ဆံပင်ကျွတ်ခြင်းပြဿနာသည် မျိုးဗီဇ၊ သက်တမ်းရင့်လာမှု၊ ဟော်မုန်းပြောင်းလဲမှုနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ကာ မိမိကိုယ်မိမိ ယုံကြည်မှုကို ထိခိုက်စေနိုင်သော အခြေအနေတစ်မျိုးဖြစ်သည်။ ဆံပင်အစားထိုးကုသမှု (Hair Transplant) ဆိုသည်မှာ ဦးခေါင်း၏ ကျန်းမာသန်စွမ်းသော အစိတ်အပိုင်းမှ ဆံပင်အမြစ်ဖတ်များနှင့် တစ်ရှူးများကို ဆံပင်ပါးလွှာနေသော သို့မဟုတ် ထိပ်ပြောင်နေသော နေရာများသို့ ပြောင်းရွှေ့စိုက်ပျိုးပေးသည့် ထိရောက်သော အရေပြားခွဲစိတ်ကုထုံးတစ်ရပ်ဖြစ်သည်။ ဤနည်းလမ်းသည် ရေရှည်တည်တံ့သော ရလဒ်ကောင်းများကို ပေးစွမ်းနိုင်သော်လည်း ကုသမှုစရိတ် မြင့်မားခြင်းနှင့် အနာကျက်ရန်အတွက် အချိန်အတန်ကြာ စောင့်ဆိုင်းရန် လိုအပ်ခြင်း စသည့်အချက်များ ရှိနိုင်သည်။ ထို့ကြောင့် ပုံမှန်ကုထုံးများဖြင့် ထိရောက်မှုမရှိသော ပြင်းထန်သည့် ဆံပင်ကျွတ်ခြင်း ပြဿနာများအတွက် အဓိကရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်၍ လုပ်ဆောင်လာကြသည်။
ဆံပင်အစားထိုးကုသမှု ပြုလုပ်နိုင်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများရှိသူများတွင် ဆံပင်အစားထိုးကုသမှုကို စဉ်းစားနိုင်သည်။
- အမျိုးသား သို့မဟုတ် အမျိုးသမီးပုံစံ ထိပ်ပြောင်ခြင်းရှိသူများ
ဤအခြေအနေသည် မျိုးဗီဇနှင့် ဟော်မုန်းကြောင့် ဖြစ်ပွားတတ်သော ကမ္ဘာ့အဖြစ်အများဆုံး ဆံပင်ကျွတ်ခြင်း အမျိုးအစားဖြစ်သည်။- အမျိုးသားပုံစံ ထိပ်ပြောင်ခြင်း (Male Pattern Baldness) – များသောအားဖြင့် ရှေ့နဖူးစပ်လိုင်း နောက်ဆုတ်သွားခြင်း (M-shape ဖြစ်လာခြင်း) သို့မဟုတ် ဦးခေါင်းထိပ်လယ်မှ ဆံပင်များ တဖြည်းဖြည်း ပါးလွှာပြီး ထိပ်ပြောင်ခြင်းဖြစ်သည်
- အမျိုးသမီးပုံစံ ထိပ်ပြောင်ခြင်း (Female Pattern Baldness) – အမျိုးသားများကဲ့သို့ နဖူးစပ်လိုင်း ဆုတ်ခွာခြင်း မရှိဘဲ ဦးခေါင်းအလယ် ဆံတောက်ကြောင်းတစ်လျှောက်မှ စတင်ကာ ဆံပင်များ ကွက်၍ ပါးလွှာလာတတ်သည်
- ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ သို့မဟုတ် ခွဲစိတ်မှုကြောင့် အမြဲတမ်း ဆံပင်ကျွတ်ဆုံးရှုံးထားသူများ
- ဆေးဝါးကုသမှုဖြင့် တိုးတက်မှုမရှိသော ဆံပင်ပါးသူများ
- ဆံပင်အမြစ်ဖတ်များနှင့် တစ်ရှူးများယူမည့်နေရာ (Donor Site) တွင် ကျန်းမာသောဆံပင် အလုံအလောက်ရှိသူများ (များသောအားဖြင့် ဦးခေါင်းနောက်ပိုင်း သို့မဟုတ် ဘေးပိုင်း)
- ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့ကျသော မျှော်မှန်းချက်ရှိသူများ
ကုသမှုခံယူရန် မသင့်တော်သော အခြေအနေများ
အောက်ပါအခြေအနေများ ရှိသူများသည် ဆံပင်အစားထိုးကုသမှု ခံယူရန် မသင့်တော်ပါ။
- နေရာအနှံ့ ဆံပင်ကျွတ်ခြင်း (Diffuse Unpatterned Alopecia) – ဦးခေါင်းတစ်ခုလုံးတွင် သတ်မှတ်ပုံစံမရှိဘဲ နေရာအနှံ့ ဆံပင်ကျွတ်ခြင်း
- အမာရွတ်ဖြစ်စေသော ဆံပင်ကျွတ်ရောဂါ (Cicatricial Alopecias) – ဦးရေပြားတွင် အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်ကာ ဆံပင်အမြစ်များကို ပျက်စီးစေသော ရောဂါ
- ကွက်ကျွတ်ခြင်း (Alopecia Areata) – ကိုယ်ခံအားစနစ် မှားယွင်းမှုကြောင့် ဆံပင်များ ကွက်၍ကျွတ်ခြင်း
- ဆံပင်ကျွတ်နှုန်း မတည်ငြိမ်သေးသူများ (Unstable Hair Loss) – ဆံပင်ကျွတ်ခြင်းအဆင့် ဆက်လက်ကြီးမားပြင်းထန်နေဆဲ ဖြစ်သူများ
- ဆံပင်ကျွတ်ပမာဏ နည်းပါးသေးသူများ (Insufficient Hair Loss) – အစားထိုးကုသမှု ခံယူရန် မလိုအပ်သေးလောက်အောင် ဆံပင်ကျွတ်မှု အနည်းငယ်သာ ရှိသေးသူများ
- အသက်အရွယ် ငယ်ရွယ်သူများ (Young Patients) – ဆံပင်ကျွတ်သည့်ပုံစံကို အတိအကျ ခန့်မှန်းရန် ခက်ခဲသဖြင့် အသက် (၂၅) နှစ်ကျော်မှသာ ဆံပင်အစားထိုးရန် စဉ်းစားသင့်သည်
- လက်တွေ့မကျသော မျှော်လင့်ချက်ရှိသူများ (Unrealistic Expectations) – မူလငယ်စဉ်ကအတိုင်း ဆံသားသိပ်သည်းဆ ပြန်လည်ရရှိမည်ဟု လွန်ကဲစွာ မျှော်လင့်ထားသူများ
- ဆံပင်အမြစ်ဖတ်များနှင့် တစ်ရှူးများယူမည့် နေရာ (Donor Site) မလုံလောက်သူများ
ခွဲစိတ်ကုသမှုကို ခက်ခဲရှုပ်ထွေးစေနိုင်သော ကျန်းမာရေးအခြေအနေများ
အောက်ပါအချက်များသည် ခွဲစိတ်မှုအောင်မြင်နှုန်း ကျဆင်းစေခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ပိုမိုဖြစ်ပွားစေနိုင်သဖြင့် အထူးသတိပြုရမည်။
- ဆေးလိပ်သောက်ခြင်း (Smoking)
- သွေးကြောငယ်များ ထိခိုက်ပျက်စီးနေသော ဆီးချိုရောဂါ (Diabetes Mellitus with Microvascular Damage)
- အလွန်အမင်း ထိပ်ပြောင်နေခြင်း (Advanced Balding)
- သွေးတိုးရောဂါ (Hypertension)
- အရက်အလွန်အကျွံ သောက်သုံးခြင်း (Excessive Alcohol Use)
- နှလုံးရောဂါ (Heart Disease)
- ကိုယ်ခံအားကျဆင်းခြင်း ရောဂါများ (Immune Deficiency)
- ဦးရေပြား နေလောင်ဒဏ် အပြင်းအထန် ခံထားရခြင်း (Advanced Sun Damage to the Scalp)
ကြိုတင်သိရှိထားသင့်သော အချက်များ
- လက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိခြင်း
- ဆံပင်အစားထိုးကုသမှုသည် ဆံပင်သိပ်သည်းဆကို တိုးတက်ကောင်းမွန်စေနိုင်သော်လည်း ငယ်စဉ်ကရှိခဲ့သည့် မူလဆံပင်ပမာဏအတိုင်း ပြန်လည်ရရှိရန် အာမခံချက်မရှိကြောင်း သိရှိနားလည်ထားရမည်
- ကုသမှု၏ ရလဒ်ကောင်းများကို လအနည်းငယ်ကြာမှသာ တဖြည်းဖြည်းချင်း မြင်တွေ့ရမည်
- လူနာ၏ အခြေအနေပေါ်မူတည်၍ ကုသမှုအကြိမ်အရေအတွက်ကို လိုအပ်သလို ထပ်မံဆောင်ရွက်ရနိုင်သည်
- မိမိ၏ ကျန်းမာရေးအခြေအနေကို ဆရာဝန်အား အသိပေးပါ
အောက်ပါအခြေအနေများ ရှိပါက ဆရာဝန်အား ကြိုတင်ပြောကြားသင့်သည်။- ဆီးချိုရောဂါ
- သွေးတိုးရောဂါ
- နှလုံးရောဂါ
- သွေးခြည်ဥလွယ်သော၊ သွေးထွက်လွယ်သော ရောဂါများ
- ဆေးဝါးဓာတ်မတည့်မှုများ
- လက်ရှိသောက်သုံးနေသော ဆေးဝါးများနှင့် အာဟာရဖြည့်စွက်ဆေးများ
- အချို့သော ဆေးဝါးများကို ရှောင်ကြဉ်ပါ
ဆရာဝန်၏ညွှန်ကြားချက်အရ အောက်ပါဆေးများကို ယာယီရပ်နားရန် လိုအပ်နိုင်သည်။- Aspirin နှင့် အရောင်ကျဆေးများ
- သွေးကျဲဆေးများ
- ဗီတာမင်နှင့် အပင်ထွက်ဖြည့်စွက်ဆေးအချို့
- Minoxidil ကဲ့သို့သော ဆံပင်ပေါက်ဆေးများ
- ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်သုံးခြင်းသည် သွေးလှည့်ပတ်မှုကို အဟန့်အတားဖြစ်စေပြီး အနာကျက်မှုကို နှောင့်နှေးကြန့်ကြာစေနိုင်သောကြောင့် အထူးရှောင်ကြဉ်ရမည်
- အရက်သေစာသောက်သုံးခြင်းကိုလည်း ခွဲစိတ်ကုသမှုမပြုမီ သတ်မှတ်ရက် အနည်းငယ်ကြိုတင်၍ မပျက်မကွက် ရှောင်ကြဉ်ရန် လိုအပ်သည်
- ခွဲစိတ်ကုသမှုအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ
- ခွဲစိတ်ကုသမှု မစတင်မီ ဦးရေပြားနှင့် ဆံသားများကို စင်ကြယ်စွာ ဆေးကြောသန့်စင်ထားရှိရမည်
- တာဝန်ခံဆရာဝန်မှ အထူးတားမြစ်ထားခြင်း မရှိပါက ပေါ့ပါးသော အာဟာရကို ကြိုတင်စားသောက်ထားနိုင်သည်
- ခွဲစိတ်မှုပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက် ဦးခေါင်းမှ စွပ်၍ဝတ်ရသော အင်္ကျီများအစား ရှေ့ဖက်မှ ကြယ်သီးတပ်နိုင်သော အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ရန် လိုအပ်သည်
- ခွဲစိတ်မှုမတိုင်မီညတွင် လုံလောက်စွာ အိပ်စက်အနားယူရန် လိုအပ်သည်
ကုသပုံအဆင့်ဆင့်
ဆံပင်အစားထိုးကုသမှု နည်းလမ်းများ
- Follicular Unit Transplantation (FUT)
Follicular Unit Transplantation (FUT) ကို “Strip Method” ဟုလည်း လူသိများသည်။ ဤကုထုံးတွင် ဆံပင်သန်စွမ်းသောနေရာ (Donor site) မှ ဦးရေပြားတစ်ရှူးအလွှာကို ခွဲစိတ်ဖယ်ရှားပြီးနောက်၊ ၎င်းမှ ဆံပင်အမြစ်ဖတ်များကို အသေးစိတ်ခွဲထုတ်၍ ဆံပင်ပါးလွှာသော သို့မဟုတ် ထိပ်ပြောင်သော ဧရိယာများသို့ ပြောင်းရွှေ့စိုက်ပျိုးပေးခြင်းဖြစ်သည်။- ရရှိနိုင်သော အကျိုးကျေးဇူးများ
- ကုသမှုတစ်ကြိမ်တည်းဖြင့် ဆံပင်အမြစ် (Grafts) ပမာဏအမြောက်အမြားကို ထိရောက်စွာ အစားထိုးစိုက်ပျိုးနိုင်ခြင်း
- ဆံပင်ကျွတ်ခြင်းပြဿနာ ပြင်းထန်ကျယ်ပြန့်စွာ ခံစားနေရသူများအတွက် အထူးသင့်လျော်သည့်ကုထုံးဖြစ်ခြင်း
- ကုသမှု၏ အားနည်းချက်များ
- ခွဲစိတ်ဖယ်ရှားခံရသည့် Donor site ဧရိယာတွင် တန်းလိုက်ဖြစ်ပေါ်သော ခွဲစိတ်မှုဆိုင်ရာ အမာရွတ်များ ကျန်ရှိနေနိုင်ခြင်း
- FUE နည်းလမ်းနှင့် နှိုင်းယှဉ်ပါက ပြန်လည်နလန်ထူရန်အတွက် အချိန်ကာလ ပိုမိုလိုအပ်ခြင်း
- ရရှိနိုင်သော အကျိုးကျေးဇူးများ
- Follicular Unit Extraction (FUE)
Follicular Unit Extraction (FUE) နည်းလမ်းသည်ဆံပင်သန်စွမ်းသော နေရာ (Donor site) မှ ဆံပင်အမြစ် (Follicular units) တစ်ခုချင်းစီကို တိုက်ရိုက်ထုတ်ယူ၍ လိုအပ်သည့်နေရာများသို့ ပြောင်းရွှေ့စိုက်ပျိုးပေးသော ကုထုံးဖြစ်သည်။- ကုထုံး၏ အားသာချက်များ
- ခွဲစိတ်မှုဆိုင်ရာ အမာရွတ်ကျန်ရှိမှု အလွန်နည်းပါးခြင်း
- ပြန်လည်နလန်ထူရန် ကြာမြင့်ချိန် ပိုမိုလျင်မြန်ခြင်း
- ခွဲစိတ်ကုသမှုအပြီးတွင် ဖြစ်ပေါ်လေ့ရှိသော မသက်မသာဖြစ်မှုများ သက်သာနည်းပါးခြင်း
- ကုထုံး၏ အားနည်းချက်များ
- ကုသမှုလုပ်ငန်းစဉ် ကြာမြင့်ချိန် ပိုမိုများပြားနိုင်ခြင်း
- FUT နည်းလမ်းနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ် ပိုမိုမြင့်မားနိုင်ခြင်း
- ကုထုံး၏ အားသာချက်များ
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ
ကျွမ်းကျင်သော ဆရာဝန်များမှ စနစ်တကျ ဆောင်ရွက်ပါက ဆံပင်အစားထိုးကုသမှုသည် ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံမှုရှိသော်လည်း အချို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေရှိသည်။
- မေ့ဆေး (သို့မဟုတ် ထုံဆေး) နှင့် ဓာတ်မတည့်ခြင်း
- သွေးထွက်လွန်ကဲခြင်း
- အနည်းငယ် နာကျင်ခြင်း သို့မဟုတ် မသက်မသာ ခံစားရခြင်း
- နဖူး သို့မဟုတ် ဦးရေပြား နေရာများတွင် ရောင်ရမ်းမှုဖြစ်ပေါ်ခြင်း
- အရေပြား နီမြန်းခြင်းနှင့် ယားယံခြင်း
- ပိုးဝင်ခြင်း
- ဦးရေပြားတွင် ထုံကျင်ခြင်း သို့မဟုတ် အာရုံခံစားမှု ပျောက်ဆုံးခြင်း
- အမာရွတ်ကျန်ခြင်း
- အစားထိုးစိုက်ပျိုးထားသော အစိတ်အပိုင်းများ (grafts သို့မဟုတ် flaps) မအောင်မြင်ခြင်း
- အစားထိုးထားသော ဆံပင်များ ယာယီကျွတ်ထွက်ခြင်း (Shock Loss) စသည်တို့ဖြစ်သည်။
အကယ်၍ ပြင်းထန်သော နာကျင်မှု၊ အလွန်အကျွံ ရောင်ရမ်းမှု၊ ဖျားနာမှု၊ အနာမှ ပြည်ထွက်ခြင်း သို့မဟုတ် သွေးထွက်မှုများ ဖြစ်ပေါ်ပါက ဆေးကုသမှု ချက်ချင်း ခံယူသင့်သည်။
ဆံပင်အစားထိုးကုသမှု ခံယူပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များ
ဆံပင်အစားထိုးကုသမှု အောင်မြင်ပြီး ရလဒ်ကောင်းမွန်စေရန်အတွက် ခွဲစိတ်မှုအပြီး စနစ်တကျ ပြုစုစောင့်ရှောက်ရန် အလွန်အရေးကြီးသည်။
ကာလအလိုက် ဦးရေပြားနှင့် ဆံသားပြုစုခြင်း လမ်းညွှန်ချက်
- ခွဲစိတ်ပြီး ပထမ (၂၄) နာရီ မှ (၇၂) နာရီအတွင်း
- အစားထိုးထားသောနေရာကို ကိုင်တွယ်ခြင်း၊ ကုတ်ခြင်းနှင့် ပွတ်တိုက်ခြင်းများ လုံးဝမပြုလုပ်ရပါ
- ပထမ (၂) ရက် မှ (၃) ရက်အထိ၊ (၂) နာရီမှ (၃) နာရီခြား တစ်ခါ ဆားရည်ဖျန်း၍ အစိုဓာတ်ထိန်းပေးရမည်
- အိပ်စက်အနားယူခြင်း
- စိတ်ပြီး ပထမ (၁) ပတ်အတွင်း ရောင်ရမ်းမှုသက်သာစေရန် ခေါင်းအုံးများသုံး၍ အိပ်ရာခေါင်းရင်းကို (၁၅) ဒီဂရီ မှ (၃၀) ဒီဂရီအထိ မြှင့်၍ အိပ်စက်ရမည်
- အစားထိုးထားသောနေရာကို တိုက်ရိုက်ဖိမိခြင်း သို့မဟုတ် ထိခိုက်မှုမရှိစေရန် အထူးဂရုပြုရမည်
- ဆံသားသန့်စင်ခြင်း
- ခွဲစိတ်ပြီး ၂၄ နာရီအကြာတွင် စတင်ဆေးကြောနိုင်ပြီး ပထမတစ်ပတ်တွင် ဆရာဝန်ညွှန်ကြားသည့် အပျော့စားခေါင်းလျှော်ရည် (Neutral Shampoo) ဖြင့်သာ နေ့စဉ် ညင်သာစွာ သန့်စင်ရမည်
- ရေအားပြင်းပြင်းဖြင့် ဆံသားကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပြီး (၂) ပတ်အကြာတွင် ပုံမှန်အတိုင်း ပြန်လည်ခေါင်းလျှော်နိုင်သည်
- သို့ရာတွင် ရေထဲစိမ်ခြင်း (ဥပမာ – ရေချိုးကန် သို့မဟုတ် ရေကူးကန်) ကိုမူ (၄) ပတ်အထိ ရှောင်ကြဉ်ရမည်
- အနာဖေးများ ဖယ်ရှားခြင်း
- ခွဲစိတ်ပြီး (၅) ရက် မှ (၇) ရက်အတွင်း ဆံသားထုတ်ယူခဲ့သည့် အလှူရှင်နေရာ (Donor Site) ရှိ အနာဖေးများကို ညင်သာစွာ ဖယ်ရှားနိုင်သည်
- ဆံပင်ပုံသွင်းခြင်းနှင့် ညှပ်ခြင်း
- ဆံပင်ဖြီးရန် (၁) ပတ်၊ ဆံပင်ပုံသွင်းရန် (၂) ပတ်၊ ဆံပင်ညှပ်ခြင်း သို့မဟုတ် ဆေးဆိုးခြင်းများအတွက် ခွဲစိတ်ပြီး (၁) လခန့် စောင့်ဆိုင်းရမည်
- ပြန်လည်ပြသခြင်းနှင့် ဆေးဝါးများ
- ခွဲစိတ်ပြီး ၂၄ နာရီ မှ ၄၈ နာရီအကြာတွင် ဆရာဝန်ခွင့်ပြုချက်ဖြင့် သွေးကျဲဆေးနှင့် အားဆေးများ ပြန်လည်သောက်သုံးနိုင်သည်
- ခွဲစိတ်ပြီး (၁၀) ရက် မှ (၁၄) ရက်အတွင်း ချုပ်ရိုးဖြုတ်ရန် ဆေးခန်းသို့ ပြန်လည်ပြသရမည်
ကုသမှုအပြီး မျှော်မှန်းနိုင်သည့် အကျိုးရလဒ်များ
- ၁ ပတ် မှ ၂ ပတ်အတွင်း – အနာဖတ်များ အလိုအလျောက် ကွာကျမည်ဖြစ်သည်
- ပထမရက်သတ္တပတ်များ – အစားထိုးဆံပင်များ ယာယီပြန်ကျွတ်ခြင်း (Shock Loss) ဖြစ်ပေါ်တတ်ပြီး ၎င်းသည် ပုံမှန်ဖြစ်စဉ်သာဖြစ်သည်
- ၃ လ မှ ၄ လအတွင်း – ဆံပင်အသစ်များ စတင်ပေါက်လာမည်ဖြစ်သည်
- ၆ လ မှ ၁၂ လအတွင်း – သိသာထင်ရှားသော တိုးတက်မှုများကို မြင်တွေ့ရမည်ဖြစ်သည်
- ၁၂ လ မှ ၁၈ လအတွင်း – ရေရှည်တည်တံ့သော အတည်ပြုရလဒ်ကို အပြည့်အဝ ရရှိမည်ဖြစ်သည်
လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက်များ အကျဉ်းချုပ်
| လုပ်ဆောင်ရမည်များ (DO) | ရှောင်ကြဉ်ရမည်များ (DON’T) |
|---|---|
| ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကို အချိန်မှန် တိကျစွာသောက်ပါ | ဦးရေပြားပေါ်ရှိ အနာဖတ်များကို ကုတ်ခြစ်ခြင်း၊ ဆွဲခွာခြင်း လုံးဝမပြုလုပ်ရ |
| အပြင်ထွက်ပါက သန့်ရှင်းပြီး ပွပွချောင်ချိသော ဦးထုပ်ကို ဆောင်းပါ | တင်းကျပ်သော ဦးထုပ်များ၊ ဆိုင်ကယ်ဦးထုပ် (Helmet) များ မဝတ်ဆင်ရ |
| ရေများများသောက်ပြီး အာဟာရပြည့်ဝသော အစားအစာများ စားသုံးပါ | ခွဲစိတ်မှုအောင်မြင်ရန် ဆေးလိပ်နှင့် အရက်ကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ |
| နေရောင်တိုက်ရိုက်မထိအောင် ရှောင်ပြီး ဆရာဝန်ညွှန်ကြားသည့် Sunscreen ကိုသာ သုံးပါ | Gym ကစားခြင်း၊ အလေးမခြင်း၊ ပြေးခြင်းနှင့် ပြင်းထန်သော အားကစားများကို ယာယီရှောင်ကြဉ်ပါ |
| ပြန်လည်စစ်ဆေးမှု ချိန်းဆိုချက်များကို မပျက်မကွက် တက်ရောက်ပါ | ဆရာဝန် ညွှန်ကြားထားခြင်းမရှိသော ခေါင်းလျှော်ရည်၊ ဆံပင်ပေါက်ဆေးများကို ကိုယ်တိုင် သုံးစွဲခြင်းမပြုရ |
အရေးပေါ် ဆရာဝန်နှင့် ချက်ချင်းပြသရန် လက္ခဏာများ
အကယ်၍ ခွဲစိတ်ပြီးနောက် ဖျားခြင်း၊ ပြင်းထန်သော နာကျင်မှုခံစားရခြင်း၊ အနာမှ ပြည် သို့မဟုတ် အညစ်အကြေးများ ထွက်ခြင်း၊ မျက်နှာနှင့်ဦးရေပြားတွင် အလွန်အကျွံရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဆရာဝန်ထံ ချက်ချင်း ပြန်လည်ပြသ ကုသမှုခံယူရမည်။
လူနာများအတွက် အထူးအလေးထားလိုက်နာရန် သတင်းစကား
ဆံပင်အစားထိုးကုသမှု အောင်မြင်ရန် ဆရာဝန်၏ ကျွမ်းကျင်မှုအပြင် လူနာကိုယ်တိုင် ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် အထူးအရေးကြီးသည်။ အထူးသဖြင့် ခွဲစိတ်ပြီး ပထမ (၂) ပတ်အတွင်း အစားထိုးဆံပင်အမြစ်များ မထိခိုက်အောင် ဂရုစိုက်ခြင်းသည် အောင်မြင်သော ရလဒ်ရရှိရန် အဓိကအကျဆုံးဖြစ်သည်။
References:
- Cleveland Clinic. (2021). Hair transplant. Retrieved July 1, 2026, from https://my.clevelandclinic.org/health/treatments/21519-hair-transplant
- Cooley, J. E., Finner, A., Gambino, V., Radwanski, H., & Unger, R. (2024). Clinical practice guidelines for follicular unit transplantation (FUT). Hair Transplant Forum International, 34(6), 197–204.
- Finner, A., et al. (2023). An international expert consensus statement focusing on pre- and post-hair transplantation care. Journal of Dermatological Treatment.
- Kerure, A. S., & Patwardhan, N. (2018). Complications in hair transplantation. Journal of Cutaneous and Aesthetic Surgery, 11(4), 182–189.
- Mayo Clinic News Network. (2017). Mayo Clinic Q and A: Hair transplant treatment for hair loss. Retrieved July 1, 2026, from https://newsnetwork.mayoclinic.org/discussion/mayo-clinic-q-and-a-hair-transplant-treatment-for-hair-loss/
- Romera de Blas, C., Vega Díez, D., Ricart Vayá, J. M., & Gómez Zubiaur, A. (2026). Complications in follicular unit excision hair transplantation: Current evidence and practical approaches. Frontiers in Medicine, 13, Article 1750989. https://doi.org/10.3389/fmed.2026.1750989
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.