Angioedema (ဓာတ်မတည့်ဖောရောင်ခြင်း)

Angioedema (ဓာတ်မတည့်ဖောရောင်ခြင်း)

ဓာတ်မတည့်ဖောရောင်ခြင်း (Angioedema) ဆိုသည်မှာ အ‌ရေပြားအတွင်းလွှာ (Dermis) နှင့် မျက်လုံး၊ ပါးစပ် စသည်တို့၏ အတွင်းအမြှေးပါး (mucous membrane) တို့တွင် ရုတ်တရက် ရောင်ရမ်းလာခြင်းဖြစ်သည်။ ဓာတ်မတည့်ခြင်းကြောင့် အဖြစ်များပြီး အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ အင်ပြင်ကွက်များ (urticaria) နှင့်လည်း တစ်ခါတစ်ရံတွဲ၍ ဖြစ်တတ်သည်။ အများအားဖြင့် မျက်လုံး၊ နှုတ်ခမ်းတို့တွင် အဓိကတွေ့ရပြီး ခြေ၊ လက်များ၊ အူမကြီးနှင့် လိင်အင်္ဂါများတွင်လည်း ဖြစ်ပေါ်နိုင်သည်။ လျှာ (သို့မဟုတ်) လည်ပင်းတွင်ဖြစ်ပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အမြန်ဆုံး ကုသမှုခံယူရန် အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဓာတ်မတည့်ဖောရောင်ခြင်းကို အမျိုးအစား (၄) မျိုးခွဲထားပြီး၊ ဖြစ်ပေါ်ရသော အကြောင်းရင်းများလည်း အမျိုးမျိုးရှိကြသည်။

  1. ဓာတ်မတည့်မှုကြောင့်ဖြစ်ခြင်း (Allergic Angioedema)
    အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အစားအစာများ [ပင်လယ်စာ (shellfish and fish)၊ မြေပဲ၊ ဥ ၊နို့ ၊ ဝတ်မှုန် (pollen)၊ တိရိစ္ဆာန်များမှ အမွှေးအမျှင်နှင့် အမှုန်အမွှားများ (animal dander)၊ ရာဘာ၊ အင်းဆက်အဆိပ်] တို့နှင့် ဓာတ်မတည့်မှုကြောင့် ဖြစ်ပွါးသည်။
  2. ဆေးများကြောင့်ဖြစ်ခြင်း (Drug-induced angioedema)
    အောက်ဖော်ပြပါ ဆေးများကြောင့် ဖြစ်နိုင်သည်။
    • ပင်နီစလင် (Penicillin)
    • အက်စ်ပရင် (Aspirin)
    • အကိုက်အခဲပျောက်ဆေး (NSAIDs – ibuprofen, naproxen)
    • သွေးပေါင်ကျဆေး (Angiotensin-converting enzyme inhibitors – ACEI)
  3. မျိုးရိုးလိုက်၍ ဖြစ်ခြင်း (Hereditary angioedema)
    ခန္ဓာကိုယ်မှ သွေးပရိုတင်းတစ်မျိုး (C1 esterase inhibitor) ကို လုံလောက်စွာ မထုတ်လုပ်နိုင်သောအခါ သွေးအတွင်းမှ အရည်များသည် တစ်ရှူးများအတွင်းသို့ ရောက်ရှိပြီး ရောင်ရမ်းလာရခြင်းဖြစ်သည်။ အသက် (၁၂) နှစ်မတိုင်မီ စတင်ဖြစ်ပေါ်လေ့ရှိပြီး မျိုးရိုးလိုက်တတ်သည်။
    ထိုသွေးပရိုတင်း (C1 esterase inhibitor) နည်းခြင်းသည် ကလေးဘဝတွင် မဖြစ်ဘဲ အသက် (၄၀) နောက်ပိုင်းမှ ဖြစ်ပေါ်လျှင် တစ်ဆင့်ခံဖြစ်ပေါ်သော ရောင်ရမ်းခြင်း (Acquired angioedema) ဟုခေါ်သည်။ ခုခံအားကျဆင်းမှုကြောင့် ဖြစ်ပေါ်လေ့ရှိပြီး မျိုးရိုးမလိုက်တတ်ပါ။
  4. အကြောင်းရင်းခံမသိဘဲ ဖြစ်ခြင်း (Idiopathic angioedema)
    တိကျသော အကြောင်းရင်းကိုမသိဘဲ ဖြစ်ပေါ်လာသော ရောင်ရမ်းခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများတွင် စိတ်ဖိစီးမှုများခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ပူလွန်း အေးလွန်းခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းတို့ ပါဝင်သည်။
    ဖြစ်နိုင်ခြေများသူများမှာ_
    • အင်ပြင်ထခြင်းဓာတ်မတည့်ခြင်း ဖြစ်လေ့ရှိသူများ၊ မိဘမျိုးရိုးတွင် အင်ပြင်ထခြင်း (သို့မဟုတ်) ဓာတ်မတည့်ဖောရောင်ခြင်းရှိသူများ
    • ဗိုင်းရပ်စ်ပိုးများ (အသည်း‌ရောင် အသားဝါ ပိုး၊ အိတ်ချ်အိုင်ဗွီပိုး)
    • ပြန်ရည်ကျိတ်ကင်ဆာ၊ သိုင်းရွိုက်ရောဂါ၊ အက်စ်လယ်အီး (SLE) ရောဂါရှိသူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ဓာတ်မတည့်ဖောရောင်ခြင်း၏ အောက်ဖော်ပြပါ ရောဂါလက္ခဏာများမှာ ရုတ်တရက် ဖြစ်ပေါ်လာပြီး နှစ်ရက်မှ သုံးရက်အထိ ကြာတတ်သည်။

  • မျက်နှာရောင်ရမ်းခြင်း (အထူးသဖြင့် မျက်လုံး ၊ နှုတ်ခမ်းနှင့် လျှာ)
Angioedema img1
  • အူမကြီးရောင်ရမ်းခြင်းကြောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း
  • လက်၊ ခြေထောက်နှင့် လိင်အင်္ဂါ ရောင်ရမ်းခြင်း
  • ပြင်းထန်သော ဓာတ်မတည့်မှု (Anaphylaxis) ကြောင့် သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း၊ သတိလစ်ခြင်း
  • လျှာနှင့် လည်ပင်းတို့တွင် ‌ရောင်ရမ်းခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ရှူကျပ်ခြင်း ဖြစ်ပေါ်စေသဖြင့် အသက်အန္တရာယ်ရှိနိုင်သည်။
‌ဆေးရုံ၊ ဆေးခန်းပြသခြင်း

အရေပြားအတွင်းလွှာ ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများမှာ ရက်အနည်းကြာသည်အထိ မသက်သာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်သည်။ တစ်ခုခုနှင့် ဓာတ်မတည့်၍ဖြစ်လျှင် ပြင်းထန်သော ဓာတ်မတည့်ခြင်း (Anaphylactic shock) ဖြစ်ပေါ် ပြီး အသက်သေဆုံးနိုင်သောကြောင့် ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပါက အ‌ရေးပေါ်ကုသရန် လိုအပ်သဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား‌ရောက် ကုသမှု ခံယူရမည်။

‌ရောဂါရှာဖွေခြင်း

ဖြစ်ပေါ်နေသော ‌ရောဂါလက္ခဏာများ၊ ဖြစ်ပေါ်စေသော အကြောင်းရင်းနှင့် မိသားစုမျိုးရိုးတွင် အလားတူဖြစ်ဖူးခြင်း ရှိမရှိ၊ သောက်နေသောဆေးများနှင့် ရောဂါရာဇဝင်များကို သေချာစွာ မေးမြန်းခြင်းဖြင့် အရေပြားအတွင်းလွှာ ရောင်ရမ်းခြင်းကို သိရှိနိုင်သည်။ အ‌‌ရေပြားအတွင်းလွှာ ရောင်ရမ်းခြင်း အမျိုးအစားကို သိရှိနိုင်ရန် အရေပြားကိုခြစ်၍ ဓာတ်မတည့်သည့်အရာများကို စစ်ဆေးရှာဖွေခြင်း (Skin prick test)၊ သွေးထဲတွင် ဓာတ်မတည့်စေသောအရာကို တိုက်ခိုက်သည့် ပဋိပစ္စည်း (antibodies) နှင့် သွေးပရိုတင်း (C1 esterase inhibitors) စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း

ပုံမှန်အားဖြင့် အရေပြားအတွင်းလွှာ ရောင်ရမ်းခြင်းမှာ ရက်အနည်းငယ်အတွင်း အလိုအလျှောက် သက်သာသွားလေ့ရှိသည်။ မသက်သာပါက အောက်ဖော်ပြပါ ဆေးများနှင့် ကုသမှုခံယူရန် လိုအပ်သည်။

  • အယားသက်သာဆေးများ (ဟစ်စ်တမင်းဆန့်ကျင်ဆေး – antihistamines)
  • ရောင်ရမ်းမှု ကို သက်သာစေသောဆေးများ (စတီးရွိုက်ဆေးများ)
  • ကိုယ်ခံအား နှိမ့်ချပေးသောဆေးများ (Immunosuppressants)
  • ရောဂါလက္ခဏာများကို သက်သာစေသော ဆေးများ (Leukotriene antagonists)
  • မျိုးရိုးလိုက်သော အရေပြားအတွင်းလွှာရောင်ရမ်းခြင်း အတွက် သွေးပရိုတင်း (C1 esterase inhibitors) နှင့် သွေးရည်ကြည်တို့ဖြင့် ကုသမှုခံယူနိုင်သည်။

ပြင်းထန်သော ဓာတ်မတည့်ခြင်း (Anaphylaxis) ဖြစ်ပေါ်လျှင် အ‌ရေးပေါ်အသက်ကယ်ထိုးဆေး (Injection epinephrine) ကို ချက်ချင်း လျင်မြန်စွာထိုးပေးရန် လိုအပ်သည်။ ရုတ်တရက် အသက်ရှူကျပ်ခြင်း အတွက် လိုအပ်လျှင် အသက်ရှူစက်တပ်ပေးခြင်း အစရှိသည့် ကုသမှုများ ပြုလုပ်နိုင်သည်။ မိမိသောက်နေသော ဆေးများကြောင့်ဖြစ်လျှင် ဆေးကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရမည်။ ဖြစ်ပေါ်စေသောဆေးများကို မှတ်သားထားပြီး ဆေးရုံ၊ ဆေးခန်းသွားတိုင်း ဆရာဝန်ကို အသိပေးရမည်။

ကာကွယ်ခြင်း

ဖြစ်ပေါ်စေသော အကြောင်းရင်း (မိမိနှင့်ဓာတ်မတည့်သော အစားအသောက်၊ ဆေးများနှင့် အခြားအရာများ) ကို သေချာစွာ မှတ်သားထားပြီး ‌ရှောင်ကြဥ်ခြင်းဖြင့် နောက်တစ်ကြိမ်ထပ်မဖြစ်စေရန် ကာကွယ်နိုင်သည်။ ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများသည် အရေးပေါ်သုံးရန် မိမိကိုယ်တိုင် (သို့မဟုတ်) ကလေးများတွင်မူ မိဘများက ခလုတ်နှိပ်၍ ထိုးပေးနိုင်သော epinephrine ထိုးဆေး (Epipen) မျိုးဆောင်ထားသင့်သည်။

References:

  1. Angioedema. (2024). Cleveland Clinic. Retrieved June 24, 2024, from https://my.clevelandclinic.org/health/diseases/22632-angioedema
  2. Silver, J. (2023). What Is Angioedema? WebMD. Retrieved June 24, 2024, from https://www.webmd.com/skin-problems-and-treatments/angioedema-overview
  3. Hives and angioedema – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 24, 2024, from https://www.mayoclinic.org/diseases-conditions/hives-and-angioedema/symptoms-causes/syc-20354908
  4. Brazier, Y. (2023). What is angioedema and how can you treat it? Retrieved June 24, 2024, from https://www.medicalnewstoday.com/articles/216095

Published: 30 August 2024

Last updated: 18 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.