ကာဝါဆာကီရောဂါသည် အသက် (၅) နှစ်အောက်ကလေးများတွင် အဖြစ်များပြီးအရွယ် အလတ်စားနှင့်အသေးစား သွေးကြောများ ရောင်ရမ်းသည့်ရောဂါဖြစ်သည်။ ခန္ဓာကိုယ်ရှိ သွေးကြောများအားလုံး ရောင်ရမ်းနိုင်ပြီး နှလုံးသို့ အောက်ဆီဂျင်ပို့ဆောင်သောသွေးကြောများ ပါဝင်ပါက နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါကျန်ရှိနိုင်သည်။ ကာဝါဆာကီရောဂါကို “အရေပြား၊ အမြှေးပါးနှင့် ပြန်ရည်ကျိတ်များ ထိခိုက်သောရောဂါစု” (Mucocutaneous Lymph node syndrome) ဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ဂလင်းအကျိတ်များကြီးခြင်း၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် လည်ချောင်းအတွင်းရှိ အမြှေးပါးများ ရောင်ရမ်းခြင်းနှင့် အရေပြား နီရဲရောင်ရမ်း၊ ကွာကျခြင်းကို ဖြစ်စေခြင်းကြောင့်ဖြစ်သည်။ ကာဝါဆာကီရောဂါသည် စောစီးစွာ ကုသမှုခံယူနိုင်ပါက နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သောရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကာဝါဆာကီရောဂါ ဖြစ်ပွါးစေသောအကြောင်းရင်းကို တိကျစွာ ရှာဖွေသိရှိနိုင်ခြင်း မရှိသေးပါ။ သို့သော် ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်၏တုံ့ပြန်မှု၊ ပတ်ဝန်းကျင်ရှိ အကြောင်းရင်းများ၊ မျိုးဗီဇ စသည်တို့ကြောင့် ကာဝါဆာကီရောဂါ ရနိုင်ခြေပိုများစေသည်ဟု ယူဆကြသည်။ အသက် (၅) နှစ်အောက်ကလေးများ၊ ယောက်ျားလေးများနှင့် အာရှ (သို့မဟုတ်) ပစိဖိတ်ကျွန်းတွင် မွေးဖွားသော ကလေးများတွင် ကာဝါဆာကီရောဂါဖြစ်နှုန်း ပိုများသည်ကို တွေ့ရှိရသည်။
ရောဂါလက္ခဏာများ
ကာဝါဆာကီရောဂါဟု သတ်မှတ်ရန် အချိန် ငါးရက် သို့မဟုတ် ထို့ထက်ပိုကြာကြာ ဖျားခြင်း ရှိရမည်။ ကိုယ်အပူချိန်သည် ၁၀၂.၂ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီဂရိတ်) ထက်ပိုတတ်သည်။ ထိုသို့အဖျားရှိသည့်အပြင် အောက်ပါလက္ခဏာများထဲမှ အနည်းဆုံး လေးခု ရှိရမည်။ ၎င်းတို့မှာ_
- ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း
- လည်ပင်းတွင် ဂလင်းအကျိတ် (Lymph node) ထွက်ပေါ်လာခြင်း
- မျက်ဝတ်မထွက်ဘဲ မျက်လုံးများနီရဲခြင်း
- နှုတ်ခမ်းများ နီရဲရောင်ရမ်းခြင်း၊ ခြောက်သွေ့အက်ကွဲနေခြင်း၊ လျှာများ နီရဲရောင်ရမ်းနေခြင်း
- လက်ဖဝါးနှင့် ခြေဖဝါးများတွင် အရေပြား နီရဲရောင်ရမ်းပြီး၊ နောက်ပိုင်းတွင် လက်ချောင်းများနှင့် ခြေချောင်းများပေါ်ရှိ အရေပြားများ ကွာကျလာခြင်းတို့ဖြစ်သည်။
အထက်ဖော်ပြပါလက္ခဏာများသည် တစ်ချိန်တည်းတွင် မဖြစ်ပေါ်နိုင်သောကြောင့် အကယ်၍ ဆရာဝန်နှင့်မပြသမီ ပျောက်ကင်းသွားသည့် လက္ခဏာများရှိပါက ပြသနေသောဆရာဝန်အား အသိပေးရမည်။ ထို့အပြင် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ အဆစ်များနာခြင်း၊ အန်ခြင်းများလည်း ရံဖန်ရံခါ ဖြစ်ပေါ်တတ်သည်။ အချို့ကလေးများတွင် ငါးရက် (သို့မဟုတ်) ထို့ထက်ပို၍ အဖျားကြီးသော်လည်း ကာဝါဆာကီရောဂါဟု သတ်မှတ်ရန် လိုအပ်သော အထက်ပါလက္ခဏာလေးမျိုးထက် နည်းနေတတ်သည်။ ၎င်းတို့ကို “လက္ခဏာမပြည့်စုံသော ကာဝါဆာကီရောဂါ” (Incomplete or Atypical kawasaki disease) ဟုခေါ်သည်။ ထိုကာဝါဆာကီ အမျိုးအစားရှိသော ကလေးများသည်လည်း နှလုံးသွေးကြောများ ပျက်စီးနိုင်ခြေရှိသည်။
ကာဝါဆာကီ ရောဂါလက္ခဏာများသည် ကိုဗစ်ရောဂါ (COVID-19) ကူးစက်ခံရသော ကလေးများတွင် ဖြစ်ပေါ်တတ်သည့် “ခန္ဓာကိုယ်အတွင်းအင်္ဂါများ ရောင်ရမ်းမှု ရောဂါလက္ခဏာစု” (Multisystem Inflammatory Syndrome – MIS) ၏ လက္ခဏာများနှင့် ဆင်တူနေတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကာဝါဆာကီရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်သောကလေးများတွင် မွေးရာပါမဟုတ်သည့် နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ သို့သော် အချိန်မီကုသနိုင်ပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးမှုကို လျော့ကျစေနိုင်သည်။
နှလုံးနှင့်သက်ဆိုင်သော ပြဿနာများမှာ_
- နှလုံးသို့ သွေးပို့သည့်သွေးကြောများ ရောင်ရမ်းခြင်း
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
- နှလုံးအဆို့ရှင် ပြဿနာများဖြစ်ပွါးခြင်းတို့ ဖြစ်ကြသည်။
နှလုံးသွေးလွှတ်ကြောများ ရောင်ရမ်းသည့်အခါတွင် သွေးလွှတ်ကြောနံရံများ အားနည်းပြီး ဖောင်းလာတတ်သည်။ ထိုကဲ့သို့ဖောင်းလာသော သွေးလွှတ်ကြောနေရာများကို Aneurysm ဟုခေါ်ပြီး၊ ထိုနေရာများသည် သွေးခဲဖြစ်ပေါ်မှုရာခိုင်နှုန်းကို မြင့်တက်စေသည်။ ထိုမှတစ်ဆင့် နှလုံးအမောဖောက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း သွေးယိုစီးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ အသက်အန္တရာယ်ရှိသည်အထိ စိုးရိမ်ရသည်။ ထို့အပြင် အသည်းရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ပန်ကရိယရောင်ခြင်းများလည်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကာဝါဆာကီရောဂါကို ကုသရာတွင် အဖျားစတင်ပြီး ဆယ်ရက်အတွင်း ကုသနိုင်ပါက နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများအား ထိခိုက်မှုကို လျော့နည်းစေသည်။ ထို့ကြောင့် အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ကာဝါဆာကီရောဂါသည် ဆေးရုံတွင် တက်ရောက်ကုသရန် လိုအပ်သောရောဂါဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကာဝါဆာကီရောဂါဟု သတ်မှတ်ရန်အတွက် အထက်တွင် ဖော်ပြခဲ့သော ရောဂါသတ်မှတ်ချက်များကို အသုံးပြုနိုင်သည်။ ကာဝါဆာကီရောဂါနှင့် တူညီသောလက္ခဏာများဖြစ်စေသည့် အခြားရောဂါများကိုလည်း စဉ်းစားသင့်သည်။ အဆိုပါရောဂါဥပမာများမှာ_
- Group A Streptococcus ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ချောင်းနာခြင်း၊ အဖျားကြီးခြင်းနှင့် တစ်ကိုယ်လုံးတွင် အနီပြင်များ ဖြစ်ပေါ်စေသည့်ရောဂါ (Scarlet fever)
- ကလေးများတွင် ဖြစ်တတ်သည့် အဆစ်ရောင်ရောဂါတစ်မျိုး (Juvenile idiopathic arthritis)
- ဝက်သက်ရောဂါ (Measles) စသည်တို့ဖြစ်သည်။
ကာဝါဆာကီ ရောဂါသံသယရှိပါက သွေးဖောက်စစ်ဆေးခြင်း၊ အီးစီဂျီ (ECG) ဆွဲ၍ နှလုံးစည်းချက်များကို ကြည့်ရှုရာမှ ရောဂါခန့်မှန်းခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့်စစ်ဆေးခြင်း (Echocardiogram) ဖြင့် နှလုံးနှင့် သွေးကြောများကို ပုံရိပ်ဖမ်း၍ စမ်းသပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ သွေးဖောက်စစ်ဆေးရာတွင် သွေးဥမွှားများ (Platelet) များနေခြင်း၊ ရောင်ရမ်းစေတတ်သည့်ဓာတ်များ (Inflammatory markers) များနေခြင်းတို့သည် ကာဝါဆာကီရောဂါဖြစ်ရန် ရာခိုင်နှုန်းများစေသည့်အချက်များ ဖြစ်သည်။ ထို့အပြင် “လက္ခဏာမပြည့်စုံသော ကာဝါဆာကီရောဂါ” များတွင် အခြားသော သွေးစစ်ဆေးခြင်းများ ပိုမိုပြုလုပ်ရနိုင်သည်။
ကုသခြင်း
နှလုံးထိခိုက်မှုနည်းစေရန် အဖျားစတင်ပြီး (၁၀) ရက်အတွင်း ကုသမှု ခံယူသင့်သည်။ ကလေးအဖျားရှိနေသေးသည့်အချိန်တွင် ကာဝါဆာကီရောဂါကို တတ်နိုင်သမျှ စောစီးစွာ စတင်ကုသခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကုသမှု၏ရည်ရွယ်ချက်မှာ အဖျားလျှော့ချရန်၊ ရောင်ရမ်းခြင်းကို လျှော့ချရန်၊ နှလုံးနှင့် နှလုံးသွေးကြောများတွင် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ဖြစ်သည်။
ရောဂါကုသရာတွင် အသုံးပြုနိုင်သည့်ဆေးများမှာ_
- ပဋိပစ္စည်းတစ်မျိုးဖြစ်သော အင်မျူနိုဂလိုဗျူလင် (Immunoglobulin)
ယင်းပဋိပစ္စည်းကို သွေးပြန်ကြောမှတစ်ဆင့် ပေးနိုင်ပြီး သွေးကြောများတွင် ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ထိုဆေးသွင်းပြီး မကြာမီတွင် ကလေး၏ ရောဂါလက္ခဏာများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ဆေးသွင်းကုသမှု မခံယူနိုင်ပါက ကာဝါဆာကီရောဂါသည် (၁၂) ရက်ခန့်ကြာနိုင်ပြီး နှလုံးနှင့်သွေးကြောများတွင် နောက်ဆက်တွဲပြဿနာများ ရရှိနိုင်သည်။
အထူးသတိထားရမည်မှာ အင်မျူနိုဂလိုဗျူလင်သည် ရေကျောက် (သို့မဟုတ်) ဝက်သက်ကာကွယ်ဆေးကဲ့သို့ သက်ရှိဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်များကိုအသုံးပြု၍ ဖော်စပ်ထားသည့် အချို့သောကာကွယ်ဆေးများ (Live attenuated vaccine) ၏ အာနိသင်ပေါ်တွင် သက်ရောက်မှု ရှိနိုင်သောကြောင့် ဤဆေးသွင်းပြီးပါက ၎င်းကာကွယ်ဆေးများထိုးရန် အနည်းဆုံး (၁၁) လခြားရမည်။ - အက်စ်ပရင် (Aspirin)
အက်စ်ပရင်ကိုစပေးရာတွင် ပမာဏများများ ပေးရမည်ဖြစ်ပြီး ထိုကဲ့သို့ပေးခြင်းအားဖြင့် နာကျင်ခြင်း၊ အဆစ်များ ရောင်ရမ်းခြင်းနှင့် အဖျားကို လျှော့ချပေးနိုင်သည်။ အဖျားပျောက်ပြီး (၄၈) နာရီကြာပြီးချိန်တွင် အက်စ်ပရင်ဆေးပမာဏကို လျှော့ချပြီး အနည်းဆုံး ခြောက်ပတ်ကြာအောင် ဆက်သောက်ရမည်။ အက်စ်ပရင်သည် သွေးခဲခြင်းကို ကာကွယ်ပေးသောကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများရှိပါက ပို၍ကြာကြာ သောက်ရနိုင်သည်။
အက်စ်ပရင်သည် တုပ်ကွေး (သို့မဟုတ်) ရေကျောက်ပေါက်သည့်ကလေး (သို့မဟုတ်) ဆယ်ကျော်သက်များတွင် ရှားရှားပါးပါး အသည်းနှင့် ဦးနှောက်ကို ထိခိုက်စေပြီး အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သည့် Reye’s Syndrome ဖြစ်ပေါ်စေမှုနှင့် ဆက်စပ်မှုတွေ့ရှိရသည်။ ထို့ကြောင့် ကာဝါဆာကီရောဂါရှိသော ကလေးများ အက်စ်ပရင်ဆေးနှင့်ကုသမှုခံယူနေစဉ်အတွင်း တုပ်ကွေး (သို့မဟုတ်) ရေကျောက်ပေါက်ပါက ဆေးသောက်ခြင်းကို ရပ်တန့်ရန် လိုအပ်သည်။
အချိန်မီကုသမှု ခံယူထားသော ကလေးအများစုသည် အချိန်တိုအတွင်း ကောင်းမွန်လာပြီး ပုံမှန်အခြေအနေ လျင်မြန်စွာ ပြန်ဖြစ်လေ့ရှိသည်။ ကလေးတွင် နောက်ဆက်တွဲ နှလုံးရောဂါလက္ခဏာများရှိပါက ရောဂါစတင်ပြီးနောက် ခြောက်ပတ် မှ ရှစ်ပတ်အကြာတွင် တစ်ကြိမ်၊ ခြောက်လအကြာတွင် တစ်ကြိမ် နှလုံးကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရမည်။ အကယ်၍ နှလုံးပြဿနာများ ဆက်လက်ဖြစ်ပေါ်နေပါက ကလေးနှလုံးရောဂါ အထူးကုဆရာဝန်ထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ကာဝါဆာကီရောဂါနှင့် ဆက်စပ်နေသော နှလုံးပြဿနာများအတွက် ကုသမှုသည် နောက်ဆက်တွဲဖြစ်ပေါ်သည့် နှလုံးရောဂါအမျိုးအစားပေါ် မူတည်သည်။ ထို့အပြင် ကလေး၏ ကိုယ်ကာယလှုပ်ရှားမှုများကို ကန့်သတ်ရန် လိုအပ်ခြင်းရှိမရှိကို ကလေးနှလုံး အထူးကုဆရာဝန်နှင့် ဆွေးနွေး၍ ဆက်လက်ကုသမှု ခံယူရမည်။
ကာကွယ်ခြင်း
ကာဝါဆာကီရောဂါသည် ကာကွယ်၍မရပါ။
References:
- Mayo Clinic. (2023). Kawasaki disease – Symptoms and causes. Retrieved July 10, 2025, from https://www.mayoclinic.org/diseases-conditions/kawasaki-disease/symptoms-causes/syc-20354598
- Mayo Clinic. (2023). Kawasaki disease – Diagnosis and treatment. Retrieved July 10, 2025, from https://www.mayoclinic.org/diseases-conditions/kawasaki-disease/diagnosis-treatment/drc-20354603
- National Health Service. (2021). Kawasaki disease. Retrieved July 10, 2025, from https://www.nhs.uk/conditions/kawasaki-disease/
- Cleveland Clinic. (2023). Kawasaki disease: Symptoms, causes & treatment. Retrieved July 10, 2025, from https://my.clevelandclinic.org/health/diseases/13457-kawasaki-disease
- Centers for Disease Control and Prevention. (2024). About Kawasaki disease. Retrieved July 10, 2025, from https://www.cdc.gov/kawasaki/about/index.html#cdc_disease_basics_symptoms-signs-and-symptoms
- UpToDate. (2025). Kawasaki disease: Initial treatment and prognosis. Retrieved July 10, 2025, from https://www.uptodate.com/contents/kawasaki-disease-initial-treatment-and-prognosis?search=kawasaki%20disease%20in%20pediatrics&source=search_result&selectedTitle=2~124&usage_type=default&display_rank=2
Published: 30 August 2024
Last updated: 11 September 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.