Abnormal uterine bleeding (အမျိုးသမီးများ မူမမှန်သွေးဆင်းခြင်း)

Abnormal uterine bleeding (အမျိုးသမီးများ မူမမှန်သွေးဆင်းခြင်း)

မူမမှန်သွေးဆင်းခြင်းသည် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ အမျိုးသမီးများအနေနှင့် ပုံမှန်မဟုတ်သော ဓမ္မတာသွေးပေါ် သည်ဟု ခံစားရခြင်း သို့မဟုတ် ဓမ္မတာလာချိန် မဟုတ်ဘဲ သွေးဆင်းခြင်းစသည်တို့ကို ခြုံ၍ မူမမှန်သွေးဆင်းခြင်းဟု ခေါ်ဆိုသည်။

အမျိုးသမီးများသည် ပျိုဖော်ဝင်ချိန်မှ စ၍ သွေးဆုံးသည့်အချိန်ထိ လစဉ် ဓမ္မတာသွေးဆင်းခြင်းသည် ပုံမှန်ရှိသည်။ တစ်ဦးနှင့်တစ်ဦး မတူသော်လည်း အများအားဖြင့် တစ်လလျှင် တစ်ကြိမ်ခန့် သွေးပေါ်လေ့ရှိသည်။ တစ်ကြိမ်သွေးပေါ်လျှင် (၃)ရက် မှ (၅)ရက်ခန့်ကြာလေ့ရှိသည်။ သွေးဆင်းသည့် ပမာဏ တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ အချို့တွင် နာကျင်ခြင်း အနည်းငယ်ရှိတတ်သည်။ အဆိုပါအချက်များမှ သွေဖည်၍ သွေးပုံမှန်မပေါ်လျှင်လည်းကောင်း၊ ဓမ္မတာသွေးပေါ်ချိန် မဟုတ်ဘဲ သွေးဆင်းလျှင်လည်းကောင်း ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မူမမှန်သွေးဆင်းခြင်း ဖြစ်စေသော အကြောင်းရင်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  1. ဓမ္မတာသွေးဆင်းပုံ မူမမှန်ခြင်း (သွေးဆင်းပမာဏများခြင်း၊ သွေးဆင်းရက်ကြာခြင်း၊ ဓမ္မတာလာချိန် ဝေးပြီး သွေးဆင်းများခြင်း)
    • သားအိမ် ပုံမှန် အလုပ်မလုပ်ခြင်း (Dysfunctional uterine bleeding)
    • မျိုးဥ မကြွေခြင်း (Anovulation)
    • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic ovary syndrome) တို့ကြောင့်ဖြစ်နိုင်သည်
  2. ဓမ္မတာချိန် မဟုတ်ဘဲ သွေးဆင်းခြင်း
    • မျိုးပွါးလမ်းကြောင်း ထိခိုက်ဒဏ်ရာရထားခြင်း (တစ်ခုခုနှင့် ထိုးမိခြင်း၊ လိင်ဆက်ဆံထားခြင်း)
    • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများရှိနေခြင်း
    • သားအိမ်ခေါင်းရောင်ခြင်း၊ သားအိမ်ရောင်ခြင်း
    • သားအိမ်အသားလုံးများ (Uterine fibroids)၊ သားအိမ်တွင်း သွေးလုံးတည်နေခြင်း (Adenomyosis)၊ အသားပိုများပေါ်ခြင်း (Polyp)၊ သားအိမ်နံရံထူခြင်း (Endometrial hyperplasia)
    • သွေးဆုံးပြီး အမျိုးသမီးများတွင် သားအိမ်နံရံပါးခြင်း (Atrophic endometritis)၊ ယောနိလမ်းကြောင်း ခြောက်ခြင်း (Atrophic vaginitis)
    • အမျိုးသမီးမျိုးပွါးအင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း (ဥပမာ_ သားအိမ်ခေါင်းကင်ဆာသားအိမ်ကင်ဆာ)
    • သားအိမ် သို့မဟုတ် သားအိမ်ခေါင်းမှ အသားစယူထားခြင်းတို့ကြောင့် ဖြစ်နိုင်သည်
  3. ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်း
  4. ရောဂါအခံတစ်ခုခုနှင့် အခြားအကြောင်းများကြောင့် သွေးဆင်းခြင်း
ရောဂါလက္ခဏာများ
  • သားအိမ် ပုံမှန် အလုပ်မလုပ်ခြင်း (Dysfunctional uterine bleeding)
    (အဖြစ်များသည်၊ အန္တရာယ်ရှိနိုင်သော အခြားရောဂါများကို ရှာဖွေဖယ်ထုတ်ပြီးမှ ၎င်းရောဂါအမည်တပ်လေ့ရှိသည်)
  • မျိုးဥ မကြွေခြင်း
    အပျိုဖော် ဝင်ခါစ သို့မဟုတ် သွေးဆုံးခါနီး အမျိုးသမီးများတွင် အတွေ့ရများသည်၊ ဓမ္မတာသွေးဆင်းရက်များ ပုံမှန်ထက် လွန်စွာနီးလွန်းခြင်း၊ ဝေးလွန်းခြင်း၊ သွေးဆင်းပမာဏများခြင်း၊ သွေးဆင်းရက်ရှည်ခြင်းတို့ ဖြစ်တတ်သည်။ (အန္တရာယ်ရှိနိုင်သော အခြားရောဂါများကို ရှာဖွေဖယ်ထုတ်ပြီးမှ ၎င်းရောဂါအမည်တပ်လေ့ရှိသည်)
  • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS)
    လူနာသည် အဝလွန်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး ရှိနေခြင်းတို့ တွေ့ရတတ်ပြီး သွေးတိုးရောဂါဆီးချိုရောဂါတို့နှင့် တွဲတတ်သည်။
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများရှိနေခြင်း
    အဖြူဆင်းခြင်း၊ မိန်းမကိုယ် အနံ့နံခြင်း၊ ခါးကိုက်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ ရှိတတ်သည်။
  • သားအိမ် အသားလုံးရှိခြင်း
    အလုံးကြီးလာလျှင် ဗိုက်မှ စမ်းမိနိုင်သည်၊ နာကျင်လေ့မရှိပါ။
  • သားအိမ်တွင် သွေးလုံးတည်နေခြင်း
    သားအိမ်နေရာ ဆီးစပ်တွင် နာကျင်တတ်သည်။
  • အသားပိုများပေါ်ခြင်း၊ သားအိမ်နံရံထူခြင်း၊ သွေးဆုံးပြီး အမျိုးသမီးများတွင် သားအိမ်နံရံပါးခြင်း
    (ဤအခြေအနေများကို အာထရာဆောင်းရိုက်ခြင်း၊ သားအိမ်မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် သိနိုင်သည်)
  • အမျိုးသမီးမျိုးပွါးအင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း
    ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းသည့်အပြင် ရောဂါရင့်လာသည့်အခါ ဗိုက်တွင်အလုံးစမ်းမိခြင်း၊ အဖြူဆင်းခြင်းအပြင် အနံ့နံခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည်။
    (သားအိမ်ခေါင်းကင်ဆာ၏ ထူးခြားချက်မှာ အမျိုးသားနှင့် အတူတူနေပြီးပြီးချင်း သွေးဆင်းခြင်းဖြစ်သည်)
  • ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
    ဓမ္မတာသွေးထိမ်နေသည်ကို ဂရုပြုရန်လိုသည်၊ ဆီးစစ်တံဖြင့် ကိုယ်ဝန် ရှိမရှိ သေချာစစ်ဆေးရန် လိုအပ်သည်။
  • နောက်ခံသွေး‌ရောဂါရှိခြင်း
    ခန္ဓာကိုယ်၏ တစ်ခြားနေရာများမှ သွေးထွက်ခြင်း ရှိတတ်သည်။ (ဥပမာ _ နှာခေါင်းသွေးလျှံခြင်း)
  • သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါရှိခြင်း
    လူနာသည် ဝခြင်း၊ ဝမ်းချုပ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ တွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးဆင်းခြင်း အလွန်များပါက လူနာသည် သွေးပေါင်ကျခြင်းနှင့် သွေးလန့်ခြင်း (Shock) တို့ဖြစ်နိုင်သည်။ လူနာသည် ဖြူဖျော့နေခြင်း၊ ခြေလက်များအေးစက်နေခြင်း၊ သတိကောင်းကောင်း မရခြင်း စသည်တို့သည် အန္တရာယ်ရှိသော လက္ခဏာများဖြစ်သဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ရန်လိုသည်။ သွေးသွင်း၍ကုသရန် လိုအပ်နိုင်သည်။

အမျိုးသမီးတစ်ဦးအနေဖြင့် မိမိ၏သွေးဆင်းပုံသည် ပုံမှန်မဟုတ်ဟု ယူဆပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းပြီး လူနာ၏ ဝမ်းဗိုက်နှင့် တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း (Pelvic examination) များ ပြုလုပ်သည်။ ထိုကဲ့သို့ စမ်းသပ်ခြင်းသည် ကသိကအောင့် အနည်းငယ်ဖြစ်တတ်သော်လည်း မနာကျင်ပါ။ လိုအပ်ပါက ဆရာဝန်မှ ယောနိလမ်းကြောင်းချွဲစတို့ဖတ်ယူခြင်း (vaginal swab)၊ သားအိမ်ခေါင်းချွဲစယူခြင်း (cervical swab)၊ သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးခြင်း (Pap smear) တို့လုပ်ဆောင်လိမ့်မည်။ ထို့နောက် အာထရာဆောင်းရိုက်ရန် ညွှန်ကြားမည်။ အဖြေပေါ်မူတည်၍ သားဖွားမီးယပ် အထူးကုဆရာဝန်မှ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ခြင်း (colposcopy)၊ သားအိမ်မှန်ပြောင်းကြည့်ခြင်း (hysteroscopy) နှင့် အသားစယူခြင်းတို့ကို လုပ်ဆောင်လိမ့်မည်။

ကုသခြင်း

ဖြစ်ပေါ် ရသော အကြောင်းရင်းပေါ် မူတည်၍ ကုသသည်။

  1. ဆေးကြောင့်ဖြစ်သော မူမမှန်သွေးဆင်းခြင်းအတွက် မလိုအပ်သော ဆေးများရပ်ခြင်း၊ ဆေးပြောင်းခြင်းများ ပြုလုပ်မည်
  2. လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကြောင့်ဖြစ်သည်ဟု သတ်မှတ်ပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမည်
  3. သားအိမ် ပုံမှန် အလုပ်မလုပ်ခြင်း၊ မျိုးဥမကြွေခြင်းများအတွက် ဟော်မုန်းဆေးများဖြင့် ကုသရန် လိုအပ်သည်
  4. လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းနှင့် သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါက သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြန်လည်ဆွေးနွေးပြသ၍ ကုသရန်လိုသည်
  5. သားအိမ် အသားလုံး၊ သွေးလုံး၊ အသားပိုနှင့် အမျိုးသမီးမျိုးပွါးအင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း တို့အတွက် ဆေးဝါးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
  6. ကိုယ်ဝန်ပျက်ခြင်းနှင့် စပျစ်သီးသန္ဓေတို့အတွက် သားအိမ်ခြစ်ရန် လိုအပ်နိုင်သည်
  7. သွေးမတိတ်ရောဂါနှင့် သိုင်းရွိုက်ရောဂါတို့အတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ကြည့်ရှုပေးလိမ့်မည်
ကာကွယ်ခြင်း

မူမမှန်သွေးဆင်းခြင်း အကြောင်းရင်းများကို တိုက်ရိုက်ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အခြေအနေအချို့တွင် ကိုယ်အလေးချိန် လျှော့ချခြင်း၊ အဆီစားသုံးမှု လျှော့ချခြင်းဖြင့် အမျိုးသမီးဟော်မုန်းဓာတ်များ ညီမျှစေခြင်းများ လုပ်ဆောင်ခြင်းဖြင့် ဖြစ်ပွါးမှု လျှော့ချနိုင်သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV vaccine) ထိုးခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်ခြင်းတို့သည်လည်း မူမမှန်သွေးဆင်းခြင်းကို လျှော့ချနိုင်သည်။

References:

  1. Cleveland Clinic. (2022). Vaginal bleeding: Causes, diagnosis & what it means. Retrieved September 14, 2025, from https://my.clevelandclinic.org/health/symptoms/17899-vaginal-bleeding
  2. Mayo Clinic. (2023). Vaginal bleeding — causes. Retrieved September 14, 2025, from https://www.mayoclinic.org/symptoms/vaginal-bleeding/basics/causes/sym-20050756
  3. Healthdirect. (2024). Vaginal bleeding. Retrieved September 14, 2025, from https://www.healthdirect.gov.au/vaginal-bleeding
  4. Healthline. (2023). Vaginal bleeding between periods: Causes, prevention & treatment. Retrieved September 14, 2025, from https://www.healthline.com/health/vaginal-bleeding-between-periods#prevention

Published: 30 August 2024

Last updated: 3 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.