Implantable cardioverter-defibrillator (ICD) (နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိနှိုးဆွစက်)

Implantable cardioverter-defibrillator (ICD) (နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိနှိုးဆွစက်)

နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိနှိုးဆွစက် (Implantable cardioverter-defibrillator – ICD) ဆိုသည်မှာ ရင်ဘတ်တွင် ထည့်သွင်းတပ်ဆင်သော နှလုံးကုသမှုဆိုင်ရာ ဘက်ထရီသုံး စက်ကိရိယာတစ်မျိုးဖြစ်သည်။ ထိုစက်၏ အဓိကလုပ်ငန်းသည် အသက်အန္တရာယ် ဖြစ်စေနိုင်သော နှလုံးခုန်နှုန်းမြန်လွန်းခြင်း (Tachycardia) သို့မဟုတ် နှလုံးစည်းချက်မမှန်ခြင်း (Arrhythmia) တို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးပေးနေပြီး လိုအပ်ပါက နှလုံးခုန်စည်းချက် ပုံမှန်ပြန်ဖြစ်စေရန် လျှပ်စစ်ရှော့ခ် (Electric shocks) များ ရိုက်ပေးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အန္တရာယ်ရှိသော နှလုံးခုန်နှုန်းမြန်လွန်းခြင်း၊ နှလုံးစည်းချက်မမှန်ခြင်းတို့ကို ဖြစ်စေသည့် နှလုံးရောဂါအခြေအနေများတွင် ရုတ်တရက်နှလုံးရပ်၍ အသက်ဆုံးရှုံးနိုင်ခြေကို လျှော့ချရန်အတွက် ICD စက်တပ်ဆင်ရန် လိုအပ်သည်။

ICD စက်ကို အခြားအမည်များအနေဖြင့်_

  • ခန္ဓာကိုယ်တွင်း ထည့်သွင်းနိုင်သော အလိုအလျောက် နှလုံးနှိုးဆွစက် (Automatic implantable cardiac defibrillator – AICD)
  • နှလုံးတွင်း နှလုံးနှိုးဆွစက် (Internal cardiac defibrillator)
  • နှလုံးရှော့ခ်ရိုက်သေတ္တာငယ် (Shock box) ဟူ၍လည်း ခေါ်ဆိုကြသည်။
နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) နှင့် ကွာခြားပုံ

နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) သည် နှလုံးခုန်နှေးလွန်းသော ရောဂါအခြေအနေများတွင်သာ ပုံမှန်နှုန်းဖြင့် နှလုံးပြန်လည်ခုန်စေရန် လျှပ်စီးကြောင်းအချက်ပြမှုများဖြင့် နှိုးဆွပေးသည်။ နှလုံးခုန် မြန်လွန်းခြင်း၊ နှလုံးကြွက်သား တုန်ခါခြင်းတို့ကို ကုသ‌ပေးနိုင်ခြင်း မရှိပါ။ နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိနှိုးဆွစက် (ICD) မှာမူ နှလုံးခုန်နှုန်း‌ နှေးလွန်းချိန်တွင် နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ကဲ့သို့ လုပ်ဆောင်နိုင်သည့်အပြင် နှလုံးခုန်မြန်လွန်းခြင်း၊ နှလုံးကြွက်သား တုန်ခါခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း စသည့်အခြေအနေများစွာကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး လိုအပ်သလို ကုသမှုများ ပေးနိုင်သည်။

ICD စက်အမျိုးအစားများ
  1. ကနဦးစက်များ (Traditional ICD)
    လျှပ်စီးကြောင်းထုတ်ပေးသည့် ဘက်ထရီစက်ငယ် (Generator) နှင့် လျှပ်စီးဝါယာကြိုးငယ်များ (Leads) ဟူ၍ အစိတ်အပိုင်း (၂) ပိုင်းပါရှိပြီး ဘက်ထရီစက်ကို ဘယ်ဘက်ညှပ်ရိုးအောက်ဘက် ရင်ဘတ်အရေပြားအောက်ရှိ ကြွက်သားအလွှာထဲတွင် မြုပ်၍တပ်ဆင်ထားလေ့ရှိပြီး ဝါယာကြိုးငယ်များကို နှလုံးသွေးဝင်ခန်းများနှင့် သွေးလွှတ်ခန်းများအထိ ရောက်နိုင်ရန် သွေးကြောများအတွင်းမှတစ်ဆင့် ထည့်သွင်းပေးထားသည်။ ၎င်းကို အမျိုးအစားခွဲ (၃) မျိုး ထပ်မံခွဲခြားနိုင်သည်။
    • ညာဘက်သွေးညှစ်ခန်းတစ်ခုတည်းတွင် လျှပ်စီးဝါယာကြိုးထည့်သွင်းထားသော Single-chamber ICD
    • ညာဘက်သွေးဝင်ခန်းနှင့် ညာဘက်သွေးညှစ်ခန်းတို့တွင် ဝါယာကြိုးတစ်ခုစီ ထည့်သွင်းထားသော Dual-chamber ICD
    • သွေးညှစ်ခန်းများကို ပြိုင်တူခုန်စေခြင်းဖြင့် နှလုံးညှစ်အားကို တိုးတက်ကောင်းမွန်စေရန်အတွက် ဘယ်ဘက်သွေးညှစ်ခန်းအား နှိုးဆွရန် Coronary sinus နေရာတွင် နှလုံးနှိုးဆွစက် (Defibrillator) အနေဖြင့် လုပ်ဆောင်နိုင်သည့် ဝါယာကြိုး ထပ်မံထည့်သွင်းထားသော Cardiac resynchronisation therapy with a defibrillator (CRT-D) စသည်တို့ဖြစ်သည်။
  2. အရေပြားအောက် မြုပ်ထားသောစက်များ (Subcutaneous ICD – S-ICD)
    ထိုစက်အမျိုးအစားများကိုမူ ရင်ဘတ်၏ဘေးဘက် ဘယ်ဘက်ချိုင်းကြားအောက်တွင် တပ်ဆင်လေ့ရှိသည်။ ဘက်ထရီစက်ကို ချိုင်းကြား‌အောက်ရှိ အရေပြားအတွင်း၌ မြုပ်ထားပြီး လျှပ်စီးဝါယာကြိုးကိုမူ အရေပြားအောက်မှတစ်ဆင့် ဘယ်ဘက်ရင်ညွန့်ရိုးတစ်လျှောက်တွင် မြုပ်ထားသည်။ နှလုံးအခန်းများတွင်း၌ ထည့်သွင်းထားခြင်းမရှိသောကြောင့် သွေးကြောတွင်း ပိုးဝင်နိုင်ခြေ နည်းပါးသည်။
ICD စက်၏ လုပ်ဆောင်ချက်များ

ကနဦးစက်များ (Traditional ICDs) ၏ လုပ်ဆောင်ချက်များမှာ_

  • နှလုံးခုန် အလွန်အမင်းနှေးချိန်တွင် ပြင်းအားနိမ့် လျှပ်စီးကြောင်းအချက်ပြမှုများကို ထုတ်လွှတ်ပေးပြီး နှလုံးခုန်နှုန်းကို ပုံမှန်နှုန်း ပြန်ဖြစ်စေရန် နှိုးဆွပေးခြင်း (Pacing)
  • နှလုံးခုန် အလွန်အမင်းမြန်ချိန်တွင် ပြင်းအားမြင့် လျှပ်စီးကြောင်း အချက်ပြမှုများဖြင့် မြန်နေသော နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ပြန်လည်ထိန်းချုပ်ပေးခြင်း (Cardioversion)
  • နှလုံးကြွက်သားများ တုန်ခါခြင်း (Fibrillation) ကြောင့် သွေးညှစ်ထုတ်ခြင်း ကောင်းမွန်စွာ မပြုလုပ်နိုင်တော့သော အခြေအနေတွင် နှလုံးကြွက်သားများ စည်းချက်ညီညီ ပြန်ခုန်နိုင်ရန်အတွက် ရှော့ခ်ရိုက်‌ပေးခြင်း (Defibrillation) တို့ဖြစ်သည်။

အရေပြားအောက်မြုပ်သောစက်များ (S-ICD) ၏အားနည်းချက်မှာ နှလုံးခုန်စည်းချက်ထိန်းခြင်းအတွက်သာ လုပ်ဆောင်နိုင်ပြီး၊ ကနဦးစက်များကဲ့သို့ နှလုံးခုန်နှုန်း မြန်ခြင်း၊ ‌နှေးခြင်းတို့အတွက် ထိန်းချုပ်နှိုးဆွပေးသည့်လုပ်ငန်းကို လုပ်ဆောင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် အသက်အရွယ်ငယ်သူများ၊ သွေးကြောရှာရခက်သူများ၊ နှလုံးခုန်နှုန်းပြဿနာမရှိဘဲ စည်းချက်မမှန်ခြင်းသာရှိခြင်း၊ အထူးသဖြင့် သွေးလွှတ်ခန်းတုန်ခါခြင်း (Ventricular arrhythmia) ရှိသူများတွင် S-ICD ကို ဦးစားပေးထည့်သွင်းသည်။

ICD စက်များ၏ လုပ်ဆောင်မှုများကို အဝေးထိန်းစနစ်ဖြင့် ဆရာဝန်မှ စောင့်ကြည့်နိုင်သကဲ့သို့ ပုံမှန်ရက်ချိန်းပြချိန်၌ စက်အတွင်းမှ မှတ်တမ်းကဒ်ကိုလည်း ခန္ဓာကိုယ်အပြင်ဘက်မှ စစ်ဆေးနိုင်သည်။

ICD စက်ထည့်ကုသရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ

ICD ထည့်သွင်းကုသရန်အတွက် အရေးအကြီးဆုံး အဓိကအချက်မှာ ရုတ်တရက်နှလုံးရပ်ခြင်း (Cardiac arrest) ဖြစ်ပွားဖူးခြင်းဖြစ်သည်။ ရုတ်တရက်နှလုံးရပ်သွားပြီးမှ ပြန်လည်ကောင်းမွန်လာသူများနှင့် ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားသူများအတွက် ICD စက်သည် အဓိကကုသမှုတစ်ခုဖြစ်သည်။ ဆေးဝါးများဖြင့်သာ ကုသခြင်းထက် စက်ထည့်၍ ပေါင်းစပ်ကုသခြင်းသည် ရုတ်တရက် နှလုံးရပ်နိုင်ခြေကို များစွာလျှော့ချပေးနိုင်သည်။ ထို့အပြင် နှလုံးသွေးညှစ်ခန်း ခုန်နှုန်းဆက်တိုက်မြန်ခြင်း (Sustained ventricular tachycardia) ကြောင့် သတိလစ်မေ့လဲခြင်း၊ နှလုံးရပ်ခြင်းလက္ခဏာရှိသူများတွင်လည်း စက်ထည့်နိုင်သည်။

အောက်ပါ နှလုံးရောဂါအခြေအနေများသည် နှလုံးခုန်နှုန်းစည်းချက်ဆိုင်ရာ ပြဿနာများကို ဖြစ်စေကာ ရုတ်တရက်နှလုံးရပ်နိုင်ခြေကို မြင့်မားစေနိုင်သဖြင့် ICD စက်ထည့်ရန် လိုအပ်နိုင်သည်။

  • နှလုံးအမောဖောက်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးရပ်ဖူးခြင်း
  • နှလုံးသွေးကြောကျဥ်းခြင်း သို့မဟုတ် သွေးကြောပိတ်ဖူးခြင်းကြောင့် နှလုံးကြွက်သားများ အားနည်းလာခြင်း
  • နှလုံးကြွက်သားနံရံများ ထူထဲလာခြင်း (Hypertrophic cardiomyopathy)
  • နှလုံးညှစ်အား ကျဆင်းခြင်း (Heart failure with reduced ejection fraction)
  • နှလုံးသွေးညှစ်ခန်း ခုန်နှုန်းမြန်ခြင်း (Ventricular tachycardia)
  • နှလုံးသွေးညှစ်ခန်း တုန်ခါခြင်း (Ventricular fibrillation)
  • မွေးရာပါ နှလုံးရောဂါအချို့ (Brugada syndrome)
  • မွေးရာပါ နှလုံးစည်းချက်ဆိုင်ရာရောဂါများ (Long QT syndrome)
ရရှိနိုင်သော အကျိုးကျေးဇူးများ

ICD စက်ထည့်ထားခြင်းဖြင့် အသက်အန္တရာယ် ဖြစ်စေနိုင်သော နှလုံးခုန်မမှန်ခြင်းများကို ကုသပေးနိုင်သကဲ့သို့ ရုတ်တရက် နှလုံးရပ်၍ အသက်ဆုံးရှုံးနိုင်ခြေကိုလည်း များစွာလျော့ကျစေနိုင်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ

ICD စက်မထည့်ခင် နှလုံးအထူးကုဆရာဝန်များက လူနာ၏ အထွေထွေနှင့် နှလုံးကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်မည်ဖြစ်သည်။

  • သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း
  • သွေးခဲဓာတ်များ စစ်ဆေးခြင်း
  • နှလုံးအီးစီဂျီဆွဲခြင်း (ECG)
  • နှလုံးညှစ်အား သိရှိရန် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • ဖြစ်ပေါ်သော နှလုံးခုန်နှုန်းများနှင့် နရီစည်းချက်များကို စောင့်ကြည့်စစ်ဆေးခြင်း (Holter monitoring)
  • ရံဖန်ရံခါ ဖြစ်ပေါ်တတ်သော နှလုံးခုန်နှုန်းမမှန်ခြင်းကို ရက်ရှည်စောင့်ကြည့်ခြင်း (Event monitor)
  • နှလုံးလျှပ်စီးလမ်းကြောင်းများကို စမ်းသပ်စစ်ဆေးခြင်း (Electrophysiology study – EP study)
စက်ထည့်ခြင်း ခွဲစိတ်မှုအဆင့်ဆင့်
စက်မထည့်မီ
  • စက်မထည့်ခင် နာရီအနည်းငယ်အလိုတွင် အစားအစာနှင့် ‌အရည်များ စားသောက်ခြင်းကို ရှောင်ကြဥ်ပါ (ရေအနည်းငယ် သောက်နိုင်သည်)
  • လူနာ၏ လက်ရှိသောက်နေသော ဆေးဝါးများ (အထူးသဖြင့် သွေးကျဲဆေးများ၊ သွေးမခဲဆေးများ) ကို ဆရာဝန်များထံ အသိပေးပါ
  • သွေးကြောပုံဖော်သော Contrast dye ဆေးရည်ကို ဓာတ်မတည့်ခြင်း ဖြစ်နိုင်သဖြင့် ဆေးမတည့်ခြင်းရှိပါက ကြိုတင်အသိပေးပါ
  • သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ကျောက်ကပ်ရောဂါစသဖြင့် ရောဂါအခံများကို ဆရာဝန်များအား အသိပေးပါ
  • စက်ထည့်မည့်နေ့တွင် သွားလာရေးအတွက် ကြိုတင်စီစဥ်ပါ၊ စက်ထည့်ပြီးနောက် ပြန်လည်နားနေချိန်တွင် ကူညီပေးရန် မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦး အဖော်ခေါ်လာပါ
  • စက်ထည့်ခြင်းကို နှလုံးအထူးကုဌာနရှိ နှလုံးသွေးကြောဆိုင်ရာ စစ်ဆေးကုသမှုများ ပြုလုပ်ရန် အထူးပြုပြင်ထားသော ခွဲစိတ်ခန်းငယ် (Cardiac catheterization laboratory) တွင် ပြုလုပ်မည်ဖြစ်သည်
  • လူနာသည် ဆေးရုံသုံးဝတ်စုံ လဲလှယ်ပြီးနောက် ခွဲစိတ်ခန်းရှိ လူနာကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေရမည်
  • စက်ထည့်နေစဉ်အတွင်း အီးစီဂျီစက် (ECG) ဖြင့် နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အောက်ဆီဂျင်ပမာဏတို့ကို အစဉ်မပြတ် စောင့်ကြည့်နေမည်ဖြစ်သည်
စက်ထည့်ခြင်းလုပ်ငန်းစဥ်
  • လူနာ၏ လက်ဖျံသွေးကြောတွင် အပ်ထည့်ထားပြီး ထိုအပ်မှတစ်ဆင့် အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများ သွင်းပေးမည်ဖြစ်သည်
  • တစ်ခါတစ်ရံ ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ပါက မေ့ဆေးပေး၍ ပြုလုပ်မည်ဖြစ်သည်
  • ကနဦးစက်များ (Traditional ICD) တပ်မည်ဆိုပါက လူနာ၏ ညှပ်ရိုးအောက် ရင်ဘတ်အရေပြားတွင် ထုံဆေးထိုး၍ အသေးစား ခွဲစိတ်ရာတစ်ခုကို စတင်ပြုလုပ်မည်
  • ထိုနေရာရှိ သွေးပြန်ကြောမှတစ်ဆင့် ဝါယာကြိုးများကို နှလုံးအခန်းများအတွင်းသို့ ရောက်အောင် ထည့်သွင်းမည်ဖြစ်သည်
  • နှလုံးခန်းများသို့ ဝါယာကြိုးများ ရောက်ရှိ၍ နေရာချပြီးနောက် ကြိုးများ၏ အခြားအစွန်းတစ်ဖက်နှင့် ဆက်သွယ်ထားသည့် ဘက်ထရီစက်ကိုမူ ညှပ်ရိုးအောက် ရင်ဘတ်အရေပြား အောက်ဘက်ရှိ ကြွက်သားအလွှာတွင် မြုပ်ထား၍ တပ်ဆင်ပေးမည်ဖြစ်သည်
  • စက်ထည့်ခြင်း ခွဲစိတ်မှုသည် ယေဘုယျအားဖြင့် နာရီအနည်းငယ်သာ ကြာမြင့်သည်
  • အကယ်၍ အရေပြားအောက်မြုပ်သော စက်အမျိုးအစား (Subcutaneous ICD) ကို ထည့်သွင်းမည်ဆိုပါက ဘက်ထရီစက်ကို ချိုင်းအောက် ရင်ဘတ်ဘေးနေရာတွင် မြုပ်၍ထည့်ပေးမည်ဖြစ်ပြီး ဝါယာကြိုးကိုမူ ဘယ်ဘက်ရင်ညွန့်ရိုးတစ်လျှောက်တွင် မြုပ်၍ ထည့်ပေးထားမည်ဖြစ်သည်
  • ဝါယာကြိုးများနှင့် ဘက်ထရီစက်များကို နေရာတကျထည့်သွင်းပြီးနောက်တွင် နှလုံးအထူးကုဆရာဝန်မှ စက်ကို ပရိုဂရမ်များ ထည့်သွင်း၍ စတင်စစ်ဆေးစမ်းသပ်မည်
  • စမ်းသပ်ရာတွင် နှလုံးခုန်မြန်အောင် ပြုလုပ်၍ စက်ဖြင့် ပြန်လည်ထိန်းချုပ်ခြင်း၊ စည်းချက်မှန်အောင် ရှော့ခ်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်
  • ထိုသို့စမ်းသပ်ချိန်တွင် လူနာတွင် အနည်းငယ် နာကျင်ခြင်း၊ ရှော့ခ်ရိုက်ချိန်တွင် အနည်းငယ်အောင့်ခြင်းတို့ကို ခံစားရနိုင်သည်
  • လူနာတစ်ဦးစီ၏ ရောဂါအခြေအနေအလိုက် စက်၏ လုပ်ငန်းကို ပရိုဂရမ်ထည့်သွင်းမည်ဖြစ်သည် (ဥပမာအားဖြင့်_ နှလုံးခုန်နှုန်း မြန်အောင်နှိုးဆွခြင်း – Pacing၊ နှလုံးခုန်နှုန်းမြန်ခြင်းကို ထိန်းချုပ်ခြင်း – Cardioversion၊ နှလုံးစည်းချက်မမှန်ခြင်းကို ရှော့ခ်ရိုက်ခြင်း – Defibrillator စသည်တို့ဖြစ်သည်)
  • ထို့နောက် ခွဲစိတ်ရာများကို ပြန်လည်ချုပ်ပေးပြီး နားနေခန်းသို့ ပို့ပေးကာ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အီးစီဂျီဆွဲခြင်းဖြင့် ဆက်လက်စောင့်ကြည့် စစ်ဆေးပေးမည်ဖြစ်သည်
စက်ထည့်ပြီးနောက်
  • စက်ထည့်ခွဲစိတ်မှုပြီးပါက ဆေးရုံတွင် တစ်ညအိပ်၍ စောင့်ကြည့်ရန် လိုအပ်ပြီး နောက်တစ်ရက်တွင် ဆေးရုံဆင်း၍ အိမ်ပြန်နိုင်သည်
  • ဆေးရုံမဆင်းခင် စက်၏လုပ်ငန်း ပုံမှန်လုပ်ဆောင်နေခြင်း ရှိမရှိ ထပ်မံစစ်ဆေးပေးမည် ဖြစ်သည်
  • ဘက်ထရီစက်ထည့်ထားသော အရေပြားနေရာတွင် ရက်သတ္တပတ်အနည်းငယ်အထိ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သည်၊ လိုအပ်ပါက ပါရာစီတမောကဲ့သို့ အနာသက်သာဆေး ညွှန်ပေးမည် ဖြစ်သည်၊ အာနိသင်ပြင်းသော အကိုက်အခဲပျောက်ဆေးများသည် အနာမှ သွေးထွက်နိုင်ခြေ ရှိသဖြင့် ရှောင်ကြဥ်သင့်သည်
  • စက်ထည့်ပြီး (၈) ပတ်အတွင်း အနာကျက်နေစဥ်အချိန်၌ ဘယ်ဘက်လက်မောင်းကို ရုတ်တရက် ပခုံးပေါ် မြှောက်ခြင်း မပြုလုပ်ရပါ၊ အနာမကျက်ခင်တွင် ဝါယာကြိုးများ နေရာရွေ့သွားနိုင်ခြင်းကြောင့်ဖြစ်သည်
  • နေ့စဥ် လုပ်ငန်းဆောင်တာများ ပြုလုပ်ခြင်း၊ ကားမောင်းခြင်းစသည်တို့အတွက် ဆရာဝန်များက အသေးစိတ်ညွှန်ကြားချက်များ ပေးမည်ဖြစ်သည်
  • စက်ထည့်ပြီး (၄) ပတ်အတွင်းတွင် အောက်ပါလှုပ်ရှားမှုများကို ရှောင်ကြဥ်ရမည်
    • ပခုံးနှင့် လက်မောင်းကို အသုံးပြုရသော လှုပ်ရှားမှုများ၊ အားကစားများ (ဥပမာ_ ဂေါ့ဖ်ကစားခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ရေကူးခြင်း၊ ဘိုးလင်းပစ်ခြင်း၊ ဖုန်စုပ်စက်များဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်း) တို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဥ်ပါ
    • အလေးအပင်မခြင်း၊ ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ရှောင်ပါ
    • ကိုယ်ခန္ဓာကို ထိတိုက်လှုပ်ရှားရသော အားကစားလေ့ကျင့်ခန်းများသည်လည်း စက်နှင့် ဝါယာကြိုးများကို နေရာ‌ရွေ့စေနိုင်သဖြင့် ရှောင်ကြဥ်ပါ
စက်ထည့်ထားသူများ သတိပြုရမည့်အချက်များ
  • စက်မှ အလုပ်လုပ်ချိန်တွင် လူနာတွင် လက္ခဏာများ ခံစားရနိုင်သည်၊ နှလုံးခုန်နှုန်း‌နှေး၍ ပြန်မြန်အောင် နှိုးဆွချိန်တွင် အနည်းငယ်ရင်တုန်ခြင်းကို ခံစားရနိုင်ပြီး နှလုံးခုန်မမှန်ခြင်းကို ရှော့ခ်ရိုက်ချိန်၌ ရင်ဘတ်ကို ထုကန်ခံရသကဲ့သို့ နာကျင်မှုအနည်းငယ်ကို ခံစားရမည်ဖြစ်သည်
  • ICD စက်ထည့်ထားကြောင်း မှတ်တမ်းနှင့် သက်သေခံကဒ်ပြားကို ကိုယ်နှင့်မကွာ ဆောင်ထားခြင်းဖြင့် အရေးပေါ်အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပေါ်ချိန်တွင် ဆေးပညာဝန်ထမ်းများ အလွယ်တကူ သိရှိနိုင်ပြီး ကူညီပေးနိုင်မည်ဖြစ်သည်
  • သွားဘက်ဆိုင်ရာ ဆေးကုသမှုများ ခံယူခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတို့၌ အချို့ကိရိယာများသည် စက်၏လုပ်ဆောင်ချက်ကို ထိခိုက်စေသောကြောင့် စက်ထည့်ထားသည့် အကြောင်းကို ကြိုတင်အသိပေးရန် လိုအပ်သည်
  • ကြိမ်နှုန်းမြင့် သံလိုက်လှိုင်းများနှင့် အချို့နည်းပညာစနစ်များသည် စက်၏လုပ်ဆောင်ချက်ကို ချို့ယွင်းစေသဖြင့် တတ်နိုင်သမျှ ထိတွေ့မှု နည်းစေရန်၊ ရှောင်ကြဥ်ရန်လိုသည်၊ ဥပမာအားဖြင့်_
    • စမတ်ဖုန်းများ (စက်နှင့် အနည်းဆုံး ၆ လက်မအကွာတွင် ထားရှိသင့်သည်)
    • လေဆိပ်များရှိ သတ္တုအာရုံခံစက်များ၊ စတိုးဆိုင်များရှိ ခိုးမှုကာကွယ်ရေးစနစ်များ
    • ဂဟေဆော်စက်များ
    • ကြိမ်နှုန်းမြင့် ရေဒီယိုလိုင်းများ
    • လျှပ်စီးဓာတ်လွှတ်ထားသော ခြံစည်းရိုးများ (Electric fences)
    • မော်တော်ကား ဘက်ထရီအားသွင်းစက်များ (Portable car battery chargers)၊ စက်နှိုးသည့် ဝါယာကြိုးကြီးများ (Jumper cables)
    • သံလိုက်အသုံးပြုသော စက်ကြီးများ
    • သံလိုက်ဓာတ်မှန်စက်များ
    • အဆင့်မြင့်စနစ်ပါ အသံစနစ်များ၊ စပီကာများ
    • ဆေးရုံဆေးခန်းများရှိ အချို့အရေးပေါ် စနစ်များ စသည်တို့ဖြစ်သည်။
    • မိုက်ခရိုဝေ့ဖ် မီးဖိုများ၊ တီဗီများနှင့် အဝေးထိန်းခလုတ်များ၊ ရိုးရိုးရေဒီယိုလှိုင်းများ၊ လျှပ်စစ်သုံး စောင်များ၊ မုတ်ဆိတ်ရိတ်စက်များ၊ ကွန်ပျူတာနှင့် စကန်နာများ၊ မိတ္တူကူးစက်များ၊ ဂျီပီအက်စ်စနစ်ပါ ကိရိယာများသည် များသောအားဖြင့် စက်ကိုထိခိုက်စေခြင်း မရှိပါ
  • ကားမောင်းခြင်း
    • အန္တရာယ်ရှိသော နှလုံးခုန်မမှန်ခြင်း (Ventricular arrhythmia) သို့မဟုတ် ရုတ်တရက် နှလုံးရပ်ခြင်းတို့ကြောင့် စက်ထည့်ရခြင်းဖြစ်ပါက နှလုံးခုန်မမှန်၍ စက်မှရှော့ခ်ရိုက်ချိန်တွင် ခေတ္တသတိလစ်ခြင်း ဖြစ်နိုင်သောကြောင့် ကားမောင်းနေချိန်တွင် အသက်အန္တရာယ် ဖြစ်နိုင်သည်
    • ထို့ကြောင့် နိုင်ငံအများစုတွင် စက်ထည့်ထားသူများကို ကားမောင်းခြင်း၊ စက်တပ်ယာဥ်များ မောင်းနှင်ခြင်းကို ကန့်သတ်ထားသည်၊ နှလုံးရပ်ဖူးသူများသည် အနည်းဆုံး (၆) လ ကာလအတွင်း နှလုံးခုန်မမှန်မှု ထပ်မံမဖြစ်ပေါ်ခြင်း၊ စက်မှ ရှော့ခ်မရိုက်ရခြင်း စသည့်အချက်များ ပြည့်စုံပါမှ ကားပြန်မောင်းနိုင်သည်
    • စက်မှ တစ်ကြိမ်ရှော့ခ်ရိုက်ရပါကလည်း ထိုအချိန်မှ အနည်းဆုံး (၆) လ အတွင်း ကားမမောင်းရန် ကန့်သတ်ထားသည်၊ အကယ်၍ နှလုံးရပ်ဖူးခြင်း၊ အန္တရာယ်ရှိသော နှလုံးတုန်ခြင်း မဖြစ်ဖူးပါက စက်ထည့်ပြီးနောက် (၁)ပတ် မှ (၁)လအတွင်း ကားပြန်မောင်းနိုင်သည်
  • စက်ထည့်လူနာများ၏ ဆုံးပါးခါနီးအချိန် စောင့်ရှောက်မှု
    စက်ထည့်ထားသော လူနာများတွင် ရောဂါအခြေအနေတစ်ခုကြောင့် ဆုံးပါးခါနီးအချိန်၌ စက်မှ အချက်ပြမှုများ၊ နှိုးဆွမှုများကြောင့် နှလုံးစစ်ဆေးမှုများတွင် အနှောင့်အယှက်ဖြစ်စေနိုင်သည်၊ ထိုအခြေအနေများတွင် လူနာ၏ ဆန္ဒ သို့မဟုတ် ဆုံးဖြတ်နိုင်သော မိသားစုဝင်များ၏ ဆန္ဒအတိုင်း စက်ကို ပိတ်ထားနိုင်သည်
နောက်ဆက်တွဲစောင့်ရှောက်မှုများ
  • စက်ထည့်ပြီးနောက်တွင် ရက်ချိန်းအတိုင်း ပုံမှန်ပြသ၍ နှလုံးကျန်းမာရေးနှင့် စက်၏ လုပ်ဆောင်ချက်တို့ကို စစ်ဆေးရန်လိုသည်
  • စက်ထဲရှိ လီသီယမ်ဘက်ထရီသည် (၅)နှစ် မှ (၇)နှစ်အထိ သက်တမ်းခံနိုင်ပြီး (၆) လတစ်ကြိမ် စစ်ဆေးရန် လိုအပ်သည်၊ ဘက်ထရီသက်တမ်း ကုန်ခါနီးတွင် အသေးစားခွဲစိတ်မှုဖြင့် ဘက်ထရီအသစ် ပြန်လည်လဲလှယ်နိုင်သည်
  • ICD စက်မှ နှလုံးခုန်စည်းချက် ပြန်ထိန်းပေးသည့် ရှော့ခ်ရိုက်ခြင်းသည် များသောအားဖြင့် (၂၄) နာရီ အတွင်း တစ်ကြိမ်မျှသာ ဖြစ်ပေါ်တတ်သည်၊ ထို့ထက်ပို၍ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တတ်နိုင်သမျှ အမြန်ပြသရန် လိုအပ်သည်
နောက်ဆက်တွဲပြဿနာများ
  • စက်ထည့်ထားသည့် အရေပြားနေရာတွင် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခြည်ဥခြင်း သို့မဟုတ် သွေးထွက်ခြင်း
  • ဝါယာကြိုးများကြောင့် သွေးကြောများ ထိခိုက်နိုင်ခြင်း
  • နှလုံးပတ်လည်တွင် သွေးထွက်ခြင်း (အသက်အန္တရာယ် ဖြစ်နိုင်သည်)
  • ဝါယာကြိုးများ ထည့်ထားသော နေရာအနီး နှလုံးအဆို့ရှင်များတွင် သွေးစိမ့်ထွက်ခြင်း
  • အဆုတ်ကို ဖိမိ၍ ကျုံ့ဝင်သွားခြင်း (Collapsed lung)၊ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax)
  • ရှားပါးအခြေအနေတွင် ဘက်ထရီစက်နှင့် ဝါယာကြိုးများ နေရာ‌ရွေ့လျားမှုများကြောင့် နှလုံးကြွက်သားများ ထိခိုက်စုတ်ပြဲပြီး နှလုံးကြွက်သားပေါက်ထွက်ခြင်း (Cardiac perforation)
  • ICD စက် ချို့ယွင်းခြင်း
  • ICD စက်ပတ်လည်တွင် ပိုးဝင်ခြင်း
  • အသက်အန္တရာယ်မရှိသော နှလုံးတုန်ခြင်းများကို ရှော့ခ်ရိုက်မိခြင်း
ဆရာဝန်နှင့် ပြန်လည်ပြသရန်

အောက်ပါအချက်များ ရှိပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ရန် သို့မဟုတ် ဆေးရုံဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသသင့်သည်၊

  • ခွဲစိတ်ထားသည့် ဒဏ်ရာမှ သွေးစိမ့်ထွက်ခြင်း၊ သားနံရည်နှင့် ပြည်များထွက်ခြင်း
  • ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ချမ်းတုန်ဖျားခြင်း
  • နာကျင်မှု မသက်သာဘဲ ပိုဆိုးလာခြင်း
  • နီရဲရောင်ရမ်းခြင်းများ မသက်သာဘဲ ပိုဆိုးလာခြင်း
  • စက်မှ နှလုံးရှော့ခ်ရိုက်ခြင်း အကြိမ်ရေ ပိုများလာခြင်း (အရေးပေါ် ပြသရန်)

References:

  1. American Heart Association. (n.d.). Implantable cardioverter defibrillator (ICD). Retrieved June 29, 2026, from https://www.heart.org/en/health-topics/arrhythmia/prevention–treatment-of-arrhythmia/implantable-cardioverter-defibrillator-icd
  2. British Heart Foundation. (n.d.). Implantable cardioverter defibrillator (ICD). Retrieved June 29, 2026, from https://www.bhf.org.uk/informationsupport/treatments/implantable-cardioverter-defibrillator
  3. Cleveland Clinic. (n.d.). Defibrillator. Retrieved June 29, 2026, from https://my.clevelandclinic.org/health/treatments/23020-defibrillator
  4. Cleveland Clinic. (n.d.). Implantable cardioverter defibrillator (ICD). Retrieved June 29, 2026, from https://my.clevelandclinic.org/health/treatments/17123-implantable-cardioverter-defibrillator-icd
  5. Mayo Clinic. (n.d.). Implantable cardioverter-defibrillators (ICDs). Retrieved June 29, 2026, from https://www.mayoclinic.org/tests-procedures/implantable-cardioverter-defibrillators/about/pac-20384692

Published: 24 July 2026

Share

24 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.