ဆီးချိုရောဂါကြောင့် ဖြစ်သည့် ခြေထောက်အနာ (Diabetic foot) ဆိုသည်မှာ သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းသိမ်းနိုင်သည့် ဆီးချိုလူနာများတွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အာရုံကြောနှင့် သွေးကြောဆိုင်ရာ ပြဿနာများကြောင့် ခြေထောက်တွင် အနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆီးချိုရောဂါရှိသူများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး စောစီးစွာ ကုသမှုခံယူခြင်းသည် ပြင်းထန်သော ဆိုးကျိုးများကို ကာကွယ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (Diabetic neuropathy)
ဆီးချိုရောဂါကို ကောင်းစွာ မထိန်းနိုင်လျှင် အချိန်ကြာလာသောအခါ အာရုံကြောများ ထိခိုက် ပျက်စီးလာသည်။ ခြေထောက်တွင်ရှိသော အာရုံကြောများ ထိခိုက်ပျက်စီး၍ ပူခြင်း၊ အေးခြင်း၊ နာခြင်း အစရှိသော ခံစားမှုများ မသိရှိနိုင်ခြင်းကို ဆီးချိုကြောင့် ခံစားမှုအာရုံကြောထိခိုက်ခြင်း (Sensory diabetic neuropathy) ဟုခေါ်သည်။ ခြေထောက်တွင် ဒဏ်ရာရပါက ခံစားမှုကို မသိရှိခြင်းကြောင့် ထိုဒဏ်ရာမှာ ပိုဆိုးလာပြီး ရောဂါပိုးဝင်လာနိုင်သည်။ ကြွက်သားသို့သွားသော အာရုံကြောများလည်း ထိခိုက်သဖြင့် ခြေထောက်ရှိ ကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါ။
ဆီးချိုရောဂါကြောင့် သွေးကြောထိခိုက်ခြင်း (Peripheral vascular disease)
ဆီးချိုရောဂါကို ကောင်းစွာမထိန်းသိမ်းလျှင် သွေးစီးဆင်းမှုကိုလည်း ထိခိုက်စေနိုင်သည်။ သွေးစီးဆင်းမှု ကောင်းစွာမရလျှင် အနာကျက်ရန် အချိန်ကြာပြီး ခက်ခဲသည်။ ခြေထောက်တွင်ရှိသော သွေးစီးဆင်းမှု နည်းသွားသောကြောင့် ရောဂါပိုးဝင်လျှင် ဒဏ်ရာ ကောင်းစွာမကျက်တော့ဘဲ အနာများ (ulcers) (သို့မဟုတ်) တစ်ရှူးများသေဆုံးပြီး ပုပ်သွားခြင်း (gangrene) တို့ ဖြစ်ပေါ်လာသည်။
ရောဂါလက္ခဏာများ
ဆီးချိုကြောင့် အာရုံကြောထိခိုက်ပျက်စီးလျှင် ခြေထောက်တွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ နောက်ပိုင်းတွင် လက်များ၌လည်း ဖြစ်ပေါ်လာနိုင်သည်။
- ထုံကျဥ်ခြင်း
- နာခြင်း
- ကြွက်သားအားနည်းခြင်း
- ခြေထောက်ရှိ အဆစ်များ မကွေးနိုင်ခြင်း
- ခန္ဓာကိုယ် ဟန်ချက်ညီညီ မထိန်းနိုင်ခြင်း
- ခြေထောက်တွင် အနာများဖြစ်ခြင်း (အစောပိုင်းအနာများတွင် ခြေစွယ်များရောင်ခြင်း၊ တင်းကြပ်ကြပ်ခံစားရခြင်း၊ နာခြင်း၊ အရေပြားပျော့လာခြင်းတို့ ဖြစ်သည်)၊ နောက်ပိုင်းတွင် ရောဂါပိုးဝင်ခြင်း၊ ပုံသဏ္ဌန်ပျက်ခြင်း
- အရေပြားအရောင်ပြောင်းလဲခြင်း
အောက်တွင်ဖော်ပြထားသော ခြေထောက်ပြဿနာများသည် မည်သည့် ဆီးချိုရောဂါရှိသူများတွင်မဆို ဖြစ်ပါက ရောဂါပိုးဝင်ခြင်းနှင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ [ဥပမာ_ခြေထောက်ဖြတ်ရခြင်း (amputation)] ရှိနိုင်သည်။
- အရေပြား ကွဲအက်ခြောက်သွေ့ခြင်း (dry, cracked skin)
- ခြေထောက်နှင့်ခြေသည်းများတွင် မှိုပိုးဝင်ခြင်း (fungal infections like athlete’s foot and toenail fungus)
- ထိခိုက်ရှနာ၊ အနာများ၊ မီးလောင်ဒဏ်ရာနှင့် ရေကြည်ဖုများ ဖြစ်ပေါ်လျှင် အနာမကျက်ခြင်း
- ခြေစွယ်ငုပ်ခြင်း (Ingrown toenails)
- အသားမာများ (Corns and calluses)
- ခြေချောင်း ကွေးကောက်ပုံပျက်ခြင်း၊ နာကျင်ခြင်း (bunions and hammertoes)
နောက်ဆက်တွဲပြဿနာများ
အပြင်းထန်ဆုံး အဓိက နောက်ဆက်တွဲပြဿနာနှစ်ခုမှာ_
- ခြေထောက်ပုပ်ခြင်း (Gangrene)
ဆီးချိုအနာ ပိုးဝင်ခြင်းကို အချိန်မီစနစ်တကျ မကုသလျှင် ထိုနေရာရှိ တစ်ရှုးများ သေဆုံးပြီး ပုပ်သွားနိုင်သည်။ အရေပြားအရောင်သည် အနီ မှ အညို၊ ထိုမှ ခရမ်း (သို့မဟုတ်) အစိမ်းရောင်သို့ ပြောင်းလဲလာသည်။ နောက်ပိုင်းတွင် သွေးပုပ်များ၊ ပြည်များ ကျဆင်းလာနိုင်သည်။ အာရုံကြောထိခိုက်မှုကြောင့် နာကျင်ခြင်းကိုလည်း မသိနိုင်ပေ။ ခြေထောက်သည် အေးစက်လျက် ရှိနေနိုင်သည်။ ပိုးများ ပျံ့နှံ့သောအခါ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အန်ခြင်းများ ဖြစ်လာပြီး သွေးဆိပ်တက်ခြင်းပါ ဖြစ်လာနိုင်သဖြင့် အရေးပေါ် ခွဲစိတ်ဖြတ်တောက်ရခြင်းများ ပြုလုပ်ကြရသည်။ ထိုခြေထောက်ပုပ်ခြင်း (gangrene) သည် အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီမကုသလျှင် အသက်သေဆုံးနိုင်သည်။ - ခြေထောက်ပုံပျက်ခြင်း (Charcot foot)
ဆီးချိုကြောင့် အာရုံကြောထိခိုက်မှု၏ ရှားပါးသော နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သည်။ ခြေထောက်ရှိ အာရုံကြော ထိခိုက်မှုကြောင့် အရိုးများ အားနည်းသွားပြီး အလွယ်တကူ အရိုးကျိုးနိုင်ခြင်း၊ ကုသမှု မခံယူဘဲ လမ်းဆက်လျှောက်ခြင်းကြောင့် ခြေထောက်အဆစ်များ ပုံပျက်ခြင်း ဖြစ်လာသည်။ အစောပိုင်းရောဂါလက္ခဏာများအဖြစ် ခြေထောက်နာကျင်ခြင်း၊ နီရဲခြင်း (သို့မဟုတ်) ရောင်ခြင်း၊ ပူခြင်း၊ အရေပြား အရောင်ပြောင်းခြင်းများ ဖြစ်ပေါ်၍ နောက်ပိုင်းတွင် ထုံကျင်ရာမှ အာရုံခံနိုင်မှုမရှိသည်အထိ ဖြစ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အာရုံကြောထိခိုက်ပျက်စီးသည့် လက္ခဏာများ၊ ခြေထောက်အနာများရှိလာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ကုသရမည်။ လိုအပ်ပါက အထူးကုဆရာဝန်များနှင့် ဆွေးနွေးခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်နိုင်သည်။ အထက်တွင် ဖော်ပြထားသော ခြေထောက်ပုပ်ခြင်း (gangrene) ၏ ရောဂါလက္ခဏာများ ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှု ခံယူရမည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရာတွင် ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းခြင်း (အနာဖြစ်ပုံ ရောဂါရာဇဝင်အပြင် ဆီးချိုရောဂါ အခြေအနေနှင့် ကုသမှုများကို မေးမြန်းခြင်း)၊ ခြေထောက်ကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်သည်။ အနာရှိပါက ပိုးဝင်ခြင်းလက္ခဏာများဖြစ်သော ရောင်ခြင်း၊ ပူနွေးခြင်း၊ အရောင်ပြောင်းခြင်း၊ ပြည် (သို့မဟုတ်) အရည်များထွက်ခြင်း ရှိမရှိ သေချာစွာ စစ်ဆေးရမည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ အသားစယူခြင်း (Biopsy)၊ ပိုးမွေးခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
ဆီးချိုရောဂါကြောင့်ခြေထောက်ထိခိုက်မှုဖြစ်လျှင် မိမိဘာသာကုသရန် မကြိုးစားဘဲ ဆရာဝန်နှင့်တိုင်ပင်၍ ထိရောက်သော ကုသမှု ခံယူရမည်။ ဆီးချိုကြောင့် ခြေထောက်အနာမကြာခနဖြစ်ခြင်း၊ အနာပြင်းထန်ခြင်းဖြစ်ပါက ဆီးချိုကို သေချာထိန်းရန်၊ အနာကို ကုသရန်၊ လိုအပ်ပါက ခွဲစိတ်ရန် လိုအပ်သောကြောင့် ဆီးချိုအထူးကု၊ ခွဲစိတ်ဆရာဝန်၊ အရိုးအထူးကုဆရာဝန် စသဖြင့် အထူးကုဆရာဝန်များမှ စုပေါင်း၍ ညှိနှိုင်းကုသပေးမည်ဖြစ်သည်။ ခြေထောက်တွင် အနာရှိပါက ဆရာဝန်မှ
- အနာကို သန့်စင်ပေးခြင်း
- ပိုးဝင်နေသည့် မကောင်းသော၊ ပုပ်နေသော တစ်ရှူးများကို ဖယ်ရှားပေးခြင်း
- အနာပိုးဝင်ခြင်းမှ ကာကွယ်ရန် ပတ်တီးများအသုံးပြုခြင်း
- ပိုးသတ်ဆေး သောက်ဆေး၊ ထိုးဆေးများပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အနာကို နေ့စဥ် အိမ်တွင် သန့်ရှင်းအောင်ပြုလုပ်ပေးခြင်း၊ အနာရှိသော ခြေထောက်ကို မြှောက်ထားခြင်းနှင့် အနာကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် လိုအပ်သလို ဆရာဝန်နှင့် ရက်ချိန်း ပြန်ပြခြင်းတို့ကို ပြုလုပ်ရမည်။
ရောဂါပိုးဝင်ခြင်း အခြေအနေ ပြင်းထန်ပါက လိုအပ်လျှင် ဆေးရုံတက်၍ ကုသမှု ခံယူရမည်။ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ရောဂါပိုး ကူးစက်မှုကို တားဆီးနိုင်ရန် လိုအပ်လျှင် အသားပုပ်သည့် ခြေထောက်အစိတ်အပိုင်း ဖြတ်ထုတ်ခြင်း၊ ခြေထောက်တစ်ခုလုံးဖြတ်ခြင်း (amputation) တို့ကို ပြုလုပ်ရမည်။ စောစီးစွာ ကုသမှုခံယူခြင်းသည် ခြေထောက်ဖြတ်၍ ကုသရခြင်းကို လျှော့ချပေးနိုင်သည်။ မိသားစုအဖွဲ့ဝင်များ၏ နားလည်မှုနှင့် ကူညီစောင့်ရှောက်ပေးမှုသည်လည်း ကုသမှုအောင်မြင်ရေးအတွက် အရေးကြီးသည်။
ကာကွယ်ခြင်း
ဆီးချိုရောဂါကြောင့်ဖြစ်သော ခြေထောက်ထိခိုက်မှုများကို ကာကွယ်ရန် အရေးအကြီးဆုံးအချက်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပြီး ဆီးချိုရောဂါကို ထိရောက်စွာ ကုသမှုခံယူခြင်းပင်ဖြစ်သည်။ ထို့အပြင် အောက်ပါအချက်များကို ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
- ခြေထောက်ကို နေ့စဥ် ကြည့်ရှု စစ်ဆေးပါ၊ အထူးသဖြင့် ခြေချောင်းများကြားတွင် အနာရှိခြင်း၊ စိုနေခြင်း ရှိမရှိကို ဂရုတစိုက် စစ်ဆေးရန်လိုသည်
- ခြေစွယ်ငုပ်ခြင်းကို ကာကွယ်ရန် ခြေသည်းကို သတိထား၍ သေချာညှပ်ပါ
- အရမ်းကြပ်သော ခြေအိတ်နှင့် ဖိနပ်များကို မဝတ်ပါနှင့်၊ ဆီးချိုသမားများအတွက် သီးသန့်ပြုလုပ်ထားသော ဖိနပ်ကို စီးခြင်းဖြင့် အနာဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည်၊ ဖိနပ်ရွေးချယ်ရာတွင် ခြေဖဝါးတစ်ခုလုံးလုံစေပြီး ခြေချောင်းများအပေါ် ဖိအားမရှိစေသော ကွင်းထိုးဖိနပ်ပုံစံကို ရွေးပါ၊ ဖိနပ်အသစ်ကို စတင်စီးသည့်နေ့တွင် တစ်နေ့ (၁) နာရီခန့်သာ အစမ်းစီးကြည့်ပါ၊ သက်သောင့်သက်သာရှိမှသာ နေ့စဉ်အသုံးပြုပါ
- ခြေထောက်ကို ပူလွန်း၊ အေးလွန်းသော အပူချိန်မှ ကာကွယ်ပါ
- ခြေထောက်သို့ သွေးစီးဆင်းမှုကို ထိန်းသိမ်းနိုင်ရန် ထိုင်သည့်အခါ ခြေထောက်ကို မြှင့်ထားပါ
- တက်တက်ကြွကြွနေပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းများ ပြုလုပ်ပါ
- ခြေထောက်ကို ရေနွေးဖြင့် နေ့စဥ် သန့်ရှင်းရေးပြုလုပ်ပါ
- ခြေထောက် အပေါ်နှင့်အောက်ကို အလှဆီ (lotion) လိမ်းပါ (ခြေချောင်းများကြားတွင် မလိမ်းရ)
- ဆရာဝန်နှင့် ခြေထောက်စစ်ဆေးစမ်းသပ်မှုကို တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးပါ
- အသားမာများကို မိမိဘာသာ ညပ်ပစ်ခြင်း၊ ဆေးရည်ဖြင့် ပွတ်တိုက်ခြင်းတို့ မလုပ်ဘဲ ဆရာဝန်နှင့် တိုင်ပင်ပါ
- ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းမှ ရှောင်ကြဥ်ပါ
- ဆေးလိပ်ဖြတ်ပါ
ဆက်လက်ဖတ်ရှုရန်
- ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
- ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
- ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
- ဆီးချိုရောဂါတွင်အသုံးပြုသောထိုးဆေးကုထုံးများ
- ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
- အမျိုးအစား ၁ ဆီးချို (ကလေးဆီးချိုရောဂါ)
- ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ
- မကူးစက်နိုင်သော နာတာရှည်ရောဂါများ
References:
- WebMD. (n.d.). Diabetic foot problems: Symptoms, treatment, and care. WebMD. Retrieved June 9, 2025, from https://www.webmd.com/diabetes/foot-problems
- Cleveland Clinic. (n.d.). Diabetes‑related foot conditions. Cleveland Clinic. Retrieved June 9, 2025, from https://my.clevelandclinic.org/health/diseases/21510-diabetic-feet
- Xu, B., Song, X., & Weng, Y. (2023). A multidisciplinary team approach for diabetic foot ulcer: A case study. Advances in Skin & Wound Care, 36(4), 1–4. https://doi.org/10.1097/01.ASW.0000920512.88426.90
- Ministry of Health (Saudi Arabia). (n.d.). Diabetes-related diseases. Ministry of Health. Retrieved June 9, 2025, from https://www.moh.gov.sa/en/HealthAwareness/EducationalContent/Diseases/diabetic/Pages/default.aspx
- Centers for Disease Control and Prevention. (2024). Your feet and diabetes. CDC. Retrieved June 9, 2025, from https://www.cdc.gov/diabetes/diabetes-complications/diabetes-and-your-feet.html
- HOPE Vascular & Podiatry. (2024). How to choose shoes if you have diabetic foot. HOPE Vascular & Podiatry. Retrieved June 9, 2025, from https://hcic.io/how-to-choose-shoes-if-you-have-diabetic-foot/
Published: 30 August 2024
Last updated: 16 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.