Pregnancy with HIV infection (ကိုယ်ဝန်ဆောင်မိခင်နှင့် အိတ်ချ်အိုင်ဗွီပိုး)

Pregnancy with HIV infection (ကိုယ်ဝန်ဆောင်မိခင်နှင့် အိတ်ချ်အိုင်ဗွီပိုး)

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ် (Human Immunodeficiency virus-HIV) သည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်ကို ပျက်စီးစေသည်။ ထိုဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များ (ဥပမာ_သွေး၊ မိခင်နို့ရည်၊ သုက်ရည်၊ အမျိုးသမီးအင်္ဂါမှထွက်သော အရည်များ) မှတစ်ဆင့် ဝင်ရောက်ကူးစက်နိုင်သည်။ အေအိုင်ဒီအက်စ် (AIDS) ရောဂါဆိုသည်မှာ HIV ပိုး ကူးစက်မှုကြောင့် သွေးဖြူဥများ နည်းသွားပြီး ကိုယ်ခံစွမ်းအား အလွန်အမင်း ကျဆင်းသွားသော ရောဂါမျိုးဖြစ်သည်။

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုးသည် ကိုယ်ဝန်ဆောင်နေစဉ်၊ ကလေးမီးဖွားစဉ်နှင့် မိခင်နို့တိုက်ကျွေးချိန်များတွင် မိခင်မှကလေးသို့ ကူးစက်နိုင်သည်။ ထို့သို့ ကူးစက်မှုလျော့နည်းစေရန် ကျန်းမာရေးဝန်ထမ်းများ၏ စောင့်ရှောက်မှုကို ခံယူရန် လိုအပ်သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရရှိစေနိုင်ရန်နှင့် ရင်သွေးငယ်သို့ ကူးစက်မှုလျှော့ချနိုင်ရန် ကိုယ်ဝန်ရှိသောမိခင်တိုင်းသည် HIV ပိုး ရှိမရှိ စစ်ဆေးမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HIV ပိုးသည် ရောဂါပိုးရှိသူ၏ သွေး၊ သုက်ရည်၊ မိန်းမကိုယ်တွင်းရည်၊ နို့ရည်၊ အစာဟောင်းအိမ်အရည် (rectal fluid) များမှတစ်ဆင့် ကူးစက်နိုင်သည်။ ထို့အတွက် ရောဂါပိုးသည် တစ်ဦးမှတစ်ဦးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပုံစံအမျိုးမျိုးမှ သော်လည်းကောင်း၊ ဆေးထိုးအပ်ကို တစ်ဦးနှင့်တစ်ဦး မျှဝေသုံးစွဲခြင်းမှ သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားသို့ကူးစက်ခြင်း သော်လည်းကောင်း ဖြစ်ပေါ်စေသည်။ သို့သော် တံတွေးမှ ကူးစက်ခြင်း မရှိသဖြင့် သာမန်နမ်းရှုံ့ခြင်းကြောင့် မကူးစက်နိုင်ပါ။ ပါးစပ်နှင့်နှုတ်ခမ်းတွင် အနာရှိခြင်း၊ သွားဖုံးသွေးယိုနေချိန် ပါးစပ်ဟ၍ နမ်းခြင်း (open-mouthed kissing) ရှိမှသာ ကူးစက်နိုင်သည်။ အသားချင်းထိခြင်း၊ အများသုံးအိမ်သာသုံးခြင်း၊ ရေကူးကန် မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူနှင့် အိုးခွက်ပန်းကန်၊ တယ်လီဖုန်း အတူသုံးစွဲခြင်း၊ ခြင်၊ ယင်၊ အင်းဆက်စသော ပိုးကောင်ကိုက်ခြင်းမှ မကူးစက်နိုင်ပါ။

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုး (Human Immunodeficiency virus) ၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်၌ ရှိနေသောသွေးဖြူဥ (helper T cells) များ ပျက်စီးရခြင်းဖြစ်သည်။ ထိုကိုယ်ခံစွမ်းအားစနစ် ပျက်စီးမှုများလာပါက ခန္ဓာကိုယ်အတွင်း၌ အခြားရောဂါများကို ခုခံတိုက်ခိုက်နိုင်စွမ်းအား ကျဆင်းလာလိမ့်မည်။

ရောဂါလက္ခဏာများ

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုးရှိသော ကိုယ်ဝန်ဆောင်များတွင် ပြသသော ရောဂါလက္ခဏာများသည် ရောဂါပိုး ဖြစ်ပွါးနေမှုအဆင့် (phase of infection) ပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ လတ်တလော HIV ပိုးကူးစက်ခံရသူများ (Acute HIV infection) တွင် ရောဂါကူးစက်ခံရပြီး (၂ – ၄) ပတ်ခန့်အကြာ၌ တုပ်ကွေးရောဂါလက္ခဏာများ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အတန်ကြာ ဖြစ်ပေါ်တတ်သည်။ ရောဂါလက္ခဏာ မပြသူများလည်း ရှိတတ်သည်။

ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများမှာ_ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လည်ချောင်းနာ၍ ပါးစပ်တွင်းတွင် အနာများပေါက်ခြင်း၊ လည်ပင်းတွင် ပြန်ရည်ကျိတ်များထွက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ချောင်းဆိုးခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ ဖြစ်တတ်သည်။ သို့သော် တစ်ခါတစ်ရံ လတ်တလော ကိုယ်ခံစွမ်းအားကျရောဂါပိုး ကူးစက်ခံရသူသည် ရောဂါလက္ခဏာများ သိသိသာသာ မခံစားရသည့်အတွက် ရောဂါပိုးရှိနေခြင်းကို မသိဘဲ အခြားသူများသို့ အများဆုံး ကူးစက်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • နာတာရှည် HIV ပိုးဝင်ခြင်း (Chronic HIV infection)
    ရောဂါပိုးသည် သွေးဖြူဥအတွင်း၌ အတော်ကြာရှိနေသော်လည်း ရောဂါလက္ခဏာ မပြသည့်သူများ ရှိသကဲ့သို့ အလွန်ဆိုးဝါးသော ရောဂါလက္ခဏာပြသူများလည်း ရှိတတ်သည်။ ရောဂါလက္ခဏာပြသူများတွင် လတ်တလော HIV ပိုးကူးစက်ခံရသူများ (Acute HIV) တွင်တွေ့ရသော လက္ခဏာများအပြင် နွမ်းနယ်ခြင်း၊ နုံးခြင်း၊ ပါးစပ်တွင်း၌ မှက္ခရုပေါက်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ နမိုးနီးယားဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သည်။
  • အေအိုင်ဒီအက်စ် (AIDS) ရောဂါသို့ ပြောင်းလဲဖြစ်ပွါးခြင်း
    အေအိုင်ဒီအက်စ် AIDS ‌ရောဂါအဆင့်သို့ ပြောင်းလဲသွားပါက အောက်ပါရောဂါက္ခဏာများကို တွေ့ရှိရနိုင်သည်။
    • အဆုတ်တွင်း ပြင်းထန်နမိုးနီးယားပိုးတစ်မျိုး ကူးစက်ခြင်း (Pneumocystis pneumonia – PCP)
    • ပါးစပ်တွင်း မှက္ခရုပေါက်ခြင်း – Candidiasis (Oral thrush)
    • တီဘီရောဂါ ဖြစ်ပွါးခြင်း- Tuberculosis (TB)
    • ဆိုက်တိုမက်ဂလို ဗိုင်းရပ်ပိုး ကလေးသို့ ကူးစက်၍ မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်စေခြင်း – Congenital Cytomegalovirus infection
    • ခရစ်ပတိုကောကယ် မှိုပိုးတစ်မျိုး ကူးစက်၍ အဆုတ်မှတစ်ဆင့် ဦးနှောက်အမြှေးပါး ရောင်စေခြင်း (Cryptococcal Meningitis)
    • တောက်ဆိုပလပ်စမား ကပ်ပါးကောင်ကြောင့် ရောဂါဖြစ်ခြင်း (Toxoplasmosis)
    • ပြန်ရည်ကျိတ်ကင်ဆာဖြစ်ခြင်း (Lymphoma)
    • အရေပြားတွင်ဖြစ်သည့် ကင်ဆာတစ်မျိုး (Kaposi sarcoma)
    • ကြွက်နို့ဗိုင်းရပ်စ်ပိုးနှင့် ဆက်စပ်သော ကင်ဆာများ [Human Papillomavirus (HPV) related cancers]
    • အလွန်အမင်း ကိုယ်အလေးချိန် ကျဆင်းခြင်း (Wasting Syndrome)
    • အာရုံကြောနှင့် ပတ်သက်သော နောက်ဆက်တွဲ ပြဿနာများ (Neurological complications)
    • ကျောက်ကပ်ရောဂါများ (Kidney diseases)
    • အသည်းရောဂါများ (Liver diseases) စသည်တို့ ပါဝင်သည်။

အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေး (Antiretroviral treatment- ART) ကို အချိန်မီသုံးစွဲပါက AIDS သို့ တိုး၍ ဖြစ်ပွါးမှုကို ဟန့်တားနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

HIV သွေးစစ်ဆေးခြင်းကို ကိုယ်ဝန်ရှိသည့်အချိန်တိုင်း စစ်ဆေးရမည်။ HIV ပိုးရှိခဲ့လျှင် မိခင်နှင့်ကလေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို သက်ဆိုင်ရာ သမားတော်၊ သားဖွားဆရာဝန်၊ သူနာပြု၊ ကလေးဆရာဝန်များ၊ မိသားစုဆရာဝန်များမှ လိုအပ်သော အကြံဉာဏ်၊ ကုသမှုများဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု ပေးမည်။ ကိုယ်ဝန်ရှိစဉ် မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီနှင့် တုပ်‌ကွေးကာကွယ်ဆေးများကို ပုံမှန်အတိုင်း ထိုးနှံနိုင်သည်။

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် HIVပိုး ကူးစက်ခြင်း တွေ့ရှိပါက ကိုယ်ဝန်စောင့်ရှောက်မှုကို ပုံမှန်အတိုင်း ပြုလုပ်ရန် လိုအပ်ပြီး HIV ပိုးကောင်ရေ စစ်ဆေးခြင်း၊ ခုခံစွမ်းအားရှိသော သွေးဖြူဥဆဲလ် (စီဒီဖိုး – CD4) ပမာဏ စစ်ဆေးခြင်းနှင့် အခြားလက္ခဏာများပေါ် မူတည်ပြီး လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရမည်။

ကုသခြင်း
HIV ပိုးကုသဆေးများ (Antiretroviral therapy) နှင့် ကုသခြင်း
  • HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် (CD4 အရေအတွက်ကို မကြည့်ဘဲ) ကိုယ်ဝန်စရှိသည်နှင့် ချက်ချင်း Antiretroviral Treatment (ART) ဆေးကို စတင်သောက်သုံးရန် လိုအပ်သည်
  • ယခင်လမ်းညွှန်ချက်များတွင် ကိုယ်ဝန်သုံးလကျော်ချိန်မှ စတင်သောက်ရန် ညွှန်ကြားချက်များရှိခဲ့ သော်လည်း လက်ရှိတွင် ကိုယ်ဝန်စရှိသည်နှင့် အမြန်ဆုံး စတင်ကုသလာကြသည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ မိခင်၏ သွေးတွင်းရှိ ဗိုင်းရပ်စ်ပိုးကောင်ရေကို လုံးဝ ဖိနှိပ်ထားရန် (Undetectable – ≤50 copies/mL) ဖြစ်သည်။ ထိုသို့ ပိုးကောင်ရေကို လုံးဝထိန်းချုပ်ထားနိုင်ပါက မိခင်မှ ကလေးသို့ ဗိုင်းရပ်စ်ပိုးရောဂါကူးစက်နိုင်ခြေသည် ၁% အောက်သို့ရောက်ရှိနိုင်သည်
  • HIV ပိုးကုသဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက်ပိုင်း ဆက်၍သောက်သုံးရမည်
  • ဆေးသောက်ခြင်းဖြင့် မိခင်မှကလေးသို့ ရောဂါကူးစက်မှု လျှော့ချနိုင်ပြီး မိခင်၏ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးနိုင်သည်
  • ကိုယ်ဝန်ရှိချိန်တွင် HIV ပိုးကုသဆေးများကို ဘေးကင်းစွာ သောက်နိုင်ပြီး တစ်ခါတစ်ရံ ဘေးထွက်ဆိုးကျိုးအဖြစ် မောပန်းခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူမဝခြင်း၊ အစာမကြေခြင်း၊ အနီစက်များထွက်ခြင်း စသည်ဖြင့် ခံစားရနိုင်သည်
  • ပုံမုန်မဟုတ်သော လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်ကို အသိပေးရန်လိုသည်
  • ဆေးသောက်နေချိန်အတွင်း လိုအပ်ပါက ဆီးချိုစစ်ခြင်း၊ အသည်းလုပ်ငန်းများ စစ်ဆေးခြင်း၊ ဆီးပိုးဝင်ခြင်း၊ မိန်းမကိုယ်ပိုးဝင်ခြင်း၊ သွေးအားနည်းခြင်းများအတွက် စစ်ဆေးကုသခြင်းများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သည်
  • HIV ပိုးကုသဆေးများသည် သန္ဓေသားအတွက် အန္တရာယ်မဖြစ်စေပါ၊ HIV ပိုးရှိသောမိခင်သည် ထိုဆေးများကို မသောက်သုံးပါက မိခင်မှကလေးသို့ ရောဂါကူးစက်နိုင်ခြေများသည်
  • မိခင်သည် ကိုယ်ဝန်မရှိခင်ကတည်းက HIV ပိုးကုသဆေးများ သောက်နေသူဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်မှ ဆက်လက်သောက်သုံးရန် ညွှန်ကြားလိမ့်မည်
  • ကိုယ်ဝန်ဆောင်မိခင်သည် HIV ပိုးကုသဆေးများကို ယခုကိုယ်ဝန်ဆောင်ချိန်မှ စတင်သောက်ရမည့်သူ ဖြစ်ပါက ကိုယ်ဝန်သုံးလကျော်ချိန်မှစ၍ သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်
ကာကွယ်ခြင်း
မိခင်မှ ကလေးသို့ ကူးစက်မှု လျော့နည်းနိုင်ရန် ကာကွယ်ခြင်း (Prevention of Mother to Child HIV Transmission)
  • အိတ်ချ်အိုင်ဗွီ ရောဂါပိုးထိန်းဆေးများနှင့် ကုသခြင်း
  • ခွဲစိတ်မွေးဖွားခြင်း
  • မိခင်နို့တိုက်ခြင်းမှ ရှောင်ကြဥ်ခြင်းတို့ လိုအပ်သည်။ သို့ရာတွင် မိသားစုအခြေအနေနှင့် မိခင်၏ဆန္ဒအပေါ် မူတည်သည်

ကလေးမွေးဖွားခြင်း

  • သင့်လျော်သော ကလေးမီးဖွားခြင်းကို ဆရာဝန်များမှ တိုင်ပင် ဆွေးနွေးပေးလိမ့်မည်
  • အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးများကို သေချာစွာ သောက်သုံးခဲ့ခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်ရေ၊ သွေးဖြူဥအရေအတွက်၊ CD4 အရေအတွက် စသည်တို့ကိုမူတည်၍ စဉ်းစားဆုံးဖြတ်ရမည်
  • ဗိုင်းရပ်စ်ပိုးကောင်ရေ (၅၀) အောက်နှင့် CD4 အ‌ရေအတွက် 350 အထက်ရှိပါက သဘာဝအတိုင်းမွေးဖွားနိုင်ကြောင်း အကြံပြုလိမ့်မည်။ သို့သော် ပိုးကောင်ရေများနေပါက သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ပိုးကောင်ရေပမာဏကို မစစ်ဆေးထားပါက ခွဲစိတ်မွေးဖွားခြင်းသည် မိခင်မှ ကလေးသို့ ကူးစက်မှုကိုလျော့နည်းစေသည်
  • ရိုးရိုးသဘာဝအတိုင်း မွေးဖွားခြင်း၊ ခွဲစိတ်မွေးဖွားခြင်း သည် မိမိကိုယ်တိုင်ရွေးချယ်မှုသာဖြစ်သည်
  • အကယ်၍ လမစေ့မီ ဗိုက်နာ၊ ရေဆင်းဖြစ်ပါက မည်သို့မွေးဖွားသင့်ကြောင်း ဆရာဝန်များမှ တိုင်ပင်ဆွေးနွေးပေးမည်
  • မွေးဖွားလာသည့်ကလေးကို မွေးပြီးလျှင် ချက်ချင်း အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေး (ART) ကို တိုက်ကျွေးရမည်ဖြစ်ပြီး ကလေးအသက် (၄)ပတ်မှ (၆)ပတ်အထိ တိုက်ကျွေးရမည်
  • ကလေးတွင် HIV ပိုး ရှိမရှိကို မွေးဖွားပြီးချိန်၊ အသက် (၆) ပတ်နှင့် (၁၂) ပတ်တို့တွင် သွေးဖောက်၍စစ်ဆေးမည်၊ အထက်ပါ စစ်ဆေးချက်များတွင် ရောဂါပိုးမတွေ့ရှိခဲ့ပါက ကလေးတွင် HIV ပိုးမရှိဟု သတ်မှတ်နိုင်သည်၊ ထို့ပြင် ကလေးအသက် (၁၈) လတွင် ထပ်မံစစ်ဆေးရန် လိုအပ်သည်

နို့တိုက်ကျွေးခြင်း (Breast Feeding)
ကလေးမွေးဖွားပြီးနောက် နို့တိုက်ကျွေးခြင်း ဆုံးဖြတ်ချက်သည် မိခင်ကိုယ်တိုင်၏ ဆန္ဒနှင့် မိသားစုအခြေအနေအပေါ် မူတည်သည်။

  1. ရွေးချယ်ခွင့်နှင့် အန္တရာယ်လျှော့ချခြင်း
    • ရွေးချယ်ခွင့်
      • HIV ပိုးရှိသော မိခင်များသည် မိခင်နို့တိုက်ကျွေးခြင်း (Breast feeding) နှင့် ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း (Formula feeding) နှစ်ခုစလုံးအတွက် ဆရာဝန်နှင့် စနစ်တကျ ဆွေးနွေးဆုံးဖြတ်နိုင်သော ရွေးချယ်ခွင့်ရှိသည်
      • ကလေးမွေးဖွားပြီးနောက် မိခင်နို့မတိုက်ကျွေးခြင်းသည် ကလေးသို့ HIV ကူးစက်မှုအန္တရာယ် လျော့ကျစေသည့် အခြေခံအချက်တစ်ခုဖြစ်သည်
  2. ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း
    • မိခင်နို့မတိုက်ကျွေးဘဲ ဖော်မြူလာနို့မှုန့် (Formula milk) သီးသန့် တိုက်ကျွေးခြင်းသည် မိခင်နို့မှတစ်ဆင့် ကူးစက်ခြင်းကို လုံးဝ တားဆီးနိုင်သည့် ရွေးချယ်မှုဖြစ်သည်
    • ဖော်မြူလာနို့မှုန့် သီးသန့် တိုက်ကျွေးနိုင်သော်လည်း မိခင်နို့၏ ကောင်းကျိုးများ၊ နို့မှုန့်၏ ကုန်ကျစားရိတ်နှင့် သန့်ရှင်းစွာ ပြင်ဆင်ရန် လိုအပ်ခြင်း စသည့်အချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး မိခင်ကိုယ်တိုင် ဆုံးဖြတ်ရန် လိုအပ်သည်
  3. မိခင်နို့တိုက်ကျွေးခြင်း
    • ART ဆေးကို အမြဲမပြတ် သောက်သုံးပြီး ဗိုင်းရပ်စ်ပိုးကောင်ရေကို လုံးဝဖိနှိပ်ထားနိုင်သော (Undetectable viral load) မိခင်များသည် မိခင်နို့တိုက်ကျွေးလျှင် ကလေးသို့ ‌ရောဂါပိုး ကူးစက်နိုင်ခြေ အလွန်နည်းပါးပြီး မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို ရရှိနိုင်သည်
    • ထို့ကြောင့် မိခင်နို့တိုက်ကျွေးရန် ရွေးချယ်ပါက မိခင်သည် ဆေးကို စဉ်ဆက်မပြတ် သောက်သုံးရမည်၊ ပိုးကောင်ရေကို ပုံမှန်စစ်ဆေးရမည်ဖြစ်ပြီး မိခင်နှင့် ကလေး၏ ကျန်းမာရေးကို ဆရာဝန်က အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်

အခြားသိရှိရန် လိုအပ်ချက်များ

  • ကလေးမွေးဖွားပြီးပါက HIV ပိုးရှိသူ မိခင်သည် ကိုယ်ဝန်တားဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ စနစ်တကျသုံးစွဲရန် လိုအပ်သည်။ သားအိမ်ခေါင်း ကင်ဆာစစ်ဆေးခြင်းကိုလည်း နှစ်စဉ်ခံယူရမည်
  • သင်၏ အိမ်ထောင်ဖက် သို့မဟုတ် လိင်ဆက်ဆံဖော်သည် HIV ပိုးမရှိပါက မိမိ၏ HIV ပိုးတွေ့ရှိမှုကို ရှင်းလင်းပြောကြားရန် လိုအပ်သည်၊ လိုအပ်ပါက ကျွမ်းကျင်သူ ဆေးဝန်ထမ်းများမှ ရှင်းလင်းပြောကြားရန် ကူညီပေးနိုင်သည်
  • လိင်ဆက်ဆံချိန်တိုင်းတွင် ကွန်ဒုံး အသစ်သာ သုံးစွဲရမည်၊ ခင်ပွန်းသည် လိင်တံထိပ် အရေပြားကို ဖြတ်ထားသင့်သည်
  • မူးယစ်ဆေး သုံးစွဲလျှင် ဖြတ်ရမည်၊ မဖြတ်နိုင်ဘဲ သုံးစွဲပါက ပိုးသန့်စင်ထားသော အပ် သို့မဟုတ် တစ်ခါသုံး ဆေးထိုးအပ်မျိုးကိုသာ သုံးစွဲသင့်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Cleveland Clinic. (2022). HIV/AIDS. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/4251-hiv-aids
  2. Mayo Clinic. (n.d.). HIV/AIDS — Symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/hiv-aids/symptoms-causes/syc-20373524
  3. BHIVA. (n.d.). Pregnancy guidelines. Retrieved October 14, 2025, from https://www.bhiva.org/clinical-guideline/pregnancy-guidelines/
  4. Atkinson, A., Tulloch, K., Boucoiran, I., & Money, D. (2024). Guideline No. 450: Care of pregnant women living with HIV and interventions to reduce perinatal transmission. Journal of Obstetrics & Gynaecology Canada, 46(6), 102551. https://doi.org/10.1016/j.jogc.2024.102551
  5. U.S. Department of Health and Human Services, Office of the Global HIV, Hepatitis and STI Programmes. (2025). Mother‑to‑child transmission of HIV. Retrieved October 14, 2025, from https://www.who.int/teams/global-hiv-hepatitis-and-stis-programmes/hiv/prevention/mother-to-child-transmission-of-hiv
  6. ClinicalInfo HIV. (n.d.). What’s new in perinatal guidelines. Retrieved September 14, 2025, from https://clinicalinfo.hiv.gov/en/guidelines/perinatal/whats-new
  7. RCOG. (n.d.). HIV and pregnancy. Retrieved October 14, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/hiv-and-pregnancy/

Published: 30 August 2024

Last updated: 3 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.