နှာခေါင်းအတွင်းနံရံရှိ သွေးကြောငယ်များပေါက်ခြင်းကြောင့် သွေးယိုထွက်ခြင်းဖြစ်သည်။ အများအားဖြင့် နှာခေါင်းပေါက်တစ်ဖက်သာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ နှစ်ဖက်စလုံး ဖြစ်နိုင်သည်။ နှာခေါင်းသွေးလျှံခြင်းသည် စိတ်အနှောက်အယှက် ဖြစ်စေသော်လည်း အများစုသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပါ။
သွေးထွက်သောနေရာကိုမူတည်၍
- နှာခေါင်းအရှေ့ဘက် သွေးလျှံခြင်းနှင့်
- နှာခေါင်းအနောက်ဘက် သွေးလျှံခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
- နှာခေါင်းအရှေ့ဘက် သွေးလျှံခြင်းသည် အတွေ့ရများပြီး နှာခေါင်းအတွင်းနံရံရှိ Little’s area ဟုခေါ်သော သွေးကြောငယ်များ စုနေသည့်နေရာမှ အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေသော အကြောင်းရင်းများကို
- နှာခေါင်းအတွင်းရှိပြဿနာများ
- နောက်ခံကျန်းမာရေးအခြေအနေ
- ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ
- သုံးစွဲနေသောဆေးဝါးများ စသည်ဖြင့် ခွဲခြားနိုင်သည်။
နှာခေါင်းအတွင်းရှိပြဿနာများ
- နှာခေါင်းနှိုက်ခြင်း
- နှာခေါင်းတွင်းပြင်ပပစ္စည်း (foreign body)များ (ဥပမာ _ ကော်စေ့၊ သစ်စေ့ စသည်တို့ဝင်နေခြင်း)
- နှာနုရိုး စောင်းနေခြင်း
- နှာခေါင်းတွင်း ထိခိုက်ဒဏ်ရာရခြင်း
- နှာခေါင်းအသားပိုရှိခြင်း
- နှာခေါင်းအကျိတ်ရှိခြင်း
- ဓာတ်မတည့်ခြင်းများ၊ ပိုးဝင်ခြင်းများကြောင့် နှာခေါင်းရောင်ရမ်းခြင်း
နောက်ခံကျန်းမာရေးအခြေအနေများ
- သွေးတိုးရောဂါရှိသူများ
- သွေးကြောဖွဲ့စည်းမှု ပုံမမှန်ရောဂါရှိသူများ
- သွေးထွက်များသောရောဂါရှိသူများ (ဥပမာ _ သွေးမတိတ်ရောဂါ၊ သွေးဥမွှားနည်းသောရောဂါ၊ သွေးကင်ဆာရောဂါရှိသူများ)
- အရက်အလွန်အကျွံသောက်သုံးသူများ
ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ
- လေထုခြောက်သွေ့ခြင်း
(ခြောက်သွေ့သောလေနှင့် နှာခေါင်းအတွင်းမျက်နှာပြင်ရှိ သေးငယ်သောသွေးကြောများ ထိတွေ့ရာမှ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတတ်သည်) - ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောဒေသများ
(မြင့်မားသောဒေသရှိ လေထုသည် အလွန်ခြောက်သွေ့နိုင်သည်) - ပတ်ဝန်းကျင်အပူချိန် ရုတ်တရက်ပြောင်းလဲခြင်း
ဆေးဝါးများ
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ _ အက်စ်ပရင်)
- သွေးမခဲဆေးများ
- သွေးခဲဖျော်ဆေးများ
- စတီးရွိုက်ပါသော နှာခေါင်းဖျန်းဆေးများ
- အချို့သောတိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများ
- နှာခေါင်းဖြင့် ရှူရှိုက်သုံးစွဲသည့် မူးယစ်ဆေးများ (ဥပမာ _ ကိုကိန်း)
ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းသည် ပြင်းထန်မှုမရှိ၊ အလိုအလျောက် သက်သာနိုင်သည်။ သို့သော် အခြားလက္ခဏာများ [ဥပမာ_ နှာခေါင်းတစ်ဖက်တည်းပိတ်နေခြင်း၊ နာကျင်ခြင်း (သို့မဟုတ်) အာရုံကြော အားနည်းမှုများ၊ အခြားနေရာမှသွေးထွက်ခြင်းများ] နှင့် တွဲဖြစ်လျှင် သွေးကြောပုံမမှန်ခြင်း၊ အဖုအကျိတ်များရှိခြင်း၊ သွေးထွက်သည့် သို့မဟုတ် သွေးမတိတ်သည့်ရောဂါများ စသည်တို့ကို ထည့်သွင်းစဥ်းစားရန်လိုသည်။
- အသက် (၂) နှစ်အောက် ကလေးများတွင် နှာခေါင်းသွေးလျှံခြင်း
- မကြာခဏနှာခေါင်းသွေးလျှံခြင်း
- သွေးအားနည်းသည့် လက္ခဏာများခံစားရခြင်း (နုံးခြင်း၊ အားမရှိခြင်း၊ မူးခြင်း၊ ဖြူဖျော့ခြင်း)
- ခန္ဓာကိုယ်၏အခြားနေရာများတွင် သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်းများ စသည့်လက္ခဏာများရှိပါက နောက်ခံကျန်းမာရေးပြဿနာများ (အထူးသဖြင့် သွေးရောဂါများ) ကြောင့်ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
မည်သူမဆိုနှာခေါင်းသွေးလျှံခြင်း ခံစားရနိုင်သော်လည်း
- အသက် (၂)နှစ် မှ (၁၀)နှစ်အတွင်း ကလေးများ
- မကြာခဏအအေးမိခြင်း၊ ဓာတ်မတည့်ခြင်းများ၊ နှာခေါင်းနှိုက်ခြင်း၊ နှာခေါင်းအတွင်းသို့ ပစ္စည်းများထည့်ခြင်း စသည်တို့ကြောင့်ဖြစ်သည်
- အသက် (၄၅) နှစ်အထက် လူကြီးများ
- အသက် (၅၀) နားနီးလာသည်နှင့်အမျှ သွေးခဲနိုင်သည့် အချိန်ကြာလာခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါများ အဖြစ်များလာခြင်းကြောင့်ဖြစ်သည်
- ကိုယ်ဝန်ဆောင်သည်များ
- စူးရှသောအငွေ့၊ ဓာတုပစ္စည်းများ အသုံးပြုသောလုပ်ငန်းခွင်၊ ဖုန် အမှုန်ထသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသူများ
- သွေးခဲမှုဖြစ်စဥ် ကာကွယ်သည့်ဆေးဝါးများ သောက်သုံးနေသူများ (ဥပမာ – Aspirin, Warfarin)
- သွေးခဲခြင်းဆိုင်ရာ ပြဿနာရှိသူများ (ဥပမာ _ သွေးမတိတ်ရောဂါရှိသူများ) တွင် ပို၍ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းမှလွဲ၍ အခြားသောလက္ခဏာများ ခံစားရခြင်း မရှိတတ်ပါ။ သို့သော် နှာခေါင်းသွေးလျှံရာမှ ထွက်လာသောသွေးကို မျိုချမိလျှင်ဖြစ်စေ၊ နှာခေါင်းအနောက်ဘက်မှ သွေးယိုစီးခြင်းကြောင့်ဖြစ်စေ အစာအိမ်သို့ သွေးများစီးဝင်သွားတတ်သဖြင့် ပျို့ခြင်း၊ အန်ခြင်းများ ခံစားရနိုင်ပြီး တစ်ခါတစ်ရံ ကော်ဖီရောင်အန်နိုင်သည်။ နောက်ခံရောဂါတစ်ခုခုကြောင့်ဖြစ်ပါက ထိုရောဂါ၏လက္ခဏာများ (ဥပမာ _ သွေးတိုးခြင်း၊ အဖုအကျိတ်များ ထွက်ခြင်း၊ သွားဖုံးသွေးနှင့်အရေပြားတွင်အနီစက်များ ထွက်ပေါ်ခြင်းစသည်တို့) တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါ ရှာဖွေကုသပေးနိုင်သည်။ သို့သော်လည်း နှာခေါင်းသွေးလျှံခြင်း အများစုတွင် အဆိုပါစစ်ဆေးမှုများ လိုအပ်လေ့ မရှိပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထိခိုက်ဒဏ်ရာရခြင်းကြောင့် နှာခေါင်းသွေးထွက်ခြင်း၊ နှာခေါင်းကို ဖိထားသော်လည်း မိနစ် (၂၀) ကျော်သည်အထိ သွေးမတိတ်ခြင်း၊ သွေးထွက်များ၍ အသက်ရှူရခက်ခြင်းစသည့် လက္ခဏာများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
အောက်ပါအခြေအနေများတွင်လည်း နားနှာခေါင်းလည်ချောင်း အထူးကကုဆရာဝန်ထံ အမြန်ဆုံးပြသင့်သည်။
- နှာခေါင်းနောက်ဘက်မှ သွေးမကြာခဏ လျှံခြင်း
အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ကင်ဆာကျိတ်များကြောင့် ဖြစ်နိုင်သည်။ - နှာခေါင်းတစ်ဖက်တည်းမှ ဆက်တိုက်သွေးယိုစီးပြီး နှာခေါင်းပိတ်နေခြင်း
အကျိတ် သို့မဟုတ် ပြင်ပပစ္စည်းတစ်ခုခု ဝင်နေသောကြောင့်ဖြစ်နိုင်သည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ရှေးဦးကုသခြင်း
- ကိုယ်ကိုမတ်မတ်ထား၍ ခေါင်းကို ရှေ့သို့ အနည်းငယ်ငိုက်ထားပါ (ထို့သို့လုပ်ခြင်းဖြင့် လည်ချောင်းအတွင်းသို့ သွေးများစီး၍ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းအား ကာကွယ်နိုင်သည်)
- ပါးစပ်မှတစ်ဆင့် အသက်ရှူပါ
- သွေးထွက်သည့်ပမာဏသိရှိရန် တစ်ရှူး (သို့မဟုတ်) အဝတ်စိုဖြင့် သွေးများကို ခံထားပါ
- လက်ညှိုးနှင့်လက်မကို အသုံးပြု၍၊ နှာနုရိုးနှင့် နှာခေါင်းရိုးဆုံသည့်နေရာတွင် (၅) မိနစ်ခန့် ဖိထားပါ [လွှတ်ကြည့်၍ သွေးထွက်နေသေးလျှင် နောက်ထပ် (၁၀) မိနစ်ခန့် ထပ်၍ဖိထားနိုင်သည်]
- ရေခဲကပ်ပေးပါ
- သွေးတိတ်သွားပြီးနောက်တွင် ခါးကုန်းခြင်း၊ အလေးအပင်မခြင်း၊ နှာခေါင်းပွတ်ခြင်း၊ ပြင်းထန်စွာနှာချေခြင်းများအား ရက်အနည်းငယ် ရှောင်ကြဥ်ရမည်

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေသော အခံရောဂါရှိပါက ထိုရောဂါကို ကုသရန်လိုသည်။ သွေးထွက်ခြင်းကို တားဆီးရန်ကုသနိုင်သည့် နည်းလမ်းများမှာ_
- သွေးထွက်နည်းစေသော Tranexamic acid ကဲ့သို့ ဆေးဝါးများ သောက်ခြင်း၊ နှာခေါင်းအတွင်းသို့ တိုက်ရိုက်ထည့်ခြင်း
- သွေးကြောများကို ဓာတုပစ္စည်းအသုံးပြု၍ ပိတ်ခြင်း (Silver Nitrate)
- သွေးကြောများကို လျှပ်စစ်ဖြင့်တို့၍ပိတ်ခြင်း
- နှာခေါင်းအတွင်း ပစ္စည်းထည့်၍ ဖိအားသုံးပိတ်ဆို့ခြင်း (ရေမြုပ်၊ ဂွမ်း သို့မဟုတ် ဘောလုံးဖြင့်) (Nasal packing)
- လေဆာဖြင့်ကုသခြင်း၊ သွေးကြောများအား ချည်ခြင်းတို့ဖြစ်သည်။
ကာကွယ်ခြင်း
နှာခေါင်းသွေးလျှံခြင်းကို အမြဲတမ်းမကာကွယ်နိုင်သော်လည်း ဖြစ်သည့်အကြိမ်ရေကို လျှော့ချနိုင်သော နည်းလမ်းများကို လုပ်ဆောင်သင့်သည်။
- နှာခေါင်းအတွင်း အစိုဓာတ်ရှိအောင်ထားခြင်း
နှာခေါင်းခြောက်ပါက သွေးလျှံခြင်းကို ပိုဖြစ်စေနိုင်သည်။ နှာခေါင်းအတွင်းသို့ အစိုဓာတ်ထိန်းသည့်ဂျယ်လ်ကို ဂွမ်းတံအသုံးပြု၍ တစ်နေ့လျှင် သုံးကြိမ်ခန့် လိမ်းနိုင်သည်။ - နှာခေါင်းအစက်ချဆေးများသုံးခြင်း
ထိုသို့သုံးခြင်းဖြင့် နှာခေါင်းအတွင်းပိုင်းအား အစိုဓာတ်ပေးနိုင်သည်။ - ရေငွေ့ထုတ်စက် (Humidifier) သုံးခြင်း
- ဆေးလိပ်သောက်ခြင်း ရှောင်ကြဥ်ခြင်း
- နှာခေါင်းနှိုက်ခြင်းကို ရှောင်ကြဥ်ခြင်း
- အကိုက်အခဲပျောက်ဆေးများ၊ ဓာတ်မတည့်ခြင်းကြောင့် သောက်သည့်ဆေးများအား မကြာခဏ သောက်ခြင်းတို့မှ ရှောင်ကြဥ်ခြင်းတို့ဖြင့် လျှော့ချနိုင်သည်။
References:
- Healthdirect. (2024). Nosebleeds – epistaxis, treatments and prevention. Retrieved September 14, 2025, from https://www.healthdirect.gov.au/nosebleed
- Cleveland Clinic. (2024). Nosebleeds (Epistaxis): Causes, treatment & prevention. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/13464-nosebleed-epistaxis
- WebMD. (2024). How to stop & prevent nosebleeds: Causes and treatments. Retrieved September 14, 2025, from https://www.webmd.com/first-aid/nosebleeds-causes-and-treatments
- WebMD. (n.d.). Causes of nosebleeds. Retrieved September 14, 2025, from https://www.webmd.com/first-aid/causes-nosebleeds
Published: 30 August 2024
Last updated: 30 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.