Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)

Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)

Coombs test သည် လူ့ခန္ဓာကိုယ်အတွင်းမှ သွေးနီဥများ (RBC) ကို တိုက်ခိုက်ဖျက်စီးနိုင်ခြေရှိသော ပဋိပစ္စည်း (Antibodies) များ သွေးထဲတွင် ရှိမရှိ စစ်ဆေးပေးသည့် သွေးဓာတ်ခွဲစစ်ဆေးမှုတစ်ခုဖြစ်သည်။

ပဋိပစ္စည်းဆိုသည်မှာ ယေဘုယျအားဖြင့် ကိုယ်ခံအားစနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများနှင့် အခြားအဆိပ်အတောက်များကို တိုက်ဖျက်ပေးနိုင်သော ပရိုတင်းများဖြစ်သည်။ သို့ရာတွင် တစ်ခါတစ်ရံ ကိုယ်ခံအားစနစ် ပုံမှန်ထက် လွန်ကဲစွာ တုံ့ပြန်မှုကြောင့် ထိုပဋိပစ္စည်းများသည် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန် ကျန်းမာသောဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်ပျက်စီးစေနိုင်သည်။ ထိုအခြေအနေကို ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ (Autoimmune diseases) ဟုသတ်မှတ်ကြသည်။

သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Hemolytic anemia) ရှိသူများတွင် ထိုသို့ ပဋိပစ္စည်းများကြောင့် အဓိကဖြစ်ပွားသော ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Autoimmune Hemolytic Anemia – AIHA) အမျိုးအစားကို ရှာဖွေဖော်ထုတ်ရန် Coombs test ကို အဓိကအသုံးပြုလေ့ရှိသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များတွင် မမွေးဖွားမီ ကြိုတင်စစ်ဆေးရန်၊ မွေးကင်းစကလေးများ အသားဝါခြင်းအတွက် စစ်ဆေးရန်နှင့် သွေးသွင်းကုသမှု မစတင်မီ လူနာတွင် ပဋိပစ္စည်းများ ရှိမရှိ ကြိုတင်စစ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်သည်။

Coombs Test အမျိုးအစားများ

Coombs test တွင် Direct Coombs test နှင့် Indirect Coombs test ဟူ၍ အမျိုးအစားနှစ်ခုရှိသည်။

  • Direct Coombs Test – သွေးနီဥများ၏ မျက်နှာပြင်တွင် ၎င်းတို့ကို ထိခိုက်ပျက်စီးစေနိုင်သည့် ပဋိပစ္စည်းများ ကပ်တွယ်နေခြင်း ရှိမရှိကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်၊ Autoimmune Hemolytic Anemia ကဲ့သို့သော သွေးအားနည်းရောဂါများကို ရှာဖွေဖော်ထုတ်ရာတွင် အသုံးပြုလေ့ရှိသည်
  • Indirect Coombs Test – သွေးနီဥမျက်နှာပြင်များပေါ်သို့ ကပ်တွယ်သွားနိုင်ခြေရှိသော ပဋိပစ္စည်းများ သွေးရည်ကြည်ထဲတွင် စီးဆင်းနေခြင်း ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်၊ ၎င်းကို သွေးမသွင်းမီ သွေးဓာတ်တည့်မှု ရှိမရှိ စစ်ဆေးရန်နှင့် ကိုယ်ဝန်ဆောင်စစ်ဆေးမှုများ (Prenatal testing) တွင် ပုံမှန်ထည့်သွင်း စစ်ဆေးလေ့ရှိသည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

Coombs test ကို

  • ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Autoimmune Hemolytic Anemia – AIHA) ကို စစ်ဆေးခွဲခြားရန်
  • Rh-negative (အနှုတ်သွေး) သို့မဟုတ် O သွေးအမျိုးအစားရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် ဆရာဝန်ညွှန်ကြားချက်အရ မမွေးဖွားမီ ကြိုတင်စစ်ဆေးရန်
  • မွေးကင်းစကလေးများ အသားဝါခြင်းတွင် ဖြစ်စေသောအကြောင်းရင်းရှာဖွေရန် နှင့်
  • သွေးသွင်းကုသမှု မစတင်မီ လူနာတွင် ပဋိပစ္စည်းများ ရှိမရှိ ကြိုတင်စစ်ဆေးရန်အတွက် အသုံးပြုနိုင်သည်။
  1. AIHA ရောဂါအတွက် Coombs test စစ်ဆေးခြင်း
    AIHA ရောဂါတွင် ပဋိပစ္စည်းများ (Antibodies) ရှိနေခြင်းကြောင့် သွေးနီဥများ တိုက်ခိုက်ခံရ၍ စောစီးစွာ ပျက်စီးသွားကာ သွေးထဲတွင် သွေးနီဥဆဲလ် မလုံလောက်တော့ဘဲ သွေးအားနည်းခြင်းကို ဖြစ်စေသည်။ ကျန်းမာသော သွေးနီဥတစ်လုံးသည် ရက်ပေါင်း ၁၂၀ ခန့် (၄ လခန့်) အသက်ရှင်နိုင်သော်လည်း ဤသွေးအားနည်းရောဂါ ခံစားနေရသူများတွင်မူ သွေးနီဥများသည် ထိုရက် ၁၂၀ မတိုင်မီကတည်းက ပျက်စီးသွားကြသည်။ တစ်ခါတစ်ရံ ရိုးတွင်းခြင်ဆီသည် သွေးနီဥများ စောစီးစွာပျက်စီးသွားမှုကို ပြန်လည် အစားထိုးနိုင်ရန် သွေးနီဥများ ပိုမိုထုတ်လုပ်ပေးခြင်းဖြင့် တုံ့ပြန်တတ်သည်။ သို့သော် ထိုသို့အပိုထပ်ဆောင်း ထုတ်လုပ်မှုသည် ဤသွေးအားနည်းခြင်းအခြေအနေအတွက် အမြဲမလုံလောက်နိုင်ပါ။
    ထို့ကြောင့် ဖြူဖျော့ခြင်း၊ အသားဝါခြင်း၊ နုံးချည့်ခြင်း၊ မူးဝေခြင်းကဲ့သို့ သွေးအားနည်းရောဂါ လက္ခဏာတစ်ခုခု ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ Coombs test အပါအဝင် အခြားသွေးဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် လိုနိုင်သည်။
  2. ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်အား Coombs test စစ်ဆေးခြင်း
    ကိုယ်ဝန်ဆောင်မိခင်သည် Rh-negative (အနှုတ်သွေး) သို့မဟုတ် သွေးအုပ်စု O အမျိုးအစားရှိသူ ဖြစ်ပါက Rh သွေးအုပ်စု မကိုက်ညီခြင်း (Rh incompatibility) နှင့် ABO သွေးအုပ်စု မကိုက်ညီခြင်း (ABO incompatibility) အခြေအနေများအတွက် Indirect Coomb test ကို ကိုယ်ဝန် ပထမသုံးလပတ် (First trimester) အတွင်း ကြိုတင်စစ်ဆေးနိုင်သည်။
    • Rh-negative (အနှုတ်သွေး) ရှိသော မိခင်မှ ကိုယ်ဝန်ဆောင်ထားသော သန္ဓေသားသည် Rh positive (အပေါင်းသွေး) ဖြစ်နေပါက Rh သွေးအုပ်စု မကိုက်ညီခြင်း ဖြစ်နိုင်သည်၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးမွေးဖွားစဉ်အတွင်း မိခင်နှင့် ကလေး၏သွေးများ ရောနှောမှု ဖြစ်ပေါ်ပြီး မိခင်၏ ပဋိပစ္စည်းများသည် ကလေး၏ သွေးနီဥများကို တိုက်ခိုက်ပျက်စီးစေနိုင်သည်၊ ယေဘုယျအားဖြင့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခြင်းများသည် Rh သွေးအုပ်စု မကိုက်ညီသည့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးသည်
    • ထို့နည်းတူ သွေးအုပ်စု O ရှိသော မိခင်များတွင် Anti-A နှင့် Anti-B ပဋိပစ္စည်း နှစ်မျိုးစလုံး ရှိနေတတ်သောကြောင့် ABO သွေးအုပ်စု မကိုက်ညီခြင်း အများဆုံးဖြစ်တတ်သည်၊ အကယ်၍ သန္ဓေသားသည် သွေးအုပ်စု A၊ B သို့မဟုတ် AB ဖြစ်နေပါက သွေးအုပ်စုမကိုက်ညီမှု ဖြစ်နိုင်ခြေ ရှိလာနိုင်သည်၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးမွေးဖွားစဉ်အတွင်း မိခင်နှင့် ကလေး၏သွေးများ ရောနှောမှု ဖြစ်ပေါ်ပါက မိခင်၏ ပဋိပစ္စည်းများသည် ကလေး၏ သွေးနီဥများကို တိုက်ခိုက် ပျက်စီးစေနိုင်သည်၊ ယေဘုယျအားဖြင့် Rh သွေးအုပ်စု မကိုက်ညီခြင်းနှင့် နှိုင်းယှဥ်လျှင် လက္ခဏာပြင်းထန်မှု လျော့နည်းနိုင်သည်
  3. မွေးကင်းစကလေးငယ်အား Coombs test စစ်ဆေးခြင်း
    အကယ်၍ မွေးကင်းစကလေးငယ်သည် မွေးဖွားပြီးချိန်တွင် အသားဝါခြင်း (Jaundice) လက္ခဏာပြပါက ကလေး၏ သွေးနီဥများပေါ်တွင် Rh-negative (အနှုတ်သွေး) သို့မဟုတ် သွေးအုပ်စု O အမျိုးအစားရှိသူ မိခင်ထံမှ ရောက်ရှိလာသော ပဋိပစ္စည်းများ ကပ်တွယ်နေခြင်း ရှိမရှိ သိနိုင်ရန် စစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
  4. သွေးသွင်းကုသမှုမပြုလုပ်မီ Coombs test စစ်ဆေးခြင်း
    သွေးသွင်းကုသမှုမပြုလုပ်မီ အလှူရှင်၏သွေးကို သွေးသွင်းမှုခံယူမည့် လူနာ၏ သွေးနှင့် တိုက်၍ လိုက်ဖက်မှု ရှိမရှိ စစ်ဆေးရာတွင် ထည့်သွင်းစစ်ဆေးသည်။
ကြိုတင်သိရှိထားရမည့်အချက်များ

စစ်ဆေးရန် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလိုအပ်ပါ။ အစားအသောက် သီးသန့်ကြိုတင်ရှောင်ရန် မလိုပါ။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • ဆရာဝန် သို့မဟုတ် သူနာပြုမှ လက်မောင်း သို့မဟုတ် လက်ဖျံသွေးပြန်ကြောမှ သွေးနမူနာ အနည်းငယ်ကို အပ်ဖြင့် စုပ်ယူမည်
  • အပ်စိုက်ချိန်တွင် အနည်းငယ် စူးခနဲ ခံစားရနိုင်ပြီး သွေးထုတ်ပြီးနောက် ၎င်းနေရာကို ဂွမ်းဖြင့် ၁၀ မိနစ် မှ မိနစ် ၂၀ ခန့် ဖိကပ်ထားရမည်
  • ထုတ်ယူထားသော သွေးနမူနာကို ဓာတ်ခွဲခန်းသို့ပို့၍ ဆက်လက်စစ်ဆေးမည်ဖြစ်သည်
  • ဓာတ်ခွဲခန်းတွင် ယေဘုယျအားဖြင့် ရောဂါဗေဒဆိုင်ရာ အထူးပြုဆရာဝန်များနှင့် ဓာတ်ခွဲခန်းပညာရှင်များမှ သွေးနမူနာများကို စစ်ဆေးပေးလေ့ရှိသည်
  • ဤစစ်ဆေးမှုတွင် အသုံးပြုမည့် ဓာတ်ပြုဆေးရည်မှာ (Coombs reagent or anti-human globulin serum) ဖြစ်သည်။
Direct Coombs Test စစ်ဆေးပုံ

Direct Coombs Test တွင် လူနာ၏ သွေးနီဥများကို သွေးနမူနာမှ ခွဲထုတ်ပြီး သွေးနီဥမျက်နှာပြင်ပေါ်တွင် ပဋိပစ္စည်း (Antibodies) သို့မဟုတ် ကိုယ်ခံအားစနစ်နှင့် သက်ဆိုင်သော အရာများ ကပ်တွယ်နေခြင်း ရှိမရှိကို စစ်ဆေးသည်။

ဓာတ်ခွဲခန်းတွင် သွေးနီဥများကို သန့်စင်ပြီးနောက် Coombs reagent သို့မဟုတ် Anti-human globulin reagent ဟုခေါ်သော ဓာတ်ပြုဆေးရည်နှင့် ပေါင်းစပ်စစ်ဆေးသည်။ သွေးနီဥများ၏ မျက်နှာပြင်တွင် ပဋိပစ္စည်းများ ကပ်တွယ်နေပါက ဓာတ်ပြုဆေးရည်နှင့်တုံ့ပြန်ပြီး သွေးနီဥများ အစုလိုက်အပြုံလိုက် စုပုံလာခြင်း (Agglutination) ဖြစ်ပေါ်နိုင်သည်။ ထိုသို့ စုပုံလာပါက Direct Coombs Test Positive ဟု သတ်မှတ်သည်။

Direct Coombs Test သည် အထူးသဖြင့် Autoimmune Hemolytic Anemia၊ သွေးသွင်းပြီးနောက် ဖြစ်ပေါ်နိုင်သော သွေးနီဥပျက်စီးမှုနှင့် မွေးကင်းစကလေးများတွင် မိခင်ထံမှရရှိသော ပဋိပစ္စည်းများကြောင့် သွေးနီဥပျက်စီးမှု ရှိမရှိ စစ်ဆေးရာတွင် အသုံးဝင်သည်။

Indirect Coombs Test စစ်ဆေးပုံ

Indirect Coombs Test တွင် လူနာ၏ သွေးရည်ကြည် (Serum) ထဲ၌ သွေးနီဥများနှင့် တွယ်ကပ်တုံ့ပြန်နိုင်သော ပဋိပစ္စည်းများ ရှိမရှိကို စစ်ဆေးသည်။

ဓာတ်ခွဲခန်းတွင် လူနာ၏ သွေးရည်ကြည်ကို သတ်မှတ်ထားသော သွေးနီဥများနှင့် ပေါင်းစပ်ထားပြီး ပဋိပစ္စည်းများရှိပါက ထိုသွေးနီဥများနှင့် ကပ်တွယ်နိုင်ရန် အခြေအနေဖန်တီးပေးသည်။ ထို့နောက် သွေးနီဥများကို သန့်စင်ပြီး Coombs reagent ထည့်၍ တုံ့ပြန်မှု ရှိမရှိ စစ်ဆေးသည်။ သွေးနီဥများ စုပုံလာခြင်း (Agglutination) ဖြစ်ပေါ်ပါက လူနာ၏ သွေးရည်ကြည်ထဲတွင် သွေးနီဥများနှင့် တုံ့ပြန်နိုင်သော ပဋိပစ္စည်းများ ရှိနေကြောင်း ပြသပြီး Indirect Coombs Test Positive ဟု သတ်မှတ်သည်။

Indirect Coombs Test ကို သွေးမသွင်းမီ မလိုလားအပ်သော ပဋိပစ္စည်းများ ရှိမရှိ စစ်ဆေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား၏ သွေးနီဥများကို ထိခိုက်စေနိုင်သော ပဋိပစ္စည်းများ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းတို့တွင် အဓိကအသုံးပြုသည်။

နောက်ဆက်တွဲပြဿနာများ

သွေးထုတ်ယူစစ်ဆေးခြင်းသာ ဖြစ်သောကြောင့် များသောအားဖြင့် လူနာတွင် နောက်ဆက်တွဲပြဿနာများ အလွန်နည်းပါးသည်။

သိရှိနိုင်သောအဖြေများ

များသောအားဖြင့် ၂၄ နာရီအတွင်း အဖြေသိရလေ့ရှိပြီး ရလဒ်နှစ်မျိုး ထွက်ရှိနိုင်သည်။

Positive ရလဒ် (ပုံမှန်မဟုတ်သော အဖြေ)

Coombs test အဖြေ Positive ထွက်ခြင်းသည် သွေးနီဥများကို တိုက်ခိုက်မည့် ပဋိပစ္စည်းများ ရှိနေသည်ဟု ဆိုလိုသည်။ အောက်ပါရောဂါအခြေအနေများတွင် Positive ရလဒ် တွေ့ရှိနိုင်သည်။

  • ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Autoimmune Hemolytic Anemia – AIHA)
  • Infectious mononucleosis (ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုး)
  • Chronic lymphocytic leukemia (နာတာရှည် သွေးကင်ဆာတစ်မျိုး)
  • Syphilis (ကာလသားရောဂါ)
  • Mycoplasma ရောဂါပိုးဝင်ခြင်း
  • SLE ရောဂါ
  • သွေးသွင်းခြင်းကြောင့် ခန္ဓာကိုယ်မှ ဆိုးကျိုးတုံ့ပြန်မှု ဖြစ်ခြင်း
    • သွေးမသွင်းမီ Positive ထွက်ပါက – လူနာနှင့် ကိုက်ညီသော သွေးယူနစ်ကို ဂရုတစိုက် ရွေးချယ်ရမည်ဟု ဆိုလိုသည်၊ သွေးမကြာခဏသွင်းဖူးသူများတွင် ပဋိပစ္စည်းအမျိုးမျိုး ရှိနေတတ်သဖြင့် ၎င်းတို့နှင့် ဓာတ်တည့်မည့် သွေးကို ရှာဖွေရန် ခက်ခဲနိုင်သည်
    • ကိုယ်ဝန်ဆောင်မိခင်တွင် Positive ထွက်ပါက – မွေးဖွားလာမည့်ကလေးတွင် သွေးနီဥများ ပျက်စီးမှု မဖြစ်အောင် ကြိုတင်ကာကွယ်ရန် လိုအပ်သော ဆေးကုသမှုအဆင့်ဆင့်ကို အမြန်ဆုံး ခံယူရမည်
    • မွေးကင်းစ ကလေးတွင် Positive ထွက်ပါက – ကလေးတွင် သွေးအားနည်းခြင်း သို့မဟုတ် အသားဝါခြင်း လက္ခဏာများပါရှိနေပါက သွေးနီဥပျက်စီးမှု ရှိနေကြောင်း ပြသနေသဖြင့် လိုအပ်သော ကုသမှုများ ချက်ချင်းခံယူရမည်ဖြစ်သည်
Negative ရလဒ် (ပုံမှန်အဖြေ)

အဖြေစစ်ဆေးချက် ပုံမှန်ရလဒ်ဖြစ်သည်။ သွေးနီဥများကို တိုက်ခိုက်မည့် ပဋိပစ္စည်းများ မတွေ့ရှိရဟု အဓိပ္ပာယ်ရပြီး

  • အလှူရှင်ထံမှ သွေးကို စိတ်ချလက်ချ သွင်းပေးနိုင်သည်
  • Rh သွေးအုပ်စု မကိုက်ညီခြင်းကြောင့် ကလေးအပေါ် အန္တရာယ် သက်ရောက်မှုအတွက် စိုးရိမ်ရန်မလိုပါ။
အရေးကြီးသောအချက်များ

ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေအရ မွေးကင်းစကလေးတွင် Coombs test positive ရလဒ်ထွက်လာခြင်းသည် Bilirubin အဝါဓာတ် အလွန်များခြင်း (Hyperbilirubinemia) မလွဲမသွေ ဖြစ်လာမည်ဟု မဆိုလိုပါ။ မီးချောင်းပြကုထုံး (Phototherapy) ပေးရန် လိုအပ်နိုင်ခြေများသော်လည်း Bilirubin ပမာဏအပေါ် သက်ရောက်မှုရှိသော အခြားအချက်များစွာ ရှိနေသေးသဖြင့် သင့်လျော်သော ကုသမှုကို ဆုံးဖြတ်နိုင်ရန် ထိုအချက်အားလုံးကို စနစ်တကျ အကဲဖြတ်ရန် လိုအပ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် Coombs test ၌ negative ရလဒ်ထွက်သော်လည်း သွေးနီဥများ ပျက်စီးခြင်း (Active hemolysis) ရှိနေနိုင်သေးသည်။ သွေးနီဥများ၏ သဘာဝဖွဲ့စည်းပုံ ချို့ယွင်းချက်ကြောင့် ဖြစ်သော ရောဂါများ (ဥပမာ – Hereditary Spherocytosis၊ G6PD ဓာတ်ချို့တဲ့ခြင်း စသည်) ကြောင့်လည်း ပြင်းထန်စွာ အသားဝါခြင်း ဖြစ်ပွားနိုင်သော်လည်း ထိုရောဂါများသည် ပဋိပစ္စည်းများနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့် Coombs test စစ်ဆေးသော်လည်း Negative ရလဒ်သာ ထွက်ပေါ်မည်ဖြစ်သည်။

Coombs test ၏ ကန့်သတ်ချက်များ

တစ်ခါတစ်ရံ အထူးသဖြင့် သက်ကြီးရွယ်အိုများ၌ Coomb’s test သည် အခြားမည်သည့်ရောဂါ သို့မဟုတ် ဖြစ်နိုင်ခြေအန္တရာယ်များ မရှိဘဲနှင့်ပင် ပုံမှန်မဟုတ်သော ရလဒ် ထွက်လာတတ်သည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာရောဂါတစ်ခုခုအား အဖြေရှာအတည်ပြုရန်အတွက် ဤစစ်ဆေးမှုတစ်မျိုးတည်းကို အသုံးပြုခြင်းသည် ယုံကြည်စိတ်ချရမှု နည်းပါးသောကြောင့် အခြားစစ်ဆေးမှုများကို အတူတွဲ၍ စစ်ဆေးလုပ်ဆောင်ရလေ့ရှိသည်။

References:

  1. Cleveland Clinic. (n.d.). Coombs test. Retrieved July 1, 2026, from https://my.clevelandclinic.org/health/diagnostics/22978-coombs-test
  2. Johns Hopkins Lupus Center. (n.d.). Coombs’ test. Retrieved July 1, 2026, from https://www.hopkinslupus.org/lupus-tests/clinical-tests/coombs-test/
  3. Microbiology Info. (2022). Coombs test—Principle, types, procedure and result interpretation. Retrieved July 1, 2026, from https://microbiologyinfo.com/coombs-test-principle-types-procedure-and-result-interpretation/
  4. Microbe Notes. (2022). Coomb’s test—Direct and indirect Coomb’s test. Retrieved July 1, 2026, from https://microbenotes.com/coombs-test-direct-and-indirect-coombs-test/
  5. Stanford School of Medicine. (n.d.). The Coombs’ test. Retrieved July 1, 2026, from https://med.stanford.edu/newborns/professional-education/jaundice-and-phototherapy/the-coombs–test.html
  6. Theis, S. R., & Hashmi, M. F. (2022). Coombs test. In StatPearls. StatPearls Publishing. Retrieved July 1, 2026, from https://www.ncbi.nlm.nih.gov/books/NBK547707/
  7. Pathology Outlines. (n.d.). Coombs test. Retrieved July 1, 2026, from https://www.pathologyoutlines.com/topic/transfusionmedcoombs.html

Published: 31 August 2026

Share

31 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.