Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)

Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း (Proximal Femoral Nail Antirotation – PFNA) ဆိုသည်မှာ သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားသော ပေါင်ရိုးထိပ်ရှိ အရိုးဖုများ ကျိုးခြင်း (Intertrochanteric and Peritrochanteric fracture) ကို ပြန်လည်တည့်မတ်ပေးပြီးနောက်၊ ကျိုးပဲ့ပျက်စီးသွားသော အရိုးများ ပြန်လည်တည်ငြိမ်မှု ရှိစေရန် သတ္တုချောင်းနှင့် ဆက်စပ်ပစ္စည်းများကို ပေါင်ထိပ်ရိုးအတွင်းသို့ ထည့်သွင်းသည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်သည်။ ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည် သက်ကြီးရွယ်အိုများတွင် ပေါင်ထိပ်ရိုးကျိုးခြင်းကို လျင်မြန်စွာ သက်သာစေပြီး လူနာကို လမ်းပြန်လျှောက်နိုင်ကာ နေ့စဉ်ဘဝသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ဆံ့စေနိုင်သည်။

သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားတတ်သော ပေါင်ရိုးထိပ်ရှိ အရိုးဖုများကျိုးခြင်းသည် ပြင်းထန်သော ဒဏ်ရာဖြစ်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသဖြင့် ဒဏ်ရာရရှိပြီး ၂၄နာရီ မှ ၄၈နာရီအတွင်း ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည်။ အရိုးကျိုးခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်း၊ တင်ပါးဆုံ မလှုပ်ရှားနိုင်ခြင်း၊ ဒဏ်ရာရထားသော ခြေထောက်ပေါ် မတ်တပ်မရပ်နိုင်ခြင်းနှင့် ခြေထောက်ပုံပျက်ခြင်းတို့ ဖြစ်ပွားနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် ခွဲစိတ်ကုသမှု မပြုလုပ်ပါက အိပ်ရာထဲ ကြာရှည်စွာလဲ နေရခြင်းကြောင့် သွေးပြန်ကြောပိတ်ခြင်း (Deep vein thrombosis)၊ အိပ်ရာနာပေါက်ခြင်း (Pressure sores/Bedsores)၊ ဆီးလမ်းကြောင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး၊ ရေရှည်တွင် မသန်စွမ်းဖြစ်ခြင်း၊ အိပ်ရာထဲ၌သာ နေရခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သည်။ ဤ ပေါင်ထိပ်ရိုးကိုသတ္တုချောင်းဖြင့် ခွဲစိတ်မှုသည် ပေါင်ရိုးထိပ်ရှိ အရိုးဖုများ ကျိုးခြင်းကို လျင်မြန်စွာ ပြန်လည်သက်သာစေပြီး၊ ပိုမိုခိုင်ခံ့မှုရှိစေကာ၊ အိပ်ရာထဲတွင် ကြာရှည်စွာ လှဲလျောင်းနေရခြင်းကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေသည်။

ပေါင်ထိပ်ရိုး ခွဲစိတ်ရာတွင် အသုံးပြုသည့် သတ္တုချောင်း၏ ဖွဲ့စည်းပုံ (Structure)

ပေါင်ရိုးထိပ်ရှိ အရိုးဖုများ ကျိုးခြင်း (Intertrochanteric fractures) ကို လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ ပြန်လည်ထိန်းထားနိုင်ရန်အတွက် ဤသတ္တုချောင်းစနစ်ကို အောက်ပါအဓိကအစိတ်အပိုင်း (၄) ခုဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည်။

  1. အဓိကသတ္တုချောင်း (Intramedullary Nail)
    အရိုးကျိုးခြင်းကို ဗဟိုချက်မှ ထိန်းမတ်ပေးသည့် အဓိကပင်မတံဖြစ်သည်။ ပေါင်ရိုးအတွင်းရှိ ရိုးတွင်းခြင်ဆီလမ်းကြောင်း (Medullary Canal) ထဲသို့ တည့်မတ်စွာ ထည့်သွင်းရသည်။ ခန္ဓာကိုယ်နှင့် ဓာတ်မတည့်မှုမဖြစ်စေရန် ဗီဇသဟဇာတဖြစ်သော တိုင်တေနီယံသတ္တုစပ် (Titanium Alloy) သို့မဟုတ် စတိန်းလက်စ်စတီး (Stainless Steel) ဖြင့် ပြုလုပ်ထားသည်။ လူ့ပေါင်ရိုး၏ သဘာဝအတိုင်း အနည်းငယ်ကွေးညွတ်နေသည့် ပုံသဏ္ဌာန် (Anatomical Bow) နှင့် ကိုက်ညီအောင် ကြိုတင်ပုံသွင်းထားသည်။ သတ္တုချောင်း၏အထက်ပိုင်းတွင် ပေါင်ရိုးခေါင်းဘက်သို့ စို့သွားထည့်ရန် အပေါက်ပါရှိပြီး၊ သတ္တုချောင်း၏အောက်ပိုင်းတွင် တည်ငြိမ်မှုအတွက် ဝက်အူထည့်ရန် အပေါက်များ ပါရှိသည်။
  2. ခရုပတ်ပုံစံ စို့သွား (Helical Blade / Lag Screw)
    ပေါင်ရိုးခေါင်းကို အဓိကပံ့ပိုးပေးပြီး လည်ထွက်ခြင်းကို တားဆီးပေးသည့် အစိတ်အပိုင်းဖြစ်သည်။ ပေါင်ရိုးလည်ပင်း (Femoral Neck) မှတစ်ဆင့် ပေါင်ရိုးထိပ်ဦးခေါင်း (Femoral Head) ထဲအထိ ထိုးဖောက်ထည့်သွင်းရသည်။ ပွနေသောအရိုး (Cancellous Bone) များကို ဖောက်ထုတ်ဖယ်ရှားပစ်ခြင်းမရှိဘဲ ဘေးသို့ဖိသိပ် (Bone Compaction) လိုက်သည့်အတွက် အရိုးနှင့် သတ္တုချောင်းကြား ပိုမိုခိုင်မြဲစွာ ကပ်တွယ်မိစေသည်။ ပေါင်ရိုးခေါင်း လည်ထွက်သွားခြင်း (Rotation) ကို ထိရောက်စွာ တားဆီးပေးနိုင်သောကြောင့် ၎င်းကို “Antirotation” ဟုလည်း ခေါ်ဆိုကြသည်။
  3. အောက်ပိုင်းထိန်းဝက်အူ (Distal Locking Screw)
    သတ္တုချောင်းတစ်ခုလုံးကို ပေါင်ရိုးအောက်ပိုင်းတွင် မရွေ့လျားအောင် ထိန်းဆွဲပေးသည့် ဝက်အူဖြစ်သည်။ ပေါင်ရိုးအောက်ဘက်နားရှိ သတ္တုချောင်းအပေါက်များမှတစ်ဆင့် အရိုးကို ကန့်လန့်ဖြတ် စိုက်ထည့်ရသည်။ သတ္တုချောင်းကို အပေါ်အောက် လျှောကျခြင်း သို့မဟုတ် တိမ်းစောင်းခြင်း မရှိစေရန် ငြိမ်နေအောင် ထိန်းပေးသည်။ အရိုးကျိုးသည့်နေရာ ပုံပျက်ပြီး အရိုးတိုသွားခြင်း (Shortening) နှင့် မတည်ငြိမ်ခြင်းများကို ကာကွယ်ပေးသည်။
  4. အပိတ်ခေါင်း (End Cap)
    သတ္တုချောင်း၏ အပေါ်ဆုံးထိပ်ဝကို ပိတ်ဆို့ပေးသည့် အဖုံးဖြစ်သည်။ ခွဲစိတ်မှုအပြီးတွင် သတ္တုချောင်း၏ ထိပ်ဆုံးအရင်းဝတွင် တပ်ဆင်ရသည်။ သတ္တုချောင်းအတွင်းသို့ အရိုးအသစ်များနှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးစများ ဝင်ရောက်ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးသည်။ လိုအပ်ပါက သတ္တုချောင်း၏ အမြင့်တည်နေရာကို အနည်းငယ် ချိန်ညှိနိုင်ရန် ကူညီပေးသည်။

ဤသတ္တုချောင်းစနစ်သည် ပေါင်ရိုးတွင်းရှိ ခိုင်မာသောဝင်ရိုး၊ ပေါင်ရိုးခေါင်းကို ထိန်းပေးသော စို့သွားနှင့် အောက်ခြေကို မြဲမြံစေသော ဝက်အူတို့ကို စနစ်တကျ ပေါင်းစပ်ထားခြင်းကြောင့် လူနာကို ခွဲစိတ်မှုအပြီး စောစီးစွာ ပြန်လည်လှုပ်ရှား လမ်းလျှောက်နိုင်ရန် အထောက်အကူပြုပေးသည်။

ခွဲစိတ်ကုသရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း (Proximal Femoral Nail Antirotation Surgery) ကို အဓိကအားဖြင့် ပေါင်ရိုးထိပ်ရှိ အရိုးဖုများ ကျိုးခြင်း (Intertrochanteric and Peritrochanteric fracture) ကို ကုသရန် အသုံးပြုသည်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရုံ သို့မဟုတ် ချော်လဲရုံမျှဖြင့် အရိုးကျိုးသွားသောသက်ကြီးရွယ်အို အရိုးပွရောဂါလူနာများအတွက် အထူးသင့်လျော်သည်။

ခွဲစိတ်ကုသမှု မပြုလုပ်သင့်သော အခြေအနေများ

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည် ပေါင်ထိပ်ရိုးကျိုးခြင်းအများစုအတွက် ထိရောက်သော ကုသနည်းဖြစ်သော်လည်း အောက်ပါအခြေအနေများတွင် မသင့်လျော်နိုင်ပါ။

  • ပေါင်ရိုးထိပ် လည်ပင်းနေရာ (Femoral Neck) သီးသန့်ကျိုးခြင်း
  • ခွဲစိတ်မည့်နေရာ သို့မဟုတ် ခန္ဓာကိုယ်တွင် ရောဂါပိုးဝင်နေခြင်း
  • နှလုံး၊ အဆုတ်စသည့် နောက်ခံရောဂါများကြောင့် ခွဲစိတ်မှု သို့မဟုတ် မေ့ဆေးဒဏ်ကို မခံနိုင်ခြင်း
  • ပေါင်ရိုးပုံသဏ္ဌာန် ပြင်းထန်စွာ ပုံမမှန်ခြင်းကြောင့် သတ္တုချောင်းထည့်ရန် မသင့်လျော်ခြင်း
  • အရိုးကြီးထွားမှု မပြီးသေးသော ကလေးများတွင် အသုံးမပြုသင့်ခြင်း
  • အချို့သော အရိုးအကျိတ် (Bone Tumour) ကြောင့် ဖြစ်သော အရိုးကျိုးခြင်းများ
ခွဲစိတ်ကုသမှု၏ အကျိုးကျေးဇူးများ

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည် သက်ကြီးရွယ်အိုများတွင် တင်ပါးဆုံရိုးကျိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်သည့် ဘေးကင်းပြီး ထိရောက်မှုရှိသော နည်းလမ်းဖြစ်ပြီး အောက်ပါအကျိုးကျေးဇူးများ ရရှိစေသည်။

  • ခွဲစိတ်ရာ သေးငယ်ခြင်း (Minimally Invasive Surgery) _ နာကျင်မှု အနည်းဆုံးဖြစ်ခြင်း၊ သွေးထွက်နည်းခြင်း၊ တစ်သျှူးများ ပျက်စီးမှု နည်းပါးခြင်းနှင့် ပိုးဝင်နိုင်ခြေကို သိသိသာသာ လျော့ကျစေခြင်း
  • အရိုးတည်ငြိမ်မှုရှိခြင်း _ ခရုပတ်ပုံစံစို့သွားစနစ်ကြောင့် အရိုးကို ပိုမိုမြဲမြံစွာ ထိန်းထားနိုင်သဖြင့် အရိုးပွရောဂါရှိသော သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျော်ခြင်း
  • နောက်ဆက်တွဲပြဿနာများ လျှော့ချပေးနိုင်ခြင်း _ ပေါင်ရိုးခေါင်း လည်ထွက်သွားခြင်းတို့ကို သိသိသာသာ ကာကွယ်ပေးနိုင်ခြင်း
  • လျင်မြန်စွာ လှုပ်ရှားနိုင်ခြင်း _ ထိုင်ခြင်း၊ လှုပ်ရှားလမ်းလျှောက်ခြင်းတို့ကို လျင်မြန်စွာ ပြန်လည်ပြုလုပ်နိုင်သဖြင့် အိပ်ရာထဲ ကြာရှည်လဲနေခြင်းကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေပြီး လူနာ၏ လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
  • မခွဲစိတ်မီ ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါအခြေအနေအတွက် ဓာတ်မှန် (X-ray) ရိုက်ခြင်းတို့ကို ကြိုတင်ပြုလုပ်ထားရမည်
  • ဆေးလိပ်သောက်ခြင်းကို ကြိုတင်ရပ်ဆိုင်းထားရန် လိုအပ်ပြီး နောက်ခံရောဂါများ ရှိပါက စနစ်တကျကုသမှု ခံယူရမည်
  • အက်စပရင် (Aspirin) သို့မဟုတ် ဝါဖရင် (Warfarin) ကဲ့သို့သော သွေးမခဲ၊ သွေးကျဲဆေးများ သောက်သုံးနေပါက ခွဲစိတ်မှုမတိုင်မီ ရပ်ဆိုင်းထားရမည်
  • သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစစ်ဆေးခြင်းတို့ကို ကြိုတင်ပြုလုပ်မည်
  • ခွဲစိတ်ကုသမှု ရလဒ်ကောင်းမွန်စေရန်နှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားမှု မရှိစေရန် လူနာ၏အခြေအနေပေါ် မူတည်ပြီး အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်၊ မေ့ဆေးအထူးကုဆရာဝန်များနှင့် တိုင်ပင်သင့်သည်
  • ခွဲစိတ်ခြင်း၏ ဖြစ်နိုင်ခြေများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်သိရှိရန် လိုအပ်သည်
  • မခွဲစိတ်မီနှင့် ခွဲစိတ်ကုသပြီးနောက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပြုလုပ်ရမည်
  • ခွဲစိတ်ကုသမှုခံယူအပြီး လှုပ်ရှားသွားလာမှု အဆင်ပြေစေရန် နှင့် လဲကျမှုအန္တရာယ်မရှိစေရန် အိမ်တွင်းအခြေအနေများကို လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲထားရမည်
မခွဲစိတ်မီ ကြိုတင်ပြင်ဆင်ခြင်း

ဆရာဝန်များသည် လူနာ၏ရာဇဝင်၊ တင်ပါးဆုံ နာကျင်မှုအဆင့်၊ ချော်လဲခဲ့သည့် အခြေအနေ၊ လူနာကိုယ်တိုင် မတ်တတ်ရပ်နိုင်ခြင်း သို့မဟုတ် တင်ပါးဆုံကို လှုပ်ရှားနိုင်ခြင်း ရှိမရှိတို့ကို သေချာစွာ မေးမြန်းစစ်ဆေးမည်ဖြစ်သည်။ ထို့နောက် အရိုးကျိုးခြင်း အမျိုးအစားကို အတည်ပြုရန်အတွက် အောက်ပါအတိုင်း ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

  • တင်ပါးဆုံ ဓာတ်မှန်ရိုက်ခြင်း (Hip X-rays)
    • အရိုးကျိုးသည့်နေရာ၊ အမျိုးအစားနှင့် အရိုးပွမှု အခြေအနေတို့ကို သိရှိနိုင်ရန် တင်ပါးဆုံနှစ်ဖက်လုံးကို အရှေ့-အနောက် (Anterior-posterior) နှင့် ဘေးတိုက် (Lateral)ပုံများဖြင့် စစ်ဆေးခြင်းဖြစ်သည်
    • ထို့အပြင် ပုံမှန်ရှိသော အရိုးထောင့်နှင့် ကျိုးသွားသော အရိုးထောင့် (Neck-shaft angle) ကို နှိုင်းယှဉ်ခြင်း၊ ပေါင်ရိုး၏ ကွေးညွတ်မှု၊ ရိုးတွင်းခြင်ဆီမြောင်း အတိုင်းအတာနှင့် ဘေးပတ်ဝန်းကျင်ရှိ တစ်သျှူးများ၏ အခြေအနေကို စစ်ဆေးနိုင်သည်
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scans)
    • ပေါင်ရိုးအပေါ်ပိုင်း ကျိုးခြင်းကို အသေးစိတ် ပုံဖော်ပေးနိုင်ပြီး၊ သာမန်ဓာတ်မှန်တွင် ကွယ်နေသော သို့မဟုတ် မထင်ရှားသော အရိုးကျိုးအက်မှုအသေးစားများကို ရှာဖွေပေးနိုင်သည့်အပြင် ပေါင်ရိုးခေါင်းနှင့် ဆီးခုံကွင်းရိုး ကျိုးခြင်းများ မရှိစေရန် သေချာစွာ စစ်ဆေးနိုင်သည်
  • အရိုးသိပ်သည်းဆစစ်ဆေးခြင်း (Bone Density / BMD Tests)
    • ခွဲစိတ်မှုမတိုင်မီ မဖြစ်မနေ လိုအပ်သောစစ်ဆေးမှုမဟုတ်သော်လည်း လူနာ၏ အရိုးပွမှုအဆင့်ကို တိုင်းတာပြီး အရိုးထပ်မံကျိုးခြင်း သို့မဟုတ် ကျွံဝင်ခြင်းကို ကာကွယ်ရန် သင့်တော်သော အရိုးကုသမှုသုံး ပစ္စည်းများကို ရွေးချယ်နိုင်ရန်ဖြစ်သည်
    • ၎င်းအပြင် ဆရာဝန်အား လူနာ၏ ပြန်လည်နာလန်ထူမည့် အချိန်ကို ခန့်မှန်းနိုင်စေပြီး သင့်လျော်သော ဗီတာမင် ဒီ ဖြည့်စွက်မှုကို ပံ့ပိုးပေးနိုင်သည်
ခွဲစိတ်ကုသပုံအဆင့်ဆင့်

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည် အရိုးကျိုးခြင်းကို လျင်မြန်စွာ သက်သာစေရန်၊ တင်ပါးဆုံကို တည်ငြိမ်မှု ရှိစေရန်နှင့် လူနာကို လမ်းပြန်လျှောက်နိုင်ကာ နေ့စဉ်ဘဝသို့ လျင်မြန်စွာ ပြန်လည်ဝင်ဆံ့နိုင်စေရန် ရည်ရွယ်သည်။

ခွဲစိတ်ပုံ (Intraoperative procedure)
  • အရိုးအထူးကုဆရာဝန်သည် လူနာကို ခွဲစိတ်ကုသမှုသုံး ဆွဲဆန့်ကုတင် (Traction table) ပေါ်တွင် နေရာချထားပြီး၊ ခွဲစိတ်ခန်းသုံး ဓါတ်မှန် (C-arm X-rays ) ကို အသုံးပြု၍ ကျိုးနေသောအရိုးများကို ပြန်လည်တည့်မတ်ပေးကာ သတ္တုချောင်းထည့်မည့်နေရာကို သတ်မှတ်သည်
  • ပေါင်ရိုးထိပ်ရှိ အရိုးဖုကြီး(Greater trochanter) ၏ အထက်တွင် ၂-၃ စင်တီမီတာခန့်ရှိသော သေးငယ်သော ခွဲစိတ်ရာတစ်ခုဖြင့် ရိုးတွင်းခြင်ဆီမြောင်းအတွင်းသို့ လမ်းညွှန်နန်းကြိုး (Guide wire) ထည့်သွင်းကာ သတ္တုချောင်းကို လမ်းကြောင်းပြပေးသည်
  • ထို့နောက် ရိုးတွင်းခြင်ဆီမြောင်းကို အနည်းငယ်ချဲ့ထွင်ပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း သတ္တုချောင်းကို ထည့်သွင်းပြီး မှန်ကန်သော အနေအထားတွင် ရှိမရှိကို ခွဲစိတ်ခန်းသုံး ဓာတ်မှန် (C-arm X-rays) ဖြင့် သေချာစွာ စစ်ဆေးသည်
  • ထို့နောက် ဘေးဘက်မှ သေးငယ်သော ခွဲစိတ်ရာတစ်ခု ထပ်မံပြုလုပ်ကာ ချိန်ရွယ်ကိရိယာ (Aiming arm) အကူအညီဖြင့် ပေါင်ရိုးထိပ်ခေါင်းထဲသို့ လည်ထွက်ခြင်းကို တားဆီးပေးသည့် စို့သွား (PFNA Helical Blade) ကို ထည့်သွင်းကာ ကျိုးနေသောနေရာများကို တင်းကျပ်စွာ ဆွဲစေ့ပေးပြီး အရိုးကျိုးမှုကိုတည်ငြိမ်စေသည်
  • နောက်ဆုံးတွင် ပေါင်ရိုးအောက်ခြေဘက်တွင် နောက်ထပ်ဝက်အူ (Distal locking screw) တစ်ခုကို ထည့်သွင်းကာ ထိန်းချုပ်ပြီး သတ္တုချောင်းထိပ်ပိုင်းကို အဖုံး (End cap) ဖြင့် ပိတ်သည်၊ ဒဏ်ရာကို ပြန်လည်မချုပ်မီ အားလုံးမှန်ကန်မှု ရှိမရှိကို ခွဲစိတ်ခန်းသုံး ဓါတ်မှန်ဖြင့် နောက်ဆုံးအကြိမ် ထပ်မံစစ်ဆေးသည်
ခွဲစိတ်မှုအပြီးကုသမှုပေးခြင်း (Postoperative care)
  • ပိုးဝင်ခြင်းမှ ကာကွယ်ရန် ခွဲစိတ်ဒဏ်ရာကို ချုပ်ကြိုးများ မဖြုတ်မချင်း သို့မဟုတ် ၁၀ရက် မှ ၁၄ရက်အထိ ခြောက်သွေ့အောင် ထားရမည်
  • ဆရာဝန်ညွှန်ကြားထားသော နာကျင်မှုပျောက်ဆေးများနှင့် ပဋိဇီဝဆေး (Antibiotics) များကို စနစ်တကျ သောက်သုံးရမည်
  • ခွဲစိတ်မှုအပြီး မကြာမီမှာပင် ဆရာဝန်သည် လူနာအား လမ်းလျှောက် အထောက်အကူပြုပစ္စည်း (Walker) ကို အသုံးပြု၍ လမ်းစမ်းလျှောက်စေမည်
  • ပုံမှန်ကုလားထိုင် သို့မဟုတ် မြင့်သော ကုလားထိုင်တွင် ထိုင်ပေးရမည်ဖြစ်ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေရန်နှင့် သွေးခဲခြင်းမှ ကာကွယ်ရန် ခြေကျင်းဝတ်ကို မကြာခဏ လှုပ်ရှားပေးရမည်
  • နွားနို့၊ အရိုးပါစားနိုင်သော ငါးသေးများ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးကဲ့သို့သော ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသည့် အစားအစာများကို စားသုံးပေးရမည်

ပုံမှန်အားဖြင့် ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသမှု ခံယူထားသော လူနာများသည် ခွဲစိတ်ပြီး မကြာမီမှာပင် လှုပ်လှုပ်ရှားရှား နေထိုင်နိုင်ပြီး၊ ၄ပတ် မှ ၆ပတ်အတွင်း သိသာထင်ရှားသော တိုးတက်မှုကို တွေ့မြင်ရမည် ဖြစ်သည်။ အရိုးလုံးဝ ပြန်လည်ဆက်သွားရန်အတွက် ၃လ မှ ၆လ (ပျမ်းမျှအားဖြင့် ၄ လ) ခန့် ကြာမြင့်တတ်ပြီး၊ လူနာများသည် ၃လ မှ ၆လအတွင်း မိမိတို့၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည် အများအားဖြင့် လုံခြုံစိတ်ချရပြီး ဘေးအန္တရာယ်ကင်းသော ခွဲစိတ်ကုသမှုတစ်ခုဖြစ်သော်လည်း အခြားခွဲစိတ်မှုများကဲ့သို့ နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

အောက်ပါတို့သည် ခွဲစိတ်ကုသရာတွင် ကြုံတွေ့ရနိုင်သော နောက်ဆက်တွဲပြဿနာများဖြစ်သည်။

  • စို့သွားသည် အရိုးကို ထိုးဖောက်ထွက်ခြင်း _ ပေါင်ရိုးထိပ်ခေါင်းအတွင်း ထည့်သွင်းထားသော စို့သွား (Helical blade) သည် နေရာမှ အရိုးကို ထိုးဖောက်ထွက်ခြင်း ဖြစ်နိုင်ပြီး၊ အရိုးကို တည်ငြိမ်စွာ ထိန်းထားနိုင်စွမ်း လျော့နည်းသွားနိုင်သည်
  • စို့သွား နေရာရွေ့လျားခြင်း _ စို့သွားသည် အပြင်ဘက်သို့ ပြူးထွက်လာခြင်း သို့မဟုတ် အတွင်းဘက်သို့ ကျွံဝင်သွားခြင်းတို့ ဖြစ်နိုင်ပြီး ပြင်းထန်ပါက တင်ပါးဆုံအဆစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်
  • ပေါင်ရိုးပုံသဏ္ဌာန် ပျက်စီးပြီး တိုသွားခြင်း _ ကျိုးနေသောအရိုးကို လုံလောက်စွာ မထောက်ပံ့နိုင်ပါက အရိုးသည် အတွင်းဘက်သို့ ကွေးဝင်ပြီး ပေါင်ရိုးတိုသွားခြင်း၊ လမ်းလျှောက်ရာတွင် အခက်အခဲ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်သည်
  • အရိုးဆက်ရန် ကြန့်ကြာခြင်း သို့မဟုတ် အရိုးမဆက်ခြင်း _ ကျိုးနေသောအရိုးသည် မျှော်မှန်းထားသည့်အချိန်အတွင်း ကောင်းမွန်စွာ မဆက်နိုင်ဘဲ ရေရှည်တွင် ထည့်သွင်းထားသည့်သတ္တုချောင်း ကျိုးခြင်း သို့မဟုတ် ခွဲစိတ်မှု ထပ်မံလိုအပ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • ထည့်သွင်းပစ္စည်း အနီးတစ်ဝိုက်တွင် အရိုးထပ်မံကျိုးခြင်း _ ခွဲစိတ်နေစဉ် သို့မဟုတ် ခွဲစိတ်ပြီးနောက်ပိုင်းတွင် သတ္တုချောင်း၏ အဖျားပိုင်း သို့မဟုတ် သံချောင်းထည့်သွင်းသည့် နေရာအနီး၌ အရိုးထပ်မံကျိုးအက်ခြင်း ဖြစ်ပွားနိုင်သည်
  • တင်ပါးဘေးနာကျင်ခြင်း _ ထည့်သွင်းထားသော သတ္တုချောင်း သို့မဟုတ် စို့သွား၏ အဖျားပိုင်းသည် ဘေးဘက်သို့ ပိုထွက်နေပါက ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် ပွတ်တိုက်မိ၍ တင်ပါးဘေး နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • ခွဲစိတ်ပြီးနောက် အထွေထွေ နောက်ဆက်တွဲပြဿနာများ
    • ခွဲစိတ်ဒဏ်ရာ ပိုးဝင်ခြင်း
    • သွေးပြန်ကြောပိတ်ခြင်း (Deep Vein Thrombosis – DVT)
    • အဆုတ်ပိုးဝင်ခြင်း
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
    • သွေးယိုစိမ့်ခြင်း သို့မဟုတ် သွေးအားနည်းခြင်း

သို့သော် ခေတ်မီခွဲစိတ်နည်းများ၊ ခွဲစိတ်ပြီးနောက် စောစီးစွာ လှုပ်ရှားလမ်းလျှောက်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာခြင်းတို့ဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

ခွဲစိတ်ကုသပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ

ပေါင်ထိပ်ရိုးကျိုးခြင်းကိုခွဲစိတ်ကုသမှု ခံယူပြီးနောက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြန်လည်သက်သာမှုကို မြန်ဆန်စေပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။

  • ဆရာဝန် ညွှန်ကြားထားသော ပဋိဇီဝပိုးသတ်ဆေးများနှင့် အကိုက်အခဲပျောက်ဆေးများကို စနစ်တကျသောက်ပါ
  • ခွဲစိတ်ထားသော ဒဏ်ရာကို သန့်ရှင်းစွာထားပါ
  • နောက်ဆက်တွဲပြဿနာများ ရှိမရှိ စောင့်ကြည့်ပါ
  • ဒဏ်ရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်း၊ ဖျားခြင်း စသည့် လက္ခဏာများရှိပါက ဆရာဝန်ကို အမြန်အကြောင်းကြား၍ ချက်ချင်းပြန်ပြပါ
  • အရိုးနှင့် အဆစ်များကို ဒဏ်မပိစေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားပါ
  • ကြွက်သားများကို သန်မာစေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ညွှန်ကြားထားသည့်အတိုင်း ပုံမှန်ပြုလုပ်ပါ
  • ခွဲစိတ်ပြီးစအချိန် လှုပ်ရှားလမ်းလျှောက်ရာတွင် ချိုင်းထောက် (Crutches) သို့မဟုတ် လမ်းလျှောက်တုတ် (Walker) ကို အသုံးပြုပါ
  • ခွဲစိတ်ပြီးနောက် ဆရာဝန် ညွှန်ကြားထားသောရက်များတွင် ရက်ချိန်းပုံမှန်ပြသပါ

References:

  1. AO Foundation. (n.d.). Nailing (short nail) for intertrochanteric fractures. Retrieved June 17, 2026, from https://surgeryreference.aofoundation.org/orthopedic-trauma/adult-trauma/proximal-femur/trochanteric-fracture-intertrochanteric/nailing-short-nail
  2. Mayo Clinic. (n.d.). Hip fracture: Diagnosis and treatment. Retrieved June 17, 2026, from https://www.mayoclinic.org/diseases-conditions/hip-fracture/diagnosis-treatment/drc-20373472
  3. MedPark Hospital. (n.d.). PFNA (Proximal Femoral Nail Antirotation). Retrieved June 17, 2026, from https://www.medparkhospital.com/en-US/disease-and-treatment/pfna-proximal-femoral-nail-antirotation
  4. National Center for Biotechnology Information. (2021). Proximal femoral nail antirotation versus dynamic hip screw fixation for unstable intertrochanteric fractures: A systematic review and meta-analysis. Retrieved June 17, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC8440130/
  5. Vast Orthopaedics. (n.d.). PFNA nail. Retrieved June 17, 2026, from https://www.vastortho.com/pfna-nail/

Published: 29 June 2026

Share

29 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.