အီလီဇာရော့ဗ်နည်းဖြင့် အရိုးပြန်လည်တည်ဆောက်ကုသခြင်း (Ilizarov Reconstruction) ဆိုသည်မှာ အထူးပြုလုပ်ထားသော စက်ဝိုင်းပုံ ပြင်ပအရိုးထိန်းကိရိယာ (Ilizarov apparatus) ကို အသုံးပြု၍ ခြေ၊ လက်အရိုးမဆက်ခြင်း၊ အရိုးပိုးဝင်ခြင်း၊ အရိုးချို့ယွင်းပျောက်ဆုံးခြင်း၊ အရိုးပုံသဏ္ဌာန်မမှန်ခြင်းနှင့် ခြေလက်အရှည်မညီခြင်း စသည့် ရှုပ်ထွေးသော အရိုးပြဿနာများကို ပြန်လည်တည်ဆောက်ကုသသည့် နည်းလမ်းဖြစ်သည်။
ဤနည်းလမ်းတွင် အရိုးအတွင်းသို့ ထည့်သွင်းထားသော တင်းအားပေးဝါယာကြိုးများ (Tensioned wires) သို့မဟုတ် သတ္တုချောင်းများ (Pins/half-pins) ကို ခြေလက်၏ အရေပြားအပြင်ဘက်ရှိ သတ္တုကွင်းများနှင့် ဆက်သွယ်ထားသည်။ သတ္တုကွင်းများကို ချိန်ညှိနိုင်သော သတ္တုချောင်းများဖြင့် အချင်းချင်းဆက်သွယ်ထားပြီး အရိုးကို သင့်လျော်သောအနေအထားတွင် တည်ငြိမ်အောင် ထိန်းထားနိုင်သည့်အပြင် ကုသမှုရည်ရွယ်ချက်အလိုက် အရိုးကို ဖိအားပေးခြင်း၊ တဖြည်းဖြည်းခွာခြင်း၊ ရွှေ့ခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပြုပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အသုံးပြုသည့် သတ္တုကွင်း၊ ဝါယာကြိုးနှင့် သတ္တုချောင်းအရေအတွက်နှင့် တပ်ဆင်ပုံသည် လူနာတစ်ဦးချင်းစီ၏ ရောဂါအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။
ကုသမှု၏ အခြေခံသဘောတရား
အီလီဇာရော့ဗ်နည်း၏ အရေးကြီးသော အခြေခံသဘောတရားမှာ အရိုးနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးများ ပြန်လည်ဖြစ်ပေါ်နိုင်သော ခန္ဓာကိုယ်၏ သဘာဝစွမ်းရည်ကို အသုံးချခြင်းဖြစ်သည်။
အရိုးရှည်စေရန်၊ အရိုးချို့ယွင်းနေသောနေရာကို ပြန်လည်ဖြည့်တင်းရန် သို့မဟုတ် အရိုးပုံသဏ္ဌာန်မမှန်မှုကို ပြုပြင်ရန်လိုအပ်ပါက အရိုးကို သတ်မှတ်ထားသောနေရာ၌ ခွဲစိတ်ဖြတ်တောက်ပြီး အနာကျက်ခြင်း စတင်လာသည့်အချိန်တွင် အရိုးနှစ်ဖက်ကို ကိရိယာဖြင့် ထိန်းချုပ်ထားသောနှုန်းအတိုင်း တဖြည်းဖြည်း ခွာပေးနိုင်သည်။ ဤဖြစ်စဉ်ကို အရိုးဆွဲဆန့်၍ အရိုးအသစ်ဖြစ်ပေါ်စေခြင်း (Distraction osteogenesis) ဟုခေါ်ပြီး ခွာပေးထားသော အရိုးနှစ်ဖက်ကြားတွင် အရိုးအသစ် တဖြည်းဖြည်းဖြစ်ပေါ်လာစေသည်။
အရိုးချို့ယွင်းပျောက်ဆုံးသည့်နေရာ ကြီးမားပါက ဖြတ်တောက်ထားသော အရိုးအစိတ်အပိုင်းတစ်ခုကို ကိရိယာဖြင့် တဖြည်းဖြည်း ရွှေ့ပေး၍ အရိုးချို့ယွင်းနေရာကို ဖြည့်တင်းသည့် အရိုးရွှေ့သယ်ခြင်း (Bone transport) နည်းလမ်းကိုလည်း အသုံးပြုနိုင်သည်။ အရိုးမဆက်ခြင်းကို ကုသရာတွင်မူ မဆက်သည့် အရိုးစွန်းနှစ်ဖက်ကို သင့်လျော်သော ဖိအားပေး၍ တည်ငြိမ်အောင် ထိန်းထားခြင်းဖြင့် အရိုးဆက်မှုကို အားပေးနိုင်သည်။
ထိုနည်းလမ်းများဖြင့် အရိုးချို့ယွင်းနေရာကို ပြန်လည်ဖြည့်တင်းခြင်း၊ ခြေလက်အရှည်ညီမျှစေခြင်း၊ အရိုးကွေးခြင်းနှင့် လိမ်ခြင်းတို့ကို တဖြည်းဖြည်းပြုပြင်ခြင်းနှင့် ခြေလက်၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေခြင်းတို့ ပြုလုပ်နိုင်သည်။
အသုံးပြုနိုင်သော ရောဂါအခြေအနေများ
အီလီဇာရော့ဗ်နည်းဖြင့် အရိုးပြန်လည်တည်ဆောက်ကုသခြင်းကို အောက်ပါအခြေအနေများတွင် အသုံးပြုနိုင်သည်။
- အရိုးမဆက်ခြင်း (Non-union) — အရိုးကျိုးပြီး မျှော်မှန်းထားသည့်ကာလအတွင်း ပြန်လည်မဆက်ခြင်း
- ပိုးဝင်ထားသော အရိုးမဆက်ခြင်း (Infected non-union) — အရိုးနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးများတွင် ပိုးဝင်ခြင်းနှင့်အတူ အရိုးမဆက်ခြင်း
- အရိုးချို့ယွင်းပျောက်ဆုံးခြင်း (Bone defect/Bone loss) — ပြင်းထန်သောထိခိုက်ဒဏ်ရာ၊ အရိုးပိုးဝင်ခြင်း သို့မဟုတ် ပျက်စီးနေသောအရိုးအစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားရခြင်းကြောင့် အရိုးတစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေခြင်း
- အရိုးနေရာလွဲ၍ ဆက်ခြင်း (Malunion) — အရိုးကျိုးပြီးနောက် ပုံသဏ္ဌာန် သို့မဟုတ် အနေအထားမမှန်ဘဲ ပြန်လည်ဆက်သွားခြင်း
- အရိုးနှင့် ခြေလက်ပုံသဏ္ဌာန်မမှန်ခြင်း (Limb deformity) — မွေးရာပါ၊ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ သို့မဟုတ် နောက်ပိုင်းဖြစ်ပေါ်လာသော အရိုးကွေးခြင်း၊ လိမ်ခြင်း သို့မဟုတ် အဆစ်အနေအထားမမှန်ခြင်း
- ခြေလက်အရှည်မညီခြင်း (Limb length discrepancy) — ခြေထောက် သို့မဟုတ် လက်တစ်ဖက်တိုနေခြင်းကြောင့် အရိုးရှည်စေရန် လိုအပ်ခြင်း
- ရှုပ်ရှုပ်ထွေးထွေး အရိုးကျိုးခြင်းများ (Complex fractures) — ပြင်းထန်သောအရိုးကျိုးခြင်း၊ အရေပြားနှင့် တစ်ရှူးများ ထိခိုက်ပျက်စီးခြင်း သို့မဟုတ် အခြားအရိုးတည်ငြိမ်စေသည့်နည်းလမ်းများ အသုံးပြုရန် ခက်ခဲခြင်း
လူနာတိုင်းအတွက် အီလီဇာရော့ဗ်နည်း လိုအပ်သည်မဟုတ်ဘဲ ရောဂါအခြေအနေ၊ အရိုးနှင့် တစ်ရှူးပျက်စီးမှုပမာဏ၊ ပိုးဝင်ခြင်းရှိမရှိ၊ အခြားကုသမှုနည်းလမ်းများနှင့် လူနာ၏ ကျန်းမာရေး အခြေအနေတို့ကို သုံးသပ်ပြီး အရိုးခွဲစိတ်အထူးကုဆရာဝန်မှ သင့်တော်သည့် ကုသမှုနည်းလမ်းကို ရွေးချယ်ပေးမည်ဖြစ်သည်။
ခွဲစိတ်မှုမပြုလုပ်မီ ကြိုတင်ပြင်ဆင်ခြင်း
ခွဲစိတ်မှုမပြုလုပ်မီ လူနာ၏ ရောဂါရာဇဝင်၊ ယခင်ခွဲစိတ်ကုသမှုများ၊ လက်ရှိသောက်သုံးနေသောဆေးဝါးများ၊ ဆေးလိပ်သောက်ခြင်းနှင့် အထွေထွေကျန်းမာရေးအခြေအနေတို့ကို အသေးစိတ်မေးမြန်းမည်ဖြစ်သည်။ ထိခိုက်နေသော ခြေ၊ လက်၏ အရိုးပုံသဏ္ဌာန်၊ အရိုးအရှည်၊ အဆစ်လှုပ်ရှားနိုင်မှု၊ အရေပြားနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးအခြေအနေ၊ သွေးလည်ပတ်မှုနှင့် အာရုံကြောလုပ်ဆောင်မှုတို့ကိုလည်း စစ်ဆေးမည်ဖြစ်သည်။
အရိုး၏ အနေအထားနှင့် ပျက်စီးမှုပမာဏကို သတ်မှတ်ရန် ဓာတ်မှန်ရိုက်ကူးမည်ဖြစ်ပြီး လိုအပ်ပါက ခြေလက်တစ်ခုလုံး၏ ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် အခြားသင့်လျော်သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ ထို့ပြင် ခွဲစိတ်မှုနှင့် မေ့ဆေးအတွက် သင့်တော်မှုရှိမရှိ စစ်ဆေးရန် သွေးစစ်ဆေးမှုများနှင့် အခြားလိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
အရိုးပိုးဝင်ခြင်းရှိပါက ပိုးဝင်နေသောအရိုးနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးများ၏ အခြေအနေကို စစ်ဆေးရမည်။ လိုအပ်ပါက သွေးစစ်ဆေးခြင်း၊ အနာမှထွက်သောအရည်ကို ပိုးမွေးမြူစစ်ဆေးခြင်းနှင့် ခွဲစိတ်စဉ်ရယူသော အရိုး သို့မဟုတ် တစ်ရှူးနမူနာများကို ဓာတ်ခွဲခန်း၌ စစ်ဆေးခြင်းတို့ဖြင့် ရောဂါပိုးအမျိုးအစားနှင့် သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးကုသမှုကို သတ်မှတ်နိုင်သည်။
ခွဲစိတ်မှု၏ ရည်ရွယ်ချက်၊ အသုံးပြုမည့်ကိရိယာပုံစံ၊ ခန့်မှန်းကုသမှုကြာချိန်၊ သတ္တုကွင်းတပ်ဆင်ထားစဉ် နေထိုင်ပုံ၊ ဝါယာကြိုးနှင့် သတ္တုချောင်းများ အရေပြားကို ဖောက်ဝင်ထားသောနေရာများအား စောင့်ရှောက်ပုံ၊ ကိရိယာချိန်ညှိပုံ၊ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို လူနာနှင့် မိသားစုအား ကြိုတင်ရှင်းပြထားရန် လိုအပ်သည်။
ဤကုသမှုသည် လပေါင်းများစွာကြာမြင့်နိုင်ပြီး ပုံမှန်ပြန်လည်ပြသခြင်း၊ နေ့စဉ်ကိရိယာနှင့် ဝါယာကြိုးထိုးသွင်းထားသောနေရာများကို ပြုစုစောင့်ရှောက်မှုပေးခြင်း၊ ကိရိယာချိန်ညှိခြင်းနှင့် ကာယကုထုံး ပြုလုပ်ခြင်းတို့ လိုအပ်နိုင်သည်။ ထို့ကြောင့် လူနာနှင့် မိသားစု၏ နားလည်မှု၊ စိတ်ရှည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကုသမှုအောင်မြင်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် အရိုးဆက်မှုနှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သောကြောင့် ဆေးလိပ်ဖြတ်ရန်လည်း အကြံပြုသည်။
ခွဲစိတ်ပုံအဆင့်ဆင့်
အီလီဇာရော့ဗ်နည်းဖြင့် ခွဲစိတ်ကုသပုံသည် ရောဂါအခြေအနေနှင့် ကုသမှုရည်ရွယ်ချက်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။ ယေဘုယျအားဖြင့် အောက်ပါအဆင့်များ ပါဝင်နိုင်သည်။
- မေ့ဆေး သို့မဟုတ် ထုံဆေးပေးခြင်း
လူနာ၏အသက်၊ ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မည့်နေရာနှင့် ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်၍ သင့်လျော်သော မေ့ဆေး သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ထုံစေသောဆေးပေးခြင်း ပြုလုပ်သည်။ - အရိုးနှင့် ပျက်စီးနေသောတစ်ရှူးများကို ပြင်ဆင်ခြင်း
ပိုးဝင်နေသော သို့မဟုတ် ပျက်စီးသေဆုံးနေသော အရိုးနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးများရှိပါက ကျန်းမာသောတစ်ရှူးကျန်ရှိသည်အထိ ဖယ်ရှားသန့်စင်ခြင်း (Debridement) ပြုလုပ်နိုင်သည်။ အရိုးပုံသဏ္ဌာန်ပြုပြင်ခြင်း သို့မဟုတ် အရိုးရှည်စေခြင်းလိုအပ်ပါက သတ်မှတ်ထားသောနေရာတွင် အရိုးကို ထိန်းချုပ်၍ ဖြတ်တောက်ခြင်း ပြုလုပ်နိုင်သည်။ ပုံသဏ္ဌာန်မမှန်မှုအချို့ကို ခွဲစိတ်ချိန်တွင် ချက်ချင်းပြုပြင်နိုင်သော်လည်း အချို့ကို ခွဲစိတ်ပြီးနောက် ကိရိယာကို တဖြည်းဖြည်းချိန်ညှိခြင်းဖြင့် ပြုပြင်ရသည်။ - အီလီဇာရော့ဗ်ကိရိယာ တပ်ဆင်ခြင်း
- တင်းအားပေးဝါယာကြိုးများ (Tensioned wires) သို့မဟုတ် သတ္တုချောင်းများ (Pins/half-pins) ကို အရိုးအတွင်းသို့ သတ်မှတ်ထားသောနေရာများမှ ထည့်သွင်းပြီး ခြေ၊ လက်၏ အရေပြားအပြင်ဘက်ရှိ သတ္တုကွင်းများနှင့် ချိတ်ဆက်ကာ အရိုးကို သင့်လျော်သောအနေအထားတွင် တည်ငြိမ်စေသည်
- ကုသမှုရည်ရွယ်ချက်ဖြစ်သော အရိုးမဆက်သည့်နေရာကို ဖိအားပေး၍ ပြန်ဆက်စေခြင်း၊ အရိုးရှည်စေခြင်း၊ အရိုးချို့ယွင်းနေရာကို အရိုးရွှေ့သယ်ခြင်းဖြင့် ဖြည့်တင်းခြင်း သို့မဟုတ် အရိုးကောက်ကွေးမှုကို တဖြည်းဖြည်းပြုပြင်ခြင်းတို့အပေါ် မူတည်၍ ကိရိယာကို တစ်ဦးချင်းလိုအပ်ချက်နှင့်အညီ တပ်ဆင်ချိန်ညှိသည်။
- ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း
ခွဲစိတ်နေစဉ် ခွဲစိတ်ခန်းသုံးဓာတ်မှန်အကူအညီဖြင့် အရိုး၏အနေအထား၊ ဝါယာကြိုးနှင့် သတ္တုချောင်းများ၏ တည်နေရာ၊ အဆစ်များ၏ အနေအထားနှင့် ကိရိယာ၏ တည်ငြိမ်မှုတို့ကို စစ်ဆေးသည်။ - အနာနေရာများကို ပြုစုခြင်း
ခွဲစိတ်အနာရှိပါက လိုအပ်သလို ပြန်လည်ချုပ်ပေးပြီး ဝါယာကြိုးနှင့် သတ္တုချောင်းများ အရေပြားကို ဖောက်ဝင်ထားသောနေရာများကို သန့်ရှင်းစွာ ဆေးထည့်၍ ပတ်တီးစည်းပေးသည်။
ခွဲစိတ်ပြီးနောက် ဆက်လက်ကုသသည့်အဆင့်များ
- အစောပိုင်းစောင့်ရှောက်မှုနှင့် နာကျင်မှု ထိန်းချုပ်ခြင်း
ခွဲစိတ်ပြီးနောက် နာကျင်မှု၊ ရောင်ရမ်းမှု၊ ခြေလက်သွေးလည်ပတ်မှုနှင့် အာရုံကြောလုပ်ဆောင်မှုတို့ကို စောင့်ကြည့်ပြီး သင့်လျော်သော နာကျင်မှုသက်သာဆေးများ ပေးသည်။ ခွဲစိတ်အနာနှင့် ဝါယာကြိုး သို့မဟုတ် သတ္တုချောင်းထိုးသွင်းထားသောနေရာများကို စနစ်တကျ ပြုစုစောင့်ရှောက်သည်။ - အရိုးကို တဖြည်းဖြည်းရွှေ့ခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပြုပြင်ခြင်း
အရိုးရှည်စေရန်၊ အရိုးချို့ယွင်းနေသောနေရာကို ဖြည့်တင်းရန် သို့မဟုတ် အရိုးပုံသဏ္ဌာန်မမှန်မှုကို ပြုပြင်ရန်လိုအပ်ပါက ခွဲစိတ်ပြီးနောက် အရိုးအစောပိုင်းအနာကျက်ရန် သတ်မှတ်ထားသော ကာလတစ်ခု စောင့်ဆိုင်းသည်။ ထို့နောက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိရိယာကို သတ်မှတ်ထားသောအတိုင်းအတာနှင့်နှုန်းဖြင့် တဖြည်းဖြည်းချိန်ညှိပေးသည်။ ထိုသို့ တဖြည်းဖြည်းခွာခြင်း သို့မဟုတ် ရွှေ့ခြင်းဖြင့် ကြားနေရာတွင် အရိုးအသစ်ဖြစ်ပေါ်လာစေသည်။ ချိန်ညှိရမည့်နှုန်းနှင့် အကြိမ်ရေသည် လူနာတစ်ဦးချင်းစီအလိုက် ကွဲပြားသဖြင့် မိမိသဘောဖြင့် ပြောင်းလဲခြင်းမပြုရပါ။ - ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
အဆစ်တောင့်တင်းခြင်း၊ ကြွက်သားနှင့် အရွတ်များတင်းကျပ်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ကို ကာကွယ်ရန် ကာယကုထုံးနှင့် အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို တတ်နိုင်သမျှ စောစီးစွာ စတင်သည်။ ခြေလက်ပေါ် ကိုယ်အလေးချိန်ပေးနိုင်သည့် ပမာဏသည် အရိုးအခြေအနေ၊ ကိရိယာ၏ တည်ငြိမ်မှုနှင့် ခွဲစိတ်ဆရာဝန်၏ညွှန်ကြားချက်အပေါ် မူတည်သည်။ - ပုံမှန်ပြန်လည်ပြသစစ်ဆေးခြင်း
ကုသမှုကာလအတွင်း သတ်မှတ်ထားသောအချိန်များတွင် ပြန်လည်ပြသ၍ ဓာတ်မှန်ရိုက်ကူးကာ အရိုးအသစ်ဖြစ်ပေါ်မှု၊ အရိုး၏အနေအထား၊ အဆစ်လှုပ်ရှားနိုင်မှုနှင့် ကိရိယာအခြေအနေတို့ကို စောင့်ကြည့်သည်။ စစ်ဆေးမှုရလဒ်အပေါ် မူတည်၍ ကိရိယာချိန်ညှိသည့်နှုန်းကို မြန်စေခြင်း၊ နှေးစေခြင်း သို့မဟုတ် ခေတ္တရပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ - အရိုးခိုင်မာလာသည်အထိ ကိရိယာထားရှိခြင်း
အရိုးကို လိုအပ်သည့်အရှည် သို့မဟုတ် အနေအထားသို့ ရွှေ့ပြီးနောက် အသစ်ဖြစ်ပေါ်လာသောအရိုး ခိုင်မာလာစေရန် အချိန်လိုအပ်သည်။ ယင်းကို အရိုးခိုင်မာသည့်ကာလ (Consolidation phase) ဟုခေါ်ပြီး ထိုကာလအတွင်း ကိရိယာကို ဆက်လက်ထားရှိကာ ဓာတ်မှန်များဖြင့် အရိုးခိုင်မာမှုကို စောင့်ကြည့်သည်။ - ကိရိယာဖယ်ရှားခြင်း
အရိုးဆက်မှု၊ အရိုး၏အနေအထားနှင့် ခိုင်မာမှု လုံလောက်ပြီဟု ဓာတ်မှန်နှင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများအရ ခွဲစိတ်ဆရာဝန်က သတ်မှတ်သောအခါ အီလီဇာရော့ဗ်ကိရိယာကို ဖယ်ရှားပေးသည်။ ကိရိယာဖယ်ရှားပြီးနောက် အရိုးကို ကာကွယ်ရန် လိုအပ်ပါက ကျောက်ပတ်တီး၊ အထိန်း (Brace) သို့မဟုတ် လမ်းလျှောက်အထောက်အကူပစ္စည်းများကို ယာယီအသုံးပြုရနိုင်ပြီး ကာယကုထုံးကိုလည်း ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ
အီလီဇာရော့ဗ်နည်းဖြင့် အရိုးပြန်လည်တည်ဆောက်ကုသခြင်းသည် ရှုပ်ထွေးသော အရိုးပြဿနာများကို တစ်ဦးချင်းအခြေအနေအလိုက် ပြုပြင်နိုင်သည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်ပြီး အောက်ပါအားသာချက်များရှိသည်။
- အရိုးချို့ယွင်းပျောက်ဆုံးမှုများကို အရိုးရွှေ့သယ်ခြင်း သို့မဟုတ် အရိုးအသစ်ဖြစ်ပေါ်စေခြင်းဖြင့် ပြန်လည်တည်ဆောက်နိုင်ခြင်း
- အရိုးမဆက်ခြင်းနှင့် ပိုးဝင်ထားသော အရိုးမဆက်ခြင်းတို့ကို တည်ငြိမ်စေ၍ အရိုးပြန်ဆက်လာစေရန် ကုသနိုင်ခြင်း
- အရိုးကွေးခြင်း၊ လိမ်ခြင်းနှင့် အခြားပုံသဏ္ဌာန်မမှန်မှုများကို တစ်ကြိမ်တည်း သို့မဟုတ် တဖြည်းဖြည်းချင်း ပြုပြင်နိုင်ခြင်း
- ခြေလက်အရှည်မညီခြင်းကို အရိုးရှည်စေသည့်နည်းဖြင့် ပြုပြင်နိုင်ခြင်း
- ကုသမှုကာလအတွင်း အရိုးအနေအထားနှင့် အရိုးအသစ်ဖြစ်ပေါ်မှုအပေါ် မူတည်၍ ကိရိယာကို လိုအပ်သလို ထပ်မံချိန်ညှိနိုင်ခြင်း
- အချို့သော ရှုပ်ထွေးသည့်အခြေအနေများတွင် အခြားကုသမှုနည်းလမ်းများဖြင့် ပြုပြင်ရန်ခက်ခဲသော ခြေလက်ကို ပြန်လည်တည်ဆောက်၍ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်ခြင်း
- အရိုးအခြေအနေနှင့် ကိရိယာ၏တည်ငြိမ်မှုက ခွင့်ပြုပါက ခြေလက်လှုပ်ရှားခြင်း၊ ကာယကုထုံးပြုလုပ်ခြင်းနှင့် ကိုယ်အလေးချိန်ပေး၍ လမ်းလျှောက်ခြင်းတို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စောစီးစွာစတင်နိုင်ခြင်း
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
အီလီဇာရော့ဗ်နည်းဖြင့် အရိုးပြန်လည်တည်ဆောက်ကုသခြင်းသည် ကုသမှုကာလကြာမြင့်နိုင်ပြီး နေ့စဉ်စောင့်ရှောက်မှု၊ ပုံမှန်ပြန်လည်ပြသမှုနှင့် ကာယကုထုံးတို့ လိုအပ်သော ကုသမှုတစ်ခုဖြစ်သည်။ နောက်ဆက်တွဲပြဿနာဖြစ်ပွားနိုင်ခြေသည် ကုသသည့်ရောဂါအခြေအနေ၊ ကိရိယာတပ်ဆင်ပုံနှင့် လူနာ၏ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ဝါယာကြိုးနှင့် သတ္တုချောင်းများ အရေပြားကို ဖောက်ဝင်ထားသောနေရာတွင် ပိုးဝင်ခြင်း (Pin-site infection) — အဖြစ်အများဆုံးနောက်ဆက်တွဲပြဿနာဖြစ်သည်
- နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် လှုပ်ရှားရခက်ခဲခြင်း
- အဆစ်တောင့်တင်းခြင်းနှင့် အဆစ်လှုပ်ရှားနိုင်မှု လျော့နည်းခြင်း
- ကြွက်သား၊ အရွတ်နှင့် အခြားတစ်ရှူးများ တင်းကျပ်ခြင်း
- အဆစ်မတည်ငြိမ်ခြင်း သို့မဟုတ် ရှားပါးစွာ အဆစ်လွဲခြင်း
- အာရုံကြော သို့မဟုတ် သွေးကြောထိခိုက်ခြင်းကြောင့် နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်း သို့မဟုတ် သွေးလည်ပတ်မှုထိခိုက်ခြင်း
- အရိုးအသစ်ဖြစ်ပေါ်မှု နှေးကွေးခြင်း၊ မလုံလောက်ခြင်း သို့မဟုတ် အရိုးဆက်မှုနှောင့်နှေးခြင်း
- အရိုးအသစ် အချိန်မတိုင်မီခိုင်မာသွားခြင်းကြောင့် ဆက်လက်ဆွဲဆန့်ရန် ခက်ခဲခြင်း
- ဝါယာကြိုး သို့မဟုတ် သတ္တုချောင်းများ၏ တင်းအားလျော့ခြင်း၊ ကွေးခြင်း သို့မဟုတ် ကျိုးခြင်းနှင့် ကိရိယာမတည်ငြိမ်ခြင်း
- အရိုး၏အနေအထား ပြောင်းလဲသွားခြင်း သို့မဟုတ် မျှော်မှန်းထားသည့် ပုံသဏ္ဌာန်ကို အပြည့်အဝမရရှိခြင်း
- ဝါယာကြိုးနှင့် သတ္တုချောင်းများ ထိုးသွင်းထားသောနေရာများတွင် အမာရွတ်များကျန်ရှိခြင်း
- ကိရိယာဖယ်ရှားပြီးနောက် အရိုးပြန်လည်ကျိုးခြင်း
- အချိန်ကြာမြင့်စွာ လှုပ်ရှားမှုနည်းပါးခြင်းကြောင့် သွေးပြန်ကြောသွေးခဲပိတ်ခြင်း (Deep vein thrombosis – DVT) ဖြစ်နိုင်ခြင်း
- ရှားပါးသော်လည်း ကြွက်သားအတွင်းဖိအား ရုတ်တရက်မြင့်တက်ခြင်း (Acute compartment syndrome) ဖြစ်နိုင်ခြင်း
- ကုသမှုကာလကြာမြင့်ခြင်းကြောင့် နေ့စဉ်ဘဝ၊ အလုပ်အကိုင်၊ လူမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ခြင်း
- နောက်ထပ်ခွဲစိတ်ကုသမှု သို့မဟုတ် အခြားကုသမှုများ လိုအပ်လာနိုင်ခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
အီလီဇာရော့ဗ်နည်းဖြင့် အရိုးပြန်လည်တည်ဆောက်ကုသမှု အောင်မြင်ရန် လူနာ၏ နေ့စဉ်မိမိကိုယ်ကို စောင့်ရှောက်မှု၊ ကိရိယာချိန်ညှိမှုနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို စနစ်တကျ လိုက်နာရန် အလွန်အရေးကြီးသည်။
- ဝါယာကြိုးနှင့် သတ္တုချောင်းများ အရေပြားကို ဖောက်ဝင်ထားသောနေရာများကို ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်း သန့်ရှင်းစွာ ထိန်းသိမ်းပါ
- ကိရိယာနှင့် ဝါယာကြိုး သို့မဟုတ် သတ္တုချောင်းထိုးသွင်းထားသောနေရာများကို နေ့စဉ်စစ်ဆေးပြီး နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည် သို့မဟုတ် ပြည်ထွက်ခြင်းနှင့် နာကျင်မှုတိုးလာခြင်းရှိမရှိ သတိပြုပါ
- အီလီဇာရော့ဗ်ကိရိယာကို ခွဲစိတ်ဆရာဝန် သို့မဟုတ် ကုသရေးအဖွဲ့က သင်ကြားပေးထားသည့် အစီအစဉ်အတိုင်းသာ ချိန်ညှိပါ။ မိမိသဘောဖြင့် ချိန်ညှိသည့်နှုန်း၊ အကြိမ်ရေ သို့မဟုတ် ချိန်ညှိသည့်ဦးတည်ချက်ကို မပြောင်းလဲရပါ
- အဆစ်များ မတောင့်တင်းစေရန်နှင့် ကြွက်သားအားမနည်းစေရန် ကာယကုထုံးနှင့် သတ်မှတ်ထားသော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ၊ အထိန်းများ (Splints/Braces) ပေးထားပါက ညွှန်ကြားချက်အတိုင်း အသုံးပြုပါ
- ခြေလက်ပေါ် ကိုယ်အလေးချိန်ပေးနိုင်သည့်ပမာဏနှင့် လမ်းလျှောက်အထောက်အကူပစ္စည်း အသုံးပြုပုံကို ဆရာဝန်နှင့် ကာယကုထုံးပညာရှင်တို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ
- သတ်မှတ်ထားသောရက်ချိန်းများတွင် ပုံမှန်ပြန်လည်ပြသ၍ ဓာတ်မှန်ရိုက်ကူးကာ အရိုး၏အနေအထား၊ အရိုးအသစ်ဖြစ်ပေါ်မှု၊ အဆစ်လှုပ်ရှားနိုင်မှုနှင့် ကိရိယာအခြေအနေတို့ကို စောင့်ကြည့်ပါ
- အရိုးနှင့် အနာကျက်မှုအတွက် အထောက်အကူဖြစ်စေရန် ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင် D နှင့် အခြားလိုအပ်သောအာဟာရဓာတ်များ ပါဝင်သည့် မျှတသောအစားအစာများ စားသုံးပါ
- ဆေးလိပ်နှင့် အီလက်ထရောနစ်စီးကရက်သောက်ခြင်းသည် အရိုးဆက်မှုနှေးကွေးစေပြီး ပိုးဝင်ခြင်းအပါအဝင် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သောကြောင့် ရှောင်ကြဉ်ပါ
- ကိရိယာကို ထိခိုက်စေနိုင်သော ပြုတ်ကျခြင်း၊ တိုက်မိခြင်းနှင့် မသင့်လျော်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
ဆရာဝန် သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံးဆက်သွယ်ပြသရန်
အောက်ပါအခြေအနေတစ်ခုခု ဖြစ်ပေါ်ပါက ကုသပေးနေသောဆရာဝန် သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံးဆက်သွယ်ပြသသင့်သည်။
- ဝါယာကြိုးနှင့် သတ္တုချောင်းများပတ်ဝန်းကျင် နီရဲမှု ပျံ့နှံ့လာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် နေမကောင်းသလို ခံစားရခြင်း
- နာကျင်မှု ရုတ်တရက်ပိုမိုပြင်းထန်လာခြင်း သို့မဟုတ် ပေးထားသောဆေးဖြင့် မသက်သာခြင်း
- ခြေချောင်း သို့မဟုတ် လက်ချောင်းများ ထုံခြင်း၊ ကျင်ခြင်း၊ လှုပ်ရှားနိုင်မှုလျော့နည်းခြင်း သို့မဟုတ် အားနည်းလာခြင်း
- ခြေချောင်း သို့မဟုတ် လက်ချောင်းများ ဖြူဖျော့လာခြင်း၊ ပြာနှမ်းခြင်း သို့မဟုတ် အေးလာခြင်း
- ဝါယာကြိုး သို့မဟုတ် သတ္တုချောင်းများ လျော့ရဲခြင်း၊ ကွေးခြင်း သို့မဟုတ် ကျိုးခြင်းနှင့် ကိရိယာမတည်ငြိမ်သလို ခံစားရခြင်း
- အရေပြားသည် သတ္တုကွင်း သို့မဟုတ် ကိရိယာအစိတ်အပိုင်းတစ်ခုနှင့် ဖိမိ၍ အနာဖြစ်လာခြင်း
ပြင်းထန်၍ အဆက်မပြတ်နာကျင်ခြင်း၊ ခြေလက်တင်းမာလာခြင်း၊ လှုပ်ရှားလိုက်လျှင် နာကျင်မှုပိုဆိုးခြင်း၊ အာရုံခံစားမှုနှင့် လှုပ်ရှားနိုင်မှု လျော့နည်းခြင်း၊ ခြေလက်ဖြူဖျော့အေးလာခြင်းတို့သည် ကြွက်သားအတွင်းဖိအား ရုတ်တရက်မြင့်တက်ခြင်း၏ လက္ခဏာများဖြစ်နိုင်သည်။ ထို့အပြင် ရုတ်တရက်အသက်ရှူခက်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းသည် အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း၏ လက္ခဏာဖြစ်နိုင်သည်။ ယင်းလက္ခဏာများသည် အရေးပေါ်အခြေအနေများဖြစ်သဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းရယူရမည်။
ကုသမှုရလဒ်
ကုသမှုရလဒ်သည် ကုသရသည့်ရောဂါအခြေအနေ၊ အရိုးချို့ယွင်းပျောက်ဆုံးမှု၏ အရွယ်အစား၊ ပိုးဝင်ခြင်းရှိမရှိ၊ အရေပြားနှင့် အနီးပတ်ဝန်းကျင်တစ်ရှူးများ၏ အခြေအနေ၊ လူနာ၏အသက်နှင့် အထွေထွေကျန်းမာရေး၊ ဆီးချိုရောဂါကဲ့သို့သော နဂိုရှိရောဂါများ၊ ဆေးလိပ်သောက်ခြင်းနှင့် ကုသမှုညွှန်ကြားချက်များကို လိုက်နာမှုတို့အပေါ် မူတည်သည်။
အီလီဇာရော့ဗ်နည်းသည် ရှုပ်ထွေးသော အရိုးပြဿနာများကို ပြန်လည်တည်ဆောက်နိုင်သော်လည်း ကုသမှုသည် လပေါင်းများစွာ သို့မဟုတ် အခြေအနေရှုပ်ထွေးပါက ပိုမိုကြာမြင့်နိုင်သည်။ လူနာတိုင်းတွင် အရိုးပုံသဏ္ဌာန်နှင့် ခြေလက်လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝ ပြန်လည်ရရှိမည်ဟု အာမခံနိုင်ခြင်းမရှိဘဲ အချို့သူများတွင် နောက်ထပ်ခွဲစိတ်ကုသမှု၊ အထိန်းအသုံးပြုမှု သို့မဟုတ် ကာယကုထုံးကို ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။
References:
- Mayo Clinic. (n.d.). Limb Lengthening and Regeneration Clinic. Retrieved September 22, 2026, from https://www.mayoclinic.org/departments-centers/limb-lengthening-regeneration-clinic-minnesota/overview/ovc-20472088
- Royal National Orthopaedic Hospital NHS Trust. (n.d.). External fixation, bone correction and lengthening. Retrieved September 22, 2026, from https://www.rnoh.nhs.uk/patients-and-visitors/patient-information-guides/external-fixation-bone-correction-and-lengthening
- Zhang, Y., Li, X., Wang, H., et al. (2024). Current concepts and advances in limb lengthening and reconstruction. Journal of Orthopaedic Surgery and Research. Advance online publication. https://doi.org/10.1186/s13018-024-05269-2
Published: 2 November 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.