Anaemia (သွေးအားနည်းခြင်း)

Anaemia (သွေးအားနည်းခြင်း)

သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်း သွေးနီဥလျော့နည်းခြင်း (သို့မဟုတ်) သွေးနီဥတွင်းရှိ ဟီမိုဂလိုဘင် (Haemoglobin) ဓာတ်နည်းခြင်းကြောင့်ဖြစ်သည်။ ဟီမိုဂလိုဘင်သည် အဆုတ်မှ ရှူသွင်းလိုက်သော အောက်ဆီဂျင်ကို သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်းကို လုပ်ဆောင်သည်။ ထို့ကြောင့် သွေးအားနည်းသည့်အခါ အားနည်းခြင်း၊ အသက်ရှူမဝခြင်းနှင့် မောပန်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးအားနည်းခြင်း ရောဂါအမျိုးအစား များစွာရှိသလို သွေးအားနည်းခြင်း အကြောင်းရင်းများစွာလည်း ကွာခြားနိုင်သည်။ အကြောင်းရင်းများတွင် အောက်ပါအချက်များ ပါဝင်နိုင်သည်။

  • သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ (Iron deficiency anemia)
    အဖြစ်အများဆုံး သွေးအားနည်းရောဂါဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် အဖြစ်အများဆုံး သွေးအားနည်းရောဂါဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် သံဓာတ် မလုံလောက်သောကြောင့်ဖြစ်သည်။ ရိုးတွင်းခြင်ဆီမှ ဟေမိုဂလိုဘင် (hemoglobin) ထုတ်လုပ်ရန် သံဓာတ်လိုအပ်သည်။ သံဓာတ် အလုံအလောက်မရှိသောအခါ သွေးနီဥများအတွက် လုံလောက်သော ဟေမိုဂလိုဘင်ကို မထုတ်နိုင်တော့ပါ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် သံဓာတ်မပြည့်ဝခြင်း၊ ရာသီသွေးများခြင်း၊ အစာအိမ်အနာ၊ ကင်ဆာ သို့မဟုတ် အက်စ်ပရင်ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်းစသည့် အခြေအနေများသည် သံဓာတ်နည်းစေသော အခြေအနေများဖြစ်သည်။
  • ဗီတာမင်ချို့တဲ့ သွေးအားနည်းရောဂါ (Vitamin deficiency anemia)
    သံဓာတ်ကဲ့သို့ပင် ဖောလိပ်ဓာတ်နှင့် ဗီတာမင် B12 တို့သည် ပုံမှန်သွေးနီဥများ ထုတ်လုပ်ရန် လိုအပ်သည်။ ထိုဓာတ်များ မလုံလောက်ပါက သွေးအားနည်းရောဂါဖြစ်စေသည်။ အချို့လူများတွင် ဗီတာမင် B12 ကို စုပ်ယူနိုင်ခြင်းမရှိသော ရောဂါ (Pernicious Anemia) ရှိပါက ဗီတာမင်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။
  • ရောင်ရမ်းမှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (Anemia of inflammation)
    နာတာရှည် ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများသည် ပုံမှန်သွေးနီဥများ ထုတ်လုပ်ခြင်းကို ထိခိုက်စေသည်။ ဥပမာ _ ကင်ဆာရောဂါ၊ HIV ရောဂါရူမတွိုက် အဆစ်ရောင်ရောဂါနာတာရှည် အူရောင်ရမ်းနာရောဂါနှင့် ကျောက်ကပ်အားနည်းသော‌ရောဂါများတွင် တွေ့ရသည်။
  • ရိုးတွင်းခြင်ဆီ အားနည်းခြင်းကြောင့် သွေးအားနည်းခြင်း (Aplastic anemia)
    ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်အသစ်များ လုံလောက်စွာ မထုတ်လုပ်နိုင်သောရောဂါဖြစ်သည်။ ထိုရောဂါကို ဖြစ်စေသောအကြောင်းရင်းများမှာ _ ပိုးဝင်ခြင်း၊ ဆေးဝါးအချို့၊ ကိုယ်ခံအားတုံ့ပြန်မှု မူမမှန်သောရောဂါများနှင့် ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း စသည်တို့ပါဝင်သည်။
  • ရိုးတွင်းခြင်ဆီရောဂါနှင့် ဆက်စပ်သော သွေးအားနည်းရောဂါများ (Anemias linked to bone marrow disease)
    သွေးကင်ဆာရောဂါများနှင့် Myelofibrosis ကဲ့သို့ ရောဂါများသည် ခြင်ဆီမှ သွေးဆဲလ်များထုတ်လုပ်ပုံကို ထိခိုက်စေပြီး သွေးအားနည်းရောဂါ ဖြစ်စေသည်။
  • သွေးနီဥပျက်စီးမှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါများ (Hemolytic anemias)
    ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်နိုင်သည်ထက် သွေးနီဥများ ပိုမြန်မြန်ပျက်စီးသော ရောဂါအမျိုးအစားဖြစ်သည်။ ထိုရောဂါများတွင် မျိုးရိုးလိုက်သော မွေးရာပါ (Inherited disease – e.g.,Thalassaemia, G6PD deficiency, Sickle cell anemia) ရောဂါများရှိသကဲ့သို့ ‌မွေးရာပါမဟုတ်သော (Acquired – e.g.,Autoimmune hemolytic anemia, PNH) ရောဂါများလည်းရှိသည်။
  • ကလေးငယ်များတွင် ရှားပါးသော မျိုးဗီဇရောဂါဆိုင်ရာ သွေးရောဂါများ (ဥပမာ _ Fanconi anemia, Diamond-Blackfan anemia) ကြောင့်လည်း သွေးအားနည်းရောဂါဖြစ်နိုင်သည်
သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသောအချက်များ
  • သံဓာတ်နှင့် ဗီတာမင်ဓာတ်များ ပြည့်ဝအောင် မစားသောက်ခြင်း
  • အူသိမ်ပိုင်းဆိုင်ရာရောဂါများကြောင့် အာဟာရဓာတ်များကို မစုပ်ယူနိုင်ခြင်း (ဥပမာ – Celiac disease, Crohn’s disease ကဲ့သို့ ရောဂါများ)
  • ရာသီသွေးများခြင်း _ သွေးနီဥများဆုံးရှုံးခြင်းကြောင့် ဖြစ်သည်
  • ကိုယ်ဝန်ဆောင်ခြင်း _ ဖောလစ်ဓာတ်နှင့် သံဓာတ်အားဆေးများ မသောက်သုံးခြင်း
  • နာတာရှည်ရောဂါများရှိခြင်း
  • အစာအိမ်အနာ (သို့မဟုတ်) လိပ်ခေါင်းကဲ့သို့ ဖြည်းဖြည်းချင်း သွေးဆုံးရှုံးခြင်းနှင့် သံဓာတ်အားနည်းခြင်း
  • မိသားစုများတွင် မျိုးရိုးလိုက်သော သွေးအားနည်းရောဂါများရှိခြင်း
  • အချို့ရောဂါအခြေအနေများ _ ပိုးဝင်ခြင်း၊ သွေးရောဂါများရှိခြင်းနှင့် ကိုယ်ခံအားတုံ့ပြန်မှု လွန်ကဲသောရောဂါများရှိခြင်း
  • အရက် အလွန်အကျွံသောက်သုံးခြင်း၊ ဓာတုပစ္စည်းများနှင့် ရေရှည်ထိတွေ့ခြင်းနှင့် အချို့ဆေးဝါးများ သောက်သုံးခြင်း
  • အသက် (၆၅) နှစ်အထက် လူကြီးများ
  • ကလေးများတွင် သွေးအားနည်း‌ရောဂါ ပိုဖြစ်စေနိုင်သည့် အခြေအနေများမှာ _ ဖြည့်စွက်စာ စတင်ကျွေးချိန်တွင် သံဓာတ်ပမာဏပြည့်ဝအောင် မကျွေးခြင်း၊ မွေးရာပါ သာလာဆီးမီးယား သွေးအားနည်းရောဂါ ရှိခြင်း၊ သွေးထွက်လွယ်သော ရောဂါများကြောင့် ကိုယ်ခန္ဓာမှ သွေးထွက်ခြင်း၊ မျိုးဗီဇရောဂါဆိုင်ရာ သွေးရောဂါများပါလာခြင်း
ရောဂါလက္ခဏာများ

သွေးအားနည်းခြင်း၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အားအင်ကုန်ခန်းခြင်း
  • အသက်ရှူမဝခြင်း
  • ခေါင်းမူးခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်တုန်ခြင်း
  • အစားစားချင်စိတ်မရှိခြင်း
  • ခြေဖျားလက်ဖျားအေးစက်ခြင်း
  • အသား‌အရောင် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ခြေထောက်ဖောခြင်း၊ အမ်းခြင်း
  • မျက်လုံးနှင့် အသားဝါခြင်း၊ အသည်းကြီးခြင်း၊ ဘေလုံးကြီးခြင်း [သွေးနီဥပျက်စီးမှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါများ (Hemolytic anemias) တွင် တွေ့ရနိုင်သည်]
Anaemia img1
Anaemia img2
နောက်ဆက်တွဲပြဿနာများ

သွေးအားနည်းခြင်းကို ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ကွဲပြားနိုင်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သွေးအားအလွန်နည်းလျှင် နေ့စဉ်တစ်ကိုယ်ရေအလုပ်များ မလုပ်နိုင်တော့ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးကြီးလာခြင်း၊ နှလုံးညှစ်အား လျော့နည်းလာခြင်း၊ ‌ကိုယ်ဝန်‌ဆောင်မိခင်များတွင် နေ့မစေ့ဘဲ က‌လေးမွေးခြင်း၊ နောက်ဆုံး အသက်သေဆုံးစေနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။ ကလေးများတွင် သွေးအားနည်းခြင်း အထူးသဖြင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကြောင့် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အသိဉာဏ်အားနည်းခြင်း စသည်တို့ဖြစ်ပေါ်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင် မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် သွေးစစ်ဆေးခြင်းများ ပြုလုပ်ပြီး ရှာဖွေနိုင်သည်။ အခြေခံသွေးစစ်ဆေးခြင်းများအပြင် လိုအပ်ပါက သွေးအားနည်းစေသောရောဂါကို ရှာဖွေသည့် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရသည်။

ကုသခြင်း

သွေးအားနည်းခြင်းကို ကုသရာတွင် သွေးအားနည်းအမျိုးအစားနှင့် ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်ပြီး သံဓာတ်အားဆေး၊ ဗီတာမင် B12 နှင့် ဖောလစ်အက်စစ် သောက်သုံးခြင်း၊ လိုအပ်ပါက သွေးသွင်းခြင်းနှင့် အခြားလိုအပ်သောကုသမှုများ ခံယူရမည်။ ထို့ကြောင့် သွေးအားနည်းတိုင်း သံဓာတ်အားဆေး၊ ဗီတာမင် B12 တို့ သောက်သုံးစရာမလိုပါ။ သွေးအားနည်းခြင်းကို ဖြစ်စေသောအ‌ကြောင်းရင်းပေါ် မူတည်ပြီး ဆရာဝန်နှင့် သေချာစွာ ကုသမှုခံယူသင့်သည်။

ကာကွယ်ခြင်း

သွေးအားနည်းခြင်းတချို့မှာ ကာကွယ်၍မရနိုင်ပါ။ သို့သော်လည်း အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းခြင်းကို ကာကွယ်ရန် သံဓာတ်၊ ဗီတာမင် B12 နှင့် ဖောလစ်အက်စစ်တို့ ကြွယ်ဝစွာ ပါဝင်သော အသားငါးများ၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး စသည်တို့စားသုံးခြင်း၊ ဗီတာမင်စီ ကြွယ်ဝသည့် ချဉ်သော အသီးများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် စတော်ဘယ်ရီသီးတို့ စားသုံးခြင်း၊ လိုအပ်ပါက သံဓာတ်အားဆေးများ‌ သောက်သုံးခြင်း၊ ကလေးများတွင် ပုံမှန်သန်ချဆေးတိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

References:

  1. Mayo Clinic. (2024). Anemia. Mayo Foundation for Medical Education and Research. Retrieved July 23, 2025, from https://www.mayoclinic.org/diseases-conditions/anemia/symptoms-causes/syc-20351360
  2. Cleveland Clinic. (2022). Anemia: Symptoms, causes & treatment. Retrieved July 23, 2025, from https://my.clevelandclinic.org/health/diseases/3929-anemia
  3. WebMD. (n.d.). Anemia: Symptoms, causes, treatments, types & more. Retrieved July 23, 2025, from https://www.webmd.com/a-to-z-guides/understanding-anemia-basics

Published: 30 August 2024

Last updated: 17 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.