ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်း (Ankle Fusion) ဆိုသည်မှာ ပြင်းထန်စွာပျက်စီး၍ နာကျင်နေသော ခြေချင်းဝတ်အဆစ်၏ ပျက်စီးနေသည့် အဆစ်မျက်နှာပြင်များကို ဖယ်ရှားပြီး ခြေသလုံးရိုး (Tibia) နှင့် ခြေချင်းဝတ်အရိုး (Talus) တို့ကို တစ်ဆက်တည်း ခိုင်မာသောအရိုးအဖြစ် ပေါင်းစည်းသွားစေရန် ပြုလုပ်သည့် ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။
အရိုးများ ပူးဆက်၍ အဆစ်ခိုင်သွားစေရန် ဝက်အူများ၊ သတ္တုပြားများ သို့မဟုတ် အခြားသတ္တုပစ္စည်းများကို အသုံးပြုနိုင်သည်။
အဓိကရည်ရွယ်ချက်မှာ ပျက်စီးနေသောအဆစ်၏ နာကျင်စေသည့် လှုပ်ရှားမှုကို ဖယ်ရှား၍ နာကျင်မှုသက်သာစေရန်၊ ခြေချင်းဝတ်ကို ခိုင်မာတည်ငြိမ်စေရန်နှင့် နေ့စဉ်သွားလာလှုပ်ရှားနိုင်စွမ်းကို တိုးတက်စေရန်ဖြစ်သည်။
ခြေချင်းဝတ်အဓိကအဆစ်ကို ခြေသလုံးရိုးအောက်ပိုင်း (Tibia) နှင့် ခြေချင်းဝတ်အတွင်းရှိ အရိုး (Talus) တို့ဖြင့် ဖွဲ့စည်းထားသည်။ ပုံမှန်အဆစ်တွင် အရိုးမျက်နှာပြင်များကို ချောမွေ့သော အရိုးနု (Articular cartilage) ဖြင့် ဖုံးအုပ်ထားသောကြောင့် ခြေချင်းဝတ်ကို ချောမွေ့စွာ လှုပ်ရှားနိုင်သည်။
အဆစ်မျက်နှာပြင်ပေါ်ရှိ အရိုးနုများ ပြင်းထန်စွာပျက်စီးသွားသောအခါ အရိုးမာ နှစ်ခု တိုက်ရိုက်ပွတ်တိုက်လာပြီး နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနှင့် လမ်းလျှောက်ရခက်ခဲခြင်းတို့ ဖြစ်လာနိုင်သည်။
ခွဲစိတ်ကုသရန် လိုအပ်သော ရောဂါအခြေအနေများ
ပြင်းထန်သော ခြေချင်းဝတ်အဆစ်ပျက်စီးမှုကြောင့် နာကျင်မှုများ ဆက်လက်ခံစားနေရခြင်း၊ နေ့စဉ်လှုပ်ရှားမှုနှင့် လုပ်ငန်းဆောင်တာများ ထိခိုက်လာခြင်း၊ မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်းများဖြင့် သက်သာမှုမရရှိခြင်းတို့ ဖြစ်ပေါ်လာပါက ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။
- ဆိုးဝါးစွာ အဆစ်ကျီးပေါင်းတက်ခြင်း (Osteoarthritis) – အရိုးနုများ တဖြည်းဖြည်းပါးလွှာပျက်စီးလာခြင်းကြောင့် ခြေချင်းဝတ် နာကျင်ခြင်းနှင့် တောင့်တင်းခြင်း ဖြစ်နိုင်သည်
- ထိခိုက်ဒဏ်ရာရပြီးနောက် အဆစ်ပျက်စီးခြင်း (Post-traumatic Arthritis) – ခြေချင်းဝတ်အရိုးကျိုးခြင်း၊ ပြင်းထန်သော ခြေချင်းဝတ်အဆစ်လွဲခြင်းစသည့် ထိခိုက်ဒဏ်ရာများ ဖြစ်ပွားပြီးနောက် နှစ်အတန်ကြာလာသည့်အခါ အဆစ်မျက်နှာပြင်ရှိ အရိုးနုများ တဖြည်းဖြည်း ပျက်စီးလာပြီး ခြေချင်းဝတ်အဆစ် ရောင်ရမ်းပျက်စီးခြင်း (ankle arthritis) ဖြစ်ပေါ်လာနိုင်သည်၊ ခြေချင်းဝတ်အဆစ်ပျက်စီးမှု အများစုမှာ ယခင်က ရရှိခဲ့ဖူးသော ထိခိုက်ဒဏ်ရာများနှင့် ဆက်စပ်နေတတ်သည်
- ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis) – အဆစ်များရှိ တစ်ရှူးများကို ထိခိုက်စေနိုင်သဖြင့် နာတာရှည် ရောင်ရမ်းနာကျင်ကာ ခြေချင်းဝတ်အဆစ် ပြင်းထန်စွာပျက်စီးလာနိုင်သည်
- ခြေချင်းဝတ် ပုံသဏ္ဌာန်ပျက်ယွင်းခြင်း – အဆစ်ပျက်စီးမှုကြောင့် ခြေချင်းဝတ်ကောက်ခြင်း သို့မဟုတ် အနေအထားမမှန်ခြင်း ဖြစ်ပေါ်လာပါက နာကျင်မှုကို သက်သာစေရန်နှင့် ခြေထောက်ကို သင့်လျော်မှန်ကန်သော အနေအထားသို့ ပြန်လည်တည့်မတ်ပေးရန် ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်း လိုအပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
- ခွဲစိတ်ရန်မဆုံးဖြတ်မီ ဆရာဝန်သည်
- လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း
- ခြေချင်းဝတ်နှင့် ခြေဖဝါးကို စမ်းသပ်စစ်ဆေးခြင်း
- လမ်းလျှောက်ပုံနှင့် ခြေထောက်ပုံသဏ္ဌာန်ကို စစ်ဆေးခြင်း
- ခြေထောက်သွေးလည်ပတ်မှုနှင့် အာရုံကြောအခြေအနေကို စစ်ဆေးခြင်း
- မတ်တပ်ရပ်၍ခြေချင်းဝတ် ဓာတ်မှန် (Weight-bearing Ankle X-ray) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်
- ခွဲစိတ်မှုမပြုလုပ်မီ လိုအပ်သော သွေးစစ်ဆေးမှုများကို ပြုလုပ်သည်
- လိုအပ်ပါက ကွန်ပြူတာဓာတ်မှန် (CT Scan) ကဲ့သို့သော ပုံရိပ်စစ်ဆေးမှုများဖြင့် အဆစ်ပျက်စီးမှုနှင့် အရိုးအခြေအနေကို အသေးစိတ်စစ်ဆေးနိုင်သည်
- ခွဲစိတ်ကုသမှု၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် အခြားရွေးချယ်နိုင်သော ကုသမှုများကို အရိုးခွဲစိတ်ဆရာဝန်နှင့် ကြိုတင်ဆွေးနွေးသင့်သည်
- ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်းဆိုသည်မှာ ပျက်စီးနေသော ခြေချင်းဝတ်အဆစ်ရှိ အရိုးများကို တစ်ဆက်တည်းဖြစ်အောင် ပူးဆက်ပေးသည့် ခွဲစိတ်ကုသမှုဖြစ်သည်၊ ဤနည်းဖြင့် နာကျင်မှုကို သိသိသာသာ လျော့နည်းစေနိုင်သော်လည်း ပူးဆက်ထားသော ခြေချင်းဝတ်အဆစ်သည် မူလအတိုင်း လှုပ်ရှားနိုင်တော့မည် မဟုတ်ပါ
- သို့သော် ခြေချင်းဝတ်နှင့် ခြေဖဝါးပတ်ဝန်းကျင်ရှိ အခြားအဆစ်များတွင် လှုပ်ရှားမှုအချို့ ဆက်လက်ရှိနေသဖြင့် လူနာအများစုသည် လမ်းလျှောက်ခြင်းနှင့် ပုံမှန်နေ့စဉ်လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နိုင်သည်
- သို့ရာတွင် မြေပြင်မညီညာသော နေရာများတွင် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် ခြေချင်းဝတ်လှုပ်ရှားမှုများစွာ လိုအပ်သော အားကစားလှုပ်ရှားမှုများ သည် ခွဲစိတ်မှုမပြုမီကထက် အနည်းငယ် ပိုမိုခက်ခဲနိုင်သည်
- အခြားခွဲစိတ်ကုသနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည့် ခြေချင်းဝတ်အဆစ် အစားထိုးခြင်း (Total Ankle Replacement) သည် ပျက်စီးနေသော အဆစ်မျက်နှာပြင်များကို ဖယ်ရှားပြီး အဆစ်အတုဖြင့် အစားထိုးသည့် ခွဲစိတ်ကုသမှုဖြစ်သည်၊ ယင်းနည်းလမ်းသည် နာကျင်မှုကို သက်သာစေသည့်အပြင် ခြေချင်းဝတ်အဆစ်၏ လှုပ်ရှားမှုကို တတ်နိုင်သမျှ ထိန်းသိမ်းထားနိုင်သည်
- မည်သည့်နည်းလမ်းက ပိုသင့်လျော်သည်ကို လူနာ၏ အသက်၊ လှုပ်ရှားမှုအဆင့်၊ အရိုးအရည်အသွေး၊ ခြေထောက်ပုံသဏ္ဌာန်နှင့် အခြားအဆစ်များ၏ အခြေအနေတို့ကို ထည့်သွင်းစဉ်းစား၍ ဆုံးဖြတ်ရသည်
- အောက်ပါအခြေအနေများတွင် ခြေချင်းဝတ်အဆစ် အစားထိုးခြင်းထက် ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်းကို ပိုမိုစဉ်းစားနိုင်သည်။
- အသက်ငယ်ပြီး လှုပ်ရှားမှုများသူ
- ခြေထောက်ပုံသဏ္ဌာန် ပြင်းထန်စွာ ပျက်ယွင်းနေသူ
- ခြေချင်းဝတ်အဆစ် အလွန်မတည်ငြိမ်သူ
- ခြေချင်းဝတ်အဆစ် သို့မဟုတ် ပတ်ဝန်းကျင်အရိုးများတွင် ယခင်က ပိုးဝင်ဖူးသူ
- ခြေချင်းဝတ်အရိုး (Talus) ပြင်းထန်စွာ ပျက်စီးနေသူ
မခွဲစိတ်မီ ကြိုတင်ပြင်ဆင်ခြင်း
- ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည်များကို မည်သည့်အချိန်မှ စတင်ဖြတ်ထားရမည်ကို မေ့ဆေးဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရမည်၊ ပုံမှန်အားဖြင့် အစာအမာများကို ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး ၆ နာရီခန့် မစားသုံးရန် လိုအပ်နိုင်သည်
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသည့် နာတာရှည်ရောဂါများအတွက် ပုံမှန်သောက်သုံးနေသော ဆေးဝါးများကို ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးရန် သို့မဟုတ် ယာယီရပ်နားရန် လိုအပ်နိုင်သည်
- သွေးကျဲစေသော ဆေးဝါးများ သောက်သုံးနေပါက ခွဲစိတ်မှုမတိုင်မီ မည်သည့်အချိန်တွင် ရပ်နားရမည်ကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်ရမည်၊ မိမိသဘောဖြင့် ရပ်နားခြင်း မပြုသင့်ပါ
- ဆေးလိပ်နှင့် နီကိုတင်းပါဝင်သော ပစ္စည်းများသည် အနာကျက်ခြင်းနှင့် အရိုးပူးဆက်ခြင်းကို နှောင့်နှေးစေနိုင်သဖြင့် ခွဲစိတ်မှုမတိုင်မီ ကြိုတင်ရပ်နားရန် အရေးကြီးသည်၊ ဖြစ်နိုင်ပါက ခွဲစိတ်မှုမတိုင်မီ အနည်းဆုံး ၄ ပတ်ခန့် ကြိုတင်ဖြတ်ထားသင့်သည်
- ခွဲစိတ်ခန်းသို့ မဝင်မီ မေ့ဆေးဆရာဝန်က မေ့ဆေးပေးမည့်နည်းလမ်း၊ အကျိုးကျေးဇူးများ၊ ဖြစ်နိုင်သော အန္တရာယ်များနှင့် သတိပြုရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး လူနာ၏ သဘောတူခွင့်ပြုချက်ကို ရယူမည်ဖြစ်သည်။
ခွဲစိတ်ပုံအဆင့်ဆင့်
- မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ရန် ပြင်ဆင်ခြင်း
- လူနာအား သင့်လျော်သော မေ့ဆေး သို့မဟုတ် ထုံဆေးပေးပြီး ခွဲစိတ်ရန် ပက်လက် အနေအထားတွင် ထားရှိသည်
- ခွဲစိတ်နေစဉ် သွေးထွက်မှုကို လျော့နည်းစေပြီး ခွဲစိတ်ရာနေရာကို ရှင်းလင်းစွာ မြင်နိုင်ရန် လိုအပ်ပါက ပေါင် သို့မဟုတ် ခြေသလုံးအပေါ်ပိုင်းတွင် သွေးထိန်းကြိုး (Tourniquet) တပ်ဆင်အသုံးပြုနိုင်သည်
- ခြေချင်းဝတ်အဆစ်သို့ ရောက်ရှိအောင် ခွဲစိတ်ခြင်း
- ခြေချင်းဝတ်အဆစ်သို့ ရောက်ရှိရန် သင့်လျော်သောနေရာတွင် ခွဲကြောင်းပေးသည်၊ ပုံမှန်ခွဲစိတ်နည်းဖြင့် ပြုလုပ်နိုင်သကဲ့သို့ သင့်လျော်သောလူနာများတွင် ခွဲစိတ်ရာသေးသေးဖြင့် အဆစ်မှန်ပြောင်းကြည့်ကိရိယာ အသုံးပြု၍ ခွဲစိတ်နိုင်သည်
- ပျက်စီးနေသော အရိုးနုများကို ဖယ်ရှားခြင်း
- ခြေသလုံးရိုးနှင့် ခြေချင်းဝတ်အတွင်းရှိ အရိုးတို့ကြားမှ ပျက်စီးနေသော အရိုးနုများကို ဖယ်ရှားပြီး အရိုးနှစ်ခု ကောင်းစွာပူးဆက်နိုင်ရန် အရိုးမျက်နှာပြင်များကို သေချာစွာ ပြင်ဆင်ပေးသည်
- ခြေချင်းဝတ်အနေအထားကို ပြန်လည်တည့်မတ်ခြင်း
- လမ်းလျှောက်ရာတွင် သင့်လျော်သော အနေအထားရရှိစေရန် ခြေချင်းဝတ်ကို ပြန်လည်တည့်မတ်ပေးသည်၊ အရိုးများ ကောင်းစွာပူးဆက်သွားရန်သာမက ခြေထောက်ကို မှန်ကန်သင့်လျော်သော အနေအထားဖြင့် ပူးဆက်နိုင်ရန်လည်း အလွန်အရေးကြီးသည်
- လိုအပ်ပါက အရိုးအစားထိုးပစ္စည်း ထည့်ခြင်း
- အရိုးပူးဆက်ခိုင်မာမှု ပိုမိုကောင်းမွန်စေရန် လိုအပ်သော အခြေအနေများတွင် အရိုးအစားထိုးပစ္စည်းကို ထည့်သွင်းအသုံးပြုနိုင်သည်
- အရိုးများကို ခိုင်မာစွာ တည်ငြိမ်အောင် ပြုလုပ်ခြင်း
- ခြေသလုံးရိုးနှင့် ခြေချင်းဝတ်အတွင်းရှိ အရိုးတို့ကို မှန်ကန်သောအနေအထားတွင် ခိုင်မာစွာ ထိန်းထားရန် ဝက်အူများ၊ သတ္တုပြားများ သို့မဟုတ် အခြားသတ္တုပစ္စည်းများ အသုံးပြုနိုင်သည်
- ထိုကဲ့သို့ တည်ငြိမ်စွာ ထိန်းထားခြင်းဖြင့် အရိုးနှစ်ခုသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပူးဆက်၍ တစ်ဆက်တည်း ခိုင်မာသောအရိုး ဖြစ်လာနိုင်သည်
- အနေအထားစစ်ဆေးပြီး ခွဲကြောင်းပိတ်ခြင်း
- ခွဲစိတ်ခန်းသုံး ဓာတ်မှန် (C arm X-ray) ဖြင့် အရိုးများ၏ အနေအထားနှင့် အရိုးထိန်းပစ္စည်းများ၏ နေရာချထားမှုကို စစ်ဆေးပြီးနောက် ခွဲကြောင်းကို ပြန်လည်ချုပ်ပေးသည်
- ခြေချင်းဝတ်အထိန်း ဝတ်ဆင်ခြင်း
- ခွဲစိတ်ပြီးနောက် အရိုးပူးဆက်မှုကို အနှောင့်အယှက်မဖြစ်စေရန်နှင့် ခြေချင်းဝတ်ကို ကာကွယ်တည်ငြိမ်စေရန် ခြေချင်းဝတ်အထိန်း သို့မဟုတ် ကျောက်ပတ်တီး တပ်ဆင်ထားနိုင်သည်။ ခြေချင်းဝတ်အထိန်းကို လအနည်းငယ် ဝတ်ဆင်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်ပြီးနောက် ကုသခြင်း
- ခွဲစိတ်ပြီးစတွင် နာကျင်မှုသက်သာစေရန် ဆေးဝါးများပေးပြီး ခြေထောက်၏ သွေးလည်ပတ်မှု၊ အာရုံကြောအခြေအနေ၊ ရောင်ရမ်းမှုနှင့် ခွဲစိတ်ဒဏ်ရာကို စောင့်ကြည့်သည်
- အစောပိုင်းကာလတွင် ခြေထောက်ရောင်ရမ်းမှုလျော့နည်းစေရန် ခြေထောက်ကို မြှင့်ထားရန် အရေးကြီးသည်
- အရိုးပူးဆက်မှု မခိုင်မာသေးမီ ခွဲစိတ်ထားသောခြေထောက်ပေါ် ကိုယ်အလေးချိန်မသက်ရောက်ရန် (Non-weight bearing) လိုအပ်နိုင်ပြီး ချိုင်းထောက် (crutches) သို့မဟုတ် လမ်းလျှောက်အထောက်အကူပြုသော ဘောင် (walking frame) အသုံးပြုရနိုင်သည်၊ လူနာတစ်ဦးချင်း၏ ခွဲစိတ်နည်းနှင့် အရိုးပူးဆက်မှုအခြေအနေပေါ် မူတည်၍ ကိုယ်အလေးချိန်သက်ရောက်၍ လျှောက်ခွင့်ပြုမည့်အချိန် ကွာခြားနိုင်သည်
- ပုံမှန်ပြန်လည်ပြသ၍ ဓာတ်မှန်ရိုက်ကာ အရိုးပူးဆက်မှုကို စစ်ဆေးပြီးနောက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုယ်အလေးချိန်ကို တဖြည်းဖြည်းတိုး၍ ထောက်ခွင့်ပြုသည်
ခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ
- နာကျင်မှုကို သက်သာစေခြင်း
- ပျက်စီးနေသော ခြေချင်းဝတ်အဆစ်၏ နာကျင်စေသည့် လှုပ်ရှားမှုကို ရပ်တန့်စေခြင်းဖြင့် နာကျင်မှုကို သိသိသာသာ လျော့နည်းစေနိုင်သည်၊ ယင်းသည် ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည်
- ခြေချင်းဝတ်ကို ခိုင်မာတည်ငြိမ်စေခြင်း
- နာကျင်ပြီး မတည်ငြိမ်သော ခြေချင်းဝတ်အဆစ်ကို ခိုင်မာတည်ငြိမ်စေသဖြင့် မတ်တပ်ရပ်ခြင်းနှင့် ကိုယ်အလေးချိန်ထောက်ခြင်းတို့တွင် ပိုမိုအဆင်ပြေလာနိုင်သည်
- ခြေချင်းဝတ်ပုံသဏ္ဌာန်ကို ပြန်လည်တည့်မတ်ပေးခြင်း
- အဆစ်ပျက်စီးမှုနှင့်အတူ ခြေချင်းဝတ် ကောက်ခြင်း သို့မဟုတ် ပုံသဏ္ဌာန်ပျက်ယွင်းခြင်းရှိပါက ခွဲစိတ်စဉ်အတွင်း သင့်လျော်သောအနေအထားသို့ ပြန်လည်တည့်မတ်ပေးနိုင်သည်
- လမ်းလျှောက်ခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများ ပိုမိုကောင်းမွန်လာနိုင်ခြင်း
- နာကျင်မှု လျော့နည်းပြီး ခြေချင်းဝတ် ပိုမိုတည်ငြိမ်လာခြင်းကြောင့် လမ်းလျှောက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုအဆင်ပြေစွာ လုပ်ဆောင်နိုင်လာရန် အထောက်အကူပြုနိုင်သည်
နောက်ဆက်တွဲပြဿနာများ
- အရိုးပူးဆက်မှု မဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း
- ပူးဆက်ထားသော အရိုးများသည် မျှော်မှန်းထားသည့်အတိုင်း မပူးဆက်ခြင်း သို့မဟုတ် ပူးဆက်ရန် အချိန်ပိုကြာခြင်း ဖြစ်နိုင်သည်၊ အချို့လူနာများတွင် ထပ်မံခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
- ပိုးဝင်ခြင်း
- ခွဲစိတ်ဒဏ်ရာ သို့မဟုတ် အရိုးအတွင်း ပိုးဝင်ခြင်း ဖြစ်ပေါ်နိုင်သည်
- ပိုးဝင်မှုအခြေအနေပေါ်မူတည်၍ ပဋိဇီဝဆေးများဖြင့် ကုသခြင်း သို့မဟုတ် ထပ်မံခွဲစိတ်၍ အနာသန့်စင်ခြင်း လိုအပ်နိုင်သည်
- ခွဲစိတ်ဒဏ်ရာ အနာကျက်နှေးခြင်း
- ခွဲစိတ်ထားသောအနာကျက်ရန် နှောင့်နှေးခြင်း ဖြစ်ပေါ်နိုင်သည်
- အရိုးပူးဆက်သည့် အနေအထား မမှန်ခြင်း
- အရိုးများသည် သင့်လျော်သောအနေအထားတွင် မပူးဆက်ပါက ခြေချင်းဝတ်ပုံသဏ္ဌာန် မမှန်ခြင်း၊ လမ်းလျှောက်ရာတွင် အဆင်မပြေခြင်း သို့မဟုတ် နာကျင်မှု ဆက်လက်ရှိနေခြင်းတို့ ဖြစ်နိုင်သည်
- အာရုံကြော သို့မဟုတ် သွေးကြော ထိခိုက်ခြင်း
- ခွဲစိတ်ရာနေရာအနီးရှိ အာရုံကြော သို့မဟုတ် သွေးကြောများ ထိခိုက်နိုင်သည်
- အာရုံကြောထိခိုက်ပါက ထုံကျဉ်ခြင်း သို့မဟုတ် အာရုံခံစားမှု ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်
- သွေးကြောအတွင်း သွေးခဲဖြစ်ပေါ်ခြင်း
- ခွဲစိတ်ပြီးနောက် လှုပ်ရှားမှုနည်းပါးသည့်ကာလတွင် ခြေထောက်သွေးကြောအတွင်း သွေးခဲဖြစ်ပေါ်နိုင်သည်
- ရှားပါးသောအခြေအနေတွင် သွေးခဲသည် အဆုတ်သို့ ရောက်ရှိပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာ ဖြစ်စေနိုင်သည်
- အရိုးထိန်းပစ္စည်းများနှင့် ဆက်စပ်သော ပြဿနာများ
- အသုံးပြုထားသော ဝက်အူ၊ သတ္တုပြား သို့မဟုတ် အခြားအရိုးထိန်းပစ္စည်းများကြောင့် နာကျင်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်း၊ လျော့ရဲခြင်း သို့မဟုတ် ကျိုးပဲ့ခြင်းတို့ ဖြစ်နိုင်သည်
- လိုအပ်ပါက နောက်ပိုင်းတွင် အဆိုပါပစ္စည်းများကို ပြန်လည်ဖယ်ရှားရနိုင်သည်
- အနီးရှိ အဆစ်များ ပွန်းပဲ့ပျက်စီးလာနိုင်ခြင်း
- ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်း ပြုလုပ်ပြီးနောက် ခြေချင်းဝတ်အဆစ်၏ လှုပ်ရှားမှု ပျောက်ဆုံးသွားသဖြင့် အနီးရှိ အခြားအဆစ်များအပေါ် ဖိအားနှင့် လှုပ်ရှားမှု ပိုမိုသက်ရောက်လာနိုင်သည်
- ထို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ အဆိုပါအဆစ်များတွင် ပွန်းပဲ့ပျက်စီးမှု ဖြစ်ပေါ်လာနိုင်သည်
- နာကျင်မှု ဆက်လက်ရှိနေနိုင်ခြင်း
- ခွဲစိတ်ကုသမှုဖြင့် နာကျင်မှုကို သိသိသာသာ လျော့နည်းစေနိုင်သော်လည်း အချို့လူနာများတွင် နာကျင်မှု လုံးဝမပျောက်ဘဲ ဆက်လက်ရှိနေနိုင်သည်
ခွဲစိတ်ပြီးနောက် လိုက်နာသင့်သော အချက်များ
- ခြေထောက်ကို မြှင့်ထားပါ
- ခွဲစိတ်ပြီးအစောပိုင်းကာလတွင် ရောင်ရမ်းမှုကို လျော့နည်းစေရန် ခြေထောက်ကို နှလုံးရှိသည့်နေရာထက် ပိုမြင့်နေစေရန် မြှင့်ထားပေးပါ
- ဆရာဝန်ခွင့်ပြုသည့်အချိန်အထိ ကိုယ်အလေးချိန် မထောက်ပါနှင့်
- ခွဲစိတ်ထားသော ခြေထောက်ပေါ် ကိုယ်အလေးချိန်ကို မိမိသဘောဖြင့် စောစီးစွာ မထောက်သင့်ပါ
- အချိန်မတိုင်မီ ကိုယ်အလေးချိန်ထောက်ခြင်းသည် အရိုးထိန်းပစ္စည်းများနှင့် အရိုးပူးဆက်မှုကို ထိခိုက်စေနိုင်သည်
- ကျောက်ပတ်တီး သို့မဟုတ် ခြေချင်းဝတ်အထိန်းကို ဂရုစိုက်ပါ
- တပ်ဆင်ထားသော ကျောက်ပတ်တီး သို့မဟုတ် ခြေထောက်ထိန်းအကာကို ခြောက်သွေ့သန့်ရှင်းစွာ ထားရှိပြီး မိမိသဘောဖြင့် ဖြုတ်ခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်သင့်ပါ
- ခွဲစိတ်ဒဏ်ရာကို ပုံမှန်စောင့်ကြည့်ပါ
- ခွဲစိတ်ဒဏ်ရာ နီရဲလာခြင်း၊ ရောင်ရမ်းမှု ပိုမိုများလာခြင်း၊ ပြည် သို့မဟုတ် အရည်ထွက်ခြင်း၊ ဖျားခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်ထံ အမြန်ပြသသင့်သည်
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်ခြင်းသည် အရိုးပူးဆက်မှုကို နှောင့်နှေးစေနိုင်သည်၊ ထို့ကြောင့် ခြေချင်းဝတ်အဆစ်ခိုင်စေရန် ခွဲစိတ်ကုသခြင်း ပြုလုပ်ထားသူများအနေဖြင့် ဆေးလိပ်မသောက်ရန် အထူးအရေးကြီးသည်
- ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းပါ
- သင့်လျော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- ပြန်လည်သန်စွမ်းရေးအစီအစဉ်ကို စနစ်တကျ လိုက်နာပါ
- ဆရာဝန်နှင့် အရိုးအကြောပြန်လည်သန်စွမ်းရေးပညာရှင်တို့၏ ညွှန်ကြားချက်အတိုင်း လေ့ကျင့်ခန်းများ၊ လမ်းလျှောက်လေ့ကျင့်မှုနှင့် နေ့စဉ်လှုပ်ရှားမှုများကို အဆင့်ဆင့် ပြန်လည်စတင်သင့်သည်
- ဆရာဝန်နှင့် ချက်ချင်းပြသရမည့် လက္ခဏာများ_ အကယ်၍ အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်ပါ
- ဖျားခြင်း (၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်ခြင်း)
- ဒဏ်ရာနေရာ ပိုမိုနီရဲလာခြင်း၊ ပူလာခြင်း သို့မဟုတ် ပိုမိုရောင်ရမ်းလာခြင်း
- ခြေချောင်းအရောင် ဖြူဖျော့၊ ပြာလာခြင်း သို့မဟုတ် အေးစက်လာခြင်း
- ခွဲစိတ်ဒဏ်ရာမှ ပြည် သို့မဟုတ် အရည်များ ထွက်လာခြင်း
- ခြေထောက်တွင် ထုံကျဉ်ခြင်း သို့မဟုတ် လှုပ်ရှားရန်ခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲလာခြင်း
References:
- Cleveland Clinic. (n.d.). Ankle fusion. Retrieved August 17, 2026, from https://my.clevelandclinic.org/health/procedures/ankle-fusion
- Mayo Clinic. (n.d.). Ankle surgery. Retrieved August 17, 2026, from https://www.mayoclinic.org/tests-procedures/ankle-surgery/about/pac-20385132
- The Royal Orthopaedic Hospital NHS Foundation Trust. (n.d.). Ankle fusion. Retrieved August 17, 2026, from https://roh.nhs.uk/services-information/foot-and-ankle/ankle-fusion
Published: 6 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.