ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) ဆိုသည်မှာ ဦးနှောက်ကိုဖုံးအုပ်ထားသော အမြှေးပါးတွင် ရောဂါပိုး ဝင်ရောက်၍ ရောင်ရမ်းခြင်းဖြစ်ပြီး၊ ဦးနှောက်ရောင်ရောဂါ (Encephalitis) ဆိုသည်မှာ ဦးနှောက်တစ်ခုလုံး ရောင်ရမ်းခြင်းဖြစ်သည်။ လူတိုင်း အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း အသက်ငယ်သော ကလေးများနှင့် ကိုယ်ခံအား ကျဆင်းနေသူများတွင် ပိုမိုဖြစ်ပွါးတတ်သည်။ အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများလည်း ခံစားရနိုင်သည်။
ကလေးငယ်များတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်စေသော အဓိကရောဂါအုပ်စုကြီးဖြစ်ပြီး ကာကွယ်ဆေးများဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သည့် ရောဂါအုပ်စုလည်းဖြစ်သည်။ ကာကွယ်ဆေးထိုး စီမံချက်များအတိုင်း ပုံမှန်ထိုးပေးနေသော ကာကွယ်ဆေးများကြောင့် နောက်ပိုင်းတွင် ဘက်တီးရီးယားများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွါးနှုန်းသည် သိသိသာသာကျဆင်းသွားသည်ကို တွေ့ရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခန္ဓာကိုယ်တစ်နေရာရာမှ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အစရှိသောပိုးမွှားများ၊ တီဘီပိုး၊ မှိုပိုး စသည်တို့သည် သွေးမှတစ်ဆင့်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဦးနှောက်ဆီသို့ ပျံ့နှံ့သွားနိုင်သည်။
- ဦးနှောက်အမြှေးပါးရောင်ခြင်းသည် ဘက်တီးရီးယားပိုးများကြောင့် အဖြစ်အများဆုံးဖြစ်ပြီး ကလေးအသက်အရွယ်ပေါ်မူတည်၍ အဖြစ်များသောပိုးအမျိုးအစား ကွာခြားမှုရှိသည်
- ဦးနှောက်ရောင်ခြင်းသည် ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များပြီး ပိုမိုပြင်းထန်လေ့ရှိသည်။ အခြား ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများနှင့် မှိုပိုးများကြောင့် ဖြစ်နိုင်သော်လည်း ရှားပါးသည်။ ကိုယ်ခံအားကျဆင်းသည့် ကလေးများတွင် ပိုမိုပြင်းထန်လေ့ရှိသည်။ တစ်ခါတစ်ရံ ကိုယ်ခံအားစနစ် မူမမှန်၊ အလွန်အကျွံတုံ့ပြန်မှုကြောင့်လည်း Immune encephalitis ဟုခေါ်သော ဦးနှောက်ရောင်ရောဂါတစ်မျိုး ဖြစ်နိုင်သည်
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (Bacterial meningitis)
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါသည် အချိန်မီ မကုသပါက အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ နာတာရှည်နားပြည်ယိုခြင်း၊ ထိပ်ကပ်နာ စသည့်ရောဂါများကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ အဖြစ်များသော ဘက်တီးရီးယားများမှာ H. influenzae, S. pneumoniae, N. meningitidis, Group B Streptococcus စသည်တို့ဖြစ်သည်။
တီဘီပိုးကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (TB Meningitis)
မြန်မာနိုင်ငံတွင် အတွေ့ရများသည်။ အထူးသဖြင့် တီဘီကာကွယ်ဆေး (ဘီစီဂျီ) ထိုးမထားသော ကလေးများ၊ မိသားစု သို့မဟုတ် တီဘီရောဂါရှိသော လူကြီးတစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ်နေသည့် ကလေးများတွင် ပို၍ဖြစ်တတ်သည်။ အခြားတီဘီလက္ခဏာများဖြစ်သည့် ရက်ရှည်ဖျားခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း၊ ရက်ရှည် ချောင်းဆိုးရင်ကျပ်ခြင်း၊ လည်ပင်းတွင် တီဘီအကျိတ်ဂလင်းများ ထွက်ခြင်းစသည်တို့နှင့်လည်း တွဲ၍တွေ့နိုင်သည်။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (Viral meningitis)
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကဲ့သို့ ရောဂါလက္ခဏာ ပြင်းထန်မှု မရှိပါ။
ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ရောင်ခြင်း (Viral encephalitis)
ဤဦးနှောက်ရောင်ခြင်းမှာ အဆိုးရွားဆုံးရောဂါဖြစ်ပြီး သတိလစ်ခြင်း၊ တက်ခြင်း၊ ခြေလက်များ အကြောဆွဲခြင်း စသည်တို့ အဖြစ်များသည်။ မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) မှာ အဖြစ်များပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ဦးနှောက်ရောင်ရောဂါ အများစုအတွက် သီးသန့်ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မရှိသော်လည်း ရေယုန်ဗိုင်းရပ်စ် (Herpes simplex) နှင့် ရေကျောက်ဗိုင်းရပ်စ် (Varicella) များကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်းအတွက်မူ သီးသန့်ဆေးဝါးများဖြင့် ကုသနိုင်သည်။
ကိုယ်ခံအားစနစ်ကြောင့် ဦးနှောက်ရောင်ခြင်း (Immune encephalitis)
အတွေ့များသော လက္ခဏာများမှာ တက်ခြင်း၊ ခြေ လက် ပါးစပ်စသည်တို့ အကြောဆွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း၊ ပုံမှန်မအိပ်ခြင်း၊ စကားပုံမှန်မပြောနိုင်တော့ခြင်း စသည်တို့ဖြစ်ပြီး၊ ပိုးမွှားကြောင့်ဖြစ်သောရောဂါများထက် ရောဂါလက္ခဏာ ပိုမိုကြာရှည်စွာ တွေ့ရှိရတတ်သည်။ ရောဂါအစပိုင်းတွင် ဤရောဂါမှန်းသိသာရန် ခက်ခဲသည်။ သို့သော် စတီးရွိုက်ဆေးများ၊ Immunoglobulin ဆေးများ၊ သွေးလဲလှယ်ကုထုံးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။
ရောဂါလက္ခဏာများ
ဦးနှောက်အမြှေးပါးရောင်ခြင်းကြောင့်ဖြစ်သော အဓိကလက္ခဏာများမှာ_
- ဖျား၍ တက်ခြင်း
- သတိလစ်ခြင်း
- မှိန်းခြင်း
- ခြေ၊ လက်များ အကြောဆွဲခြင်း စသည်တို့ဖြစ်သည်။
အခြားလက္ခဏာများဖြစ်သော
- ခေါင်းကိုက်ခြင်း
- အန်ခြင်း၊ ပျို့ခြင်း
- စူးရှသောအလင်းရောင်ကို ခံနိုင်ရည်မရှိခြင်း
- ဇက်ခိုင်ခြင်း
- အနီကွက်များပေါ်လာခြင်း
- ငယ်ထိပ်ဖောင်းခြင်း စသည်တို့ကိုလည်း တွေ့ရှိနိုင်သည်။

ကလေးကြီးများတွင် ဦးနှောက်အမြှေးရောင်ခြင်းကြောင့် ဖြစ်သော လက္ခဏာများမှာ သိသာထင်ရှားသော်လည်း မွေးကင်းစနှင့် တစ်နှစ်အောက်ကလေးများတွင်မူ ရောဂါစတင်ဖြစ်ချိန်တွင် သာမန်လက္ခဏာများဖြစ်သည့်
- နို့စို့ သိသိသာသာလျော့ခြင်း
- အလွန်အီခြင်း၊ ဂျီကျခြင်း
- အလွန်အန်ခြင်း
- ငယ်ထိပ်ဖောင်းခြင်း
- ကိုယ်ပူခြင်း သို့မဟုတ် သာမန်ကိုယ်အပူချိန်ထက် လျော့ကျသွားခြင်း စသည်တို့သာ တွေ့ရတတ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ဦးနှောက်အမြှေးရောင်နေသည်ကို မသိနိုင်ခြင်း ဖြစ်တတ်သည်။
Encephalitis ဟုခေါ်သော ဦးနှောက်ရောင်သည့် ရောဂါတွင်မူ ဦးနှောက်အမြှေးရောင်ရောဂါထက် ပိုမိုပြင်းထန်ပြီး ရောင်သောဦးနှောက်အစိတ်အပိုင်းပေါ် မူတည်၍ ကြာရှည်စွာ တက်ခြင်း၊ အကြောဆွဲခြင်းစသည်တို့ ဖြစ်တတ်သည်။ ပို၍မြန်ဆန်စွာ သတိလစ်တတ်ပြီး ခြေ၊ လက် မူမမှန်လှုပ်ရှားမှုများ ပို၍ပြင်းထန်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
- အသက်ဆုံးရှုံးနိုင်ခြင်း
- မသန်စွမ်း ဖြစ်ခြင်း
- ဉာဏ်ရည် ထိခိုက်ခြင်း
- အမြင်အာရုံ၊ အကြားအာရုံ ထိခိုက်ခြင်း
- အတက်ရောဂါ ဖြစ်ခြင်း (Childhood epilepsy)
- ဦးနှောက်တွင်း အရည်စီးပတ်လမ်းကြောင်း ပိတ်ဆို့ပြီး ရေအိတ်တည်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း (Brain abscess) စသည်တို့ ဆက်လက်ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဦးနှောက်ရောင်ရောဂါလက္ခဏာများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
လိုအပ်သော စမ်းသပ်မှုများ (ဥပမာ _ သွေးစစ်ခြင်း) ကို ကလေး၏ ရောဂါလက္ခဏာပေါ် မူတည်ပြီး ပြုလုပ်ရသည်။ ရောဂါသေချာရန်နှင့် ဖြစ်ပွါးစေသောပိုး (သို့မဟုတ်) အခြားအကြောင်းရင်းကို သိရှိနိုင်ရန်အတွက် ခါးဆစ်ကြားမှ စီအက်စ်အက်ဖ် (CSF) အရည်ထုတ်ယူစစ်ဆေးခြင်း (lumbar puncture) ပြုလုပ်ရသည်။ စီအက်စ်အက်ဖ်အရည် စစ်ဆေးခြင်းသည် ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းတို့ကို သေချာအောင် ပြုလုပ်ပေးသည့် တစ်ခုတည်းသော စမ်းသပ်မှုဖြစ်သည်။ လိုအပ်ပါက ဦးနှောက်အတွင်းအခြေအနေများကို အသေးစိတ်သိရှိရန်၊ နောက်ဆက်တွဲပြဿနာများ ရှိမရှိ သိရှိရန် ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ယခုအခါ အောက်ပါနည်းလမ်းများဖြင့် ရောဂါပိုးကို ပိုမိုလျင်မြန်စွာ ဖော်ထုတ်နိုင်လာသည်။
- Multiplex PCR Panels
ဤစစ်ဆေးမှုသည် ဦးနှောက်နှင့်ကျောရိုးအရည် (CSF) နမူနာအနည်းငယ်ကို အသုံးပြု၍ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုအမျိုးအစားများစွာကို တစ်ချိန်တည်းတွင် စစ်ဆေးနိုင်ပြီး တစ်နာရီကျော်အတွင်း ရလဒ်ထွက်နိုင်သည်။ ၎င်းသည် ဆရာဝန်များအား အထိရောက်ဆုံးသော ဆေးဝါးကို ပိုမိုမြန်ဆန်စွာ ပေးနိုင်ရန် ကူညီပေးသည်။ - Metagenomic Next-Generation Sequencing (mNGS)
ဤအဆင့်မြင့်နည်းပညာသည် CSF နမူနာရှိ မျိုးဗီဇပစ္စည်းအားလုံးကို စစ်ဆေးနိုင်ပြီး အခြားစမ်းသပ်မှုများဖြင့် ရှာဖွေရခက်ခဲသော ရှားပါး သို့မဟုတ် မမျှော်လင့်ထားသော ရောဂါပိုးများကို ဖော်ထုတ်ပေးနိုင်သည်။ ၎င်းသည် ရှုပ်ထွေးသော သို့မဟုတ် မဖော်ထုတ်နိုင်သေးသော ရောဂါများအတွက် အနာဂတ်တွင် အလားအလာကောင်းများရှိသည်။
ကုသခြင်း
ဦးနှောက်အမြှေးရောင်နှင့် ဦးနှောက်ရောင်ရောဂါများကို ကုသရာတွင် အဓိကကုသမှု သုံးမျိုးရှိသည်။
- ရောဂါဖြစ်စေသည့်ပိုးကို တိုက်ရိုက်ကုသခြင်း
ရောဂါဖြစ်စေသည့် အကြောင်းရင်းအလိုက် သင့်တော်သော ဆေးဝါးများဖြင့် ကုသရသည်။- ဘက်တီးရီးယားပိုးများအတွက်
- ပဋိဇီဝပိုးသတ်ဆေးများကို ဦးနှောက်အတွင်းပိုင်းရှိ ပိုးများ အမြစ်ပြတ်သည်အထိ သတ်မှတ်ထားသည့် ရက်အတိုင်း အကြောဆေးသွင်းပေးရသည်
- ပုံမှန်အားဖြင့် ၁၀ရက် မှ ၂ပတ်ခန့် ကြာတတ်ပြီး တီဘီပိုးကဲ့သို့သော ပိုးများအတွက်မူ တစ်နှစ်ခန့်အထိ ကုသရန် လိုအပ်နိုင်သည်၊ ဆေးကို သတ်မှတ်ရက်မပြည့်မီ ရပ်နားမိပါက ရောဂါပြန်ဖြစ်ခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်
- ဗိုင်းရပ်စ်ပိုးများအတွက်
- ဗိုင်းရပ်စ်ပိုးအများစုသည် ကုသရန် ဆေးမလိုဘဲ သက်သာလေ့ရှိသော်လည်း ရေယုန်ပိုး (Herpes simplex) သို့မဟုတ် ရေကျောက်ပိုး (Varicella) ကဲ့သို့သော ပြင်းထန်သည့် ဗိုင်းရပ်စ်ပိုးများအတွက် Acyclovir ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးကို သွေးကြောမှတစ်ဆင့် သွင်းပေးရသည်
- ဘက်တီးရီးယားပိုးများအတွက်
- ရောဂါလက္ခဏာများအလိုက် ကုသခြင်း
- ရောဂါကြောင့်ဖြစ်ပေါ်လာသည့် အတက်ရောဂါ၊ ကြွက်သားတောင့်တင်းခြင်း စသည့် လက္ခဏာများကို သက်သာစေရန် အတက်ကျဆေးများနှင့် ကြွက်သားပြေလျော့ဆေးများကို အသုံးပြုကုသနိုင်သည်။
- စောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေး
ရောဂါ၏ ပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများပေါ်မူတည်၍ အနီးကပ်ပြုစုစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးကုထုံးများ လိုအပ်နိုင်သည်။- အထွေထွေပြုစုစောင့်ရှောက်မှု
သတိလစ်နေသော ကလေးများအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အာဟာရပြည့်မီအောင်ကျွေးမွေးခြင်းနှင့် လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း စသည့် အနီးကပ်စောင့်ရှောက်မှုများသည် အလွန်အရေးကြီးသည်။ - နောက်ဆက်တွဲဆိုးကျိုးများ ကုသခြင်း
အချို့ကလေးများတွင် ဦးနှောက်ထိခိုက်မှုကြောင့် အကြားအာရုံချို့ယွင်းခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ သင်ယူမှုစွမ်းရည်နှေးကွေးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုများ ဖြစ်ပေါ်နိုင်သည်။ ထိုအခါ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး (Physical rehabilitation)၊ စကားပြောကုထုံး (Speech therapy) နှင့် အထူးပညာပေး အစီအစဉ်များ (Special education programs) ကဲ့သို့သော ကုထုံးများကို ခံယူရန် လိုအပ်သည်။ အမြင်အာရုံ၊ အကြားအာရုံများ စစ်ဆေးရန် လိုအပ်သည်။
- အထွေထွေပြုစုစောင့်ရှောက်မှု
ကာကွယ်ခြင်း
ဦးနှောက်အမြှေးရောင်နှင့် ဦးနှောက်ရောင်ရောဂါများအတွက် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ပိုမိုထိရောက်သည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါဖြစ်ပွားမှုကို သိသိသာသာ လျှော့ချနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
- ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း
ကလေးငယ်များအတွက် ပုံမှန်ထိုးပေးနေသည့်- လေးမျိုးစပ် သို့မဟုတ် ငါးမျိုးစပ်ကာကွယ်ဆေးများ (DPT-HepB-Hib)
- ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (Pneumococcal vaccine)
- ဘီစီဂျီ (BCG)
- ဂျပန်ဦးနှောက်ရောင် (Japanese Encephalitis)
- ဝက်သက် (Measles) ကာကွယ်ဆေးများတွင် ဤဦးနှောက်ရောဂါများကို ဖြစ်စေနိုင်သည့် ရောဂါပိုးအချို့ကို ကာကွယ်ပေးသော ဆေးများ ပါဝင်ပြီးဖြစ်သောကြောင့် ပုံမှန်ကာကွယ်ဆေးထိုးဇယားအတိုင်း အလွဲမခံဘဲ အချိန်မီထိုးနှံသင့်သည်။
- ရောဂါမကူးစက်စေရန် ကြိုတင်ကာကွယ်ခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ခံရသူနှင့် နီးကပ်စွာ ထိတွေ့သူများသည် ရောဂါမကူးစက်စေရန် ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်သောက်သုံးခြင်း (Prophylaxis) ဖြင့် ကာကွယ်နိုင်သည်၊ အထူးသဖြင့် H. influenzae နှင့် N. meningitidis ပိုးများကြောင့် ဖြစ်သည့်ရောဂါများအတွက် ရောဂါဖြစ်သူနှင့် ထိတွေ့ပြီးပြီးချင်း ချက်ချင်းကြိုတင်ကာကွယ်သင့်သည်
- ရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာ ထိတွေ့သူများ (ဥပမာ _ အိမ်တွင်းနေ မိသားစုဝင်များ၊ ကျောင်း သို့မဟုတ် ကလေးထိန်းကျောင်းမှ အခန်းဖော်များ၊ သို့မဟုတ် ရောဂါဖြစ်သူ၏ နှာခေါင်းနှင့်ပါးစပ်မှ ထွက်လာသော အမှုန်အမွှားများနှင့် တိုက်ရိုက်ထိတွေ့သူများ) သည် ကြိုတင်ကာကွယ်ဆေး သောက်သင့်သည်
- အဓိက အသုံးပြုသောဆေးများမှာ Rifampin, Ciprofloxacin နှင့် Ceftriaxone တို့ဖြစ်ပြီး ထိတွေ့မှုဖြစ်ပွားပြီးနောက် အမြန်ဆုံး၊ ဖြစ်နိုင်ပါက ၂၄ နာရီအတွင်း သောက်သုံးသင့်သည်
- ဆေးပမာဏနှင့် အမျိုးအစားကို ကလေး၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆရာဝန်က ညွှန်ကြားပေးသည်
- မည်သို့ကာကွယ်ရမည်ကို သိရှိနိုင်ရန် မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူသင့်သည်
References
- Child Neurology Foundation. (2023). Meningitis and encephalitis. Child Neurology Foundation. Retrieved July 26, 2025, from https://www.childneurologyfoundation.org/disorder/meningitis-encephalitis/
- Clinical Practice Guidelines: Meningitis and encephalitis. (n.d.). The Royal Children’s Hospital Melbourne. Retrieved July 26, 2025, from https://www.rch.org.au/clinicalguide/guideline_index/Meningitis_encephalitis/
- Cleveland Clinic. (2025). Meningoencephalitis. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/25157-meningoencephalitis
- AMBOSS. (n.d.). Meningitis and encephalitis | AMBOSS rotation prep. Retrieved July 26, 2025, from https://resident360.amboss.com/pediatrics/pediatric-infectious-diseases/meningitis-and-encephalitis/meningitis-and-encephalitis.html#fast-facts
- Tunkel, A. R., Hartman, B. J., Kaplan, S. L., Kaufman, B. A., Roos, K. L., Scheld, W. M., & Whitley, R. J. (2004). Practice guidelines for the management of bacterial meningitis. Clinical Infectious Diseases, 39(9), 1267–1284. https://doi.org/10.1086/425368
- Tunkel, A. R., Glaser, C. A., Bloch, K. C., Sejvar, J., Marra, C., Roos, K. L., Petersen, L. R., … & Holmes, D. (2008). The management of encephalitis: Clinical practice guidelines by the Infectious Diseases Society of America. Clinical Infectious Diseases, 47(3), 303–327. https://doi.org/10.1086/589747
- Goktug, A., Ak Gundogdu, I., Duyu, M., & Besli, E. (2025). Clinical impact of cerebrospinal fluid multiplex polymerase chain reaction (PCR) testing in children with suspected central nervous system infection. Medeni Medical Journal, 40(3), 128–135. https://doi.org/10.4274/MMJ.galenos.2025.43895
Published: 30 August 2024
Last updated: 22 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.