြင် ကလေးငယ်၏ နေထိုင်စားသောက်မှုပုံစံကို ထိန်းသိမ်းပေးရန်လည်း လိုအပ်သည်။ အမျိုးအစား(၁) ဆီးချိုသည် လုံးဝပျောက်ကင်းသွားရန် မဖြစ်နိုင်ပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ရန် အင်ဆူလင်ကုသမှုကို တစ်သက်လုံး လိုအပ်လေ့ရှိသည်။

ဆီးချိုပုံမှန် ထိန်းနိုင်ရေးနှင့် နောက်ဆက်တွဲဆိုးကျိုးများ နည်းနိုင်သမျှ နည်းစေရေးအတွက် သွေးတွင်းအချိုဓာတ် ထိန်းညှိရမည့်နည်းလမ်းများကို ကလေးနှင့် မိဘ၊ အုပ်ထိန်းသူတို့ သေချာစွာ သိရှိလိုက်နာနိုင်ရန် လိုအပ်သည်။ ကလေးဆီးချို ပညာပေးအစီအစဉ်များကို သေချာစွာ နားလည်သဘောပေါက်လိုက်နာရန်လည်း အရေးကြီးသည်။ အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ) သည် ပုံမှန်အင်ဆူလင်ထိုးခြင်း၊ လိုအပ်သော နေထိုင်စားသောက်မှုပုံစံကို လိုက်နာခြင်းတို့ဖြင့် အခြားသူများကဲ့သို့ ပုံမှန်လူမှုဘဝတွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်သည်။

ကာကွယ်ခြင်း

အမျိုးအစား (၁) ဆီးချိုရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်၍ မရပါ။ ရောဂါရှိမှန်း စောစီးစွာ သိရှိလျှင် ကုသမှုအမြန်ဆုံးခံယူရန်သာ အရေးကြီးသည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Children’s Hospital of Philadelphia. (n.d.). Atypical diabetes. Retrieved June 23, 2025, from https://www.chop.edu/conditions-diseases/atypical-diabetes
  2. Johns Hopkins Medicine. (2024). Type 1 diabetes in children. Retrieved June 23, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/diabetes/type-1-diabetes-in-children
  3. Mayo Clinic. (n.d.). Type 1 diabetes in children – Diagnosis and treatment. Retrieved June 23, 2025, from https://www.mayoclinic.org/diseases-conditions/type-1-diabetes-in-children/diagnosis-treatment/drc-20355312
  4. Mayo Clinic. (n.d.). Type 1 diabetes in children – Symptoms and causes. Retrieved June 23, 2025, from https://www.mayoclinic.org/diseases-conditions/type-1-diabetes-in-children/symptoms-causes/syc-20355306
  5. Royal Children’s Hospital Melbourne. (n.d.). Diabetes. Retrieved June 23, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Diabetes_/

Published: 30 August 2024

Last updated: 1 October 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.