Nuchal Translucency (NT) Test (သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်း)

Nuchal Translucency (NT) Test (သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်း)

ခေတ်မီဆေးပညာ၏ တိုးတက်မှုများအရ သန္ဓေသား၌ မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ရှိမရှိကို ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်အတွင်းတွင် ကြိုတင်စစ်ဆေးနိုင်သော၊ မိခင်နှင့်သန္ဓေသားကို အန္တရာယ်မဖြစ်စေသည့် စစ်ဆေးမှုများ ရှိလာပြီဖြစ်သည်။ ထိုစစ်ဆေးမှုများထဲမှ သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်း (Nuchal Translucency Test) ဆိုသည်မှာ ကိုယ်ဝန်ပထမသုံးလပတ်အတွင်း အာထရာဆောင်းဖြင့် သန္ဓေသား၏ လည်ပင်းနောက်ဘက် အရေပြားအောက်၌ စုနေသော အရည်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။

ဤစစ်ဆေးမှုသည် ရောဂါအတည်ပြုခြင်း (Diagnostic Test) မဟုတ်ဘဲ မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးခြင်း (Screening Test) ဖြစ်သည်။ လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းကို ကိုယ်ဝန် ပထမသုံးလပတ်တွင် ပြုလုပ်သော အခြားစစ်ဆေးမှုများ (ဥပမာ – မိခင်သွေးမှတစ်ဆင့် စစ်ဆေးခြင်း) နှင့် တွဲဖက်လုပ်ဆောင်ပါက ရောဂါရှာဖွေရာတွင် အလွန်တိကျမှုရှိသည်။

ပြုလုပ်နိုင်သော ရောဂါနှင့်အခြေအနေများ

သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းကို ကိုယ်ဝန်ဆောင်မိခင်အားလုံးတွင် ပြုလုပ်နိုင်သော်လည်း အောက်ပါအခြေအနေများရှိပါက ဤစစ်ဆေးမှုကို ပိုမိုဆောင်ရွက်သင့်သည်။

  • အသက် (၃၅) နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ
  • မိသားစုတွင် မျိုးဗီဇချို့ယွင်းသည့်ရောဂါရှိသူများ
  • မိမိ၏ ယခင်ကိုယ်ဝန်များတွင် မျိုးဗီဇချို့ယွင်းသည့် သန္ဓေသားရှိခဲ့ဖူးသူများ
  • ကိုယ်ဝန်ဆောင်စဥ် သွေးစစ်ဆေးမှုများတွင် ခရိုမိုဆုမ်းမူမမှန်မှု ဖြစ်နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိထားသူများ စသည်တို့ဖြစ်သည်။
စစ်ဆေးပေးနိုင်သော ရောဂါအခြေအနေများ

သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းဖြင့် အောက်ပါရောဂါအခြေအနေများ ဖြစ်နိုင်ခြေကို စစ်ဆေးနိုင်သည်။

  • ဒေါင်းဆင်ဒရုန်း သို့မဟုတ် ဒေါင်းလက္ခဏာစု (Down syndrome or Trisomy 21)
  • အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards Syndrome or Trisomy 18)
  • ပါတောင်းဆင်ဒရုန်း (Patau Syndrome or Trisomy 13) နှင့်
  • အချို့သောမွေးရာပါနှလုံးရောဂါများ
ကြိုတင်သိရှိထားရမည့်အချက်များ

ဤစစ်ဆေးမှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို ကြိုတင်သိရှိထားရန် လိုအပ်သည်။

အားသာချက်များ
  • ကိုယ်ဝန်သက်တမ်းနုစဉ်ကပင် သန္ဓေသားနှင့် ပတ်သက်၍ ကြိုတင်သိရှိနိုင်သည်
  • အာထရာဆောင်းကို အသုံးပြု၍ စစ်ဆေးခြင်းဖြစ်သောကြောင့် မိခင်နှင့် သန္ဓေသားအပေါ် ထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းသည်
  • သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းတစ်ခုတည်းဖြင့် ‌ဒေါင်းဆင်ဒရုန်း ဖြစ်နိုင်ခြေကို ၇၀% ခန့် သိရှိနိုင်ပြီး၊ သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက် ရှိမရှိ မိခင်လောင်းသွေးမှတစ်ဆင့် စစ်ဆေးခြင်း (Non-Invasive Prenatal Testing–NIPT) နှင့် တွဲဖက်လုပ်ဆောင်ပါက ၉၅% အထိ တိကျသည်။
အားနည်းချက်များ
  • ရောဂါဖြစ်နိုင်ခြေမြင့်မားပါက အတည်ပြုနိုင်ရန်အတွက် သားအိမ်အတွင်းမှ သန္ဓေသားပတ်လည်ရှိ ရေမြွှာရည်နမူနာယူ၍ စစ်ဆေးခြင်း (Amniocentesis) နှင့် အချင်းမှ တစ်ရှူးအနည်းငယ်ယူ၍ စစ်ဆေးခြင်း (Chorionic villus sampling – CVS) ကဲ့သို့သော စစ်ဆေးမှုများကို ထပ်မံပြုလုပ်ရန် လိုအပ်သည်
  • သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းအတွက် ကျွမ်းကျင်သောဆရာဝန်နှင့် ခေတ်မီ အာထရာဆောင်းစက်ပစ္စည်း လိုအပ်နိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • ကြိုတင်ပြင်ဆင်ရန်
    • မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများကို စစ်ဆေးမည်ဖြစ်သည့်အတွက် မိသားစုနှင့် ပတ်သက်သော ရောဂါရာဇဝင်များကို မေးမြန်းသိရှိထားရမည်
    • ကိုယ်ဝန်ဆောင်မိခင်၏ မိသားစုကျန်းမာ‌ရေးရာဇဝင်၊ ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာ‌ရေးအခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်၊ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် တစ်ဦးဦးနှင့် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးထားသင့်သည်
    • စစ်ဆေးမှု၏ အားသာချက်၊ အားနည်းချက်များနှင့် ရလဒ်အဖြေပေါ် မူတည်၍ ‌ရှေ့ဆက်လုပ်ဆောင်ရမည်များကို သေချာစွာ နားလည်သိရှိရန် လိုအပ်သည်။
  • စမ်းသပ်စစ်ဆေးခြင်း
    • ဤစစ်ဆေးမှုကို ကိုယ်ဝန်သက် ၁၁ပတ် မှ ၁၄ပတ်အတွင်း (အကောင်းဆုံးမှာ ၁၁ပတ် မှ ၁၃ပတ် ၆ရက်အတွင်း) သို့မဟုတ် သန္ဓေသား၏ ဦးခေါင်းမှ တင်ပါးအထိအရှည် (Crown-Rump Length – CRL) ၄၅ မီလီမီတာမှ ၈၄ မီလီမီတာအတွင်း ရှိနေချိန် ပြုလုပ်ခြင်းသည် အတိကျဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်သက် ၁၄ ပတ်ကျော်သွားပါက လည်ပင်းနောက်ဘက်ရှိ အရည်အိတ် (Nuchal fold) သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စုပ်ယူသွားတတ်သဖြင့် အရည်ပမာဏ တိုင်းတာရန် ခက်ခဲသွားတတ်သည်
    • ထိုအချိန်မျိုး၌ တိုင်းတာလျှင် ရလဒ်မှန်ကန်မှု မရှိနိုင်တော့ခြင်းကြောင့် ကိုယ်ဝန်သက် ၁၁ ပတ် မှ ၁၄ပတ်အတွင်းတွင်သာ လုပ်ဆောင်ရန် အလွန်အရေးကြီးသည်
    • အာထရာဆောင်းရိုက်ရန်အတွက် အထူးပြင်ဆင်မှု မလိုအပ်ပါ၊ သို့သော် ဆီးအိမ်တွင် ဆီးအပြည့်ရှိနေစဥ် အာထရာဆောင်းရိုက်ခြင်းသည် သန္ဓေသားပုံရိပ်ကို ပိုမိုကောင်းမွန်စွာ မြင်ရနိုင်သည်
    • တိုင်းတာရန်အတွက် သန္ဓေသားသည် သင့်တော်သော အနေအထားတွင်ရှိရန် လိုအပ်သည်၊ သန္ဓေသားအနေအထား မမှန်ပါက အနည်းငယ်စောင့်ဆိုင်းရခြင်း သို့မဟုတ် မိခင်အား အနေအထား ပြောင်းလဲခိုင်းရသည်
    • သန္ဓေသား၏ လည်ပင်းနောက်ဘက်ရှိ အရည်အိတ် (Nuchal fold) ကို အတိအကျ ဖမ်းယူပြီး မီလီမီတာ (mm) ဖြင့် တိုင်းတာသည်
    • သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာမှု၊ သွေးစစ်ဆေးမှုရလဒ်များ၊ မိခင်၏ အသက်နှင့် ကိုယ်ဝန်အပတ်တို့ကို ပေါင်းစပ်တွက်ချက်၍ သန္ဓေသားတွင် ဒေါင်းဆင်ဒရုန်း နှင့် အခြားခရိုမိုဆုမ်း မူမမှန်မှုဖြစ်နိုင်ခြေကို ဆုံးဖြတ်သည်
    • စစ်ဆေးမှုသည် အများအားဖြင့် မိနစ် ၂၀ မှ ၃၀ ခန့်သာ ကြာမြင့်သည်။
သိရှိနိုင်သောအဖြေများ

သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းသည် မျိုးဗီဇ ချို့ယွင်းချက် ရှိမရှိကို အတည်ပြုပေးခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေ ရှိမရှိကိုသာ သိရှိနိုင်မည်ဖြစ်သည်။

  • ဖြစ်နိုင်ခြေနည်းပါးခြင်း (Low Risk)
    သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏသည် သက်ဆိုင်ရာ ကိုယ်ဝန်သက်နှင့် ကိုက်ညီသောပမာဏတွင် ရှိနေလျှင် မျိုးရိုးဗီဇချို့ယွင်းချက် ဖြစ်နိုင်ခြေ နည်းပါးပြီး အခြားစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် မလိုအပ်တော့ပါ။
  • ဖြစ်နိုင်ခြေမြင့်မားခြင်း (High Risk)
    သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည် ပမာဏသည် ပုံမှန်ထက် ပိုမိုများပြားနေခြင်း (ဥပမာ- ကိုယ်ဝန်သက် ၁၂ ပတ်တွင် ၃ မီလီမီတာထက် ပိုများခြင်း) တွေ့ရှိပါက မျိုးဗီဇချို့ယွင်းချက်ဖြစ်နိုင်ခြေ မြင့်မားသည့်အတွက် ရောဂါအတည်ပြုနိုင်ရန် အခြားစစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်။
နောက်ဆက်တွဲအကျိုးဆက်များ

သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာစစ်ဆေးခြင်းသည် သာမန်အာထရာဆောင်း ရိုက်ခြင်းသာ ဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာအရ မိခင်နှင့် သန္ဓေသားအပေါ် လုံးဝအန္တရာယ်မရှိဘဲ စိတ်ချရသော စစ်ဆေးမှုဖြစ်သည်။ သို့သော် ရလဒ်အဖြေအပေါ် မူတည်၍ အောက်ပါ စိတ်ပိုင်းဆိုင်ရာနှင့် နောက်ဆက်တွဲစိန်ခေါ်မှုများကို ကြုံတွေ့ရနိုင်သည်။

  • စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု (Psychological Impact)
    • စစ်ဆေးမှုရလဒ်တွင် ချို့ယွင်းချက်ရှိနိုင်ခြေ မြင့်မားသည် (High Risk) ဟု ထွက်လာပါက မိခင်နှင့် မိသားစုဝင်များတွင် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း၊ သောကရောက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်သည်
  • ထပ်မံစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်လာခြင်း (Need for Invasive Tests)
    • ရောဂါအမည်ကို အတည်ပြုနိုင်ရန်အတွက် ရေမြွှာရည်နမူနာယူခြင်း (Amniocentesis) သို့မဟုတ် အချင်းတစ်ရှူးယူခြင်း (CVS) ကဲ့သို့သော သားအိမ်အတွင်း တိုက်ရိုက်စစ်ဆေးမှုများကို ထပ်မံပြုလုပ်ရန် လိုအပ်လာတတ်ပြီး၊ ၎င်းစစ်ဆေးမှုများတွင် ဖြစ်ပွားမှု အလွန်ရှားပါးသော်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေ အနည်းငယ် ရှိတတ်သည်
  • အဖြေအမှားထွက်နိုင်ခြေရှိခြင်း (False Results)
    • ဤစစ်ဆေးမှုသည် ရောဂါကို အတည်ပြုခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေကိုသာ တွက်ချက်ခြင်းဖြစ်၍ တစ်ခါတစ်ရံ သန္ဓေသားတွင် ရောဂါမရှိဘဲ ရလဒ်မကောင်းခြင်း (False Positive) သို့မဟုတ် ရောဂါရှိနေသော်လည်း ရလဒ်က ပုံမှန်ဖြစ်နေခြင်း (False Negative) မျိုး ရှိနိုင်သည်

အကြံပြုချက် – ရလဒ်အဖြေ မည်သို့ပင်ထွက်ရှိပါစေ၊ မိသားစုအတွင်း စိုးရိမ်သောကလွန်ကဲခြင်း မဖြစ်စေရန် သားဖွားမီးယပ်အထူးကုဆရာဝန် သို့မဟုတ် မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

အနှစ်ချုပ်အားဖြင့်ဆိုရသော် သန္ဓေသား လည်ပင်းနောက်ဘက် အရည်ကြည်ပမာဏ တိုင်းတာ စစ်ဆေးခြင်းသည် မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက် ဖြစ်နိုင်ခြေ ရှိမရှိ ကြိုတင်သိရှိနိုင်စေရန် အထောက်အကူပြုသည်။ ဤစစ်ဆေးမှုသည် ရောဂါကို အတည်ပြုခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေကိုသာ တိုင်းတာပေးခြင်းဖြစ်သည့်အတွက် ရလဒ်များအပေါ် မူတည်၍ ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး နောက်ဆက်တွဲစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် အရေးကြီးသည်။ မိဘများအနေဖြင့် စိုးရိမ်ပူပန်မှုများထက် မှန်ကန်သော အသိပညာများဖြင့် ကြိုတင်ပြင်ဆင်ခြင်းသည် မိမိ၏ သန္ဓေသားကို အကောင်းဆုံး စောင့်ရှောက်မှုပေးခြင်းဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Nuchal translucency. Retrieved July 3, 2026, from https://my.clevelandclinic.org/health/diagnostics/23333-nuchal-translucency
  2. Mayo Clinic. (n.d.). Prenatal testing. Retrieved July 3, 2026, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/prenatal-testing/art-20045177
  3. MedlinePlus. (n.d.). Prenatal screening tests. Retrieved July 3, 2026, from https://medlineplus.gov/ency/article/007561.htm
  4. National Health Service. (n.d.). Screening for Down’s syndrome, Edwards’ syndrome and Patau’s syndrome. Retrieved July 3, 2026, from https://www.nhs.uk/pregnancy/your-pregnancy-care/screening-for-downs-edwards-pataus-syndrome/

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.