Asthma (ပန်းနာရင်ကျပ်ရောဂါ)

Asthma (ပန်းနာရင်ကျပ်ရောဂါ)

ပန်းနာရင်ကျပ်ရောဂါ ဆိုသည်မှာ အဆုတ်အတွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်း၊ လေပြွန်အတွင်း ချွဲများထွက်ခြင်းတို့ကြောင့် လေပြွန်ကျဉ်းသောရောဂါဖြစ်သည်။ အသက်ရှူရခက်ခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း အစရှိသောလက္ခဏာများ မကြာခဏဖြစ်ပေါ် တတ်သော ရောဂါဖြစ်သည်။ အချို့သူများတွင် သာမန်မျှသာ ခံစားရနိုင်သော်လည်း အချို့သူများတွင် အောက်ဆီဂျင်ကျခြင်း၊ နှုတ်ခမ်းပြာလာခြင်းမှသည် အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သည်။

Asthma image
ဖြစ်ပေါ်ရသောအကြောင်းရင်း

ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျ မသိရှိသော်လည်း ပတ်ဝန်းကျင်နှင့် မျိုးဗီဇဆိုင်ရာ အချက်အလက်များ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ဓာတ်မတည့်သောအရာဝတ္ထုများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့်အခါ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကြောင့် အဆုတ်အတွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်း၊ လေပြွန်အတွင်း ချွဲများထွက်ခြင်းတို့ကို ဖြစ်စေသည်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး ဖြစ်နိုင်ခြေများသောအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ
    • ဓာတ်မတည့်စေနိုင်သောအရာများ (ဥပမာ _ သစ်ပင်၊ မြက်ပင်၊ ပေါင်းပင်များမှ ဝတ်မှုန်များ၊ မှိုစများ၊ တိရစ္ဆာန်အမွေးများ)
    • လေထုညစ်ညမ်းခြင်း (ဥပမာ _ မီးခိုး‌ငွေ့များ ၊ ဆေးလိပ်ငွေ့များ၊ ထင်းမီးဖိုမှထွက်သော မီးခိုးများ၊ ယာဥ်များမှထွက်သော မီးခိုးများ၊ စက်ရုံအလုပ်ရုံများမှထွက်သော မီးခိုးများ)
    • ရာသီဥတုအခြေအနေများ (ဥပမာ _ အေးသောလေ၊ စိုထိုင်းမှုများခြင်း၊ အပူချိန်ရုတ်တရက် ပြောင်းလဲခြင်း)
    • ပြင်းထန်သော အနံ့များ (ဥပမာ _ ရေမွှေးနံ့များ၊ သန့်ရှင်း‌ရေး ဓာတုပစ္စည်းများမှ အနံ့များ)
    • အိမ်တွင်းရှိ ဓာတ်မတည့်‌စေနိုင်သောအရာများ (ဥပမာ _ မှို၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန် အမွေးများ)
  2. မျိုးဗီဇဆိုင်ရာ အချက်များ (မိသားစုမျိုးရိုးတွင် ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊ ဓာတ်မတည့်ရောဂါရှိခြင်း)
  3. အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း (ဥပမာ – RSV ဗိုင်းရပ်စ်ပိုးဝင်ခြင်း)
  4. အခြားသော အဖြစ်များသည့် အကြောင်းအရာများ_
    • အားကစားပြုလုပ်ခြင်း
    • စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း
    • အချို့သော အစားအစာများ (ဥပမာ_မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ)
    • အချို့သော ဆေးဝါးများ (ဥပမာ – Aspirin, NSAIDs, beta-blockers)
    • စားချဥ်ပြန်ရောဂါ (GERD)
    • အဝလွန်ခြင်း
    • ပေါင်မပြည့်လမစေ့မွေးဖွားသော ကလေးငယ်များ
ပန်းနာရင်ကျပ်‌ရောဂါ အမျိုးအစားများ
  1. စတင်ဖြစ်ပေါ်သော အသက်အရွယ်ပေါ်မူတည်၍
    • ကလေးဘဝတွင် စတင်ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါ (Childhood asthma)
    • အရွယ်ရောက်ပြီးသူများတွင် စတင်ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါ (Adult-onset asthma – အသက် (၁၈) နှစ်နောက်ပိုင်းတွင် စတင်ဖြစ်ပေါ်လေ့ရှိသည်)
  2. ဓာတ်မတည့်ခြင်းပေါ်မူတည်၍
    • ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါ (Allergic asthma)
    • ဓာတ်မတည့်ခြင်းနှင့် မသက်ဆိုင်သော ပန်းနာရင်ကျပ်ရောဂါ (Non-allergic asthma)
  3. အခြားသောအမျိုးအစားများ
    • လုပ်ငန်းခွင်နှင့် သက်ဆိုင်သော ပန်းနာရင်ကျပ်ရောဂါ (Occupational asthma – လုပ်ငန်းခွင်ရှိ ဓာတုပစ္စည်းအငွေ့များ၊ ဖုန်မှုန့်များနှင့် ထိတွေ့မှုကြောင့်ဖြစ်ခြင်း)
    • လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ဖြစ်သော ပန်းနာရင်ကျပ်‌ရောဂါ (Exercise induced asthma – လေ့ကျင့်ခန်းလုပ်ပြီးနောက် အသက်ရှူကျပ်ခြင်း)
    • ညဘက်တွင် ပိုဆိုးသော ပန်းနာရင်ကျပ်‌ရောဂါ (Nocturnal asthma)
    • အက်စ်ပရင် (Aspirin) ကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ (Aspirin induced asthma)
    • ချောင်းဆိုးပန်းနာ (Cough variant asthma – ကာလကြာရှည်စွာ ချောင်းဆိုးခြင်း တစ်ခုတည်းသာ အဓိကဖြစ်ပေါ်သော ပန်းနာရင်ကျပ်‌ရောဂါ)
    • သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်သော Eosinophils များသောကြောင့် ဖြစ်သော ပန်းနာရင်ကျပ်‌ရောဂါ (Eosinophilic asthma)
    • နာတာရှည် အဆုတ်ပွပန်းနာရောဂါနှင့် ပေါင်းစပ်ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါ (Asthma-COPD overlap syndrome)
ရောဂါလက္ခဏာများ

ပန်းနာရင်ကျပ်ရောဂါ၏ အဓိကလက္ခဏာများမှာ အသက်ရှူရခက်ခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်ကျပ်ခံစားရခြင်း၊ အသက်ရှူရခက်ခဲခြင်းကြောင့် ညအိပ်မပျော်ခြင်းတို့ဖြစ်ကြသည်။ ထိုလက္ခဏာများသည် သာမန်အဆင့်မှ ပြင်းထန်အဆင့်ထိရှိနိုင်ပြီး မကြာခဏ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်တတ်သည်။ အထူးသဖြင့် ညဘက် နှင့် မနက်စောစောအချိန်များတွင် ပိုမိုဆိုးရွားနိုင်သည်။ ရောဂါပြင်းထန်လာချိန်တွင် အမောဖောက်ခြင်း၊ ဝါကျတစ်ကြောင်းပြည့်အောင် တစ်ဆက်တည်း မပြောနိုင်ခြင်း၊ နှုတ်ခမ်းပြာခြင်း၊ အသက်ရှူမြန်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်း၊ အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်သည်။

ရောဂါလက္ခဏာများအပေါ်မူတည်၍ ပန်းနာရင်ကျပ်ရောဂါကို အောက်ပါအတိုင်း အဆင့်သတ်မှတ်နိုင်သည်။

  1. တစ်ခါတစ်ရံကျပ်တတ်သော သာမန်အဆင့် (Mild intermittent asthma)
    သာမန်လက္ခဏာများသည် တစ်ပတ်တွင် နှစ်ကြိမ်အောက်သာဖြစ်ပေါ်ပြီး ညဘက်တွင် တစ်လလျှင် နှစ်ကြိမ်အောက်သာ လက္ခဏာဖြစ်ပေါ်ခြင်း
  2. အမြဲကျပ်တတ်သော သာမန်အဆင့် (Mild persistent asthma)
    ရောဂါလက္ခဏာများသည် တစ်ပတ်လျှင် (၃)ကြိမ် မှ (၆)ကြိမ်အထိ ဖြစ်ပေါ်၍ ညဘက်တွင် တစ်လလျှင် (၃)ကြိမ် မှ (၄)ကြိမ်အထိ ဖြစ်ပေါ်ခြင်း
  3. အမြဲကျပ်တတ်သော အလယ်အလတ်အဆင့် (Moderate persistent asthma)
    ရောဂါလက္ခဏာများ နေ့စဥ်ဖြစ်ပေါ်၍ ညဘက်တွင် တစ်လလျှင် (၅)ကြိမ် မှ (၆)ကြိမ်အထိ ဖြစ်ပေါ်ခြင်း
  4. အမြဲကျပ်တတ်သော ပြင်းထန်အဆင့် (Severe persistent asthma)
    ရောဂါလက္ခဏာများ နေ့အချိန်နှင့် ညအချိန်များတွင် အဆက်မပြတ် တောက်လျှောက် ဖြစ်ပေါ်နေခြင်း
နောက်ဆက်တွဲပြဿနာများ

ပန်းနာရင်ကျပ်ရောဂါကို ထိရောက်သော ကုသမှုမခံယူပါက ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာသဖြင့် အိပ်စက်ခြင်း၊ အလုပ်အကိုင်နှင့် နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက်ဖြစ်ခြင်း
  • အလုပ်နှင့် ကျောင်းများတွင် မကြာခဏခွင့်ယူရခြင်း
  • အသက်ရှူရခက်ခဲခြင်းကြောင့် အ‌‌‌‌ရေးပေါ်အခြေအနေဖြစ်ပေါ်ပြီး မကြာခဏ ဆေးရုံတက်ရခြင်း
  • အဆုတ်အမြှေးပါးထဲ လေဝင်ခြင်း (Pneumothorax)
  • နာတာရှည်ရောင်ရမ်းခြင်းကြောင့် လေပြွန်များ ကျဥ်းသွားကာ အသက်ရှူလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း (Respiratory failure)
  • စတီးရွိုက်ဆေးများကို ကာလကြာရှည်စွာ အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း
  • စိတ်ကျန်းမာရေး ထိခိုက်ခြင်း (စိတ်ဖိစီးမှုများခြင်း၊ စိတ်ကြွခြင်း၊ စိတ်ဓာတ်ကျခြင်း) တို့ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့်‌ ဆွေးနွေးတိုင်ပင်၍ စောစီးစွာ ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ အောက်ဖော်ပြပါ ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနေရပါက ဆေးရုံ၊ ဆေးခန်း အရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်သည်။

  • အသက်ရှူကျပ်ခြင်း၊ တရွှီရွှီမြည်ခြင်းသည် လျှင်မြန်စွာ ပိုမိုဆိုးရွားလာခြင်း
  • လေပြွန်ကျယ်စေသောရှူဆေးများ အသုံးပြုပြီးနောက် မသက်သာခြင်း
  • သာမန်လှုပ်ရှားမှု ပြုလုပ်ရုံဖြင့် မောပန်းနေခြင်း
ရောဂါရှာဖွေခြင်း

ပန်းနာရင်ကျပ်ရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ရောဂါရာဇဝင်များတွင် လူနာ၏ ရောဂါဆိုးတတ်သည့် အချိန်၊ ဓာတ်မတည့်ဟု ယူဆရသည့် အနံ့၊ အစားအစာ၊ ပစ္စည်းတို့အပြင် အိမ်အနေအထား၊ လေဝင်လေထွက်၊ အိမ်မွေးတိရစ္ဆာန်၊ အိမ်ပတ်ဝန်းကျင်၊ အလုပ်အကိုင် စသည်တို့ကိုပါ အသေးစိတ်မေးမြန်းရန် လိုအပ်သည်။ ထို့နောက် ပန်းနာရင်ကျပ်ရောဂါကို သေချာစွာသိရှိနိုင်ရန် အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း (Lung function test) ဖြင့် သိရှိနိုင်သည်။

  • အသက်ရှူစစ်ဆေးကိရိယာဖြင့် စစ်ဆေးခြင်း (Spirometry)
    • လေပြွန်ကျဥ်း၊ မကျဥ်းကို သိရှိနိုင်ပြီး အသက်ပြင်းပြင်းရှူပြီးနောက် ရှူထုတ်လိုက်သော လေပမာဏနှင့် လေရှူထုတ်မြန်နှုန်းကို တိုင်းတာနိုင်သည်
  • အမြင့်ဆုံး လေထုတ်နှုန်းတိုင်း ကိရိယာ (Peak flow meter)
    • ဤကိရိယာဖြင့် မည်မျှပြင်းပြင်း အသက်ရှူထုတ်နိုင်သည်ကို တိုင်းတာခြင်းဖြစ်သည်။ ပုံမှန်ရှူထုတ်နိုင်သည့် အတိုင်းအတာထက် နည်းနေပါက အဆုတ်လုပ်ငန်းကောင်းစွာ မလုပ်နိုင်ခြင်းနှင့် ပန်းနာရင်ကျပ် ပိုဆိုးလာနိုင်သည်ကို သိရှိနိုင်သည်
      ထိုအဆုတ်၏လုပ်ဆောင်နိုင်စွမ်း စစ်ဆေးခြင်းကို လေပြွန်ကျယ်စေသော ဆေးများ (Bronchodilator) အသုံးမပြုမီနှင့် အသုံးပြုပြီးနောက် တိုင်းတာ၍ လေပြွန်ကျယ်‌ဆေး အသုံးပြုပြီးနောက် အဆုတ်လုပ်ဆောင်နိုင်စွမ်းတိုးတက်လာပါက ပန်းနာရင်ကျပ်‌‌ရောဂါ ဖြစ်နိုင်ခြေများသည်

ထို့အပြင် ပန်းနာရင်ကျပ်ရောဂါကို ရှာဖွေနိုင်သည့် အခြားသော စစ်ဆေးနည်းများမှာ_

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)
  • ဓာတ်မတည့်ခြင်းကို စမ်းသပ်ခြင်း [Allergy test – အရေပြား (သို့မဟုတ်) သွေး စစ်ဆေးခြင်း]
  • နိုက်ထရစ်အောက်ဆိုဒ် စစ်ဆေးခြင်း (Nitric oxide test – အသက်ရှူလမ်းကြောင်းရောင်ရမ်းနေလျှင် နိုက်ထရစ်အောက်ဆိုဒ် ပမာဏများနေနိုင်သည်)
  • သလိပ်အတွင်း Eosinophils ဆဲလ်များ စစ်ဆေးခြင်း (Sputum Eosinophils) တို့ဖြစ်ကြသည်။
ကုသခြင်း

ပန်းနာရင်ကျပ်ရောဂါကို ကုသရာတွင် ပန်းနာရင်ကျပ်ဖြစ်ပေါ်စေသော၊ ဓာတ်မတည့်စေသော အရာများကို ရှောင်ရှား၍ ရောဂါထကြွခြင်းမရှိအောင် ကာကွယ်ခြင်းနှင့် ‌ရောဂါကို ရေရှည်ထိန်းချုပ်ကုသခြင်းတို့သည် အဓိကကုသမှုဖြစ်သည်။ ပန်းနာရင်ကျပ်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများကို သိရှိမှတ်သား၍ ရောဂါလက္ခဏာများကို စနစ်တကျ အနီးကပ်စောင့်ကြည့်ပြီး ရောဂါထကြွခြင်းမှ ကာကွယ်ရန် အလွန်အရေးကြီးသည်။ ပန်းနာရင်ကျပ်ရောဂါသည် ဖြစ်ပွားသူအနည်းစု တွင်သာ အလိုအလျောက်သက်သာပျောက်ကင်းနိုင်ခြေ (natural remission) ရှိသည်။ အများစုတွင် စနစ်တကျကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းစေနိုင်သည်။ ရောဂါလက္ခဏာများ သက်သာနေသော်လည်း ဓာတ်မတည့်သည့် အရာများနှင့် ထိတွေ့သည့်အချိန်မျိုးတွင်မူ ရောဂါလက္ခဏာများ ပြန်ပေါ်လာနိုင်သည်။ ရင်ကျပ်ရောဂါကို အဓိကအားဖြင့် ပန်းနာရင်ကျပ်အမျိုးအစားများ၊ အသက်အရွယ်၊ ဖြစ်ပေါ်စေသော အကြောင်းရင်းများပေါ် မူတည်၍ အောက်ဖော်ပြပါ ကုသမှုနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • အလျှင်အမြန် သက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း (Quick-relief medications)
  • ရေရှည်ထိန်းချုပ်နိုင်သော ဆေးဝါးများဖြင့် ကုသခြင်း (Long-term control medications)
  • ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပါက ဓာတ်မတည့်ခြင်းကို ကုသခြင်း (Immunotherapy)
  • ဇီဝဆေးဝါးများဖြင့် ကုသခြင်း (Biologics)
အလျှင်အမြန်သက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း

ဤဆေးများသည် ပန်းနာရင်ကျပ်‌ရောဂါထကြွနေချိန် ရောဂါလက္ခဏာများ ရှိနေသည့်အချိန်တွင်သာ အသုံးပြုသင့်သော ဆေးများဖြစ်သည်။ ရောဂါလက္ခဏာသက်သာပြီး လျှင်မြန်စွာ အသက်ပြန်ရှူနိုင်စေရန် များစွာအထောက်အကူပြုသည်။ အသုံးပြုနိုင်သော အမျိုးအစားများမှာ_

  1. လေပြွန်ကျယ်စေသောဆေးများ (Bronchodilator – short-acting beta agonists, anticholinergics agents)
    ဤဆေးများသည် အဆုတ်လေပြွန်များရှိ ကြွက်သားများ မိနစ်ပိုင်းအတွင်း ပြေလျော့သွားစေခြင်းဖြင့် လေပြွန်များကျယ်စေကာ ‌ရောဂါလက္ခဏာများကို လျှင်မြန်စွာသက်သာစေနိုင်သည်။ ပန်းနာရင်ကျပ်‌ရောဂါထချိန်များတွင် အဆိုပါအရေးပေါ်ရှူဆေးများ သုံးစွဲ၍ ရောဂါလက္ခဏာများကို ချက်ချင်းသက်သာစေနိုင်သည်။ ရေရှည်ထိန်းချုပ်နိုင်သော ဆေးဝါးများ ကောင်းစွာအလုပ်လုပ်နေပါက အရေးပေါ်ရှူဆေးများကို မကြာခဏအသုံးပြုရန် မလိုအပ်ပါ။ ထို့ကြောင့် တစ်ပတ်အတွင်း အရေးပေါ်ရှူဆေးကို အကြိမ်ရေမည်မျှ အသုံးပြုသည်ကို မှတ်သားထားပြီး ဆရာဝန် ညွှန်ကြားထားသည်ထက် ပိုမိုအသုံးပြုနေရပါက ရောဂါကို ထိန်းချုပ်နိုင်ရန် ဆရာဝန်နှင့် ပြန်လည်ပြသ၍ ဆေးများကို ထိန်းညှိရန် လိုအပ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ပန်းနာရင်ကျပ်လက္ခဏာများ ဖြစ်ပေါ်တတ်သူများတွင် ‌လေ့ကျင့်ခန်းမပြုလုပ်မီ လေပြွန်ကျယ်စေသောဆေးများကို အသုံးပြုခြင်းဖြင့် ရောဂါကြွခြင်းကို ကာကွယ်နိုင်သည်။
  2. စတီးရွိုက်အရောင်ကျဆေးများ (Oral and intravenous corticosteroids)
    စတီးရွိုက်အရောင်ကျဆေးများကို သောက်ဆေး (သို့မဟုတ်) ထိုးဆေးများအနေဖြင့် အသုံးပြုနိုင်ပြီး လေပြွန်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သည်။ စတီးရွိုက်ဆေးများကို ရေရှည်သုံးစွဲလျှင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သောကြောင့် ‌ရောဂါလက္ခဏာပြင်းထန်နေချိန်များတွင် ‌ကာလတိုအနေနှင့်သာ အသုံးပြုသင့်သည်။
ရေရှည်ထိန်းချုပ်နိုင်သော ဆေးဝါးများဖြင့်ကုသခြင်း

ရေရှည်ထိန်းချုပ်နိုင်သော ဆေးဝါးများကို နေ့စဥ်ပုံမှန် အသုံးပြုခြင်းသည် ပန်းနာရင်ကျပ်ရောဂါ၏ အဓိကကုသမှုဖြစ်သည်။ ဤဆေးဝါးများသည် နေ့စဥ်ပန်းနာရင်ကျပ်လက္ခဏာများကို ထိန်းချုပ်ပေးပြီး ရုတ်တရက် ရောဂါထကြွခြင်းမှ ကာကွယ်ပေးနိုင်သည်။ အသုံးပြုနိုင်သော ဆေးအမျိုးအစားများမှာ_

  • စတီးရွိုက်ရှူဆေးများ (Inhaled corticosteroids)
    စတီးရွိုက်ရှူဆေးများသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းအတွင်း သလိပ်များကို လျော့နည်းစေ၍ အလွယ်တကူ အသက်ရှူနိုင်ရန် အထောက်အကူပြုသည်။ စတီးရွိုက်ရှူဆေးများကို ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသည့်တိုင်အောင် အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ အသုံးပြုရန် လိုအပ်နိုင်သည်။ ရှူဆေးအနေဖြင့် အသုံးပြုသည့်အတွက် စတီးရွိုက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများသည် သောက်ဆေး၊ ထိုးဆေးများကဲ့သို့ ပြင်းထန်ခြင်း မရှိပါ။ စတီးရွိုက်ရှူဆေးများကို လေပြွန်ကျယ်စေသောဆေးများ (Long acting beta agonist) နှင့် ‌ပေါင်း၍ ပေါင်းစပ်ရှူဆေးအနေဖြင့်လည်း အသုံးပြုနိုင်သည်။
  • ရောဂါလက္ခဏာများကို သက်သာစေသည့် အခြားဆေးဝါးများ
    • Leukotriene modifiers
    • Theophylline
ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပါက ဓာတ်မတည့်ခြင်းကို ကုသခြင်း
ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)

ဤကုသနည်းဖြင့် သက်ဆိုင်ရာ ဓာတ်မတည့်စေသော အရာများကို ကိုယ်ခံအားစနစ်မှ တုံ့ပြန်မှုကို တဖြည်းဖြည်းချင်း လျော့ကျစေနိုင်သည်။ တစ်ပတ်လျှင် တစ်ကြိမ်ဆေးထိုးခြင်းကို လအနည်းငယ်ကြာထိုးပြီးနောက် အနည်းဆုံး (၃)နှစ် မှ (၅) နှစ်အထိ တစ်လလျှင် တစ်ကြိမ် ဆေးဆက်ထိုးရန် လိုအပ်သည်။

ဇီဝဆေးဝါးများဖြင့် ကုသခြင်း (Biologics – Omalizumab, Mepolizumab, Dupilumab)

အခြားသော ကုသမှုများနှင့် တုံ့ပြန်မှုမရှိသော ပြင်းထန်သည့် ပန်းနာရင်ကျပ်ရောဂါများကို ကုသနိုင်သော ဆေးဝါးများဖြစ်သည်။ ခန္ဓာကိုယ်ထဲရှိ သက်ဆိုင်ရာ ပဋိပစ္စည်းများကို ဦးတည်၍ ကုသခြင်းဖြင့် ရောင်ရမ်းခြင်းများကို သက်သာစေနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါကို ကုသရာတွင် ဆရာဝန်များမှ ရေးဆွဲပေးထားသော ပန်းနာရင်ကျပ်ရောဂါ လုပ်ဆောင်ချက်အစီအစဥ် (asthma action plan)ကို ကောင်းစွာသိရှိလိုက်နာရန် လိုအပ်သည်။ ထိုလုပ်ဆောင်ချက်အစီအစဥ်တွင်

  • ဆေးဝါးများကို မည်သည့်အချိန်တွင် မည်သို့အသုံးပြုရမည်
  • ရောဂါလက္ခဏာဆိုးချိန်တွင် မည်သို့လုပ်ဆောင်ရမည်
  • မည်သည့်အချိန်တွင် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည် အစရှိသောအချက်များ ပါဝင်သည်။

ဆေး၏အကျိုးအာနိသင်ကို အပြည့်အဝရရှိနိုင်စေရန် ရှူဆေးများကိုရှူသွင်းသည့် နည်းစနစ်ကျနမှန်ကန်မှုရှိရန်လည်း အလွန်အရေးကြီးသည်။ (Asthma Inhalers)

ကာကွယ်ခြင်း

ပန်းနာရင်ကျပ်ရောဂါသည် မျိုးဗီဇနှင့်ပတ်ဝန်းကျင် ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာရသဖြင့် ရောဂါမဖြစ်အောင် အပြည့်အဝကာကွယ်တားဆီးရန် ခက်ခဲသည်။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါထကြွခြင်းကို ကာကွယ်ရာတွင် အထောက်အကူပြုသည်။

  • ရင်ကျပ်ရောဂါ ထစေတတ်သည့်အရာများကို မှတ်သားထား၍ ဂရုစိုက်ရှောင်ကြဉ်ခြင်း
  • ရေရှည် ရောဂါထိန်းချုပ်နိုင်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်အသုံးပြုခြင်း
  • လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်၍ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
  • အာဟာရ ပြည့်ဝအောင် စားသောက်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • စိတ်ဖိစီးမှုကို လျော့ချခြင်း
  • တုပ်ကွေးကာကွယ်ဆေး (Influenza vaccine)၊ နမိုးနီးယား အဆုတ်ရောင်ကာကွယ်ဆေး (Pneumococcal vaccine) များထိုးခြင်း

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Asthma – Symptoms and causes. Mayo Clinic. Retrieved June 9, 2025, from https://www.mayoclinic.org/diseases-conditions/asthma/symptoms-causes/syc-20369653
  2. Cleveland Clinic. (2025). Asthma. Cleveland Clinic. Retrieved June 9, 2025, from https://my.clevelandclinic.org/health/diseases/6424-asthma
  3. World Health Organization. (2024). Asthma. World Health Organization. Retrieved June 9, 2025, from https://www.who.int/news-room/fact-sheets/detail/asthma
  4. Cameron, K. (2024). Asthma. WebMD. Retrieved June 9, 2025, from https://www.webmd.com/asthma/what-is-asthma
  5. Holland, K. (2025). Everything you need to know about asthma: Symptoms, types, causes, prevention, and more. Healthline. Retrieved June 9, 2025, from https://www.healthline.com/health/asthma

Published: 30 August 2024

Last updated: 18 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.