သွားတစ်ချောင်းကို ယေဘုယျအားဖြင့် အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (Enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (Dentine) ဟုခေါ်ပြီး ကြွေသွားလွှာလောက် မမာချေ။ အတွင်းဆုံးတွင် မွသွားလွှာ (Pulp) ရှိပြီး သွေးကြောများနှင့် အာရုံကြောများ ပါဝင်သည်။
သွားအမြစ်ထုတ်ကုသခြင်း (Root canal treatment) ဆိုသည်မှာ သွား၏အတွင်းဆုံးအပိုင်းရှိ ရောင်ရမ်းနေသော သို့မဟုတ် ပိုးဝင်နေသော မွသွားလွှာ (Infected pulp) ကို ဖယ်ရှားပြီး သွားအတွင်းပိုင်းကို သေချာစွာ ဆေးကြောသန့်စင်၍ ပိုးသတ်ကာ ပြန်လည်ဖြည့်စွက်ပိတ်ဆို့ပေးသည့် သွားဘက်ဆိုင်ရာ ကုသမှုလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဤကုသမှုသည် ပိုးဝင်ရောင်ရမ်းမှုကို ဖယ်ရှားပေးပြီး ကျန်ရှိနေသော သဘာဝသွားကို ဆက်လက်ထိန်းသိမ်းအသုံးပြုနိုင်စေရန် ရည်ရွယ်သည်။
ယခင်က သွားအမြစ်ထုတ်ကုသခြင်းသည် အလွန်နာကျင်သော ကုသမှုလုပ်ငန်းစဉ်တစ်ခုဟု ယူဆလေ့ရှိသည်။ သို့သော် ယနေ့ခေတ်တွင် သွားဘက်ဆိုင်ရာ ဆေးပညာနှင့် ကုသနည်းများ တိုးတက်လာခြင်း၊ ပိုမိုထိရောက်သော ထုံဆေး (Local anesthetic) များ အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ကုသမှုခံယူနေစဉ် နာကျင်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီး အများအားဖြင့် သက်သောင့်သက်သာဖြင့် ကုသမှုခံယူနိုင်သည်။
သွားအမြစ်ထုတ်ကုသခြင်းအပြင် အခြားရွေးချယ်နိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပျက်စီးနေသောသွားကို ထပ်မံကုသမှုမပြုဘဲ နှုတ်ပစ်ခြင်း (Tooth extraction)
- သွားနှုတ်ပြီးနောက် သွားအသစ်စိုက်ခြင်း (Dental implant)
- နှုတ်လိုက်သောသွားနှင့် ဘေးတစ်ဖက်တစ်ချက်ရှိ သွားများကို ပြန်လည်ချိတ်ဆက်ခြင်း (Dental Bridge)
- ယာယီသွားတုအံကပ် တပ်ဆင်ခြင်း (Removable partial denture) တို့ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
သွား၏ အတွင်းဆုံးအလွှာဖြစ်သော မွသွားလွှာ (pulp) သည် နူးညံ့သော တစ်ရှူးအလွှာဖြစ်ပြီး သွေးကြောများ၊ အာရုံကြောများအပြင် သွားကြီးထွားဖွံ့ဖြိုးစဉ်ကာလအတွင်း သွားအမြစ်ကို ကူညီကြီးထွားစေသော တွယ်ဆက်တစ်ရှူးများ (connective tissue) ပါဝင်သည်။ အပြည့်အဝ ကြီးထွားဖွံ့ဖြိုးပြီးသော သွားတစ်ချောင်းသည် မွသွားလွှာ (pulp) မရှိတော့သည့်တိုင် ဆက်လက်ရှင်သန်နိုင်သည်။ အကြောင်းရင်းမှာ သွားသည် ၎င်း၏ ပတ်လည်ရှိ တစ်ရှူးများဆီမှ အာဟာရဓာတ်များကို ဆက်လက်ရရှိနေသောကြောင့်ဖြစ်သည်။
ဘက်တီးရီးယားဝင်နိုင်ခြေများသော အခြေအနေများမှာ_
- သွားတွင်းနက်ရှိုင်းစွာ ပိုးစားခြင်း
- သွားဘက်ဆိုင်ရာ ကုသမှုများ ထပ်ခါတလဲလဲ ပြုလုပ်ရခြင်း
- အုပ်ထားသော သွားစွပ် (crown) မကောင်းခြင်း သို့မဟုတ်
- သွားအက်ခြင်း၊ ပဲ့ခြင်းတို့ကြောင့် မွသွားလွှာရောင်ရမ်းခြင်း စသည်တို့ဖြစ်သည်။
တစ်ခါတစ်ရံ သွားတွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့်လည်း မွသွားလွှာ ပျက်စီးခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ မကုသဘဲထားပါက ဘက်တီးရီးယားများနှင့် ဆွေးမြည့်သွားသော တစ်ရှူးများကြောင့် ပြင်းထန်စွာ ပိုးဝင်ခြင်း သို့မဟုတ် ပြည်တည်နာ (Abscess) များအထိ ဖြစ်ပွားနိုင်သည်။ ထိုမှတစ်ဆင့် မွသွားလွှာ လုံးဝပျက်စီးဆုံးရှုံးခြင်း၊ သွားအောက်ခြေရှိ အရိုး ပျက်စီးဆုံးရှုံးခြင်းနှင့် သွားတစ်ချောင်းလုံး ဆုံးရှုံးသည်အထိ ဆိုးဝါးသွားစေနိုင်သည်။
ဘက်တီးရီးယားပိုးဝင်နေကြောင်း သံသယရှိနိုင်သည့် သွားရောဂါလက္ခဏာအချို့မှာ_
- မျက်နှာနှင့် လည်ပင်းတဝိုက် ရောင်ရမ်းခြင်း
- သွားတွင် အပေါက်ဖြစ်ခြင်း၊ သွားအရောင် ညိုမည်းလာခြင်း
- သွားကိုက်ခြင်း သို့မဟုတ် သွားနာခြင်း
- သွားဖုံးနာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- သွားဖုံးတွင် ပြည်ထွက်နိုင်သော အဖု သို့မဟုတ် အနာပေါက်ခြင်း
- ပိုးဝင်ခြင်းကြောင့် မေးရိုးများ ရောင်ရမ်းလာခြင်း
- ပိုးဝင်ခြင်းကြောင့် သွားအနီးတဝိုက်ရှိ အရိုးများ အားနည်းကာ သွား လှုပ်လာ၊ နဲ့လာခြင်း
- နာကျင်မှုသည် မေးရိုး၊ မျက်နှာ သို့မဟုတ် ဘေးနားရှိ သွားများအထိ ပျံ့နှံ့သွားခြင်း
- ဝါးသည့်အခါ သို့မဟုတ် သွားကို ထိမိသည့်အခါ နာကျင်ခြင်း
- အပူ သို့မဟုတ် အအေး၊ အချိုရည် သို့မဟုတ် အစားအစာများနှင့် ထိမိပါက ကျိန်းစပ်ခြင်း စသည်တို့ဖြစ်သည်။
အကျိုးကျေးဇူးများ
သွားအမြစ်ထုတ်ကုသခြင်းသည် နာကျင်မှု သိသိသာသာ မရှိသည့်အပြင် အလွန်ထိရောက်မှုရှိသော ကုသမှုဖြစ်သည်။ ပိုးဝင်နေသော မွသွားလွှာအတွင်းရှိ ဘက်တီးရီးယားများကို ဖယ်ရှားခြင်းဖြင့် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်း၊ သွားတွင် နောက်ထပ်တစ်ကြိမ် ပိုးပြန်မဝင်အောင် ကာကွယ်နိုင်ခြင်း၊ ဘေးပတ်လည်ရှိ မေးရိုးများအား ဆက်စပ်ထိခိုက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ မိမိ၏ သဘာဝသွားကို နှုတ်ရန်မလိုဘဲ ဆက်လက်ထိန်းသိမ်းနိုင်ခြင်းစသည့်ကောင်းကျိုးများစွာ ရရှိသည်။ ထို့အပြင်_
- နဂိုအတိုင်း ထိရောက်စွာ အစာဝါးစားနိုင်ခြင်း
- ပုံမှန်အတိုင်း ဖိကိုက်နိုင်သည့် အားနှင့် ခံစားမှုကို ရရှိခြင်း
- သဘာဝအတိုင်း လှပသည့် မျက်နှာအသွင်အပြင်ကို ထိန်းသိမ်းနိုင်ခြင်း
- အခြားသော သွားများကို အလွန်အကျွံ ပွန်းတီးစေခြင်း သို့မဟုတ် ဖိစီးမှုဒဏ် ဖြစ်စေခြင်းတို့မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာလည်း ရရှိနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
သွားအမြစ်ထုတ်ကုသခြင်း မပြုလုပ်မီ သွားဘက်ဆိုင်ရာ ဆရာဝန်မှ ပျက်စီးနေသော သွားကို ဓာတ်မှန် (X-rays) ရိုက်ခြင်းနှင့် အခြားစစ်ဆေးမှုများ ပြုလုပ်ပြီး ပိုးဝင်နေခြင်း ရှိမရှိ အတည်ပြုလိမ့်မည်။ ၎င်းတို့မှာ_
- သွားကိုက်ခြင်း၊ အစာဝါးသည့်အခါ နာကျင်မှု ရှိမရှိ မေးမြန်းခြင်း
- သွားဖုံး သို့မဟုတ် အရိုးများ ရောင်ရမ်းမှု ရှိမရှိ စစ်ဆေးခြင်း
- သွား၏ အာရုံခံစားနိုင်စွမ်းကို စစ်ဆေးရန် သွားကို ခပ်ဖွဖွလေး ခေါက်ကြည့်ခြင်း သို့မဟုတ် အပူ သို့မဟုတ် အအေးဖြင့် စမ်းသပ်ခြင်း
- မွသွားလွှာများအတွင်းရှိ အာရုံကြောများ၊ သွေးကြောများ အကောင်းအတိုင်း ကျန်ခြင်း ရှိမရှိ သိနိုင်ရန် မွသွားလွှာအား လျှပ်စစ်ဖြင့် စမ်းသပ်ခြင်း (Electric pulp test or EPT) နည်းဖြင့် စစ်ဆေးနိုင်သည်။
သွားအမြစ်ထုတ်ကုသပုံအဆင့်ဆင့်
သွားအမြစ်ထုတ်ကုသခြင်းကို ယေဘုယျအားဖြင့် သွားအမြစ်ပိုင်းဆိုင်ရာ အထူးပြုလေ့လာထားသော သွားဘက်ဆိုင်ရာဆရာဝန်များ (Endodontists) မှ လုပ်ဆောင်ပေးလေ့ရှိသည်။ သွားအမြစ်ထုတ်ကုသရန် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆေးခန်းပြသရန် လိုအပ်သည်။ အချို့သွားများအတွက် ကုသရန် ပိုမိုခက်ခဲသောကြောင့် ထို့ထက်ပို၍ ပြသရနိုင်သည်။ သွားအမြစ်ထုတ်ကုသမှုသည် အများအားဖြင့် မိနစ် ၆၀ မှ ၉၀ ခန့် ကြာမြင့်တတ်ပြီး ဆရာဝန်မှ အောက်ပါအတိုင်း အဆင့်ဆင့် ကုသမှုပေးမည်ဖြစ်သည်။
ပိုးဝင်နေသော မွသွားလွှာကို ဖယ်ရှားခြင်း
- ပထမဦးစွာ ကုသမှုအတွင်း နာကျင်မှုကို ထိန်းချုပ်ရန် ထုံဆေးပေးမည်
- သွားကို သန့်ရှင်းစေရန်၊ ကာကွယ်ရန် နှင့် တံတွေးများ မဝင်စေရန်အတွက် သွားအကာ (Dental dam) ဟုခေါ်သော ရာဘာပြားငယ်တစ်ခုကို သွားတစ်ဝိုက်တွင် ထည့်ပေးမည်
- ထို့နောက် ဆရာဝန်မှ ဆွေးမြည့်နေသော သွားအပိုင်းအစများနှင့် တစ်ရှူးများကို ဖယ်ရှားပြီး မွသွားလွှာအခန်း (Pulp chamber) အတွင်းထိ ရောက်ရှိရန် သွားအပေါ်ယံမှ အပေါက်တစ်ခု ဖောက်မည်
- ထို့နောက် သေးငယ်သော သွားဘက်ဆိုင်ရာ ကိရိယာများကို အသုံးပြု၍ ပိုးဝင်နေသော သို့မဟုတ် ရောဂါဖြစ်နေသော မွသွားလွှာကို ဖယ်ရှားမည်
- ပိုးဝင်နေသော မွသွားလွှာတစ်ခုလုံးကို ဖယ်ရှားပြီးနောက် အောက်ခံကျန်ရှိသော အခန်းနှင့် သွားအမြစ်အတွင်းလမ်းကြောင်းများကို ဆေးကြောသန့်စင်ပေးမည်ဖြစ်သည်
- ထို့နောက် လစ်လပ်သွားသော နေရာများတွင် ဆေးဖြည့်ရာ၌ ပိုမိုလွယ်ကူစေရန်အတွက် သွားအမြစ်အတွင်းရှိ လမ်းကြောင်းများကို ပုံဖော်ပြီး ပိုမိုကျယ်လာအောင် ပြုလုပ်ပေးမည်၊ သွားမြစ်အတွင်းလမ်းကြောင်းများရှိ ပိုးဝင်နိုင်သောနေရာအားလုံးကို သန့်စင်ပေးပြီး ခြောက်သွေ့အောင် ပြုလုပ်သည်
- ပိုးဝင်ခြင်းကို ထိန်းချုပ်ရန် မွသွားလွှာအခန်းနှင့် သွားအမြစ်အတွင်းလမ်းကြောင်းများထဲသို့ တစ်ခါတစ်ရံ ပဋိဇီဝပိုးသတ်ဆေးရည် ထည့်ပေးတတ်သည်၊ အကယ်၍ ပိုးဝင်မှုသည် သွားထက် ကျော်လွန်၍ မေးရိုးများအထိ ပျံ့နှံ့သွားပါက ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) သောက်ရန် လိုအပ်နိုင်သည်
- မွသွားလွှာအား ဖယ်ရှားပြီးနောက် သွားအပေါ်ယံတွင် ယာယီသွားဖာဆေး (Temporary filling) ကို ထည့်ပေးနိုင်သည်၊ ၎င်းသည် သွားကို ကာကွယ်ရန်နှင့် အစားအစာအစအနများနှင့် တံတွေးများ မဝင်စေရန် ထည့်ပေးခြင်းဖြစ်သည်၊ ထိုသွားကို အမြဲတမ်းပိတ်ဖြည့်ကုသမှု မပြုလုပ်ရသေးမီအထိ ၎င်းဘက်ဖြင့် အစာကို ကိုက်ခြင်း သို့မဟုတ် ဝါးခြင်းများ ရှောင်ကြဉ်ပါ
သွားအမြစ်အတွင်းလမ်းကြောင်းတစ်လျှောက် ဆေးဖြည့်ခြင်း
- မွသွားလွှာအခန်းကို သန့်စင်ပြီး ခြောက်သွေ့အောင် ပြုလုပ်ပြီးနောက် လွတ်နေသော အခန်းနှင့် သွားအမြစ်အတွင်းလမ်းကြောင်းများအပါအဝင် သွား၏ အတွင်းပိုင်းကို ဆေးဖြည့်ရမည်၊ ဤအဆင့်အတွက် ထုံဆေးထပ်ပေးရန် မလိုပါ၊ အကယ်၍ အပေါ်ယံတွင် ယာယီသွားဖာဆေး ရှိနေပါက သွားအတွင်းသို့ ဝင်ရောက်ဖြည့်နိုင်ရန် ၎င်းကို ဖယ်ရှားရမည်
- ပထမဦးစွာ သွားအမြစ်အတွင်းလမ်းကြောင်းများကို ဖြည့်ရန် ဆေးအနှစ် (Sealer paste) နှင့် ရာဘာဒြပ်ပေါင်း (Rubber compound) ကို အသုံးပြုသည်၊ ၎င်းနောက်တွင် သွားအမြစ် အတွင်းလမ်းကြောင်းများကို တံတွေးဝင်ခြင်းမှ ကာကွယ်ရန် အပေါ်မှ သွားဖာဆေးကို ထပ်မံဖြည့်ပေးမည်ဖြစ်သည်။
ကုသမှုနောက်ဆုံးအဆင့်
သွားအမြစ်ထုတ်ကုသခြင်း၏ နောက်ဆုံးအဆင့်မှာ ကျန်ရှိသော သွားကို ပြန်လည်ပြုပြင်ခြင်း (Restoring) ဖြစ်သည်။ သွားသည် များသောအားဖြင့် သွားပိုးပေါက်ကြီးခြင်းကြောင့် သို့မဟုတ် ဆွေးမြည့်မှုကြောင့် အားနည်းနေတတ်သည်။ သွားကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန်နှင့် နောင်တွင် ထပ်မံပျက်စီးခြင်းမှ ကာကွယ်ရန် လိုအပ်သည်။
ထို့ကြောင့် အများအားဖြင့် သွားကို အပေါ်မှ သွားစွပ် (Dental crown) တပ်ပေးခြင်း ထပ်မံပြုလုပ်ရသည်။ သွားစွပ်ဆိုသည်မှာ သဘာဝသွားနှင့် တူအောင် ပြုလုပ်ထားသော သွားအုပ်ဆောင်းတစ်မျိုးဖြစ်သည်။
သွားစွပ်များကို များသောအားဖြင့် ရွှေ၊ ကြွေ (Porcelain) သို့မဟုတ် သတ္တုနှင့် ကြွေရောစပ်ထားသော ပစ္စည်းများဖြင့် ပြုလုပ်လေ့ရှိသည်။ သို့သော် အခြားပစ္စည်းများကိုလည်း အသုံးပြုနိုင်သည်။ ကြွေ သို့မဟုတ် သတ္တုနှင့် ကြွေရောစပ်ထားသော သွားစွပ်များကို သဘာဝသွားများ၏ အရောင်နှင့် ကိုက်ညီအောင် အရောင်ခြယ်နိုင်သည်။ အကယ်၍ သွားအစိတ်အပိုင်းများ အများအပြား ဆုံးရှုံးနေပါက သွားစွပ်ကို ထိန်းထားနိုင်ရန်နှင့် ထောက်ပံ့မှုပေးရန် သွားအတွင်း၌ သတ္တုတိုင် (Metal post) တွဲစိုက်ရန် လိုအပ်နိုင်သည်။ ကုသမှုအပြီးတွင် ဆေးခန်း၌ ခဏတာ အနားယူရမည်။ ထို့နောက် သွားစွပ်စွပ်ခြင်းအတွက် ပြင်ဆင်ရန် တစ်ကြိမ်နှင့် အစွပ်စွပ်ရန် တစ်ကြိမ်၊ စုစုပေါင်း နောက်ထပ် နှစ်ကြိမ်ခန့် ဆေးခန်း ရက်ချိန်းပြသရန် လိုအပ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တစ်ခါတစ်ရံတွင် မွသွားလွှာ ထိခိုက်ပျက်စီးမှု အလွန်ပြင်းထန်ပါက သွားအမြစ်ထုတ်ကုသခြင်း မအောင်မြင်ဘဲ ဖြစ်တတ်သည်။ ထိုအခြေအနေတွင် သွားဘက်ဆိုင်ရာဆရာဝန်မှ
- သွားကို နောက်တစ်ကြိမ် အမြစ်ထုတ်ကုသရခြင်း (Re-treatment)
- သွားကို နှုတ်ပစ်ပြီး သွားအသစ်ပြန်စိုက်ခြင်း (Implant) သို့မဟုတ်
- နှုတ်လိုက်သောသွားနှင့် ဘေးတစ်ဖက်တစ်ချက်ရှိ သွားများကို ပြန်လည်ချိတ်ဆက်ခြင်း (Dental Bridge) စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
သွားအမြစ်ထုတ်ကုသမှု ခံယူရသောသူအများစုသည် တစ်ပတ်မပြည့်မီပင် ပြန်လည်သက်သာလာတတ်သည်။ သွားအနည်းငယ် ကျိန်းစပ်စပ် ဖြစ်နေနိုင်ပြီး လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲနိုင်သည်။ ရက်ပေါင်းများစွာ နာကျင်ခြင်း သို့မဟုတ် ဖိအားဒဏ် ခံစားရခြင်းသည် ဆက်ရှိနေပါက သွားဘက်ဆိုင်ရာဆရာဝန်ထံသို့ ဆက်သွယ်ပါ။
အနာကျက်မြန်စေရန် ဆောင်ရန်၊ ရှောင်ရန်များ
စနစ်တကျ ဂရုစိုက်ခြင်းသည် သွားအမြစ်ထုတ်ကုသမှုပြီးနောက် ပြန်လည်သက်သာမှုကို မြန်ဆန်စေပြီး နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်စေသည်။ အောက်ပါရိုးရှင်းသောအချက်များကို လိုက်နာပါ။
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ – ဆေးလိပ်သောက်ခြင်းသည် အနာကျက်ခြင်းကို နှေးကွေးစေသည်
- အစာစားပြီးတိုင်း သွားတိုက်ပါ၊ တစ်နေ့လျှင် တစ်ကြိမ် သွားပွတ်ကြိုး (Floss) သုံးပါ
- သွားစွပ် မစွပ်ရသေးမီ ကုသထားသော သွားရှိရာဘက်ဖြင့် အစာမဝါးပါနှင့်
- ရက်အနည်းငယ်ကြာမျှ ကြိတ်ချေထားသော အာလူး၊ ဒိန်ချဉ်၊ ဖျော်ရည် သို့မဟုတ် ပျော့ပြောင်းသော ခေါက်ဆွဲပြုတ်ကဲ့သို့ အစာပျော့ပျော့များကိုသာ စားသုံးပါ
- ဘက်တီးရီးယားများကို ဖယ်ရှားရန် ပိုးသတ်အာလုပ်ကျင်းဆေးရည် (Antibacterial mouthwash) ကို အသုံးပြုပါ။
References:
- American Association of Endodontists. (n.d.). What is a root canal? Retrieved June 29, 2026, from https://www.aae.org/patients/root-canal-treatment/what-is-a-root-canal/
- Cleveland Clinic. (n.d.). Root canal. Retrieved June 29, 2026, from https://my.clevelandclinic.org/health/treatments/21759-root-canal
- Healthdirect Australia. (n.d.). Root canal treatment. Retrieved June 29, 2026, from https://www.healthdirect.gov.au/root-canal-treatment
- Mayo Clinic. (n.d.). Root canal. Retrieved June 29, 2026, from https://www.mayoclinic.org/diseases-conditions/tooth-abscess/in-depth/root-canal/art-20585454
Published: 30 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.