Jaundice (အသားဝါခြင်း)

Jaundice (အသားဝါခြင်း)

အသားဝါခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ဘီလီရူဘင် အဝါဓာတ် (bilirubin) များခြင်းကြောင့် အရေပြား၊ မျက်လုံးများနှင့် နှာခေါင်းတွင်းနှင့် ပါးစပ်အတွင်းရှိ အမြှေးပါးများ အဝါရောင်ပြောင်းသွားခြင်းဖြစ်သည်။ အသားဝါခြင်းဖြစ်ပေါ်ပါက အသည်း၊ သည်းခြေအိတ်၊ ပန်ကရိယ (သို့မဟုတ်) သွေးနီဥဆဲလ်များ၏ လုပ်ငန်း‌ဆောင်တာများတွင် ပြဿနာရှိနေကြောင်းကို ညွှန်ပြနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

အသားဝါခြင်းသည် ဘီလီရူဘင် အဝါဓာတ်၏ ပုံမှန်ဇီဝဖြစ်စဥ်များနှင့် စွန့်ထုတ်မှုတို့ကို ထိခိုက်စေသော ကျန်းမာ‌ရေးအခြေအနေများတွင် ဖြစ်ပေါ်လာသည်။ ဘီလီရူဘင် အဝါဓာတ်ကို အဓိကအားဖြင့် သွေးနီဥဆဲလ်များ ပြိုကွဲပျက်စီး‌ခြင်းမှ ထုတ်လုပ်သည်။ သွေးနီဥဆဲလ်များ ပြိုကွဲပျက်စီးသောအခါ ဟီမိုဂလိုဘင် (Hemoglobin) ထွက်လာကာ၊ ထိုဟီမိုဂလိုဘင်၏ ဟီမ် (heme) အစိတ်အပိုင်းကို ဘီလီရူဘင်အဖြစ်သို့ ပြောင်းလဲသည်။ ဘီလီရူဘင်သည် သွေးကြောထဲမှတစ်ဆင့် အသည်းသို့ပို့ဆောင်ပြီး သည်းခြေအိတ်တွင် သိုလှောင်ကာ နောက်ဆုံးတွင် အူလမ်းကြောင်းထဲသို့ ရောက်ရှိပြီး ဝမ်းနှင့်ဆီးမှတစ်ဆင့် စွန့်ထုတ်သည်။ စွန့်ထုတ်သည်။ ထိုကဲ့သို့ ဘီလီရူဘင် အဝါဓာတ် ထုတ်လုပ်မှုနှင့် စွန့်ထုတ်မှုဖြစ်စဥ်များတွင် ဖြစ်ပေါ်သော ပြဿနာများပေါ်မူတည်၍ အသားဝါခြင်းကို ဖြစ်‌ပေါ်စေသော အဓိကအကြောင်းရင်း (၃) မျိုးရှိသည်။

  1. သွေးနီဥဆဲလ်များ အလွန်အကျွံပျက်စီးခြင်းကြောင့် ဖြစ်ပေါ်သော အသားဝါခြင်း (Prehepatic jaundice/Hemolytic jaundice)
    သွေးနီဥဆဲလ်များ အလွန်အကျွံပျက်စီးခြင်း (hemolysis) ကြောင့် သွေးထဲတွင် ဘီလီရူဘင် အဝါဓာတ် အလွန်လျှင်မြန်စွာ မြင့်တက်လာသည်။ အဆိုပါ မြင့်တက်သည့်ပမာဏသည် အသည်း၏ ဘီလီရူဘင်ကို ပုံမှန်ဇီဝဖြစ်စဥ်အတိုင်း ပြုပြင်စွန့်ထုတ်နိုင်စွမ်းကို ကျော်လွန်သွားလျှင် ခန္ဓာကိုယ်တွင် အဝါဓာတ်များ စုစည်းမိကာ အသားဝါလာခြင်းဖြစ်သည်။ ဤသို့သွေးနီဥဆဲလ်များ အလွန်အကျွံပျက်စီးခြင်း ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ_
    • သာလာဆီးမီးယား ရောဂါ (Thalassemia)
    • G6PD ဓာတ်ချို့တဲ့ခြင်း (G6PD)
    • ငှက်ဖျားရောဂါ (Malaria)
    • ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့်ရောဂါများ (Autoimmune disease)
  2. အသည်းမကောင်းခြင်းကြောင့် အသားဝါခြင်း (Hepatic jaundice)
    အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် သွေးကြောထဲတွင် ဘီလီရူဘင် အဝါဓာတ်များ မြင့်တက်လာကာ အသားဝါလာခြင်းဖြစ်သည်။
    • အသည်းရောင် အသားဝါရောဂါ ဗိုင်းရပ်စ်ပိုးများကြောင့် အသည်းရောင်ခြင်း (Viral hepatitis) [အသည်းရောင်အသားဝါရောဂါ အေ၊ ဘီ၊ စီ ပိုးများနှင့် အပ်စတိန်းဘား (Epstein Barr) ဗိုင်းရပ်စ်ပိုးများဝင်ခြင်း]
    • အရက်ကြောင့် အသည်းရောင်ခြင်း (Alcoholic hepatitis)
    • အသည်းခြောက်‌ရောဂါ (Cirrhosis)
    • အသည်းကင်ဆာ‌ရောဂါ (Liver cancer)
    • ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့် အသည်းရောင်ခြင်း (Autoimmune heaptitis)
    • တချို့သောဆေးဝါးများကြောင့် အသည်း‌‌ရောင်ခြင်း (Drug induced hepatitis) (ဥပမာ _ ပင်နီဆီလင်၊ သန္ဓေတားဆေးများ၊ ပါရာစီတမောစသည့် ဆေးဝါးများ)
  3. အသည်းမှ စွန့်ထုတ်ပြီးသော အဝါဓာတ်များကို အူလမ်းအကြောင်းအတွင်းသို့ စွန့်ပစ်သည့် လမ်းကြောင်းပိတ်ခြင်းကြောင့် အသားဝါခြင်း (Post-hepatic/obstructive jaundice)
    • သည်းခြေ ကျောက်တည်ခြင်း
    • သည်းခြေအိတ် ရောင်ရမ်းခြင်း
    • ကင်ဆာရောဂါများ (သည်းခြေအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ သည်းခြေပြွန် ကင်ဆာ)
      • သည်းခြေပြွန် ကျဥ်းခြင်း၊ ရောင်ရမ်းခြင်း
ယှဥ်တွဲလာတတ်သော လက္ခဏာများ

အသားဝါခြင်းနှင့်အတူ အောက်ဖော်ပြပါ ရောဂါလက္ခဏာများကိုပါ ဆက်စပ်တွေ့ရှိရနိုင်သည်။

  • ဖျားခြင်း၊ ချမ်းတုန်ခြင်း (ပိုးဝင်ခြင်း၊ အသည်းရောင်ခြင်း၊ သွေးနီဥများ အလွန်အမင်း ပျက်စီးခြင်း အစရှိသည့် အခြေအနေတို့တွင် တွေ့ရတတ်သည်)
  • ဗိုက်အောင့်ခြင်း၊ အန်ခြင်း _ အသည်းရောင်ခြင်း၏ လက္ခဏာဖြစ်သည်
  • တုပ်ကွေးမိသကဲ့သို့ ခံစားရခြင်း
  • ဆီးအရောင်အရင့်များ သွားခြင်း၊ ဝမ်းအဖြူရောင်များ သွားခြင်း (သည်းခြေပြွန်ပိတ်ခြင်း၏ လက္ခဏာဖြစ်သည်)
  • အရေပြားယားယံခြင်း (သည်းခြေပြွန်ပိတ်ခြင်း၏ လက္ခဏာဖြစ်သည်)
  • ကိုယ်အလေးချိန်ကျခြင်း (နာတာရှည်အသည်းရောဂါ၊ ကင်ဆာရောဂါတို့၏ လက္ခဏာဖြစ်သည်)
  • ကယောင်ကတမ်းဖြစ်ခြင်း၊ အလွန်အိပ်ချင်ခြင်း (အသည်းပျက်စီးခြင်း၏ လက္ခဏာဖြစ်သည်)
  • အလွယ်တကူသွေးခြည်ဥခြင်း၊ သွေးအန်ခြင်း (အသည်းလုပ်ငန်းပျက်စီးခြင်း၏ လက္ခဏာဖြစ်သည်)

အဆိုပါ လက္ခဏာများတွင် အသည်းဝါခြင်း အဓိက အကြောင်းရင်း (၃)မျိုးပေါ် မူတည်၍ ဖြစ်ပေါ်သော ရောဂါလက္ခဏာများ ကွဲပြားခြားနားနိုင်သည်။ သွေးနီဥဆဲလ်များ အလွန်အကျွန်ပျက်စီးခြင်းကြောင့် ဖြစ်ပါက အသားဝါခြင်းသည် သာမန်မျှသာရှိပြီး အသားရောင် ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ နုံးခြင်း၊ ဘေလုံးကြီးခြင်း အစရှိသော လက္ခဏာများကို အဓိကခံစားရနိုင်သည်။ အသည်းမကောင်းခြင်းကြောင့် ဖြစ်ပါက အသားဝါခြင်းအပြင် ဗိုက်‌အောင့်ဗိုက်နာဖြစ်ခြင်း၊ ပျို့အန်ခြင်း နှင့် နာတာရှည် အသည်း‌ရောဂါ၏ လက္ခဏာများကို အဓိက ခံစားရနိုင်သည်။ အဝါဓာတ်များ စွန့်ထုတ်သည့် လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါက အသားဝါခြင်းမှာ အလွန်သိသာပြီး ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအဖြူရောင်များသွားခြင်း၊ အလွန်အမင်း ယားယံခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အသားဝါသည့် အကြောင်းရင်းကို သိရှိနိုင်ရန် လူနာ၏ ရောဂါရာဇဝင် (အဓိကအားဖြင့် ရောဂါအခံများဖြစ်စေသည့် ဘီပိုး၊ စီပိုး၊ သည်းခြေလမ်းကြောင်းဆိုင်ရာ ရောဂါများအကြောင်း) မေးမြန်းခြင်းနှင့် လူနာကို အထွေထွေစမ်းသပ်ခြင်း (လူနာ၏ ဝမ်းဗိုက်၊ အသည်းနှင့် ခြေထောက်များ ဖောရောင်ခြင်း ရှိမရှိ စမ်းသပ်ခြင်း) တို့ ပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် လိုအပ်ပါက အောက်ဖော်ပြပါ စစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးခြင်း
    • အသည်းလုပ်ငန်း စွမ်းဆောင်ရည် စစ်ဆေးခြင်း (Liver function test)
    • စီဘီစီ (Complete Blood Count) စစ်ဆေးခြင်း
    • သွေးခဲဓာတ်များ စစ်ဆေးခြင်း (Coagulation profile)
    • အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း (Hepatitis A, B, C testing)
    • ကိုယ်ခံအားပုံမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်သည်ဟုယူဆပါက ပဋိပစ္စည်းများ စစ်ဆေးခြင်း (Antibodiy testing)
  • ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging test)
    • အာထရာဆောင်း (USG) ရိုက်ခြင်း
    • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ထို့အပြင် လိုအပ်ပါက သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (ERCP)၊ အသည်းကို အသားစယူ၍ ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးခြင်း (Liver biopsy) တို့ကို ထပ်မံပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

အသားဝါခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ အောက်ပါအတိုင်း ကုသမှု ခံယူနိုင်သည်။

  • အသည်းရောင် အသားဝါဗိုင်းရပ်စ် ဘီ ပိုး၊ စီ ပိုးများကြောင့် အသားဝါလျှင် ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသခြင်း
  • ဆေးဝါးသောက်သုံးခြင်းကြောင့် ဖြစ်ပွားလျှင် ထိုဆေးဝါးများ သောက်သုံးခြင်းကို ချက်ချင်းရပ်ဆိုင်းခြင်း
  • ကိုယ်ခံအားပုံမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်‌ပေါ်ပါက စတီးရွိုက်ဆေးများ၊ ကိုယ်ခံအားနှိမ့်ချသော ဆေးဝါးများဖြင့် ကုသခြင်း
  • အရက်သောက်ခြင်းကြောင့်ဖြစ်လျှင် အရက်ဖြတ်ခြင်း
  • သည်းခြေပြွန်ပိတ်ဆို့ခြင်းရှိလျှင် မှန်ပြောင်းဖြင့် သည်းခြေလမ်းကြောင်းကို ပြွန်ထည့်၍ ချဲ့ခြင်း (Biliary stenting)၊ သည်းခြေကျောက်ရှိပါက သည်းခြေကျောက်ကို မှန်ပြောင်းဖြင့် ဖယ်ထုတ်ခြင်း (ERCP) (သို့မဟုတ်) ခွဲစိတ်ဖယ်ရှားခြင်း (surgical removal)
  • အသည်းကင်ဆာရောဂါကို ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း
  • အသည်းအစားထိုးကုသခြင်း (Liver transplant)
ကာကွယ်ခြင်း

အချို့သောအသားဝါခြင်းများကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • အသည်းရောင်အသားဝါ ကာကွယ်ဆေးများထိုးခြင်း
  • အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း
  • မှိုတက်နေသည့် အစားအသောက်များ ရှောင်ကြဥ်ခြင်း
  • လိင်ဆက်ဆံသည့်အခါ အကာကွယ်သုံးခြင်း
  • တစ်ကိုယ်ရည်သုံးပစ္စည်းများကို အခြားသူများနှင့်အတူ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
  • အရက် လျှော့သောက်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အဆီများသော အစားအသောက်များကို လျှော့စားခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • မလိုအပ်ဘဲ ဆေးဝါးများ သောက်ခြင်းကို ရှောင်ကြဉ်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အသားဝါခြင်းကို လျော့ချနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Adult jaundice. Retrieved June 26, 2025, from https://my.clevelandclinic.org/health/symptoms/15367-adult-jaundice
  2. MedicineNet. (n.d.). Jaundice in adults. Retrieved June 26, 2025, from https://www.medicinenet.com/jaundice_in_adults/article.htm
  3. Health. (n.d.). Jaundice: Symptoms, causes, and treatment. Retrieved June 26, 2025, from https://www.health.com/jaundice-8621676
  4. WebMD. (n.d.). Jaundice: Why it happens in adults. Retrieved June 26, 2025, from https://www.webmd.com/hepatitis/jaundice-why-happens-adults

Published: 30 August 2024

Last updated: 8 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.