Beighton Joint Hypermobility Score (အဆစ်ပျော့ပျောင်းမှုဆိုင်ရာ အမှတ်ပေးစနစ်)

Beighton Joint Hypermobility Score (အဆစ်ပျော့ပျောင်းမှုဆိုင်ရာ အမှတ်ပေးစနစ်)

အဆစ်ပျော့ပျောင်းမှုဆိုင်ရာ အမှတ်ပေးစနစ် (Beighton Joint Hypermobility Score) သည် အဆစ်များ အလွန်ပျော့ပျောင်း၍ ပုံမှန်ထက်ပိုမိုကွေးဆန့်နိုင်ခြင်း (Joint Hypermobility or Joint Laxity) ရှိမရှိကို အကဲဖြတ်ရန် အသုံးပြုသော ရိုးရှင်းသည့် စံပြုစမ်းသပ်မှုတစ်ခုဖြစ်သည်။ လက်ချောင်း၊ လက်မ၊ တံတောင်ဆစ်၊ ဒူးဆစ်နှင့် ခန္ဓာကိုယ်ရှေ့သို့ ကိုင်းချနိုင်မှုတို့ကို စစ်ဆေးပြီး စုစုပေါင်း ၉ မှတ် အထိ အမှတ်ပေးသည်။ ရမှတ်များလေလေ အဆစ်များ ပုံမှန်ထက်ပို၍ ကွေးဆန့်နိုင်မှု ရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ဤအမှတ်ပေးစနစ်ဖြင့် အဆစ်ပျော့ပျောင်းမှုကို လက်တွေ့စစ်ဆေးရန် အဓိကတီထွင်ခဲ့သောဆရာဝန်နှင့် မျိုးဗီဇပညာရှင် Peter Beighton ၏ အမည်ကို အစွဲပြု၍ Beighton Score ဟုလည်း အမည်ပေးထားသည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

Beighton Score သည် အဆစ်များ အလွန်ပျော့ပျောင်း၍ ပုံမှန်ထက် ပိုမိုကွေးဆန့်နိုင်ခြင်း (Joint Hypermobility) ရှိမရှိကို စစ်ဆေးရန် အသုံးပြုသော စံပြု စစ်ဆေးနည်း (Standard Screening Tool) တစ်ခုဖြစ်သည်။ Joint Hypermobility ကို ကလေးများ၊ လူငယ်များနှင့် အချို့သော ကျန်းမာသူများတွင်လည်း မည်သည့်ရောဂါမျှ မရှိဘဲ တွေ့နိုင်သည်။ ထို့ကြောင့် Beighton Score မြင့်ခြင်းတစ်ခုတည်းဖြင့် ရောဂါရှိသည်ဟု မသတ်မှတ်နိုင်ပါ။

သို့သော် အဆစ်များ ပုံမှန်ထက် အလွန်ပျော့ပျောင်းခြင်းနှင့်အတူ အဆစ်နာခြင်း၊ အဆစ်မကြာခဏ လွဲခြင်း၊ အရေပြားဆိုင်ရာ ပုံမှန်မဟုတ်သော လက္ခဏာများ သို့မဟုတ် မိသားစုရာဇဝင်များ တွဲဖက်ရှိပါက တွယ်ဆက်တစ်ရှူးများ မူမမှန်သော ရောဂါအခြေအနေများ (Connective Tissue Disorders) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်နိုင်သည်။ ဥပမာအားဖြင့်

  • အာလာဒန်းလော့ ရောဂါလက္ခဏာစု (Ehlers-Danlos Syndrome)
  • မားဖန်းရောဂါလက္ခဏာစု (Marfan Syndrome)
  • အရိုးကျိုးနိုင်ခြေမြင့်မားသော ရောဂါလက္ခဏာစု (Osteogenesis Imperfecta) စသည့် ရောဂါအခြေအနေများတွင် အဆစ်များအလွန်ပျော့ပျောင်းခြင်း (Joint Hypermobility) ကို တွေ့နိုင်သည်။

လိုအပ်ပါက လူနာ၏ ရောဂါရာဇဝင်၊ အဆစ်နာကျင်မှု၊ အဆစ်လွဲခြင်း၊ အရေပြားလက္ခဏာများ၊ မိသားစုရာဇဝင်နှင့် အခြားစစ်ဆေးမှုများကိုပါ ပေါင်းစပ်၍ ဆက်လက်အကဲဖြတ်ရသည်။

ကြိုတင်သိရှိထားရမည့် အချက်များ

Beighton Score စစ်ဆေးမှုကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ပြင်ပလူနာဌာနတွင် အလွယ်တကူ ပြုလုပ်နိုင်ပြီး အများအားဖြင့် အထူးစက်ကိရိယာများ မလိုအပ်ပါ။ ဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်မှ သတ်မှတ်ထားသော အဆစ်လှုပ်ရှားမှုများကို စမ်းသပ်စစ်ဆေး၍ အမှတ်ပေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အဆစ်များ တင်းမာလာခြင်း၊ အသက်ကြီးလာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရဖူးခြင်းတို့ကြောင့် ယခင်ကရှိခဲ့သော အဆစ်ပျော့ပျောင်းမှုကို စစ်ဆေးချိန်တွင် မတွေ့ရလျှင်လည်း ဆရာဝန်မှ ယခင်က အဆစ်များ ပုံမှန်ထက်ပို၍ ကွေးဆန့်နိုင်ခဲ့ခြင်း ရှိမရှိကို ရောဂါရာဇဝင်မှတစ်ဆင့် မေးမြန်းနိုင်သည်။ အများအားဖြင့် Five-Point Questionnaire ဟုခေါ်သော မေးခွန်း ၅ ခုကို အသုံးပြုနိုင်သည်။

  • ယခု သို့မဟုတ် ယခင်က ဒူးမကွေးဘဲ လက်ဖဝါးနှစ်ဖက်ကို မြေပြင်ပေါ် အပြည့်ထိနိုင်ခဲ့ခြင်း ရှိမရှိ
  • ယခု သို့မဟုတ် ယခင်က လက်မကို နောက်ဘက်သို့ ကွေး၍ လက်ဖျံကို ထိနိုင်ခဲ့ခြင်း ရှိမရှိ
  • ငယ်စဉ်ကတည်းက ကိုယ်ခန္ဓာကို ထူးခြားစွာ ကွေးဆန့်ပြခြင်း သို့မဟုတ် ခြေထောက်ကို ခေါင်းနောက်ဘက်အထိ တင်ပြနိုင်ခြင်း ရှိမရှိ
  • ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် ပခုံး သို့မဟုတ် ဒူးခေါင်းအဆစ် လွဲခြင်း (Dislocation) တစ်ကြိမ်ထက်ပို၍ ဖြစ်ဖူးခြင်း ရှိမရှိ
  • မိမိကိုယ်ကို အဆစ်နှစ်ထပ်ဖြစ်နေသည် (Double-jointed) ဟု ယူဆခြင်း ရှိမရှိ

အဆိုပါ မေးခွန်း ၅ ခုအနက် ၂ ခု သို့မဟုတ် ၂ ခုထက်ပို၍ “ရှိသည်” ဟု ဖြေဆိုပါက ယခင်က သို့မဟုတ် လက်ရှိတွင် အဆစ်များအလွန်ပျော့ပျောင်းခြင်း (Generalized Joint Hypermobility) ရှိနိုင်ခြေကို ထောက်ပြနိုင်သည်။ သို့သော် ဤမေးခွန်းများသည် Beighton Score ကို အစားထိုးသည့် ရောဂါအတည်ပြုစစ်ဆေးမှုမဟုတ်ဘဲ ရောဂါရာဇဝင်အကဲဖြတ်ရာတွင် အထောက်အကူပြုသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

Beighton Score စစ်ဆေးရာတွင် ဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်မှ လူနာအား သတ်မှတ်ထားသော အဆစ်လှုပ်ရှားမှုများ ပြုလုပ်စေပြီး အဆစ်များ ပုံမှန်ထက်ပို၍ ကွေးဆန့်နိုင်ခြင်း ရှိမရှိကို စစ်ဆေးအမှတ်ပေးမည်ဖြစ်သည်။ စစ်ဆေးမည့် အစိတ်အပိုင်းများမှာ_

  • လက်သန်း နှစ်ဖက်လုံး၏ အောက်ခြေအဆစ်များ (Little/Fifth Fingers)
  • လက်မ နှစ်ဖက်လုံး (Thumbs)
  • တံတောင်ဆစ် နှစ်ဖက်လုံး (Elbows)
  • ဒူးဆစ် နှစ်ဖက်လုံး (Knees)
  • ဒူးမကွေးဘဲ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းချနိုင်မှု (Forward Flexion of the Trunk) တို့ဖြစ်သည်။
စစ်ဆေးပုံအသေးစိတ်
စစ်ဆေးရမည့် အဆစ်/လှုပ်ရှားမှုစမ်းသပ်စစ်ဆေးချက် (Finding)အမှတ် (Points)
ဘယ်ဘက် လက်သန်းလက်သန်းကို လက်ဖမိုးဘက်သို့ ၉၀ ဒီဂရီထက် ပို၍ နောက်ပြန်ကွေးနိုင်ခြင်း၁ မှတ်
၉၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ကွေးနိုင်ခြင်း၀ မှတ်
ညာဘက် လက်သန်းလက်သန်းကို လက်ဖမိုးဘက်သို့ ၉၀ ဒီဂရီထက် ပို၍ နောက်ပြန်ကွေးနိုင်ခြင်း၁ မှတ်
၉၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ကွေးနိုင်ခြင်း၀ မှတ်
ဘယ်ဘက် လက်မလက်မကို ကွေး၍ လက်ဖျံအတွင်းဘက်သို့ ထိနိုင်ခြင်း၁ မှတ်
လက်ဖျံအတွင်းဘက်သို့ မထိနိုင်ခြင်း၀ မှတ်
ညာဘက် လက်မလက်မကို ကွေး၍ လက်ဖျံအတွင်းဘက်သို့ ထိနိုင်ခြင်း၁ မှတ်
လက်ဖျံအတွင်းဘက်သို့ မထိနိုင်ခြင်း၀ မှတ်
ဘယ်ဘက် တံတောင်ဆစ်တံတောင်ဆစ်ကို ၁၀ ဒီဂရီထက် ပို၍ နောက်ပြန်ဆန့်နိုင်ခြင်း၁ မှတ်
၁၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ဆန့်နိုင်ခြင်း၀ မှတ်
ညာဘက် တံတောင်ဆစ်တံတောင်ဆစ်ကို ၁၀ ဒီဂရီထက် ပို၍ နောက်ပြန်ဆန့်နိုင်ခြင်း၁ မှတ်
၁၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ဆန့်နိုင်ခြင်း၀ မှတ်
ဘယ်ဘက် ဒူးဆစ်ဒူးဆစ်ကို ၁၀ ဒီဂရီထက် ပို၍ နောက်ပြန်ဆန့်နိုင်ခြင်း၁ မှတ်
၁၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ဆန့်နိုင်ခြင်း၀ မှတ်
ညာဘက် ဒူးဆစ်ဒူးဆစ်ကို ၁၀ ဒီဂရီထက် ပို၍ နောက်ပြန်ဆန့်နိုင်ခြင်း၁ မှတ်
၁၀ ဒီဂရီ သို့မဟုတ် ယင်းထက်နည်း၍ နောက်ပြန်ဆန့်နိုင်ခြင်း၀ မှတ်
ဒူးဆစ်မကွေးဘဲ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းချခြင်းဒူးနှစ်ဖက်ကို ဖြောင့်တန်းထားလျက် လက်ဖဝါးနှစ်ဖက်လုံးကို ကြမ်းပြင်ပေါ် အပြားလိုက် ထိနိုင်ခြင်း၁ မှတ်
လက်ဖဝါးနှစ်ဖက်လုံးကို ကြမ်းပြင်ပေါ် အပြားလိုက် မထိနိုင်ခြင်း၀ မှတ်

လက်သန်း၊ လက်မ၊ တံတောင်ဆစ်နှင့် ဒူးဆစ်တို့ကို ဘယ်နှင့်ညာ တစ်ဖက်စီ သီးခြားအမှတ်ပေးပြီး ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းချခြင်းအတွက် ၁ မှတ်ပေးသဖြင့် စုစုပေါင်းအများဆုံး ၉ မှတ် ရရှိနိုင်သည်။

စစ်ဆေးပေးမည့် ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်သည် လိုအပ်သလို လူနာအား ထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်း သို့မဟုတ် လှဲလျောင်းခြင်းတို့ ပြုလုပ်စေပြီး အထက်ပါ အဆစ်လှုပ်ရှားမှုများ (Joint Manoeuvres) ကို စနစ်တကျ စစ်ဆေးမည်ဖြစ်သည်။ စမ်းသပ်မှုသည် ပုံမှန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်ပြီး အများအားဖြင့် နာကျင်မှုမရှိပါ။

ရမှတ်အဓိပ္ပာယ်ဖွင့်ဆိုခြင်း

Beighton Score ၏ သတ်မှတ်ရမှတ် (Cut-off) သည် အသက်အရွယ်ပေါ်မူတည်၍ ကွာခြားနိုင်သည်။ လက်ရှိအသုံးများသော သတ်မှတ်ချက်များအရ အဆစ်များအလွန်ပျော့ပျောင်းခြင်း (Generalized Joint Hypermobility) ရှိနိုင်ကြောင်း ယူဆနိုင်သည့် ရမှတ်များမှာ_

  • အရွယ်မရောက်သေးသော ကလေးနှင့် ဆယ်ကျော်သက်များ – ၆ မှတ် သို့မဟုတ် ထို့ထက်ပိုခြင်း
  • အသက် ၅၀ နှစ်အထိ အရွယ်ရောက်သူများ – ၅ မှတ် သို့မဟုတ် ထို့ထက်ပိုခြင်း
  • အသက် ၅၀ နှစ်ကျော်သူများ – ၄ မှတ် သို့မဟုတ် ထို့ထက်ပိုခြင်းတို့ဖြစ်သည်။

Beighton Score သည် လက်ရှိအဆစ်ပျော့ပျောင်းမှုကို စစ်ဆေးသည့် အမှတ်ပေးစနစ် ဖြစ်ပြီး ယခင်က အဆစ်ပျော့ပျောင်းမှု ရှိခဲ့သော်လည်း အသက်အရွယ်၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် အခြားအကြောင်းများကြောင့် လက်ရှိရမှတ် နည်းသွားနိုင်သည်။ ထိုသို့သောအခြေအနေများတွင် ရောဂါရာဇဝင်ဆိုင်ရာ Five-Point Questionnaire ကို ထပ်မံအသုံးပြု၍ အကဲဖြတ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

Beighton Score စမ်းသပ်မှုပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး သို့မဟုတ် စိုးရိမ်ရသည့် အန္တရာယ်များ လုံးဝမရှိပါ။

သိရှိနိုင်သောအဖြေများ

Beighton Score သည် အဆစ်များ အလွန်ပျော့ပျောင်း၍ ပုံမှန်ထက်ပိုမိုကွေးဆန့်နိုင်ခြင်း (Joint Hypermobility) ရှိမရှိကို အကဲဖြတ်ရန် အသုံးပြုသော ရိုးရှင်းသည့် ပဏာမစစ်ဆေးမှု (Screening or Assessment Tool) တစ်မျိုးဖြစ်သည်။ ရမှတ်မြင့်မားခြင်းသည် အဆစ်ပျော့ပျောင်းမှု ပိုမိုများပြားကြောင်း ဖော်ပြနိုင်သော်လည်း ရမှတ်တစ်ခုတည်းဖြင့် ရောဂါတစ်ခုခုကို အတည်ပြုနိုင်ခြင်း မရှိပါ။

အထူးသဖြင့် ကလေးများနှင့် လူငယ်များတွင် နောက်ခံရောဂါမရှိဘဲ အဆစ်များ ပုံမှန်ထက်ပို၍ ပျော့ပျောင်းနိုင်သည်။ ထို့ကြောင့် Beighton Score မြင့်မားခြင်းတစ်ခုတည်းဖြင့် အာလာဒန်းလော့ ရောဂါလက္ခဏာစု (Ehlers-Danlos Syndrome)၊ မားဖန်းရောဂါလက္ခဏာစု (Marfan Syndrome) သို့မဟုတ် အရိုးကျိုးနိုင်ခြေမြင့်မားသော ရောဂါလက္ခဏာစု (Osteogenesis Imperfecta) ကဲ့သို့သော တွဲဆက်တစ်ရှူးဆိုင်ရာ ရောဂါအခြေအနေ (Connective Tissue Disorders) တစ်ခုခုရှိသည်ဟု တိုက်ရိုက်သတ်မှတ်၍ မရပါ။

ထို့ကြောင့် Beighton Score မြင့်မားသူတစ်ဦးတွင် နောက်ခံရောဂါအခြေအနေ ရှိမရှိ ဆက်လက်အကဲဖြတ်ရာ၌ ရမှတ်အပြင် အောက်ပါအချက်များကိုပါ ပေါင်းစပ်စဉ်းစားရန် အရေးကြီးသည်။

  • အဆစ်အမြစ် နာကျင်ခြင်း (Joint Pain)
  • အဆစ် မကြာခဏ ပြုတ်ထွက်ခြင်း / အဆစ် အနည်းငယ် လွဲခြင်း (Recurrent Dislocation/Subluxation)
  • အရေပြား ပုံမှန်ထက် ပိုမိုဆန့်ထွက်နိုင်ခြင်း (Skin Hyperextensibility)
  • အလွယ်တကူ ညိုမည်းစွဲလွယ်ခြင်း (Easy Bruising)
  • မိသားစု ရောဂါရာဇဝင် (Family History)
  • ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ရောဂါလက္ခဏာများ (Musculoskeletal Symptoms)
  • အခြား တွဲဆက်တစ်ရှူးဆိုင်ရာ လက္ခဏာများ (Other Connective-Tissue Features)

ထို့ကြောင့် Beighton Score ကို ရောဂါအမည်တပ်ရန် အသုံးပြုသော စမ်းသပ်မှုအဖြစ်မယူဆဘဲ Generalized Joint Hypermobility ရှိမရှိကို အကဲဖြတ်ပေးသော အစိတ်အပိုင်းတစ်ခုအဖြစ်သာ အသုံးပြုသင့်ပြီး လိုအပ်ပါက ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုနှင့် သက်ဆိုင်ရာ အခြားစစ်ဆေးမှုများကို ပေါင်းစပ်၍ ဆက်လက်အကဲဖြတ်ရမည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Beighton score. Retrieved August 15, 2026, from https://my.clevelandclinic.org/health/diagnostics/24169-beighton-score
  2. Ehlers-Danlos Society. (n.d.). Assessing joint hypermobility. Retrieved August 15, 2026, from https://www.ehlers-danlos.com/assessing-joint-hypermobility/
  3. Physiopedia. (n.d.). Beighton score. Retrieved August 15, 2026, from https://www.physio-pedia.com/Beighton_Score
  4. ShoulderDoc. (n.d.). Beighton hypermobility score. Retrieved August 15, 2026, from https://shoulderdoc.co.uk/pages/beighton-hypermobility-score
  5. Singh, H., Rome, K., Hing, W., & Dalbeth, N. (2024). Assessing joint hypermobility: A review of the Beighton score and its clinical utility. Journal of the Canadian Chiropractic Association, 67(4), 269–281.

Published: 24 September 2026

Share

15 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.