အော်တစ်ဇင် အကဲဖြတ်ဆန်းစစ်မှု အစီအစဉ် (Autism Diagnostic Observation Schedule – ADOS) ဆိုသည်မှာ ကလေးတစ်ဦးတွင် အော်တစ်ဇင် (Autism Spectrum Disorder – ASD) ရှိမရှိကို စံချိန်စံညွှန်းမီ ဆန်းစစ်အကဲဖြတ်ရန် ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ဆေးပညာဆိုင်ရာ စစ်ဆေးမှုစနစ်တစ်ခုဖြစ်သည်။ ဤစစ်ဆေးမှုသည် စနစ်တကျ ပုံစံချထားသော ကစားစရာများ၊ လှုပ်ရှားမှုများနှင့် သဘာဝကျကျ တုံ့ပြန်မှုများမှတစ်ဆင့် လူနာ၏ ဆက်သွယ်ပြောဆိုမှု၊ လူမှုဆက်ဆံရေးတုံ့ပြန်မှု၊ စိတ်ကူးပုံဖော်၍ ကစားနိုင်စွမ်းနှင့် ထပ်တလဲလဲပြုလုပ်တတ်သော အပြုအမူများကို အနီးကပ် လေ့လာအကဲခတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ယခုအခါ ၎င်းစစ်ဆေးမှုစနစ်ကို ပိုမိုပြည့်စုံတိကျစေရန် ဒုတိယအကြိမ် ထပ်မံမွမ်းမံပြင်ဆင်ထားပြီး ADOS-2 (Autism Diagnostic Observation Schedule, Second Edition) ဟု ခေါ်ဆိုသည်။ ADOS-2 သည် နိုင်ငံတကာ သုတေသနပြုချက်များအရ စစ်ဆေးမှုစနစ် တိကျမှုနှင့် ယုံကြည်စိတ်ချရမှု အလွန်မြင့်မားသောကြောင့် အော်တစ်ဇင်ရှိမရှိ ရှာဖွေအကဲဖြတ်ခြင်းဆိုင်ရာ ကမ္ဘာ့စံပြစစ်ဆေးမှု (Gold Standard) တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ဤဒုတိယအကြိမ် ပြင်ဆင်ချက်ကြောင့် အော်တစ်ဇင်ရှိသူများ သို့မဟုတ် အော်တစ်ဇင်ဟု သံသယရှိသူများကို အခြားသော ဦးနှောက်နှင့်အာရုံကြော ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါဝေဒနာရှင်များထဲမှ ပိုမိုပြတ်သားတိကျစွာ ခွဲခြားသတ်မှတ်နိုင်ပြီဖြစ်သည်။
စစ်ဆေးနိုင်သည့် အခြေအနေနှင့် ကျွမ်းကျင်မှုအဆင့်
ADOS-2 စစ်ဆေးမှုကို မည်သည့် အသက်အရွယ်၊ ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်နှင့် ဘာသာစကားစွမ်းရည်ရှိသူတွင်မဆို အသုံးပြုနိုင်သည်။ သို့ရာတွင် စစ်ဆေးမှုအဖြေ မှန်ကန်တိကျစေရန်အတွက် ဤစနစ်ကို စနစ်တကျ အထူးပြုလေ့ကျင့်သင်ကြားထားပြီး နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားသည့် စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကသာ လေ့လာအကဲခတ် ဆန်းစစ်မှု ပြုလုပ်ပေးရမည်ဖြစ်သည်။
ADOS-2 စစ်ဆေးရခြင်း၏ ရည်ရွယ်ချက်
ADOS-2 ၏ အဓိကရည်ရွယ်ချက်မှာ စစ်ဆေးခံမည့်သူမှ ပတ်ဝန်းကျင်နှင့် မည်သို့ဆက်သွယ်ပြောဆိုသည်၊ လူမှုရေးအရ မည်သို့တုံ့ပြန်သည်နှင့် မတူညီသော အခြေအနေများအပေါ် မည်သို့တုံ့ပြန်သည်ကို အကဲခတ်ရန် ဖြစ်သည်။ စစ်ဆေးနေစဉ်အတွင်း ပညာရှင်များသည် အောက်ပါနယ်ပယ်များကို အကဲခတ်မည်။
- နှုတ်မှ စကားဖြင့်ပြောဆိုဆက်သွယ်မှုနှင့် စကားဖြင့်မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် ဆက်သွယ်မှု (Verbal and non-verbal communication)
- လူမှုဆက်ဆံရေးတွင် အပြန်အလှန်တုံ့ပြန်နိုင်မှု (Social reciprocity and interaction)
- လက်ဟန်ခြေဟန်၊ မျက်နှာအမူအရာနှင့် မျက်လုံးချင်းဆုံကြည့်မှု (Gestures, facial expressions, eye contact)
- စိတ်ကူးယဉ်ပုံဖော် ကစားနိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်မှု (Imaginative play and creativity)
- အကန့်အသတ်ရှိသော စိတ်ဝင်စားမှုများနှင့် ထပ်တလဲလဲပြုလုပ်သော အပြုအမူများ (Restricted interests and repetitive behaviours)
- အပြုအမူပိုင်းဆိုင်ရာ လိုက်လျောညီထွေရှိမှုနှင့် လူမှုရေးအခြေအနေများအပေါ် တုံ့ပြန်မှု (Flexibility of behaviour and response to social situations)
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါ လက္ခဏာများနှင့် ဖွံ့ဖြိုးမှုပြဿနာများရှိသော ကလေးများကို စစ်ဆေးအကဲဖြတ်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်ဖြင့် လိုအပ်ပါက ADOS-2 အား အသုံးပြု၍ စစ်ဆေးရသည်။
- အော်တစ်ဇင် (Autism Spectrum Disorder) လက္ခဏာရှိသော ကလေးများ
- စကားပြောနောက်ကျပြီး လူမှုဆက်ဆံရေးတွင် အခက်အခဲရှိသော ကလေးများ (Speech delay and Social Communication Problems)
ကြိုတင်သိရှိထားရမည့်အချက်များ
- စာမေးပွဲတစ်ခု မဟုတ်ပါ
- ADOS-2 သည် ကလေး၏ စာပေတတ်မြောက်မှု သို့မဟုတ် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုနိုင်မှုကို စစ်ဆေးနေခြင်း မဟုတ်ပါ
- ၎င်းအစား ဆက်သွယ်ပြောဆိုပုံစံ၊ လူမှုရေးတုံ့ပြန်မှုနှင့် အပြုအမူပုံစံများကိုသာ အဓိကထား အကဲခတ်ခြင်းဖြစ်သည်
- ကလေး ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ဟု ထင်ရသော်လည်း စိတ်ဓာတ်မကျပါနှင့်
- စစ်ဆေးမှုပြုလုပ်နေစဉ် သို့မဟုတ် ပြုလုပ်ပြီးနောက် ကလေးငယ်က ကောင်းမွန်စွာမတုံ့ပြန်နိုင်ဘဲ ရုန်းကန်နေခြင်း၊ စိတ်မဝင်စားခြင်း စသည်တို့ကို မြင်တွေ့ရလျှင်လည်း မိဘများအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းစိုးရိမ်ခြင်းမဖြစ်ရန် အရေးကြီးသည်
- ဤစစ်ဆေးမှုသည် ကလေး၏ အားနည်းချက်ကို အမှတ်ပေးနှိုင်းယှဉ်နေခြင်း မဟုတ်ဘဲ ကလေးအား အမှန်တကယ် လိုအပ်သော ကူညီပံ့ပိုးမှုများ ပေးနိုင်ရန်အတွက် ၎င်းတို့၏ သဘာဝအတိုင်း တုံ့ပြန်ပုံကို လေ့လာခြင်းသာဖြစ်သည်
- ဝင်ရောက်စွက်ဖက်ခြင်း မပြုရပါ
- ADOS-2 ဖြင့် စစ်ဆေးနေစဉ်အချိန်တွင် မိဘများက ကလေးကို ဖြေဆိုနိုင်ရန် ကူညီပေးခြင်းနှင့် ဝင်ရောက်တိုက်တွန်းခြင်း မပြုလုပ်ရပါ
- လိုအပ်ပါက အကဲဖြတ်စစ်ဆေးသူက မည်သို့ကူညီရမည်ကို လမ်းညွှန်လိမ့်မည်
- ကြာမြင့်ချိန်
- ADOS-2 စမ်းသပ် အကဲဖြတ်ခြင်း ပြုလုပ်ရန် အချိန် ၄၅ မိနစ် မှ ၆၀ မိနစ်ထိ ကြာမြင့်နိုင်သည်
- အဖြေရှာခြင်း
- ADOS-2 သည် ၎င်းတစ်ခုတည်းနှင့် ရောဂါအဖြေရှာ (Diagnosis) ဆုံးဖြတ်နိုင်သော စစ်ဆေးမှုမျိုး မဟုတ်ပါ (အခြားသော ဆေးဘက်ဆိုင်ရာ ရာဇဝင်များနှင့် ပေါင်းစပ်အဖြေရှာရခြင်းဖြစ်သည်)
- အာရုံခံစားမှု စစ်ဆေးခြင်း
- ADOS-2 အကဲဖြတ်မှု မပြုလုပ်မီ ကလေးငယ်တွင် အမြင်အာရုံ သို့မဟုတ် အကြားအာရုံ ချို့တဲ့မှု ရှိမရှိကို မပျက်မကွက် ကြိုတင်စစ်ဆေးထားရမည်
စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ
ADOS-2 မစစ်ဆေးမီ မည်သည့်အရည်အချင်းကိုမဆို ကြိုတင်လေ့ကျင့်ထားရန် သို့မဟုတ် ပြင်ဆင်ထားရန် မလိုအပ်ပါ။ ရည်ရွယ်ချက်မှာ လူနာ၏ သဘာဝအတိုင်း ဆက်သွယ်ပြောဆိုမှုနှင့် ဆက်ဆံရေးပုံစံကို ဆရာဝန်မှ အကဲခတ်နိုင်ရန်ဖြစ်သည်။
မိဘများနှင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် အောက်ပါအတိုင်း ကူညီပေးနိုင်သည်။
- ကလေးကို အိပ်ရေးဝဝ အိပ်ခိုင်းထားရန်နှင့် သက်တောင့်သက်သက်သာ ရှိစေရန် ပြင်ဆင်ပေးခြင်း
- လိုအပ်ပါက ကလေးအကြိုက်ဆုံး ကစားစရာ သို့မဟုတ် အဖော်ပစ္စည်း (Comfort item) ကို ယူဆောင်လာခြင်း
- ကလေး၏ ဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်များကို ဆရာဝန်အား တိကျစွာ ပြောပြခြင်း
- ကလေးကို ကြိုတင်သင်ကြားပေးခြင်း မပြုဘဲ သဘာဝအတိုင်း တုံ့ပြန်ခွင့်ပြုခြင်း
စစ်ဆေးနေစဉ်အတွင်း ကလေး၏ အသက်အရွယ်နှင့် အခြေအနေပေါ် မူတည်၍ မိဘများကို အခန်းထဲတွင် တိတ်တဆိတ် စောင့်ကြည့်ခိုင်းခြင်း သို့မဟုတ် အခန်းအပြင်တွင် စောင့်ခိုင်းခြင်းမျိုး ပြုလုပ်နိုင်သည်။ အကြောင်းမှာ ကလေး၏ ကိုယ်ပိုင်လူမှုဆက်ဆံရေး အပြုအမူကို တိကျစွာ အကဲခတ်နိုင်ရန်ဖြစ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ADOS-2 ကို ပုံမှန်အားဖြင့် စစ်ဆေးအကဲဖြတ်မည့် ပညာရှင်မှ တိတ်ဆိတ်ငြိမ်သက်သော အခန်းထဲတွင် စစ်ဆေးလေ့ရှိသည်။ စစ်ဆေးမှုတွင် ကလေး သို့မဟုတ် စစ်ဆေးခံမည့်သူ၏ ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်နှင့် ဆက်သွယ်ပြောဆိုနိုင်မှုအပေါ် မူတည်၍ ရွေးချယ်ထားသော၊ ကစားနည်းများနှင့် စကားစမြည်ပြောဆိုခြင်းများ ပါဝင်မည်ဖြစ်သည်။
ကလေးငယ်များအတွက်မူ ဤစစ်ဆေးမှုသည် ကစားခြင်းကဲ့သို့ ခံစားရစေမည်ဖြစ်ပြီး အောက်ပါများနည်လမ်းများ ပါဝင်နိုင်သည်။
- ကစားစရာများနှင့် ဆော့ကစားခြင်း
- ဟန်ဆောင်ကစားခြင်း
- ပစ္စည်းများကို အသုံးပြု၍ ပုံပြင်များ ဖန်တီးခြင်း
- အပြန်အလှန် ကစားရသော ဂိမ်းများဆော့ခြင်း
- ရုပ်ပြစာအုပ်များ ကြည့်ခြင်း
- လူမှုရေးအရ စကားစမြည်ပြောရန် လှုံ့ဆော်မှုများကို တုံ့ပြန်ခြင်း
အသက်ကြီးသောကလေးများ၊ ဆယ်ကျော်သက်များနှင့် လူကြီးများအတွက်မူ နေ့စဉ်ဘဝအတွေ့အကြုံများ၊ လူမှုဆက်ဆံရေး၊ ခံစားချက်များ၊ စိတ်ဝင်စားမှုများနှင့် လူမှုရေးအခြေအနေများအကြောင်း စကားစမြည်ပြောဆိုခြင်းများ ပါဝင်မည်ဖြစ်သည်။
ADOS-2 ၏ စစ်ဆေးမှုအပိုင်းများ (Modules)
ADOS-2 တွင် အကဲဖြတ်ခံရမည့်သူ၏ ဘာသာစကားအဆင့်နှင့် ဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်၍ ဒီဇိုင်းထုတ်ထားသောအပိုင်း (Module) အမျိုးမျိုးရှိသည်။ အသက်အရွယ်တစ်ခုတည်းကို မကြည့်ဘဲ လက်ရှိပြောဆိုနိုင်သော စွမ်းရည်အပေါ် မူတည်၍ စစ်ဆေးမှုတစ်ခုတွင် အပိုင်းတစ်ခုတည်းကိုသာ ရွေးချယ်အသုံးပြုသည်။
- လမ်းလျှောက်တတ်စ ကလေးငယ်များအတွက် အပိုင်း (Toddler Module)
- ဆက်သွယ်ပြောဆိုမှု စတင်ဖွံ့ဖြိုးခါစ ကလေးငယ်များအတွက်ဖြစ်သည်၊ လူမှုရေးအရ စောစီးစွာဆက်သွယ်မှု၊ အခြားသူတစ်ဦးနှင့်အတူ အာရုံစိုက်နိုင်ခြင်း ၊ လက်ဟန်ခြေဟန် ပြသခြင်းနှင့် ကစားခြင်း အပြုအမူများကို အဓိကထားသည်
- အပိုင်း ၁ (Module 1) – စကားလုံးတွဲများ မပြောနိုင်သေးသော ကလေးများအတွက်
- စကားလုံးအနည်းငယ်သာ ပြောနိုင်သော သို့မဟုတ် စကားလုံးတွဲများကို စနစ်တကျ မပြောနိုင်သေးသော ကလေးများအတွက် အသုံးပြုသည်
- ကစားခြင်း၊ ပစ္စည်းတောင်းခံခြင်း၊ အတုခိုးခြင်းနှင့် အစောပိုင်း ဆက်သွယ်မှုစွမ်းရည်များကို အကဲခတ်သည်
- အပိုင်း ၂ (Module 2) – စကားလုံးတွဲများ ပြောနိုင်သော ကလေးများအတွက်
- စကားလုံးတွဲများ ပြောနိုင်သော်လည်း စကားပြောစွမ်းရည် ကျွမ်းကျင်မှု မရှိသော၊ အပိုင်း ၃ အဆင့်အထိ မရောက်သေးသော ကလေးများအတွက်ဖြစ်သည်၊ ကစားခြင်း၊ ပုံပြင်ပြောခြင်း၊ စကားပြောခြင်းနှင့် လူမှုဆက်ဆံရေး လှုပ်ရှားမှုများ ပါဝင်သည်
- အပိုင်း ၃ (Module 3) – စကားကျွမ်းကျင်စွာ ပြောနိုင်သော ကလေးများနှင့် ဆယ်ကျော်သက်များအတွက်
- စကားကို ကျွမ်းကျင်ချောမွေ့စွာ ပြောနိုင်သူများအတွက်ဖြစ်သည်၊ စကားပြောစွမ်းရည်၊ လူမှုရေးနားလည်မှု၊ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု၊ စိတ်ကူးယဉ်တွေးခေါ်မှုနှင့် ဆက်ဆံရေးပုံစံတို့ကို အကဲခတ်သည်
- အပိုင်း ၄ (Module 4) – စကားကျွမ်းကျင်စွာ ပြောနိုင်သော ဆယ်ကျော်သက်များနှင့် လူကြီးများအတွက်
- ကျွမ်းကျင်စွာ စကားပြောနိုင်သော ဆယ်ကျော်သက်များနှင့် လူကြီးများအတွက်ဖြစ်သည်၊ စကားစမြည်ပြောဆိုခြင်း၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှုဆိုင်ရာ နားလည်မှုနှင့် ဆက်သွယ်ရေးပုံစံများကို ပိုမို၍ အလေးပေးစစ်ဆေးသည်
စစ်ဆေးနေစဉ်အတွင်း အကဲခတ်ရမည့် နယ်ပယ်များ
ADOS-2 စစ်ဆေးနေစဉ်အတွင်း ပညာရှင်များသည် အောက်ပါကဏ္ဍများကို အကဲခတ် အကဲဖြတ်သည်။
- ဆက်သွယ်ပြောဆိုမှု (Communication) – စကားပြောဆိုပုံ၊ လက်ဟန်ခြေဟန်၊ မျက်နှာအမူအရာ အသုံးပြုပုံများကို ကြည့်ရှုသည်၊ စကားဖလှယ်နိုင်မှု၊ အချက်အလက် မျှဝေနိုင်မှုနှင့် လူမှုရေးအရ ဆက်သွယ်နိုင်စွမ်းတို့ကို အကဲခတ်သည်
- လူမှုဆက်ဆံရေး (Social Interaction) – ပတ်ဝန်းကျင်နှင့် လက်တွဲလုပ်ဆောင်မှု၊ အခြားသူများအပေါ် တုံ့ပြန်မှု၊ အတူတကွ ပျော်ရွှင်မှု၊ မျက်လုံးချင်းဆုံမှုနှင့် လူမှုရေးအမူအရာများကို နားလည်နိုင်စွမ်းတို့ကို စစ်ဆေးသည်
- ကစားခြင်းနှင့် စိတ်ကူးဉာဏ် (Play and Imagination) – ကလေးများအတွက် ကစားခြင်းလှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်း၊ ဟန်ဆောင်ကစားနိုင်စွမ်းနှင့် ပစ္စည်းများကို လိုက်လျောညီထွေ အသုံးပြုနိုင်စွမ်းတို့ကို သိရှိနိုင်သည်
- အကန့်အသတ်ရှိသော သို့မဟုတ် ထပ်တလဲလဲပြုလုပ်သော အပြုအမူများ (Restricted and Repetitive Behaviours) – ထပ်တလဲလဲ လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ထူးဆန်းသော အာရုံခံစားမှုဆိုင်ရာ စိတ်ဝင်စားမှုများ ရှိခြင်း သို့မဟုတ် တစ်ပုံစံတည်းဖြစ်သော အပြုအမူများ ရှိမရှိကို အကဲခတ်သည်
သိရှိနိုင်သောအဖြေများ
- ADOS-2 စစ်ဆေးနေစဉ်အတွင်း တွေ့ရှိရသော အပြုအမူများကို စံချိန်စံညွှန်းမီ သတ်မှတ်ချက်များဖြင့် အမှတ်ပေးသည်၊ ရရှိလာသော အမှတ်များကို အသုံးပြုသည့် ADOS-2 အပိုင်း (Module) နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် နှိုင်းယှဉ်အဓိပ္ပာယ်ဖော်သည်
- ADOS-2 စစ်ဆေးပြီးသောအခါ ကလေး (သို့မဟုတ်) အကဲဖြတ်ခြင်းခံရသူတွင်
- အော်တစ်ဇင်နှင့် သက်ဆိုင်သည့် လက္ခဏာများ အမြောက်အများတွေ့ရသည်
- အော်တစ်ဇင်နှင့် သက်ဆိုင်သည့် လက္ခဏာများ အထိုက်အလျောက် တွေ့ရသည်
- အော်တစ်ဇင်နှင့် သက်ဆိုင်သည့် လက္ခဏာများ အနည်းငယ်သာ တွေ့ရသည်
- အော်တစ်ဇင်နှင့် သက်ဆိုင်သည့် လက္ခဏာများ မတွေ့ရှိပါ စသည့် ရလဒ်တစ်ခုခု ရရှိနိုင်သည်
- သို့သော် ရရှိလာသော အမှတ်တစ်ခုတည်းနှင့် အော်တစ်ဇင် ရှိသည်၊ မရှိသည်ကို အတည်မပြုနိုင်ပါ
- ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု ရာဇဝင်၊ မိဘများနှင့် လူတွေ့မေးမြန်းမှု၊ ဆရာဝန်၏ လေ့လာချက်များနှင့် အခြားစစ်ဆေးမှု ရလဒ်များကို ပေါင်းစပ်၍ အော်တစ်ဇင် ဟုတ်မဟုတ် အားလုံးခြုံငုံသုံးသပ်နိုင်ရန် အရေးကြီးသော အချက်အလက်များကို ပံ့ပိုးပေးခြင်းသာဖြစ်သည်
ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ
- ကလေးသည် မရင်းနှီးသော ပတ်ဝန်းကျင်ကြောင့် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ရှက်ကြောက်ခြင်းတို့ ဖြစ်နိုင်သည်
- မိနစ် ၄၅ မှ ၆၀ အထိ ကြာမြင့်နိုင်သော စစ်ဆေးမှုအတွင်း ကလေးသည် မောပန်းလာခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု လျော့နည်းလာခြင်းတို့ ရှိနိုင်သည်၊ အထူးသဖြင့် ဘာသာစကား၊ အာရုံစူးစိုက်မှု သို့မဟုတ် အာရုံခံစားမှု ထိန်းညှိခြင်းဆိုင်ရာ အခက်အခဲရှိသော ကလေးများတွင် ပို၍ဖြစ်တတ်သည်
- မရင်းနှီးသော ကစားနည်းများ၊ စကားပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များကို လုပ်ခိုင်းသည့်အခါ အချို့ကလေးများ စိတ်ပျက်၍ အားမလိုအားမရ ဖြစ်နိုင်သည်
- အာရုံခံစားမှု လွယ်ကူထိခိုက်တတ်သော ကလေးများတွင် ပတ်ဝန်းကျင်၊ အသုံးပြုသောပစ္စည်းများ၊ လုပ်ဆောင်ချက် အကူးအပြောင်းများနှင့် လူမှုရေးဆိုင်ရာ တောင်းဆိုချက်များကြောင့် အာရုံခံစားမှုဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်မှုများ ကြုံတွေ့ရနိုင်သည်
- မိသားစုများအနေဖြင့်လည်း ရလဒ်ကို စောင့်ဆိုင်းရခြင်း၊ မရေရာခြင်း သို့မဟုတ် ရောဂါအမည်တပ် ခံရမည်ကို စိုးရိမ်ခြင်းနှင့် နောက်ဆက်တွဲအဆင့်များအတွက် စိတ်ဖိစီးမှုများ ကြုံတွေ့ရနိုင်သည်
- ရလဒ်များကို ကလေး၏ ဖွံ့ဖြိုးမှု ရာဇဝင်နှင့် ဆရာဝန်၏ ကျွမ်းကျင်မှုမပါဘဲ အဓိပ္ပာယ်ဖွင့်ဆိုပါက ရောဂါရှာဖွေမှု မှားယွင်းနိုင်ခြေရှိသည်၊ အကြောင်းမှာ စံသတ်မှတ်ထားသော စစ်ဆေးမှု ကိရိယာများသည် ကျွမ်းကျင်သူ၏ ဆန်းစစ်ချက်ကို ပံ့ပိုးပေးရန်သာ ဖြစ်ပြီး ၎င်းကို အစားထိုးရန် မဟုတ်သောကြောင့်ဖြစ်သည်။
နိဂုံး
ADOS-2 သည် အော်တစ်ဇင်အခြေအနေကို ခြုံငုံသုံးသပ် စစ်ဆေးရာတွင် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စနစ်တကျ ပြုလုပ်ထားသော လှုပ်ရှားမှုများနှင့် အကဲခတ်မှုများမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှု၊ ကစားမှုနှင့် အပြုအမူပုံစံများအကြောင်း အဖိုးတန်အချက်အလက်များကို ပေးစွမ်းနိုင်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အော်တစ်ဇင် စစ်ဆေးမှု ကိရိယာတစ်ခု ဖြစ်သော်လည်း ကလေး၏ အားသာချက်များ၊ လိုအပ်ချက်များနှင့် ပံ့ပိုးပေးရမည့်အရာများကို အဖြေရှာရန်အတွက် ကလေး၏ ရာဇဝင်၊ မိဘများ၏ ပြောပြချက်၊ ဆရာဝန်၏ ဆေးပညာဆိုင်ရာ ဆုံးဖြတ်ချက်တို့နှင့် အမြဲတမ်း ပေါင်းစပ်အသုံးပြုရမည်ဖြစ်သည်။
References:
- Bishop, S. L., & Lord, C. (2023). Commentary: Best practices and processes for assessment of autism spectrum disorder—The intended role of standardized diagnostic instruments. Journal of Child Psychology and Psychiatry, 64(5), 834–838. https://doi.org/10.1111/jcpp.13802
- East of England Community Health and Care NHS Trust. (2024). Autism diagnostic observation schedule (ADOS) assessment. Retrieved July 1, 2026, from https://bedslutonchildrenshealth.nhs.uk/neurodiversity-support/neurodevelopmental-assessment-and-diagnosis-process/autism-diagnostic-observation-schedule-ados-assessment/
- Hyman, S. L., Levy, S. E., Myers, S. M., Council on Children With Disabilities, & Section on Developmental and Behavioral Pediatrics. (2020). Identification, evaluation, and management of children with autism spectrum disorder. Pediatrics, 145(1), Article e20193447. https://doi.org/10.1542/peds.2019-3447
- Lord, C., Rutter, M., DiLavore, P. C., Risi, S., Gotham, K., & Bishop, S. L. (2012). Autism Diagnostic Observation Schedule (2nd ed.). Western Psychological Services. Retrieved July 1, 2026, from https://www.wpspublish.com/ados-2-autism-diagnostic-observation-schedule-second-edition
- REACH Behavioral Health. (2026). What to expect during an ADOS-2 assessment: Modules 1, 2 and 3. Retrieved July 1, 2026, from https://reachbh.org/what-to-expect-during-an-ados-2-assessment-modules/
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.