နှာခေါင်းအသားပိုများကို နှာခေါင်းအတွင်းနံရံများ၊ နှာခေါင်းနှင့် ဦးခေါင်းခွံကြား ဆက်သွယ်ထားသော နှာခေါင်းလေခိုပေါက်များတွင် တွေ့ရသည်။ ၎င်းတို့သည် နူးညံ့ပြီး နာကျင်မှုမရှိသော၊ ကင်ဆာမဟုတ်သော အလုံးအကျိတ်တစ်မျိုးဖြစ်သည်။
အများအားဖြင့် နှာခေါင်းနှစ်ဖက်လုံးတွင် တွေ့နိုင်သည်။ သေးငယ်သော အသားပိုများသည် ရောဂါလက္ခဏာ ပြလေ့မရှိပါ။ သို့သော် ကြီးမားသော အသားပိုများ သို့မဟုတ် အသားပိုအစုများသည် နှာခေါင်းပိတ်ခြင်းကိုဖြစ်စေ၍ အနံ့မရခြင်း၊ ပိုးဝင်ခြင်းနှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေသည်။ နှာခေါင်းအသားပိုများသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး လူလတ်ပိုင်း အရွယ်များတွင် ပို၍တွေ့ရတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်စေနိုင်သော အကြောင်းရင်းကို တိကျစွာ မသိနိုင်ပါ။ သို့သော် နှာခေါင်းလမ်းကြောင်းတစ်လျှောက်နှင့် နှာခေါင်းလေခိုပေါက်များတွင် မကြာခဏပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်းနှင့် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှု စသည်တို့ကြောင့် ဖြစ်သည်ဟု ယူဆသည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- ပန်းနာရင်ကျပ်ရောဂါရှိသူများ (Asthma)
- နှာခေါင်းပန်းနာရောဂါရှိသူများ (Allergic rhinitis)
- အကိုက်အခဲပျောက်ဆေး (Aspirin, Ibuprofen) ဓာတ်မတည့်သူများ
- နှာခေါင်းတွင်း မကြာခဏပိုးဝင်လွယ်သူများ
- အဆုတ်၊ အစာခြေစနစ်များအား ထိခိုက်စေသော မျိုးဗီဇရောဂါရှိသူများ (Cystic Fibrosis)
ရောဂါလက္ခဏာများ
အတွေ့ရများသော လက္ခဏာများမှာ_
- နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း
- နှာခေါင်းနောက်ဘက်သို့ နှာရည်ပြန်ကျခြင်း (Postnasal drip)
- မျက်နှာတွင် နာကျင်မှု ခံစားရခြင်း
- အနံ့မရခြင်း၊ အရသာခံ၍မရခြင်း
- မျက်လုံးတစ်ဝိုက်တွင် ယားယံခြင်း
- ခေါင်းကိုက်ခြင်း
- ဟောက်ခြင်းစသည်တို့ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
အသားပိုများရှိပါက လေဝင်လေထွက်ကို ပိတ်ဆို့စေပြီး၊ ချွဲအရည်များ ကောင်းစွာစီးဆင်းနိုင်ခြင်း မရှိသောကြောင့် နှာခေါင်းတွင်းယားယံခြင်းနှင့် ရောင်ရမ်းခြင်းများကို ပိုဆိုးစေသည်။ ထို့ကြောင့် ထိပ်ကပ်နာဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ပြန်ကြွခြင်း၊ အိပ်နေစဥ် ခဏအသက်ရှူရပ်ခြင်း (Sleep apnoea) စသည့် ပြဿနာများကို ဖြစ်စေနိုင်သည်။ နှာခေါင်းအသားပိုများသည် ကင်ဆာအကျိတ် မဟုတ်ပါ။ သို့သော် နှာခေါင်းတစ်ဖက်တည်းတွင်သာရှိပြီး မကြာခဏ သွေးထွက်ခြင်းရှိလျှင်မူ ကင်ဆာသံသယ ရှိနိုင်သောကြောင့် စောစီးစွာ ပြသသင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
လူနာ၏ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်မတည့်မှုများကြောင့်ဖြစ်သည်ဟု ယူဆပါက ဓာတ်မတည့်ခြင်း စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။
ကုသခြင်း
ရောဂါ၏အနေအထားပေါ် မူတည်၍ ကုသမှုပေးသည်။ ဆေးဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အဓိကကုသမှုနှစ်ခုဖြစ်သည်။
ဆေးဖြင့်ကုသခြင်း
ဆေးများသည် နှာခေါင်းအသားပိုအား ဖယ်ရှားနိုင်ခြင်းမရှိသော်လည်း လက္ခဏာများကို သက်သာစေသည်။ အသုံးများသော ကုသမှုများမှာ_
- စတီးရွိုက်ဆေးများ
- အသားပိုများ ကျုံ့သွားစေရန်နှင့် လက္ခဏာများ သက်သာစေရန် အသုံးပြုသည်။ စတီးရွိုက်ဖျန်းဆေးများအပြင် သောက်ဆေးများလည်း အသုံးပြုသည်။
- ဓာတ်မတည့်မှုများ လျော့နည်းစေရန်အတွက် ဘာမီတွန်ကဲ့သို့သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ
- ပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများ စသည်တို့ပေးနိုင်သည်
- ထို့အပြင်လိုအပ်ပါက ကိုယ်ခံအားထိန်းညှိဆေးများ (Monoclonal antibodies) ပေးနိုင်သည်
ခွဲစိတ်ကုသခြင်း
ဆေးများဖြင့် မသက်သာလျှင်၊ အသားပိုလုံးသည် အရွယ်အစားကြီးလျှင် ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်သည်။ ခွဲစိတ်ကုသ၍ ဖယ်ရှားမှု ပြုလုပ်ပြီးသော်လည်း ပြန်ဖြစ်နိုင်သည့်အတွက် စတီးရွိုက်ဖြန်းဆေးများ ဆက်လက်သုံးရန် လိုအပ်သည်။
ကာကွယ်ခြင်း
နှာခေါင်းအသားပိုဖြစ်ခြင်းကို ကာကွယ်ရန် အမြဲမဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေ လျော့ချနိုင်သည့် နည်းလမ်းများမှာ_
- ဓာတ်မတည့်ခြင်း ဖြစ်စေသောအရာများ
[ဥပမာ _ ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ ဆေးလိပ်ငွေ့ စသည်တို့ကို ရှောင်ကြဉ်ခြင်း၊ လေသန့်စင်စက် (air purifier) အသုံးပြုခြင်း] - နှာခေါင်းလမ်းကြောင်းကို သန့်ရှင်းအောင်ထားခြင်း
- ဆားရည်အသုံးပြု၍ နှာခေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ ရေနွေးငွေ့ပေးစက် (humidifier) သုံးခြင်းဖြင့် နှာခေါင်းအမြှေးပါး စိုစွတ်နေစေခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များကို သေချာစွာပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Nasal polyps: Symptoms, causes, treatment & removal. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/15250-nasal-polyps
- NHS. (n.d.). Nasal polyps. Retrieved September 14, 2025, from https://www.nhs.uk/conditions/nasal-polyps/
- Johns Hopkins Medicine. (n.d.). Could nasal polyps be the cause of your stuffy nose? Retrieved September 14, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/nasal-polyps
Published: 30 August 2024
Last updated: 29 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.