Migraine (ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

Migraine (ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ဆိုသည်မှာ ဦးခေါင်းတစ်ခြမ်းတွင် ထိုးကိုက်တတ်သော ပြင်းထန်သည့် ခေါင်းကိုက်ခြင်းမျိုးဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့်အတူ ပျို့အန်ခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ ဆူညံသံဒဏ်မခံနိုင်ခြင်းတို့ ဖြစ်ပေါ်တတ်ပြီး ခေါင်းတစ်ခါကိုက်လျှင် အနည်းဆုံး (၄)နာရီ မှ (၇၂)နာရီအထိ ကြာတတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် နေ့စဥ်လုပ်ငန်းတာဝန်များ (Activities of daily living) ကို ထိခိုက်နိုင်သည်အထိ အလွန်ဆိုးရွားသော ခေါင်းကိုက်ခြင်းမျိုးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပေါ်စေသော တိကျသည့်အကြောင်းရင်းကို အသေအချာ မပြောနိုင်သေးပါ။ လေ့လာတွေ့ရှိချက်များအရ မျိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ ဖြစ်နိုင်သည်ဟု ယူဆထားကြသည်။ အာရုံကြောသတင်းပေးပို့ခြင်း၊ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းနှင့် ဦးနှောက်၏သွေးကြောများကို ထိခိုက်စေနိုင်သည့် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များကြောင့် ဖြစ်နိုင်သည်ဟုလည်း ယူဆကြသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ဖြစ်အောင် လှုံ့ဆော်အားပေးသောအရာများမှာ_

  • အမျိုးသမီးများတွင် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း (ရာသီစက်ဝန်းမစခင်နှင့် ဖြစ်နေဆဲအချိန်များ၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တို့တွင် ဖြစ်လေ့ရှိသည်)
  • အရက်၊ ဝိုင်၊ ကော်ဖီ စသော သောက်စရာများ
  • စိတ်ဖိစီးမှု
  • အာရုံခံလှုံ့ဆော်မှု _ အလင်းစူးစူး၊ ဆူညံသံ၊ အနံ့ပြင်းပြင်းများ
  • အိပ်ရေးပျက်ခြင်း၊ အအိပ်လွန်ခြင်း
  • ကိုယ်လက် ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်း (လိင်ဆက်ဆံခြင်းလည်း အပါအဝင်ဖြစ်သည်)
  • ရာသီဥတုအပြောင်းအလဲ
  • ဆေးဝါးများ _ ပဋိသန္ဓေတားဆေး သောက်ဆေးများ၊ နှလုံးဆေး (Nitroglycerin)
  • အစားအစာများ _ ချောကလက်၊ ချိစ်၊ ငန်သောအစာများ၊ အချိုမှုန့်နှင့် အသင့်စားသုံးရန် တာရှည်ခံအောင် ပြုလုပ်ထားသော အစားအသောက်များ စသည်တို့ဖြစ်သည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မိသားစုမျိုးရိုးတွင် ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်း
  • အသက်အရွယ် _ မည်သည့်အသက်အရွယ်မဆို စတင်ဖြစ်ပေါ်နိုင်သော်လည်း ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားရတတ်သည်၊ အသက် (၃၀) အရွယ်တွင် အပြင်းထန်ဆုံးဖြစ်တတ်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း ပြင်းထန်မှုနည်းလာကာ ဖြစ်ပွါးမှုနှုန်းလည်း ကျဆင်းလာတတ်သည်
  • အမျိုးသမီးများ _ အမျိုးသမီးများသည် အမျိုးသားများထက် ဖြစ်နိုင်ခြေ (၃) ဆပိုများသည်
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများကို အခြေခံအားဖြင့် အဆင့်လေးဆင့် သတ်မှတ်ထားသော်လည်း ရောဂါခံစားရသူတိုင်းတွင် အဆင့် (၄) ဆင့်လုံး တွေ့ရလေ့မရှိပါ။

Migraine img1

အကြိုလက္ခဏာများ (Prodrome)
ခေါင်းမကိုက်ခင် (၁) ရက် (သို့မဟုတ်) (၂) ရက်အလိုတွင် အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။

  • စိတ်အခြေအနေပြောင်းလဲခြင်း (စိတ်ဓာတ်ကျရာမှ ပျော်ရွှင်တက်ကြွလာခြင်း)
  • အစာစားချင်စိတ်အာသီသများ ဖြစ်လာခြင်း
  • ဇက်တောင့်တင်းခြင်း
  • ဆီးသွားများခြင်း
  • မကြာခဏသမ်းခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • အိပ်ပျော်ရန်ခက်ခဲခြင်း
  • ဝမ်းချုပ်ခြင်း

သတိပေးလက္ခဏာအနေနှင့် ပုံမမှန် ခံစားမှုများနှင့် ထူးခြားအာရုံများ ဖြစ်ပေါ်ခြင်း (Aura)
အချို့လူများတွင် ခေါင်းမကိုက်ခင် သို့မဟုတ် ခေါင်းကိုက်နေစဉ်တွင် အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်လေ့ရှိသည်။

  • တောက်ပသော အလင်းအစက်အပြောက်များ၊ အလင်းလှိုင်းတွန့်များမြင်ခြင်း
  • အမြင်အာရုံလုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျောက်ကွယ်သွားခြင်း
  • နားအူခြင်း
  • ခြေထောက်၊ လက် တို့တွင် အပ်စူးသကဲ့သို့ ခံစားရခြင်း
  • မျက်နှာ (သို့မဟုတ်) ကိုယ်ခန္ဓာတစ်ခြမ်း ထုံခြင်း၊ အားနည်းခြင်း
  • စကားပြောခက်ခဲခြင်း

အထက်ပါသတိပေးလက္ခဏာများ (Aura) မှာ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာပြီး မိနစ်အနည်းငယ်မှ တစ်နာရီအထိ ကြာတတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို_

  1. သတိပေးလက္ခဏာများ ခံစားရပြီးဖြစ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine with aura) နှင့်
  2. သတိပေးလက္ခဏာများ မခံစားရဘဲဖြစ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine without aura) ဟူ၍ အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားသည်။

ခေါင်းကိုက်ခြင်း (Attack)
ခေါင်းကိုက်စတွင်ချက်ချင်းဆေးကုသမှုမခံယူပါက များသောအားဖြင့် (၄) နာရီ မှ (၇၂) နာရီထိ ကြာမြင့်တတ်သည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်ပါ။ ခေါင်းကိုက်နေစဥ်အတွင်း_

  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (တစ်ခါတစ်ရံတွင် နှစ်ဖက်လုံး ကိုက်တတ်သည်)
  • တဒိတ်ဒိတ်ထိုးခြင်း
  • အလင်း၊ အသံ၊ အနံ့ စသည်တို့ကို မခံနိုင်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ခေါင်းကိုက်ပြီးနောက်ခံစားရသော လက္ခဏာများ (Post drome)
ခေါင်းကိုက်ပြီးနောက် အောက်ပါလက္ခဏာများကို အများဆုံး နှစ်ရက်ခန့် ခံစားရတတ်သည်။

  • နုံးခြင်း
  • ဇက်တောင့်တင်းခြင်း
  • အာရုံစိုက်ရန်ခက်ခဲခြင်း
နောက်ဆက်တွဲပြဿနာများ
  1. အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသုံးစွဲသောကြောင့် ခေါင်းကိုက်ခြင်း (Medication overuse headache)
    ခေါင်းခဏခဏကိုက်သဖြင့် အကိုက်အခဲပျောက်ဆေးများကို မကြာခဏ အလွန်အကျွံသောက်သုံးပါက ဆေးများကြောင့် ခေါင်းကိုက်ခြင်း (Medication overuse headaches) ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် အက်စ်ပရင် (Aspirin)၊ ပါရာစီတမော (Paracetamol – acetaminophen) နှင့် ကဖိန်း (Caffeine) တို့ ပါဝင်ပေါင်းစပ်သောဆေးများတွင် ဖြစ်လေ့ရှိသည်။ အက်စ်ပရင် (Aspirin) (သို့မဟုတ်) အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့သော အကိုက်အခဲ ပျောက်ဆေးများကို တစ်လလျှင် (၁၅) ရက်နှင့်အထက် သောက်လျှင် အဆိုပါဆေးများကြောင့် ခေါင်းကိုက်ခြင်း ဖြစ်ပေါ်နိုင်သည်။
  2. ပြင်းထန်ကြာရှည်သောခေါင်းကိုက်ခြင်း (Status migrainosus)
    အလွန်ပြင်းထန်ဆိုးရွားသော ခေါင်းကိုက်ခြင်းကို အချိန် (၇၂) နာရီထက်ပို၍ ဆက်တိုက်ခံစားရခြင်း (Status migrainosus) ဖြစ်ပေါ်နိုင်သည်။ အရေးပေါ်အခြေအနေဖြစ်သည်။
  3. လူနေမှုအရည်အသွေးများထိခိုက်ခြင်း
    အလွန်ပြင်းထန်သောကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်း (ဥပမာ _ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း) တို့ဖြစ်ပေါ်၍ လူနေမှုအရည်အသွေးများကိုပါ ထိခိုက်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါခေါင်းတစ်ခြမ်းကိုက်ခြင်း၏ ရောဂါလက္ခဏာများ ခံစားရပါက ဒိုင်ယာရီပုံစံ မှတ်သားထားပြီး မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရမည်။ လိုအပ်ပါက ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။ အကယ်၍ အောက်ဖော်ပြပါ ပို၍ပြင်းထန်သော လက္ခဏာများရှိပါက ခေါင်းတစ်ခြမ်းကိုက်ရောဂါမဟုတ်ဘဲ တခြားဆိုးရွားသော အသက်အန္တရာယ်ရှိသောရောဂါများ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ သွားရောက်၍ ချက်ချင်းကုသမှု ခံယူရန်လိုအပ်သည်။

  • ဦးခေါင်းနားကပ်၍ မိုးခြိမ်းသကဲ့သို့ ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း (Thunderclap headache)
    (ဦးနှောက်တွင်းသွေးယိုစိမ့်မှု ဖြစ်နိုင်သည်)
  • ခေါင်းကိုက်ခြင်းနှင့်အတူ ဖျားခြင်း၊ လည်ပင်းတောင့်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အရာဝတ္ထုများကို နှစ်ထပ်မြင်ခြင်း၊ ခန္ဓာကိုယ်တစ်ခြမ်း ထုံခြင်း၊ အားနည်းခြင်း
    (ဦးနှောက်အမြှေးရောင်၊ လေဖြတ်ရောဂါတို့ ဖြစ်နိုင်သည်)
  • ဦးခေါင်းကို ထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်းမှ ခေါင်းကိုက်ခြင်း
    (ဦးနှောက်တွင်း သွေးယိုစိမ့်မှုဖြစ်နိုင်သည်)
  • ချောင်းဆိုးခြင်း၊ အားစိုက်ထုတ်ခြင်း၊ ညှစ်ခြင်း၊ ရုတ်တရက် လှုပ်ရှားမှု ပြုလုပ်ပြီး‌နောက် ခေါင်းပိုကိုက်လာခြင်း၊ ညအိပ်နေစဉ်၊ မနက်စောစောတို့တွင်ပို၍ခေါင်းကိုက်ခြင်း
    (ဦးနှောက်တွင်းဖိအားများခြင်း၊ ဦးနှောက်အကျိတ်များ စသည်တို့ဖြစ်နိုင်သည်)
  • အသက် (၅၀) နောက်ပိုင်းတွင် စတင်ဖြစ်ပေါ်သော ခေါင်းကိုက်ခြင်း
    (လေဖြတ်ခြင်းနှင့် အခြားသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်သည်)
ရောဂါရှာဖွေခြင်း

ခေါင်းတစ်ခြမ်းကိုက် ‌ရောဂါကို သိရှိနိုင်ရန် ရောဂါလက္ခဏာ အဆင့်ဆင့်ကို အသေးစိတ် မေးမြန်းခြင်း၊ အထွေထွေနှင့် ဦးနှောက်အာရုံကြော စမ်းသပ်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သိရှိနိုင်သည်။ အကယ်၍ ခေါင်းကိုက်ခြင်းမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၏ လက္ခဏာများနှင့်မတူဘဲ အခြားအန္တရာယ်ရှိနိုင်သော ဦးနှောက်တွင်းရောဂါများကြောင့်ဟု ယူဆပါက သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) တို့ လိုအပ်နိုင်သည်။

ကုသခြင်း

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရချိန်တွင် အောက်ပါနည်းလမ်းများဖြင့် သက်သာအောင် ကုသနိုင်သည်။

  1. တိတ်ဆိတ်၍ အလင်း‌ရောင်နည်းသော အခန်းတွင် မျက်စိမှိတ်ပြီး အနားယူပါ
  2. ယခင်အတွေ့အကြုံများအရ ဆေးသောက်ခြင်းဖြင့် သက်သာသည့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမျိုးဖြစ်လျှင် ဆရာဝန်မှ ထိုအချိန်တွင်သောက်ရန် ညွှန်ကြားထားသော ဆေးကို သတ်မှတ်ထားသော ပမာဏအတိုင်း ချက်ချင်းသောက်ပါ၊ လိုအပ်ပါက ညွှန်ကြားထားသော အအန်ပျောက်ဆေးနှင့် တွဲသောက်ပါ

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ဖော်ပြပါ နည်းလမ်းများနှင့် ကုသနိုင်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    အဓိကအားဖြင့် နှစ်မျိုးရှိသည်။
    • ရောဂါလက္ခဏာသက်သာစေသော ဆေးများ (Pain relieving medications)
      ခေါင်းတစ်ခြမ်း ကိုက်သည့်အချိန်တွင် သက်သာစေရန် ထရစ်တန် (Triptan) အုပ်စုဆေးများကို သောက်ဆေး၊ ထိုးဆေး (သို့မဟုတ်) နှာခေါင်းထဲဆေးဖျန်းခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ၊ အအန်ပျောက်ဆေးများ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။ ထိုဆေးများသည် ကိုယ်ဝန်ရှိသူများတွင် သောက်မိလျှင် အန္တရာယ်ရှိနိုင်သဖြင့် ကိုယ်ဝန်ရှိပါက ဆရာဝန်ကို ကြိုတင် အသိပေးရမည်။
    • ရောဂါပြန်လည်မဖြစ်ပွါးစေရန် ကာကွယ်သော ဆေးများ (Preventive medications)
      ရောဂါပြန်လည်မဖြစ်ပွါးစေရန် ကာကွယ်သော ဆေးများသောက်ရန် လိုအပ်သည့်အခြေအနေများမှာ_
      • တစ်လလျှင် (၄) ကြိမ်နှင့်အထက် ခေါင်းကိုက်ခြင်း သို့မဟုတ် တစ်လလျှင် (၈) ကြိမ်နှင့်အထက် ခေါင်းကိုက်ခြင်း
      • ခေါင်းကိုက်သက်သာစေသောဆေးများ သောက်သော်လည်း မသက်သာဘဲ နေ့စဥ်လုပ်ငန်းတာဝန်များ မလုပ်ဆောင်နိုင်သည်အထိ ခေါင်းကိုက်ခြင်း
      • လတ်တ‌လော ခေါင်းကိုက်သက်သာစေသော ဆေးဝါများကို ခံနိုင်ရည်မရှိခြင်း သို့မဟုတ် အသုံးပြုရန် မသင့်တော်သော အခြေအနေများရှိခြင်း
      • လတ်တလော ခေါင်းကိုက်သက်သာစေသော ဆေးဝါးများကို အလွန်အကျွံ အသုံးပြုနေခြင်း တို့ဖြစ်ကြသည်။
        ထိုအခြေအနေများရှိပါက ရောဂါထပ်မံမဖြစ်ပွားစေရန် ကာကွယ်သောဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကာလကြာရှည်စွာ နေ့စဥ် သောက်သုံးရန် လိုအပ်သည်။
  2. အထက်တွင် ဖော်ပြခဲ့သည့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လှုံ့ဆော်ပေးသော အရာများကို ရှောင်ကြဥ်ခြင်း
ကာကွယ်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို ပြုလုပ်နိုင်သည်။

  1. အချိန်မှန်မှန်အိပ်၊ အချိန်မှန်မှန်စားပါ
  2. ရေများများသောက်ပါ
  3. ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပေးပါ
  4. ခေါင်းကိုက်ခြင်းကို မှတ်သားထားရန် သီးသန့် ဒိုင်ယာရီစာအုပ်ကို ထားရှိပြီး ခေါင်းကိုက်သည့်ရက်၊ ခေါင်းကိုက်သည့်အချိန်၊ ခေါင်းကိုက်ကြာချိန်၊ တွဲဖက်ဖြစ်ပေါ်သော ရောဂါလက္ခဏာများနှင့် ထိုအချိန်တွင်သောက်သောဆေး စသည်တို့ကိုမှတ်သားထားပါ။ မိမိအတွက် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေသောအရာများကို မှတ်သားထားပြီး ထိုအရာများကို ရှောင်ကြဥ်ပါ
  5. စိတ်ဖြေလျှော့ အပန်းဖြေပေးပါ
  6. ခေါင်းတစ်ခြမ်းကိုက်‌ရောဂါ ကာကွယ်သည့်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန် သောက်ပါ

References:

  1. Mayo Clinic. (n.d.). Migraine headache – Symptoms & causes. Mayo Clinic. Retrieved June 11, 2025, from https://www.mayoclinic.org/diseases-conditions/migraine-headache/symptoms-causes/syc-20360201
  2. Cleveland Clinic. (2024). Migraine headaches. Cleveland Clinic. Retrieved June 11, 2025, from https://my.clevelandclinic.org/health/diseases/5005-migraine-headaches
  3. World Health Organization. (2024). Migraine and other headache disorders [Fact sheet]. World Health Organization. Retrieved June 11, 2025, from https://www.who.int/news-room/fact-sheets/detail/headache-disorders

Published: 30 August 2024

Last updated: 21 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.