သွေးပြန်ကြောများထဲတွင် သွေးခဲခြင်း (သို့မဟုတ်) သွေးခဲဖြင့် ပိတ်ခြင်းကို Deep Vein Thrombosis ဟုခေါ်သည်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောများတွင် အဖြစ်များသည်။ ခြေထောက် သွေးပြန်ကြောများပိတ်လျှင် ခြေထောက်ဖောရောင်ခြင်း၊ နာကျင်ခြင်းစသည့်လက္ခဏာများ ပြသနိုင်သကဲ့သို့ မည်သည့်လက္ခဏာမှမပြဘဲ သွေးခဲပိတ်နေခြင်းမျိုးလည်း ရှိတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးပြန်ကြောများ၏ အတွင်းနံရံနှင့် သွေးစီးဆင်းမှုများ မူမမှန်ခြင်း သို့မဟုတ် သွေးအတွင်းရှိ ဓာတ်ပစ္စည်း အပြောင်းအလဲများကြောင့် အဓိကဖြစ်ပွါးသည်။ အဓိကအားဖြင့် သွေးပြန်ကြောများကို ဒဏ်ဖြစ်စေသော အခြေအနေများနှင့် သွေးပြန်ကြောအတွင်းရှိ သွေးများ နှလုံးဆီသို့ ကောင်းစွာမစီးဆင်းမှုတို့ကြောင့် သွေးပြန်ကြောထဲတွင် သွေးများခဲလာနိုင်သည်။ ဥပမာ_
- ခွဲစိတ်ကုသမှု ခံယူပြီးချိန်
- နာတာရှည် နာမကျန်းဖြစ်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် အိပ်ရာပေါ်တွင် အချိန်ကြာမြင့်စွာ လှဲနေရသူများ
- လေယာဥ် အချိန်ကြာမြင့်စွာစီးသူများတွင် ခြေထောက်မလှုပ်ရှားသဖြင့် ခြေထောက်တွင် သွေးခဲခြင်း စသည်တို့ဖြစ်သည်။
အောက်ပါအခြေအနေများသည် ခြေထောက်သွေးခဲပိတ်ခြင်းကို ပိုမိုဖြစ်ပွါးစေနိုင်သော အခြေအနေများဖြစ်သည်။
- မွေးရာပါ သွေးပျစ်သည့်ရောဂါရှိခြင်း
- ကင်ဆာရောဂါရှိသူ
- ကင်ဆာ ဆေးသွင်းနေရသူများ
- မိသားစုထဲတွင် ခြေထောက်သွေးပြန်ကြောပိတ်ဖူးသူရှိခြင်း
- ခြေထောက်သွေးပြန်ကြောထဲတွင် သွေးစီးဆင်းမှု မကောင်းသူများ (ဥပမာ_ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကိုယ်ခန္ဓာမလှုပ်ရှားခြင်း)
- ကိုယ်ဝန်ဆောင်ခြင်း
- ကလေးမွေးဖွားပြီးခါစအချိန်
- ကိုယ်ဝန်တားဆေးများ (သို့မဟုတ်) ဟော်မုန်းဆေးများ သောက်သုံးနေခြင်း
- အဝလွန်ခြင်း
- သွေးကြောရောင်ရောဂါ
- ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း
- ခြေထောက်သွေးကြောဖောင်းရောဂါ
- သွေးပြန်ကြောထဲ ပိုက်ထည့်ထားရသူများ
- နှလုံးနှိုးစက်တပ်ထားရသူများ
- နှလုံးအမောဖောက်ခြင်းရှိသူများ (Heart Failure)
- ကိုဗစ်ရောဂါဖြစ်သူများ စသည်တို့တွင် ခြေထောက်သွေးခဲပိတ်ခြင်း ပိုမိုဖြစ်ပွါးနိုင်သည်။
သွေးပြန်ကြော သွေးခဲပိတ်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး၊ အသက် (၆၀) ကျော်လျှင် အဖြစ်များသည်။
ရောဂါလက္ခဏာများ
ခြေထောက်သွေးကြောသွေးခဲပိတ်လျှင်
- ခြေထောက်ဖောရောင်ခြင်း (ရုတ်တရက် ဖြစ်ပေါ်လေ့ရှိသည်)
- ခြေသလုံးကြွက်သားများမှစ၍ ကြွက်တက်သလို အောင့်သလို ဖြစ်လာခြင်း
- ခြေထောက်နာကျင်ခြင်း (အထူးသဖြင့် မတ်တတ်ရပ်နေချိန်၊ လမ်းလျှောက်နေချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်)
- ခြေထောက်အရေပြား အရောင်ပြောင်းခြင်း (အသားအရောင်ပေါ် မူတည်၍ နီလာခြင်း၊ ပြာနှမ်းသွားခြင်း)
- ဖြစ်သောဘက်တွင် ပိုမိုပူနွေးလာခြင်း စသည်တို့ ဖြစ်နိုင်သည်။
အချို့လူနာများတွင် သွေးပြန်ကြောသွေးခဲပိတ်ခြင်းရှိသော်လည်း မည်သည့်လက္ခဏာမျှ မပြဘဲလည်းရှိတတ်သည်။
နောက်ဆက်တွဲပြဿနာများ
- ခြေထောက်သွေးပြန်ကြောတွင် ပိတ်နေသော သွေးခဲပမာဏ၊ ပိတ်သည့်သွေးပြန်ကြော၏ အရှည် (အလျား)၊ အရေအတွက်နှင့် သွေးစီးဆင်းမှုအခြေအနေပေါ် မူတည်၍ ခြေထောက်ပုပ်သိုးခြင်း (Venous gangrene)
- ခြေထောက်သွေးပြန်ကြောတွင် ပိတ်နေသောသွေးခဲတွင် ဘက်တီးရီးယားပိုးဝင်ခြင်း (Septic DVT)
- ခြေထောက်သွေးပြန်ကြောတွင် ပိတ်နေသောသွေးခဲသည် ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောများ တွင် ပိတ်ဆို့ပါက
- ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ မောခြင်း
- ရင်ဘတ်အောင့်ခြင်း (အသက်ပြင်းပြင်းရှူသောအခါ၊ ချောင်းဆိုးသောအခါတွင် ပိုဆိုးတတ်သည်)
- မူးကနဲ၊ မိုက်ကနဲ ဖြစ်ခြင်း
- သတိလစ်ခြင်း
- အသက်ရှူမြန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- ချောင်းဆိုးသွေးပါခြင်း စသည်တို့ ခံစားရနိုင်သည်။
ဤအခြေအနေများသည် အသက်အန္တရာယ်ရှိသောကြောင့် ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်။ အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်မည်ဖြစ်သည်။
- သွေးစစ်ခြင်း
သွေးထဲတွင် D-dimer ဓာတ်ပစ္စည်းကို စစ်ဆေးလေ့ရှိပြီး ၎င်းဓာတ်မြင့်မားမှုကို မတွေ့ရှိပါက သွေးကြောပိတ်ခြင်း ဖြစ်နိုင်ခြေ နည်းသည်ဟု သတ်မှတ်သည်။ - သွေးပြန်ကြော အာထရာဆောင်း ရိုက်ခြင်း (Duplex Venous Ultrasound)
သွေးခဲ ရှိမရှိ သိရှိနိုင်သော၊ အသုံးအများဆုံးသော စစ်ဆေးမှုဖြစ်သည်။ အာထရာဆောင်း အသံလှိုင်းကိုအသုံးပြု၍ သွေးပြန်ကြောထဲတွင် သွေးစီးဆင်းမှုအခြေအနေနှင့် သွေးခဲများ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ ၎င်းအာထရာဆောင်းရိုက်ခြင်းဖြင့် သွေးခဲ ပိတ်မပိတ် မသေချာလျှင် နောက်ဆက်တွဲစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရမည်။ - သွေးပြန်ကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Magnetic Resonance Venography)
သံလိုက်ဓာတ်မှန်ကို ခန္ဓာကိုယ်အတွင်းရှိ ကလီစာများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ သွေးပြန်ကြောများ၏ ပုံရိပ်ကို တိကျစွာ ရိုက်ကူးနိုင်သည့်အတွက် အာထရာဆောင်းထက် ပိုမိုကောင်းမွန်သည်။ - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
X-ray ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများ၏ ပုံရိပ်ကို စစ်ဆေးခြင်းဖြစ်သည်။ ခြေထောက်၊ ဦးနှောက်၊ အဆုတ်၊ ဝမ်းဗိုက်တွင်းရှိ သွေးပြန်ကြောများပိတ်ခြင်း ရှိမရှိ စစ်ဆေးနိုင်သည်။
အခြားမွေးရာပါရောဂါများ၊ သွေးခဲစေသော ရောဂါများ ရှိမရှိ စစ်ဆေးရန် လိုအပ်ပါက သက်ဆိုင်ရာ သွေးဖောက်စစ်ဆေးမည်ဖြစ်သည်။
ကုသခြင်း
အကောင်းဆုံးကုထုံးသည် သွေးကြောမပိတ်စေရန် ကာကွယ်ခြင်းသာဖြစ်သည်။ ဖြစ်ပွါးလာပါက အချို့လူနာများကို ဆေးရုံတင်ကုသရန် လိုအပ်နိုင်သည်။ အချို့လူနာများကိုမူ ပြင်ပလူနာအနေဖြင့် ကုသနိုင်သည်။ ဖြစ်သည့်ဘက် ခြေထောက်ကို မြှောက်ထားရမည်။ ရေဓာတ်ပြည့်ဝစွာ သောက်သုံးရန် အရေးကြီးသည်။
ကုထုံးများ၏ အဓိကရည်ရွယ်ချက်များမှာ_
- ပိတ်နေသော သွေးခဲများ ပိုမကြီးလာစေရန်
- ပိတ်နေသော သွေးကြောများ ပိုမများလာစေရန်
- နောက်ထပ်သွေးခဲများ ထပ်မဖြစ်စေရန်
- သွေးခဲပိတ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် စသည်တို့ ဖြစ်သည်။
ကုထုံးများမှာ_
- သွေးမခဲဆေးများ သောက်ခြင်း၊ ထိုးခြင်း
- မကြာခဏပြန်ဖြစ်လေ့ရှိသော သွေးကြောပိတ်ရောဂါအမျိုးအစားများနှင့် သွေးမခဲဆေး၊ သွေးကျဲဆေးများဖြင့် ကုသရန် မသင့်တော်သော လူနာများတွင် သွေးပြန်ကြောမကြီးအတွင်း သွေးခဲစကာစစ်ထည့်ခြင်း (Inferior vena cava filter)
- ပြင်းထန်သော သွေးကြောပိတ်ခြင်းအတွက် သွေးပြန်ကြောအတွင်း ပြွန်ထည့်၍ ဆေးဖြင့် သွေးခဲဖျော်ခြင်း သို့မဟုတ် သွေးခဲထုတ်ယူကုသခြင်းများ (Catheter-based procedures)
- ထောက်ကူပြုခြေအိတ်ကြပ် ဝတ်ခြင်း (Compression Stocking)
- ခြေထောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည်တို့ ဖြစ်သည်။
သွေးမခဲဆေးများနှင့် ပတ်သက်၍ မှတ်သားထားရမည့် အရေးကြီးသောအချက်များ
- ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း တိကျစွာ ဆေးသောက်ပါ
- ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း လိုအပ်သည့် သွေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပါ
- ရက်ချိန်းပုံမှန်ပြသပါ
- ဆရာဝန်မှ ဆေးရပ်ရန် မညွှန်ကြားဘဲ မိမိဘာသာ ဆေးမရပ်ပါနှင့်
ကာကွယ်ခြင်း
- ခြေထောက်လှုပ်ရှားပါ
- အခြားရောဂါများကြောင့် ဆေးရုံတက်နေချိန်၊ ခွဲစိတ်ကုသမှုခံယူပြီးချိန် စသည့်အချိန်များတွင် လုံလောက်သောလှုပ်ရှားမှုပြုလျှင် ခြေထောက်သွေးခဲနိုင်ခြေ နည်းစေသည်၊ အချိန်ကြာမြင့်စွာ ထိုင်ရသည့် ခရီးများထွက်သည့်အခါ မကြာခဏ မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်ပေးရမည်။
- ခြေထောက်များကို နှိပ်နယ်ခြင်း မပြုရ
- ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကို ရှောင်ပါ
- ဆေးရွက်ကြီးထွက်ပစ္စည်းများသည် သွေးကြောနံရံများကို မာကျောစေပြီး၊ ထိခိုက်စေသဖြင့် သွေးကြောပိတ်ခြင်းကို ပိုမိုဖြစ်စေသည်
- ကိုယ်အလေးချိန်ထိန်းပါ
- ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်သည်
ဆက်လက်ဖတ်ရှုရန်
References:
- Centers for Disease Control and Prevention. (2025). About venous thromboembolism (blood clots). CDC. Retrieved June 9, 2025, from https://www.cdc.gov/blood-clots/about/?CDC_AAref_Val=https://www.cdc.gov/ncbddd/dvt/facts.html
- Cleveland Clinic. (n.d.). Deep vein thrombosis (DVT). Cleveland Clinic Health Library. Retrieved June 9, 2025, from https://my.clevelandclinic.org/health/diseases/16911-deep-vein-thrombosis-dvt#prevention
- Mayo Clinic. (n.d.). Deep vein thrombosis (DVT) – Symptoms and causes. Mayo Clinic. Retrieved June 9, 2025, from https://www.mayoclinic.org/diseases-conditions/deep-vein-thrombosis/symptoms-causes/syc-20352557
Published: 30 August 2024
Last updated: 6 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.