အသည်းသည် ခန္ဓာကိုယ်၏မရှိမဖြစ် ကိုယ်တွင်းအင်္ဂါများထဲမှတစ်ခုဖြစ်ပြီး သွေးထဲမှ အဆိပ်အတောက်များကို စစ်ထုတ်ခြင်း၊ ပရိုတင်းနှင့် သွေးခဲဓာတ်များထုတ်ပေးခြင်း၊ သွေးတွင်းကိုလက်စထရော ထိန်းညှိခြင်း အပါအဝင် အရေးကြီးသော လုပ်ငန်းများအား လုပ်ဆောင်ပေးသည်။ လူနာတစ်ဦးကို စမ်းသပ်ရာတွင် ဆရာဝန်များ ပုံမှန်စမ်းသပ်လေ့ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အသည်းသည် တစ်ခုအပါအဝင်ဖြစ်သည်။
အသည်းသည် ကြီးမားသော ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး ဝမ်းဗိုက်၏ ညာဘက်အပေါ်ပိုင်းတွင် တည်ရှိသည်။ အသည်း၏အရွယ်အစားသည် အသက်၊ ယောက်ျား၊ မိန်းမနှင့် ခန္ဓာကိုယ်အရွယ်အစားပေါ်မူတည်၍ ကွာခြားသည်။ အသည်းကြီးခြင်းဆိုသည်မှာ အသည်း၏ မူလသတ်မှတ်ထားသော အရွယ်အစားထက် ကြီးနေခြင်းဖြစ်ပြီး နောက်ခံရောဂါအခြေအနေတစ်ခု၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ အများအားဖြင့် အသည်းရောဂါများကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်ရံတွင် သွေးရောဂါများ၊ ကင်ဆာရောဂါများ၊ နှလုံးရောဂါများနှင့် ပိုးဆိပ်ပျံ့နှံ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသည်းကြီးခြင်းကိုဖြစ်စေသည့် အကြောင်းရင်းများမှာ_
အသည်းနှင့်သက်ဆိုင်သောရောဂါများ
- ရောဂါပိုးများကြောင့် အသည်းရောင်ခြင်း (ဥပမာ _ အသည်းရောင်အသားဝါပိုး၊ Mononucleosis – EBV၊ CMV ကဲ့သို့ ဗိုင်းရပ်စ်ပိုးများ၊ ငှက်ဖျားပိုး၊ Toxoplasmosis ကဲ့သို့ ကပ်ပါးပိုးများနှင့် ကာလသားရောဂါပိုးကဲ့သို့ ဘက်တီးရီးယားပိုးများ)
- အသည်းပြည်တည်ခြင်း (ဥပမာ _ အမီးဘားရောဂါပိုး)
- အရက်သောက်ခြင်းကြောင့် အသည်းရောင်ခြင်းနှင့် အသည်းအဆီဖုံးခြင်း
- အရက်ကြောင့်မဟုတ်သော အခြားအကြောင်းအရာများကြောင့် အသည်းအဆီဖုံးခြင်း
- အသည်းခြောက်ခြင်း
- အသည်းတွင် သတ္တုနှင့်ဓာတ်ပစ္စည်းများ စုဝေးလာသောရောဂါများ (ဥပမာ_ကြေးနီဓာတ်များ စုပုံလာသော Wilson’s disease၊ သံဓာတ်များ စုပုံလာသော Haemochromatosis၊ အဆီဓာတ် တစ်မျိုး စုပုံလာသော Gaucher’s disease ရောဂါများ)
- အသည်းတွင် အရည်အိတ်တည်ခြင်း
- အသည်းကင်ဆာရောဂါ
- ကင်ဆာမဟုတ်သော အသည်းအကျိတ်များ (ဥပမာ_သွေးကြောအကျိတ်)
- သည်းခြေအိတ် (သို့မဟုတ်) သည်းခြေပြွန်များ ပိတ်ဆို့ခြင်း
သွေးရောဂါနှင့်ကင်ဆာရောဂါများ
- မွေးရာပါ သွေးရောဂါများ (သာလာဆီးမီးယားရောဂါ –Thalassaemia၊ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ – Sickle Cell Anaemia)
- သွေးကင်ဆာများ
- ပြန်ရည်ကျိတ်ကင်ဆာများ
- ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတွင် ကင်ဆာဖြစ်ပြီး အသည်းသို့ ပျံ့နှံ့လာခြင်း
နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ
- အသည်းသို့သွားသော သွေးပြန်ကြောပိတ်ဆို့ခြင်း (Budd-Chiari syndrome)
- နှလုံးအမောဖောက်ခြင်း
- နှလုံးကိုကာရံထားသော နှလုံးအမြှေးပါးတစ်ရှူးများ ရောင်ရမ်းခြင်း
တစ်ခါတစ်ရံ အသည်းကိုစမ်းမိ၍ အသည်းကြီးသည်ထင်ရသော်လည်း အမှန်မှာ ရင်ခေါင်းတွင်းမှ အဆုတ်ရောဂါ အခြေအနေတစ်ခုခုကြောင့် အသည်းကို အောက်သို့တွန်းချခံထားရခြင်းဖြစ်သည်။ အသည်းအမှန်တကယ်ကြီးခြင်း မဟုတ်ပါ။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- အရက် အလွန်အကျွံသောက်သုံးခြင်း
- ပါဝင်ပစ္စည်းအမျိုးအစား အာမခံချက်မရှိသော ဆေးများ၊ ဗီတာမင်များနှင့် ဖြည့်စွက်စာများကို သတ်မှတ်ထားသည့် ပမာဏထက် ပို၍သုံးစွဲခြင်း
- အဝလွန်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများစားခြင်း စသည်တို့ဖြစ်သည်။
အချို့သူများတွင် မွေးရာပါအနေနှင့် အသည်း၏ အစိတ်အပိုင်းတစ်ခု ကြီးနေခြင်းလည်းရှိသည်။
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် အသည်းသည် အနည်းငယ်သာကြီးပါက ရောဂါလက္ခဏာ ပြလေ့မရှိပါ။ သို့သော် သိသိသာသာကြီးလာပါက_
- ဗိုက်တင်းနေခြင်း
- နာခြင်း၊ မသက်မသာခံစားရခြင်းတို့ ဖြစ်နိုင်သည်။
ထို့ပြင် အသည်းကြီးခြင်းကို ဖြစ်စေသည့်အခြေအနေပေါ် မူတည်၍ အသည်းလုပ်ငန်းများထိခိုက်လာသောကြောင့် အောက်ပါလက္ခဏာများလည်း ခံစားရနိုင်သည်။
- မျက်လုံးဝါခြင်း၊ အသားဝါခြင်း
- နုံးချည့်ခြင်း၊ အားမရှိခြင်း ၊ ကြွက်သားများနာကျင်ခြင်း
- အရေပြားယားယံခြင်း
- ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း
- အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန် ကျသွားခြင်း
- ဆီးအရောင်ရင့်လာခြင်း၊ ဝမ်းအရောင်ဖျော့သွားခြင်း
- ဗိုက်ဖောင်းလာခြင်း၊ ဗိုက်တွင် အလုံးစမ်းမိခြင်း
- ဘေလုံးကြီးခြင်း
- ခြေလက်များ ဖောရောင်ခြင်း
- ယောက်ျားလေးများတွင် ရင်သားကြီးလာခြင်း
- ရေဖျဥ်းစွဲခြင်း
- အလွယ်တကူ သွေးထွက်နိုင်ခြင်း
နောက်ဆက်တွဲပြဿနာများ
အသည်းကြီးစေသော ရောဂါအခြေအနေပြင်းထန်ပါက အသည်းလုပ်ငန်းများ လုံးဝပျက်စီးနိုင်သည်။ ထိုအချိန်တွင် သတိလစ်ခြင်း၊ သွေးတွင်းသကြားဓာတ်ကျခြင်း၊ စိတ်အခြေအနေ ပုံမှန်မဟုတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ ဖြစ်နိုင်ပြီး စောစီးစွာ မကုသပါက အသက်အန္တရာယ် ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အထက်ပါ ရောဂါလက္ခဏာများအပြင် နောက်ဆက်တွဲပြဿနာများဖြစ်သော သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း (ကတ္တရာစေးကဲ့သို့ မည်းနေသောဝမ်းသွားခြင်း)၊ အသက်ရှူကျပ်ခြင်း၊ စိတ်အခြေအနေပုံမှန် မဟုတ်ခြင်း၊ သတိလစ်ခြင်း စသည့်အခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်မည်။ ဆရာဝန်သည် လူနာ၏အသည်း ကြီးမကြီးကို ဝမ်းဗိုက်ပေါ် လက်တင်စမ်းသပ်ခြင်းဖြင့် သိနိုင်သည်။ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးမှုများ၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် လိုအပ်ပါက အသားစယူ၍ စစ်ဆေးခြင်း (Biopsy) ကို ပြုလုပ်နိုင်သည်။ သွေးစစ်၍ အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း (Liver Function Test) များ ပြုလုပ်နိုင်သည်။
ကုသခြင်း
အသည်းကြီးခြင်းကိုဖြစ်စေသည့် ရောဂါအခြေအနေပေါ်မူတည်၍ ကုသမှုပေးရမည်ဖြစ်သည် (ဥပမာ_အသည်းရောင်အသားဝါ ဘီ ပိုးအတွက် ဗိုင်းရပ်စ်ပိုးသတ်ဆေးများပေးခြင်း၊ အသည်းရောဂါဖြစ်စေသော ဆေးဝါးကိုရပ်ခြင်း စသည်တို့ဖြစ်သည်)။
အသည်းပုံမှန် အလုပ်လုပ်ရန်အတွက် ကျန်းမာသောအသည်းတစ်ရှူးများ လုံလောက်စွာ ကျန်ရှိနေပါက အထူးသဖြင့် ရုတ်တရက် အသည်းကြီးခြင်းမျိုးတွင် သဘာဝအတိုင်း ပြန်ကောင်းနိုင်သည်။ နာတာရှည် အသည်းရောဂါတစ်မျိုးမျိုးကြောင့် အသည်းကြီးပါက အချို့အခြေအနေများတွင် လူနေမှုပုံစံပြောင်းလဲခြင်း (ဥပမာ_အရက်ဖြတ်ခြင်း၊ နာတာရှည်ရောဂါများဖြစ်သော သွေးတိုးရောဂါ၊ သွေးတွင်းအဆီများသော ရောဂါများအားထိန်းညှိခြင်း၊ ကုသခြင်းတို့ဖြင့် ပျောက်ကင်းနိုင်သည်။ ထိုသို့မဟုတ်ဘဲ နာတာရှည် အသည်းပျက်စီးခြင်း ဖြစ်ပါက နောက်ဆုံးအဆင့်တွင် အသည်းအစားထိုးကုသခြင်း (Liver transplant) ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
အသည်းရောဂါဖြစ်ခြင်းအား လျှော့ချရန်အတွက် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားခြင်း
- မှိုတက်သော အစားအစာများရှောင်ကြဉ်ခြင်း
- အရက်သောက်ခြင်းကို လျှော့ချခြင်း
- ဆေးဝါးများ၊ ဗီတာမင်များ၊ ဖြည့်စွက်စာများအား ညွှန်ကြားချက်အတိုင်းသာ သောက်သုံးခြင်း
- ဓာတုပစ္စည်းများ (ဥပမာ_ပေါင်းသတ်ဆေး) နှင့် ထိတွေ့မှုအား လျှော့ချခြင်း၊ ထိုပစ္စည်းများအသုံးပြုစဉ် လက်အိတ်ဝတ်ခြင်း၊ လက်ရှည်ဝတ်ခြင်း၊ နှာခေါင်းစည်း (mask) တပ်ခြင်းတို့ ပြုလုပ်ခြင်း
- သင့်တော်သည့် ကိုယ်အလေးချိန်ဖြစ်စေရန် ထိန်းသိမ်းခြင်း
- ဆေးလိပ်ဖြတ်ခြင်း
References:
- Stuart, A. (2024). Hepatomegaly. WebMD. Retrieved June 10, 2025, from https://www.webmd.com/hepatitis/enlarged-liver-causes
- Enlarged liver – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/enlarged-liver/diagnosis-treatment/drc-20372171
- Cleveland Clinic. (n.d.). Hepatomegaly (enlarged liver). Retrieved July 11, 2025, from https://my.clevelandclinic.org/health/symptoms/17937-hepatomegaly-enlarged-liver
- Hepatomegaly. (2022). Retrieved June 10, 2025, from https://patient.info/doctor/hepatomegaly
Published: 30 August 2024
Last updated: 11 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.