သည်းခြေအိတ်အတွင်းရှိ သည်းခြေရည်များ အနည်ကျ မာခဲသွားခြင်းကြောင့် သည်းခြေကျောက်များ ဖြစ်တည်လာသည်။ ထိုကျောက်များသည် မည်သည့် ကျန်းမာရေးပြဿနာမှ မပေးဘဲ ရှိနေတတ်သည်။ သို့သော် အဆိုပါကျောက်များသည်
- သည်းခြေအိတ်အတွင်းသားကို ပွတ်တိုက်ခြင်း
- သည်းခြေအိတ်အဝတွင် ပိတ်ဆို့ခြင်း
- သည်းခြေလမ်းကြောင်းအတွင်းသို့ ရောက်သွားပြီး သည်းခြေရည်စီးဆင်းမှုကို ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ပါက ရောဂါလက္ခဏာများ စတင်ပြတတ်သည်။
ဤအခြေအနေများတွင် သည်းခြေကျောက်ကို ခွဲစိတ်ကုသရန် လိုအပ်လေ့ရှိသည်။
သည်းခြေကျောက်ဖြစ်ပေါ်ပုံ
ပုံမှန်အခြေအနေတွင် အသည်းမှထုတ်လုပ်လိုက်သော သည်းခြေရည်များကို သည်းခြေပြွန်၊ သည်းခြေလမ်းကြောင်းများမှတစ်ဆင့် သည်းခြေအိတ်ထဲတွင် သိမ်းဆည်းထားသည်။ အစာခြေရန် လိုအပ်သည့်အခါ ချက်ချင်းထုတ်ပေးနိုင်ရန် သိုလှောင်ထားခြင်းဖြစ်သည်။ အဆိုပါ သည်းခြေရည်များ အနည်ကျခြင်း၊ ပျစ်ခဲခြင်းဖြစ်သည့်အခါ သည်းခြေကျောက်အဖြစ် ပြောင်းလဲသွားသည်။
အဆိုပါဖြစ်ရပ်ကို သည်းခြေကျောက်တည်ခြင်း (Gallstones) ဟုခေါ်သည်။ သည်းခြေကျောက်များသည် အရွယ်အမျိုးမျိုးရှိနိုင်သည်။ ကျောက်မှုန်၊ ကျောက်မွှားအရွယ်မှ ဂေါက်သီးအရွယ်အထိ ကြီးမားစွာရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အောက်ဖော်ပြပါ အချက်များသည် ကျောက်တည်စေသောအချက်များဖြစ်သည်။
- သည်းခြေရည်တွင် အဆီဓာတ် _ ကိုလက်စထရော (Cholesterol) များနေခြင်း
- သည်းခြေရည်တွင် အဝါဓာတ် (ဘီလီရူဘင် – Bilirubin) များခြင်း
- အဆီများကို ချေဖျက်ပေးသော သည်းခြေအက်ဆစ်ဓာတ် (Bile acid) ဆုံးရှုံးခြင်း
- သည်းခြေအိတ်အတွင်း သည်းခြေရည်များ ကောင်းစွာမစီးဆင်းနိုင်ဘဲ စုအိုင်နေခြင်း စသည်တို့ဖြစ်သည်။
သည်းခြေကျောက်တည်ခြင်း ပိုမိုဖြစ်စေနိုင်သော အခြေအနေများ
အောက်ဖော်ပြပါ အခြေအနေများတွင် သည်းခြေကျောက်တည်ခြင်း ပိုဖြစ်စေနိုင်သည်။
- အမျိုးသမီးဖြစ်ခြင်း
- အသက် (၄၀) အထက်ဖြစ်ခြင်း
- အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- အဆီများသော၊ ကိုလက်စထရောများသော အစားအစာများ၊ အမျှင်ဓာတ်နည်းသော အစားအစာများ စားခြင်း
- ဆီးချိုရောဂါ၊ သွေးရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောဂါ ရှိခြင်း
- ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျသွားခြင်း
- အမျိုးသမီးဟော်မုန်းဆေးများ သုံးစွဲခြင်း (ဥပမာ _ ကိုယ်ဝန်တားဆေးများ၊ သွေးဆုံးပြီး ဟော်မုန်းအစားထိုးဆေးများ)
- သန်ကောင်များ သည်းခြေလမ်းကြောင်းအတွင်းသို့ ရောက်ရှိရာမှ ကျောက်တည်ခြင်း
- သာလာဆီးမီးယား (Thalassaemia) ကဲ့သို့ သွေးအားနည်းရောဂါမျိုးရှိခြင်း
ရောဂါလက္ခဏာများ
သည်းခြေကျောက်ရှိနေသော လူအားလုံးတွင် ရောဂါလက္ခဏာ တွေ့ရမည်မဟုတ်ပါ။ ကျောက်ရှိနေသော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြသောသူများလည်းရှိသည်။ သည်းခြေအိတ်ထွက်ပေါက်တွင် ကျောက်ကြောင့် ပိတ်ဆို့ခြင်းဖြစ်လျှင် အောက်ဖော်ပြပါ လက္ခဏာများ ပြသနိုင်သည်။
- ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်း နံရိုးအောက်ဘက်တွင် ရုတ်တရက် ပြင်းထန်စွာ ထိုးအောင့်ခြင်း
- ဝမ်းဗိုက် အလယ်ပိုင်း ရင်ညွန့်ရိုးတွင် ရုတ်တရက် ပြင်းထန်စွာ ထိုးအောင့်ခြင်း
- ကျောအောင့်ခြင်း၊ လက်ပြင်နှစ်ဖက်ကြား အောင့်ခြင်း
- ညာဘက် ပခုံးအောင့်ခြင်း၊ နာခြင်း
- ပျို့ခြင်း၊ အန်ခြင်း စသည့် လက္ခဏာများ ပြသနိုင်သည်။
သည်းခြေကျောက်ကြောင့် ဗိုက်အောင့်ခြင်းသည် တစ်ကြိမ်ထိုးအောင့်လျှင် နာရီပိုင်းခန့် ကြာတတ်သည်။ အထူးသဖြင့် အစာစားပြီးချိန်တွင် အောင့်တတ်သည်။ အဆီများသော အစားအစာများကြောင့် ပိုအောင့်တတ်သည်။ ညဘက်တွင် အလွန်ထိုးအောင့်တတ်သည်။ ထိုးအောင့်လိုက်၊ သက်သာသွားလိုက် ဖြစ်နေတတ်သည်။ သည်းခြေအိတ်၏ထွက်ပေါက်တွင် ပိတ်ဆို့နေသောကျောက် ပြန်ပြုတ်ထွက်သွားမှသာ အနာသက်သာသွားတတ်သည်။
နောက်ဆက်တွဲပြဿနာများ
သည်းခြေကျောက်ကြောင့် သည်းခြေလမ်းကြောင်းအတွင်း သည်းခြေရည်စီးဆင်းမှုကို ပိတ်ဆို့သွားလျှင် သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းလာပြီး ပိုးဝင်လာနိုင်သည်။ ယင်းအခြေအနေသည် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သည်။
သည်းခြေကျောက်ကြောင့် ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- သည်းခြေအိတ်ရောင်ရမ်းခြင်း (Cholecystitis)
- ပန်ကရိယရောင်ရမ်းခြင်း (Pancreatitis)
- သည်းခြေလမ်းကြောင်းပိတ်ခြင်း၊ သည်းခြေလမ်းကြောင်းရောင်ရမ်းခြင်း (biliary tract obstruction, cholangitis)
- အသည်းရောင်ခြင်း (hepatitis)
- ပိုးဆိပ်တက်ခြင်း (Septicaemia, Sepsis)
- သည်းခြေအိတ်ကင်ဆာ (Gallbladder cancer) စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
တစ်ခါတစ်ရံတွင် မည်သည့်လက္ခဏာမှမပြဘဲ ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ရင်း သည်းခြေကျောက်ကို တွေ့ရှိရတတ်သည်။
ဆေးရုံ၊ ဆေးခန်း မဖြစ်မနေပြသသင့်သော အရေးကြီးအခြေအနေများ
- မခံမရပ်နိုင်လောက်အောင် အလွန်ပြင်းထန်စွာ ဗိုက်အောင့်ဗိုက်နာခြင်း
- ဝမ်းဗိုက်အား အထိမခံနိုင်အောင် နာခြင်း
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
- အဖျားကြီးခြင်း၊ ချမ်းတုန်ဖျားခြင်း
- ဆီးအရောင်ရင့်ရင့် (ရေနွေးကြမ်းကျကျအရောင်) သွားခြင်း
- ဝမ်းအရောင် ဖျော့သွားခြင်း၊ ဖြူသွားခြင်း
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သည်းခြေကျောက်တည်သော လက္ခဏာများရှိပါက မိမိပြသသော ဆရာဝန်သည် သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ ပြုလုပ်ရန် ညွှန်ကြားလိမ့်မည်။
- သွေးစစ်ဆေးခြင်း
သွေးအတွင်း ဘီလီရူဘင်အဝါဓာတ်ပမာဏ၊ ပိုးဝင်ထားသည့်လက္ခဏာ ရှိမရှိ၊ အသည်း၊ ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာများ ကောင်းမကောင်း စစ်ဆေးခြင်းဖြစ်သည်။ - အာထရာဆောင်း (USG) ရိုက်ခြင်း
ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် သည်းခြေကျောက် တည်နေရာ၊ အရွယ်အစား၊ ပမာဏ၊ သည်းခြေအိတ်ရောင်ခြင်း ရှိမရှိတို့ကို သိရှိနိင်သည်။
လိုအပ်ပါက_
- သည်းခြေလမ်းကြောင်း သံလိုက်ဓာတ်မှန် (MRCP – Magnetic Resonance Cholangiopancreatography)
- အသည်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်းများအတွင်း သည်းခြေရည်စီးဆင်းမှု စစ်ဆေးခြင်း
- အစာအိမ်မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း
ကုသခြင်း
သိသာထင်ရှားသော ရောဂါလက္ခဏာမပြသပါက သည်းခြေကျောက်များသည် ခွဲစိတ်ကုသရန် မလိုအပ်ပေ။ ရောဂါလက္ခဏာနှင့် စစ်ဆေးမှုအဖြေများပေါ် မူတည်၍ ဆရာဝန်မှသင့်တော်သော ကုသမှုကို ညွှန်ကြားလိမ့်မည်။
ကုထုံးအမျိုးမျိုး
- သမားရိုးကျ ဗိုက်ဖွင့် ခွဲစိတ်ကုသခြင်း
သည်းခြေအိတ်ဆက်ရှိနေလျှင် သည်းခြေကျောက်များ ပြန်ဖြစ်နိုင်သောကြောင့် သည်းခြေကျောက်များနှင့်အတူ သည်းခြေအိတ်ကိုပါ ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ - မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
သေးငယ်သော မှန်ပြောင်းပါ ကိရိယာ၊ အထူးပြုလုပ်ထားသော ခွဲစိတ်ကိရိယာများဖြင့် ဝမ်းဗိုက်တွင် သေးငယ်သော အပေါက်လေးများ ဖောက်ကာ သည်းခြေအိတ် ခွဲစိတ်ထုတ်ယူခြင်းဖြစ်သည်၊ ၄င်းသည် သည်းခြေကျောက်များအတွက် စံကုထုံး (Standard Treatment) ဖြစ်သည်။ - သည်းခြေကျောက်ပျော်ဆေးများ
သည်းခြေကျောက်ပျော်ဆေးများသည် လချီ၊ နှစ်ချီသောက်သုံးမှသာ ထိရောက်မည်ဖြစ်သည်၊ ဆေးရပ်လိုက်လျှင် သည်းခြေကျောက် ပြန်ဖြစ်လာမည်၊ ထို့အပြင် သည်းခြေကျောက် အမျိုးအစားအတော်များများတွင် ကျောက်ပျော်ဆေးသည် အသုံးမဝင်ပါ။
ကာကွယ်ခြင်း
သည်းခြေကျောက်တည်ခြင်း ဖြစ်ပွါးမှု နည်းအောင် အောက်ပါအချက်များကို ပြုလုပ်နိုင်သည်။
- နံနက်စာ၊ နေ့လည်စာ၊ ညစာစသည့် အစားစားချိန်များ မှန်မှန်စားခြင်း
- ကိုယ်အလေးချိန်အား ရုတ်တရက် မြန်မြန်မချဘဲ တဖြည်းဖြည်းအချိန်ယူကာ ကျအောင် ပြုလုပ်ခြင်း
- အမျှင်ဓာတ်ပါသော အစားအစာများ ပိုမိုစားသုံးခြင်း
- ကိုယ်အလေးချိန် ထိန်းခြင်း
- အချိန်မှန် သန်ချဆေးသောက်ခြင်း စသည်တို့ဖြစ်သည်။
References:
- Adair, R., & Peckham-Cooper, A. (2022). Gallstones. In Oxford handbook of clinical surgery (5th ed., pp. 412–413). Oxford University Press.
- Avinash, N. S., & Ramkrishna, Y. P. (2023). The gallbladder and bile ducts. In Bailey & Love’s short practice of surgery (28th ed., pp. 1232–1259). CRC Press.
- Cleveland Clinic. (2025). Gallstones. Retrieved June 10, 2025, from https://my.clevelandclinic.org/health/diseases/7313-gallstones
- Mayo Clinic. (2025). Gallstones – Diagnosis & treatment. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/gallstones/diagnosis-treatment/drc-20354220
Published: 30 August 2024
Last updated: 6 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.