Breast Self Examination (ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်း)

Breast Self Examination (ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်း)

ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်း (Breast Self Examination) ဆိုသည်မှာ အမျိုးသမီးတစ်ဦးသည် မိမိ၏ရင်သားများကို စနစ်တကျ မှန်မှန်ကန်ကန် မျက်စိဖြင့် ကြည့်ရှုခြင်း (Visual inspection) နှင့် လက်ဖြင့်စမ်းသပ်ခြင်း (Physical Examination) နည်းလမ်းနှစ်မျိုးလုံးကို ပေါင်းစပ်ကာ ပုံမှန်မဟုတ်သည့်လက္ခဏာ ရှိမရှိ မိမိကိုယ်တိုင် စနစ်တကျ စစ်ဆေးနိုင်သည့် နည်းလမ်းဖြစ်သည်။

ဤစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ မိမိရင်သား၏ သဘာဝအခြေအနေ (ပုံမှန်ရှိနေကျ ပုံသဏ္ဌာန်နှင့် ပုံစံ) ကို မိမိကိုယ်တိုင် ကောင်းစွာသိရှိနားလည်ထားရန် (Breast Awareness) ဖြစ်သည်။ ထိုကဲ့သို့ မိမိရင်သား ပုံမှန်အခြေအနေကို သိရှိထားမှသာ ထူးခြားသော အဖုအကျိတ် သို့မဟုတ် အရေပြားပြောင်းလဲခြင်း စသောလက္ခဏာတစ်ခုခု ရှိလာပါက စောစီးစွာ သတိပြုမိနိုင်မည်ဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အမျိုးသမီးတိုင်းသည် အရွယ်ရောက်လာသည်နှင့်အမျှ (Adult women of all ages) လစဉ်ပုံမှန် မိမိ၏နေအိမ်တွင်ပင် စနစ်တကျ ရင်သားကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်သင့်သည်။ အထူးသဖြင့် အောက်ပါအခြေအနေရှိသူများ ပိုမိုလုပ်ဆောင်သင့်သည်။

  • မိသားစုမျိုးရိုးထဲတွင် ရင်သားကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာ ဖြစ်ဖူးသူများ
  • မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှု (ဥပမာ – BRCA1 သို့မဟုတ် BRCA2 မျိုးဗီဇ) ရှိသူများ
  • မိမိရင်သား၏ ပုံမှန်အနေအထားကို သိရှိထားပြီး ထူးခြားမှုရှိမရှိ စောစီးစွာ သိလိုသူများ
ကြိုတင်သိရှိထားရမည့်အချက်များ
စမ်းသပ်ရမည့်အချိန်
  • ရာသီလာနေသော အမျိုးသမီးဖြစ်ပါက လစဉ်ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲများ ဖြစ်သဖြင့် ရင်သားများ နာကျင်ခြင်း၊ တင်းခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်တတ်သည်၊ ထို့ကြောင့် ရာသီသွေးဆင်းပြီး (၁) ပတ်အကြာ (ရင်သားတင်းမာမှုနှင့် နာကျင်မှု အနည်းဆုံးအချိန်) တွင် စမ်းသပ်ရမည်
  • ရာသီမလာတော့သော (သွေးဆုံးပြီး) အမျိုးသမီးများ သို့မဟုတ် ရာသီမမှန်သူများသည် လစဉ် မိမိကြိုက်နှစ်သက်ရာရက်စွဲတစ်ခု (ဥပမာ – လဆန်း ၁ ရက်) ကို တိကျစွာ သတ်မှတ်၍ စမ်းသပ်ရမည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

ရင်သားကိုကိုယ်တိုင် စစ်ဆေးစမ်းသပ်ရာတွင် အောက်ပါ အဆင့် (၃) ဆင့်ဖြင့် စနစ်တကျ စစ်ဆေးရမည်။

  • အဆင့် (၁) မှန်ရှေ့တွင် အမြင်ဖြင့် စစ်ဆေးခြင်း
    အင်္ကျီနှင့်ဘရာစီယာကို ချွတ်၍ မှန်ရှေ့တွင် မတ်တတ်ရပ်ပါ၊ အောက်ပါ အနေအထား (၃) မျိုးဖြင့် ရင်သားပုံစံ၊ အရေပြားနှင့် နို့သီးခေါင်းတို့ကို ကြည့်ရှုပါ။
    • လက်နှစ်ဖက်ကို ဘေးတွင် ထားပါ
    • လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပါ
    • လက်နှစ်ဖက်ကို တင်ပါး (ခါး) ပေါ်တင်ပြီး ရင်ဘတ်ကြွက်သားများကို တင်းထားပါ
      (ကြည့်ရှုရမည့်အချက်များ – ရင်သားအရွယ်အစား မညီမညာ သိသိသာသာ ပြောင်းလဲခြင်း၊ အရေပြားချိုင့်ဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်သွားခြင်း ရှိမရှိ)
  • အဆင့် (၂) မတ်တတ်ရပ်လျက် လက်ဖြင့်စမ်းသပ်ခြင်း
    • ညာဘက်ရင်သားကို စစ်ဆေးလိုလျှင် ဘယ်ဘက်လက်ရှိ လက်ချောင်းသုံးချောင်းကို အသုံးပြုပါ၊ ထိုသို့စမ်းသပ်ရာတွင် လက်သည်းထိပ်များဖြင့် မဟုတ်ဘဲ လက်ချောင်းများ၏ နူးညံ့သော လက်ဗွေနေရာ (Finger pads) များဖြင့်သာ စမ်းသပ်ရမည် (ဘယ်ဘက်ရင်သားအတွက် ညာဘက်လက်ဖြင့် စမ်းသပ်ပါ)
    • လက်ချောင်းများကို စက်ဝိုင်းပုံစံ အဝိုင်းလိုက် ဖြည်းဖြည်းချင်းရွှေ့လျားကာ ရင်သားတစ်ပြင်လုံးသာမက ချိုင်းအောက်ခြေနှင့် ညှပ်ရိုးတစ်ဝိုက်အထိ နေရာလွတ်မကျန် စနစ်တကျ စမ်းသပ်ပါ
    • ဖိအားအဆင့် (၃) ဆင့် အသုံးပြုခြင်း – အရေပြားမျက်နှာပြင် အပေါ်ယံကို ခပ်ဖွဖွ (Light Pressure)၊ အလယ်ပိုင်းအလွှာအတွက် အသင့်အတင့် (Medium Pressure) နှင့် ရင်ဘတ်နံရိုးအနီးရှိ တစ်ရှူးများကို ခံစားမိစေရန် ခပ်ပြင်းပြင်း (Firm Pressure) စသည်ဖြင့် ဖိအားအမျိုးမျိုးသုံး၍ စမ်းသပ်ရမည်
  • အဆင့် (၃) လှဲလျောင်း၍ စမ်းသပ်ခြင်း
    • ညီညာသော မျက်နှာပြင်ပေါ်တွင် ပက်လက်လှဲလျောင်းပါ၊ ညာဘက်ပခုံးအောက်၌ ခေါင်းအုံး သို့မဟုတ် တဘက်ကိုလိပ်၍ အခုအခံပြုလုပ်ပြီး ညာလက်ကို ဦးခေါင်းနောက်သို့ ပို့ထားပါ (ဤသို့ ပြုလုပ်ခြင်းဖြင့် ရင်သားတစ်ရှူးများ ပြန့်ကားသွားစေကာ စမ်းသပ်မှု ပိုမိုထိရောက်စေသည်)
    • ဘယ်ဘက်လက်ကို အသုံးပြု၍ ညာဘက်ရင်သား တစ်ပြင်လုံးကို အဆင့် (၂) အတိုင်း အသေးစိတ်စမ်းသပ်ပါ၊ ထို့နောက် ကျန်ရှိသော ရင်သားတစ်ဖက်ကိုလည်း ထိုနည်းတူ ပြောင်းလဲစမ်းသပ်ပါ
  • နောက်ဆုံးအဆင့်
    • နို့သီးခေါင်းကို ညင်သာစွာ ညှစ်ကြည့်ပြီး ပုံမှန်မဟုတ်သော အရည်များ သို့မဟုတ် သွေးကဲ့သို့သော အရာများ ထွက်ရှိခြင်း ရှိမရှိကို သတိထား စစ်ဆေးရမည်။
သိရှိနိုင်သောအဖြေများ
  • ရင်သား သို့မဟုတ် ချိုင်းအောက်တစ်ဝိုက်တွင် နာကျင်မှုမရှိဘဲ မာကျောသော အကျိတ်အဖုအား စမ်းသပ်မိခြင်း
  • ရင်သားအရေပြားသည် လိမ္မော်ခွံကဲ့သို့ အပေါက်ငယ်များဖြစ်ကာ ဖောင်းကြွလာခြင်း သို့မဟုတ် အတွင်းသို့ ချိုင့်ဝင်သွားခြင်း
  • နို့သီးခေါင်း၏ ပုံသဏ္ဌာန်မှာ သိသိသာသာ ပြောင်းလဲလာခြင်း (ဥပမာ – အတွင်းဘက်သို့ ဆွဲဝင်သွားခြင်း)
  • နို့သီးခေါင်းမှ သွေးစွန်းသောအရည် သို့မဟုတ် အရောင်မရှိသော အရည်များ အလိုအလျောက် ထွက်ရှိနေခြင်း
  • ရင်သားအရေပြားနှင့် နို့သီးခေါင်းတွင် နေရာကွက်၍ နီရဲလာခြင်း၊ အဖတ်များ ကွာကျခြင်း သို့မဟုတ် အနာဖြစ်ပေါ်ခြင်း

အထက်ဖော်ပြပါ ပုံမှန်မဟုတ်သော လက္ခဏာရပ်များကို တွေ့ရှိရပါက နားလည်တတ်ကျွမ်းသည့် မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သော စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်များသို့ စနစ်တကျ လွှဲပြောင်းပေးလိမ့်မည်။

သိရှိနားလည်ထားရမည့် အားနည်းချက်အချို့

ရင်သားကို ကိုယ်တိုင်စစ်ဆေးခြင်းသည် ကောင်းမွန်သော အလေ့အထဖြစ်သော်လည်း ကန့်သတ်ချက်နှင့် အားနည်းချက်အချို့ ရှိနိုင်ကြောင်း နားလည်ထားရမည်။

  • စိတ်ပူပန်မှု ဖြစ်စေနိုင်ခြင်း (Anxiety) – ရာသီစက်ဝန်းကြောင့် ဖြစ်တတ်သော ရင်သားပြောင်းလဲမှု သို့မဟုတ် အန္တရာယ်မရှိသော ရိုးရိုးအကျိတ်များကို စိုးရိမ်စိတ်လွန်ကဲကာ ကင်ဆာဟု ထင်မြင်တတ်ခြင်း
  • ထပ်ဆင့်စစ်ဆေးမှုများ လိုအပ်လာနိုင်ခြင်း – အန္တရာယ်မရှိသော အကျိတ်များကို သံသယရှိပါက အဖြေမှန်ကို သိရှိနိုင်ရန်အတွက် ဆရာဝန်နှင့်ပြသ၍ အသားစယူခြင်း (Biopsy) ကဲ့သို့သော ထပ်ဆင့်စစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်လာနိုင်ခြင်း
  • မှားယွင်းသော စိတ်အေးမှုရရှိခြင်း (False Sense of Security) – မိမိဘာသာ စမ်းသပ်မှုတွင် ပုံမှန်ဟု ထင်ရသော်လည်း လက်ဖြင့်စမ်း၍မရလောက်အောင် သေးငယ်သော အကျိတ်များ ရှိနေနိုင်သဖြင့် အခြားသံသယလက္ခဏာများရှိသည့်တိုင်အောင် ကျွမ်းကျင်ဆရာဝန်နှင့် ပုံမှန်ပြသဆေးစစ်ရန် လိုအပ်သည်ကို မေ့လျော့သွားတတ်ခြင်း စသည်တို့ရှိနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Breast self-exam. Retrieved June 30, 2026, from https://my.clevelandclinic.org/health/diagnostics/3990-breast-self-exam
  2. Mayo Clinic. (n.d.). Breast exam. Retrieved June 30, 2026, from https://www.mayoclinic.org/tests-procedures/breast-exam/about/pac-20393237

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.