ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ မွေးကင်းစမှ အသက် (၁၉) နှစ်အတွင်းရှိ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် နှစ်စဉ် လူလေးသိန်းခန့် ကင်ဆာရောဂါ ဖြစ်ပွားသည်ဟု သိရှိရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးကုသမှုများ ပိုမိုတွင်ကျယ်ခြင်း၊ ခေတ်မီဆန်းသစ်ခြင်းတို့ကြောင့် ကင်ဆာရောဂါကလေးများ၏ (၈၀) ရာခိုင်နှုန်းသည် ကုသမှုများ အချိန်မီရရှိ၍ ရောဂါသက်သာနိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံများတွင် (၃၀) ရာခိုင်နှုန်းခန့်သာ ရောဂါကုသမှုရရှိနိုင်သည်။ ထိုနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်မားရခြင်းမှာ ရောဂါရှာဖွေသိရှိမှုနောက်ကျခြင်း၊ ကုသမှုနောက်ကျခြင်း၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းရင်းများစွာကြောင့် ကုသမှုများ တဝက်တပျက်နှင့် ရပ်လိုက်ရခြင်း၊ ရောဂါပြန်လည်ထကြွလာခြင်းစသည့် အကြောင်းရင်းများကြောင့်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို အတိအကျ မသိရှိနိုင်သော်လည်း မွေးရာပါ မျိုးဗီဇပြောင်းလဲမှု၊ ချို့ယွင်းမှုများကြောင့် ကင်ဆာဆဲလ်များ ပြန့်ပွါးလာခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ ထို့အပြင် အချို့ကင်ဆာရောဂါများသည် မိဘများတွင် ရောဂါမျိုးရိုးရှိခဲ့ပါက သားသမီးများတွင်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်ဟု ယူဆကြသည်။ မျိုးဗီဇကြောင့် မဟုတ်သော လူနေမှုဘဝဆိုင်ရာ (သို့မဟုတ်) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ [ဥပမာ _ ဆေးလိပ်ငွေ့၊ အရက်၊ စိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ဓာတ်ရောင်ခြည်ထိတွေ့မှုများ၊ ကင်ဆာဖြစ်စေနိုင်သော အချို့ ဗိုင်းရပ်စ်ပိုးများ (Human Immunodeficiency Virus, Human Papilloma Virus) စသည်တို့] ကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ကင်ဆာအမျိုးအစားများ
ကလေးကင်ဆာများတွင် အဖြစ်များဆုံး အမျိုးအစားများကို အုပ်စု (၃) စု ခွဲခြားနိုင်သည်။
- သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများ (Childhood Leukemia and Lymphoma)
- ဦးနှောက်ကင်ဆာနှင့် ကျောရိုးမကြီးကင်ဆာများ (Brain tumours and spinal cord tumours)
- အလုံးအကျိတ်ကင်ဆာများ (Solid tumours) ဖြစ်ပြီး ထိုအုပ်စုတွင်
- အရိုးကင်ဆာ (Bone cancers – Osteosarcoma and Ewing sarcoma)
- မျက်စိမြင်လွှာကင်ဆာ (Retinoblastoma)
- မျိုးပွါးဆဲလ်ကင်ဆာ (Germ cell tumours)
- ကြွက်သားဆဲလ်ကင်ဆာ (Rhabdomyosarcoma)
- ဝမ်းဗိုက်အတွင်း ဖြစ်တတ်သော အာရုံကြောဆဲလ်ကင်ဆာ (Neuroblastoma) နှင့်
- ကျောက်ကပ်ကင်ဆာ (Wilms tumour)
- အသည်းကင်ဆာ (Hepatoblastoma) စသည်တို့ပါဝင်သည်။
ရောဂါလက္ခဏာများ
ယခင်ပုံမှန်ကျန်းမာနေသော ကလေးများတွင် တခြားရောဂါများကြောင့်မဟုတ်ဘဲ အောက်ပါလက္ခဏာများ သိသိသာသာဖြစ်လာလျှင်၊ တဖြည်းဖြည်းပိုဆိုးလာလျှင် ကလေးကင်ဆာရောဂါများကို သံသယထား၍ စစ်ဆေးသင့်သည်။
- ရက်ရှည်ဆက်တိုက် အဖျားတက်ခြင်း
- မကြာခဏ ရောဂါပိုးဝင်လွယ်ခြင်း
- ကိုယ်အလေးချိန် သိသိသာသာကျဆင်းခြင်း
- ခေါင်းအလွန်ကိုက်၍ မနက်စောစော အန်တတ်ခြင်း
- အရိုးအဆစ်များ၊ ကျော နှင့် ခြေလက်များ အဆက်မပြတ် နာကျင်ခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း
- လည်ပင်း၊ ချိုင်း၊ ဝမ်းဗိုက်၊ နှင့် ပေါင်ခြံများတွင် အလုံးအကျိတ်များပေါ်လာခြင်း
- သွေးထွက်လွယ်ခြင်း (သို့မဟုတ်) အရေပြားတွင် အနီစက်များထွက်ခြင်း၊ အညိုအမည်းကွက်များ ဖြစ်လွယ်ခြင်း
- အသားအရောင် နှင့် မျက်လုံးများ ဖြူဖျော့နေခြင်း
- ဆက်တိုက် မောပန်းနွမ်းနယ်နေခြင်း
- ဒယိမ်းဒယိုင်နှင့်လမ်းလျှောက်ခြင်း
- မျက်လုံး လှုပ်ရှားမှု ပုံမမှန်ခြင်း၊ မျက်စိစွေခြင်း၊ မျက်စိပြူးထွက်လာခြင်း၊ အမြင်အာရုံ ပြောင်းလဲခြင်းများ စသည့်လက္ခဏာများသည် ကင်ဆာရောဂါများ၏ လက္ခဏာတစ်စိတ်တစ်ပိုင်း ဖြစ်နေတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများရှိလျှင်ကင်ဆာဟု အတိအကျမပြောနိုင်သော်လည်း ကင်ဆာရောဂါ၏ သဘာဝအရ စောစီးစွာသိရှိလျှင် အကောင်းဆုံးဖြစ်သောကြောင့် မိမိ၏မိသားစုဆရာဝန်နှင့် စောစီးစွာ တိုင်ပင်သင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများ ပေါ်အခြေခံ၍ ကင်ဆာရောဂါရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- အခြေခံသွေးစစ်ဆေးခြင်း
Complete blood count, Renal profile, Liver profile, LDH, Uric acid စသည့်ကင်ဆာအတွက် အခြေခံသွေးများစစ်ဆေးနိုင်သည်။ - အသားစယူ၍စစ်ဆေးခြင်း (Biopsy)
အလုံးအကျိတ်များ၏ တည်နေရာ နှင့် အရွယ်အစားပေါ် မူတည်၍ တစ်ရှူးများမှ အသားစယူ၍ စစ်ဆေးနိုင်သည်။ - ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow examination)
သွေးကင်ဆာရောဂါများအတွက် ရောဂါအမျိုးအစား အတိအကျ သိရှိစေရန် အရေးကြီးဆုံးသော စစ်ဆေးမှုဖြစ်သည်။ အခြားကင်ဆာရောဂါများတွင်လည်း ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့မှုကို သိရှိနိုင်သည်။ - ဦးနှောက်နှင့်ကျောရိုးအာရုံကြောမကြီးတလျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid, CSF) ကိုယူ၍ စစ်ဆေးခြင်း (lumbar puncture)
ထိုအရည်တွင် ကင်ဆာဆဲလ်များ ရှာဖွေခြင်းဖြင့် ရောဂါသိရှိနိုင်သည်။ - ဓာတ်မှန် (X-ray) နှင့် အာထရာဆောင်း (Ultrasound) ရိုက်ခြင်း
ရင်ခေါင်းနှင့် ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအလုံးအကျိတ်များကို ရှာဖွေရန် အသုံးပြုသည်။ - ဆေးသွင်းအရိုးဓာတ်မှန် (Bone scan) ရိုက်ခြင်း
အရိုးကင်ဆာများနှင့် အခြားကင်ဆာများမှ အရိုးသို့ပျံ့နှံ့ခြင်း ရှိမရှိစစ်ဆေးနိုင်သည်။ - ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် ပီအီးတီစကင်န် (PET scan) ရိုက်ခြင်း
ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်သော ကင်ဆာများနှင့် အရိုးကင်ဆာများအတွက် ရောဂါရှာဖွေရန်၊ အခြားနေရာများသို့ ပျံ့နှံ့မှုကိုစစ်ဆေးရန် အသုံးဝင်သည်။ PET scan ကို CT scan နှင့် တွဲဖက်၍ ရိုက်ကူးခြင်းဖြင့် ကင်ဆာပျံ့နှံ့မှုနှင့် ရောဂါရလဒ် ခန့်မှန်းချက်များကိုပါ အသေးစိတ်သိရှိနိုင်သည်။ - ကင်ဆာရောဂါပြ ဓာတ်ပစ္စည်းများ (Tumour markers)
သွေးမှဖြစ်စေ၊ ရိုးတွင်းခြင်ဆီမှဖြစ်စေ၊ အသားစနမူနာမှဖြစ်စေ စစ်ဆေးနိုင်ပြီး ထိုဓာတ်ပစ္စည်းများ တက်နေပါက သက်ဆိုင်ရာ ကင်ဆာအမျိုးအစားရှိသည်ဟု ယူဆနိုင်သည်။ ဥပမာ _ Alpha-fetoprotein (AFP) ဓာတ်ကို အသည်းကင်ဆာအတွက်၊ CA 19-9 ဓာတ်ကို ပန်ကရိယကင်ဆာနှင့် သည်းခြေပြွန်ကင်ဆာများအတွက်၊ Carcinoembryonic antigen (CEA) ဓာတ်ကို အူမကြီးကင်ဆာများအတွက် အသီးသီး စစ်ဆေးနိုင်သည်။ - ဆဲလ်အတွင်းရှိ ခရိုမိုဆုမ်းများ မူမမှန်ခြင်းကြောင့်ဖြစ်သော ကင်ဆာများအတွက် ခရိုမိုဆုမ်းများကို အသေးစိတ်လေ့လာ၍ ကင်ဆာအမျိုးအစားခွဲခြမ်းစိတ်ဖြာခြင်း (Cytogenetics) များနှင့် ကင်ဆာမော်လီကျူးများ၊ ဒီအန်အေများအပြင် မျိုးဗီဇချို့ယွင်းမှုများကိုပါ ရှာဖွေစစ်ဆေးခြင်း (Molecular studies) ကိုလည်း ပြုလုပ်နိုင်သည်။
ကုသခြင်း
ကင်ဆာဖြစ်ပွားသော ကလေး၏အသက်အရွယ်၊ အခြေအနေ၊ ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှု အနေအထား၊ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများပေါ် မူတည်၍ ကုသနည်းများစွာရှိသည်။
- ခွဲစိတ်ကုသခြင်း
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
- ပင်မဆဲလ် (သို့မဟုတ်) ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Stem cell or bone marrow transplant) စသည်တို့ဖြစ်သည်။
ယေဘုယျအားဖြင့် ကလေးကင်ဆာ အများစုသည် စောစီးစွာ သိရှိပြီး အထက်ဖော်ပြပါ ကုသနည်း တစ်နည်းနည်းဖြင့် ထိရောက်စွာကုသပါက ပျောက်ကင်းအောင် ကုသနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါ အသိနောက်ကျသော (သို့မဟုတ်) ကုသမှု ထိထိရောက်ရောက် မရသော ကလေးများတွင်မူ ကုသမှုခက်ခဲပြီး နောက်ဆက်တွဲပြဿနာများစွာ ကျန်ရစ်နိုင်သည်။
သို့သော် ခံစားနေရသော လက္ခဏာများ သက်သာစေရန် ဝေဒနာခံစားရမှု ညင်သာအောင် ပြုစုကုသပေးခြင်း (Palliative care) ဖြင့် ရောဂါလက္ခဏာများ တစ်စိတ်တစ်ပိုင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ အဆိုပါကုသမှုသည် ကင်ဆာရောဂါ လက္ခဏာများကို သက်သာစေသည့်အပြင် လူနာနှင့် မိသားစုဝင်များ၏ ဘဝနေထိုင်မှု အရည်အသွေးကိုပါ တိုးတက်စေနိုင်သည်။
ကင်ဆာကုသမှုခံယူနေစဥ်အတွင်း ကလေးများအတွက် အာဟာရပြည့်ဝစေရန် စနစ်တကျ ပြင်ဆင်ပေးခြင်း၊ နေ့စဥ်လှုပ်ရှားမှုများ အဆင်ပြေစေရန် လိုအပ်သော ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပညာရေး အဆက်မပြတ်စေရေးအတွက် ဆေးရုံတွင် ပညာသင်ကြားရေးအစီအစဥ်များ လုပ်ဆောင်ပေးခြင်း၊ ကလေးများ၏ စိတ်ပင်ပန်းမှုများ လျော့နည်းစေရန် ပျော်ပွဲရွှင်ပွဲများ စီစဥ်ခြင်းစသည်တို့ကိုလည်း ပြုလုပ်ပေးသင့်သည်။ ကုသမှုပြီးမြောက်သော ကလေးများကိုလည်း ကင်ဆာပြန်ဖြစ်နိုင်ခြင်း (Recurrence) နှင့် ကုသမှု၏ နောက်ဆက်တွဲပြဿနာများကို သိရှိရန် ရက်ချိန်းပုံမှန်ခေါ် ယူပြီး ဆက်လက်စောင့်ကြည့်မှုများ လိုအပ်သည်။
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် ကလေးများတွင် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်၍ မရပါ။ မည်သည့်လက္ခဏာမှမပေါ်ခင် ကြိုတင်စမ်းသပ် စစ်ဆေးမှုများဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်မှု နည်းပါးသည်။
သို့ရာတွင် ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ(ဥပမာ ဆယ်ကျော်သက် အရွယ်များ ဆေးလိပ်၊ အရက် သောက်ခြင်း) စသည်တို့ကို ရှောင်ရှားစေခြင်း၊ အသည်းရောင်ဘီပိုးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကဲ့သို့ ဆေးများ ကြိုတင်ထိုးနှံပေးခြင်း စသည်တို့ဖြင့် အချို့ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
အရေးကြီးသည်မှာ အထက်ပါ ကင်ဆာသံသယ လက္ခဏာများပေါ်လာလျှင် ချက်ချင်း မိမိ၏ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသစစ်ဆေး ကုသမှုခံယူရန်ဖြစ်သည်။
References:
- World Health Organization. (n.d.). Childhood cancer. World Health Organization. Retrieved June 20, 2025, from https://www.who.int/news-room/fact-sheets/detail/cancer-in-children
- American Cancer Society. (n.d.). Types of cancer that develop in children. Retrieved June 20, 2025, from https://www.cancer.org/cancer/cancer-in-children/types-of-childhood-cancers.html
- Cleveland Clinic. (2023). Childhood cancer. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/24960-childhood-cancer
- National Cancer Institute. (n.d.). Childhood cancers. Retrieved June 20, 2025, from https://www.cancer.gov/types/childhood-cancers
- St. Jude Children’s Research Hospital. (n.d.). Diagnosing childhood cancer. Together by St. Jude. Retrieved June 20, 2025, from https://together.stjude.org/en-us/conditions/cancers/diagnosing-childhood-cancer.html
Published: 30 August 2024
Last updated: 22 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.