Electrophysiological study (EP study) ဆိုသည်မှာ နှလုံး၏ လျှပ်စီးလမ်းကြောင်း စီးဆင်းလှုပ်ရှားမှုများကို စမ်းသပ်စစ်ဆေးရန်အတွက် စံသတ်မှတ်ထားသော နှလုံးအထူးပြု စစ်ဆေးမှုတစ်ခုဖြစ်သည်။ ထိုစစ်ဆေးမှုကို နှလုံးခုန်နှုန်းမမှန်ခြင်းဆိုင်ရာ ရောဂါများအတွက် အထူးပြုလေ့ကျင့်ထားသော နှလုံးခုန်နှုန်းဆိုင်ရာ အထူးကုသမားတော် (Cardiac Electrophysiologist) များက လုပ်ဆောင်ပေးသည်။ သွေးကြောမှတစ်ဆင့် နှလုံးအတွင်းသို့ ပိုက်ပျော့ငယ်များ (Catheters) ထည့်သွင်း၍ စစ်ဆေးသော Invasive procedure တစ်ခုဖြစ်သည်။ ပုံမှန်မဟုတ်သော လျှပ်စစ်စီးဆင်းမှု လမ်းကြောင်းများ (Accessory pathways) ကို ရှာဖွေဖော်ထုတ်ရန်နှင့် နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း (Arrhythmias) ဖြစ်ပွားရသည့်အကြောင်းရင်းများကို ရှာဖွေရန် ပြုလုပ်သည်။
ECG စစ်ဆေးခြင်းနှင့် ကွာခြားချက်
ECG စစ်ဆေးခြင်းသည် ကိုယ်ခန္ဓာပြင်ပ အရေပြားပေါ်တွင် အာရုံခံသတ္တုပြားငယ် (Electrodes) များတပ်ဆင်၍ နှလုံးလျှပ်စစ်လှုပ်ရှားမှုများကို တိုင်းတာခြင်းဖြစ်ပြီး၊ EP study စစ်ဆေးမှုသည် နှလုံးတွင်း ထည့်ထားသော ပိုက်ပျော့ငယ်များ (Catheters) မှတစ်ဆင့် နှလုံးအတွင်းပိုင်းမှ လျှပ်စီးကြောင်း အချက်ပြမှုများကို တိုက်ရိုက်မှတ်တမ်းတင်ခြင်းဖြစ်သည်။ ထို့ကြောင့် EP study သည် နှလုံး၏ လျှပ်စီးကြောင်း စီးဆင်းမှုစနစ်ကို အသေးစိတ် ပုံဖော်ပြသပေးနိုင်သကဲ့သို့ ရောဂါဖြစ်ပေါ်သော နေရာများအထိ ဖော်ပြပေးနိုင်သည်။
နှလုံး၏ ပုံမှန်လျှပ်စီးကြောင်း ဖြတ်သန်းစီးဆင်းပုံ
နှလုံးတစ်ကြိမ် ခုန်ရန်အတွက် နှလုံးအတွင်းတစ်လျှောက် လျှပ်စီးကြောင်း အချက်ပြမှုများသည် နှလုံးတွင်းရှိ အထူးဆဲလ်များမှ အဆင့်ဆင့် ဖြတ်သန်းစီးဆင်းရန် လိုအပ်သည်။
- နှလုံး၏ ဘယ်ဘက်သွေးဝင်ခန်း အထက်နားတွင် ရှိသော သဘာဝနှလုံးနှိုးစက်ဟုခေါ်သည့် sinoatrial (SA node) မှ ပထမဦးစွာ လျှပ်စီးအချက်ပြမှုကို ထုတ်လုပ်ပေးသည်
- ထိုအချက်ပြမှုများသည် နှလုံးဘယ်ညာ သွေးဝင်ခန်းများ (Atria) သို့ ရောက်ရှိပြီး သွေးဝင်ခန်း ကြွက်သားများညှစ်ရန် လှုံ့ဆော်သည်
- တစ်ပြိုင်တည်းတွင် အချက်ပြမှုများသည် နှလုံးအလယ်နားရှိ Atrioventricular (AV) node သို့ ရောက်ရှိပြီး ထိုနေရာသည် သွေးဝင်ခန်းများ သွေးညှစ်ပြီးချိန်အထိ အချက်ပြမှုများ ဆက်လက်စီးဆင်းမှုကို ခေတ္တဟန့်တားသည်
- ထို AV node မှ ထွက်လာသော Bundle of His အမျှင်စုသည် နှလုံး၏ သွေးလွှတ်ခန်း (၂) ခု ကြားနံရံ (Interventricular septum) မှတစ်ဆင့် အချက်ပြမှုများကို ဆက်လက်သယ်ဆောင်ပေးသည်၊ ထိုအမျှင်စုသည် နှလုံးဘယ်ညာ သွေးလွှတ်ခန်းများ (Ventricles) သို့ အချက်ပြမှုများ ပို့ပေးရန် Left bundle branch နှင့် Right bundle branch ဟူ၍ လမ်းကြောင်း ၂ ခု ကွဲသွားသည်
- ထိုလမ်းကြောင်းငယ်များသည် နှလုံးသွေးလွှတ်ခန်းများသို့ ရောက်သောအခါ Purkinje fibers ဟု ခေါ်သော လမ်းကြောင်းမျှင်များအဖြစ် ဖြာထွက်ပြီး သွေးလွှတ်ခန်းကြွက်သားများ ကြားထဲသို့ လျှပ်စီးကြောင်း အချက်ပြမှုများ ရောက်ရှိစေကာ နှလုံးဘယ်ညာ သွေးလွှတ်ခန်းကြွက်သားများကို သွေးညှစ်ထုတ်ရန် လှုံ့ဆော်ပေးသည်
- ထိုပုံမှန်လမ်းကြောင်းတွင် တစ်နေရာရာ ချို့ယွင်းခြင်း သို့မဟုတ် ပုံမှန်လမ်းကြောင်း မဟုတ်သော လမ်းကြောင်းအပိုအသစ်များ ပေါ်ပေါက်လာခြင်းတို့ ဖြစ်ပါက နှလုံးခုန်နှုန်း မြန်လွန်းခြင်း၊ နှေးလွန်းခြင်း သို့မဟုတ် စည်းချက်မမှန်ခြင်းစသည့် ရောဂါအခြေအနေများ ဖြစ်ပေါ်လာသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
နှလုံး၏ လျှပ်စီးကြောင်းစနစ်ဆိုင်ရာ ရောဂါဝေဒနာများကို အသေးစိတ် စမ်းသပ်စစ်ဆေးရန် လိုအပ်သည့် အခြေအနေမျိုးတွင်လည်းကောင်း၊ အခြားသော အခြေခံစစ်ဆေးမှုများဖြင့် တိကျပြတ်သားသော ရောဂါကို ရှာဖွေဖော်ထုတ်ရန် ခက်ခဲနေသည့် အခြေအနေမျိုးတွင်လည်းကောင်း ဤစစ်ဆေးမှုကို ပြုလုပ်ရန် အထူးကုဆရာဝန်များက ညွှန်ကြားလေ့ရှိသည်။
ယေဘုယျအားဖြင့် အောက်ပါ အခြေအနေများနှင့် ရောဂါလက္ခဏာများ ဖြစ်ပွားပါက ဤစစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
- အကြောင်းရင်းရှာမရသည့် နှလုံးခုန်မမှန်ခြင်းကို စစ်ဆေးခြင်း (Unexplained Arrhythmias)
- မကြာခဏ ရင်တုန်ခြင်း (Palpitations)
- နှလုံးသွေးဝင်ခန်းများအတွင်းမှ စတင်ဖြစ်ပေါ်သော နှလုံးခုန်မြန်လွန်းခြင်း (Supraventricular tachycardia – SVT)
- နှလုံးသွေးဝင်ခန်း ခုန်နှုန်းအလွန်မြန်ခြင်း (Atrial flutter)
- နှလုံးသွေးဝင်ခန်း စည်းချက်မမှန်ဘဲခုန်ခြင်း (Atrial fibrillation)
- နှလုံးသွေးညှစ်ခန်း ခုန်နှုန်းအလွန်မြန်ခြင်း (Ventricular tachycardia – VT)
- မွေးရာပါ နှလုံးလျှပ်စီးလမ်းကြောင်း အပိုပါလာသည့် ရောဂါစု (WPW syndrome)
- အခြားသော နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ အလွန်မြန်နေသည့် ရောဂါများ
- အကြောင်းရင်းရှာမရသည့် မကြာခဏသတိလစ်မေ့မြောခြင်းကို စစ်ဆေးခြင်း (Unexplained Syncope)
ပုံမှန်နှလုံးစစ်ဆေးသည့် ECG ဆွဲခြင်း၊ ၂၄ နာရီလုံး နှလုံးခုန်နှုန်းနှင့် နရီစည်းချက် စောင့်ကြည့်စစ်ဆေးခြင်း (Holter monitoring) သို့မဟုတ် အခြားစစ်ဆေးမှုများ ပြုလုပ်ထားသော်လည်း မကြာခဏသတိလစ် မေ့မြောသည့် အကြောင်းရင်းကို ရှာမရသေးသည့်အခါမျိုးတွင် ထိုလက္ခဏာများကို ဖြစ်ပေါ်စေသည့် နှလုံးခုန်နှုန်းဆိုင်ရာ ပုံမမှန်မှုများကို ရှာဖွေရန် EPS ကို ပြုလုပ်နိုင်သည်။ - ရုတ်တရက် နှလုံးရပ်၍ သေဆုံးနိုင်ခြေအန္တရာယ်ကို ဆန်းစစ်ခြင်း (Assessment of Sudden Cardiac Death Risk)
အချို့သော နှလုံးဖွဲ့စည်းပုံဆိုင်ရာ ရောဂါအခံရှိသူများ သို့မဟုတ် ယခင်က ပြင်းထန်သော နှလုံးခုန်မမှန်ခြင်း ဝေဒနာ ခံစားခဲ့ရဖူးသူများတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် နှလုံးခန်းများ တုန်ခါခြင်းများနှင့် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးနိုင်ခြေ မည်မျှရှိသည်ကို ဆုံးဖြတ်ရန် EPS စစ်ဆေးမှုကို လုပ်ဆောင်နိုင်သည်။ - ပိုက်ထည့်၍ နှလုံးလျှပ်စီးလမ်းကြောင်း ဖျက်ဆီးကုသမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း (Planning for Catheter Ablation)
Catheter Ablation (နှလုံးလျှပ်စီးလမ်းကြောင်း ဖျက်ဆီးကုသမှု) မပြုလုပ်မီ ပုံမှန်မဟုတ်သော လျှပ်စီးလမ်းကြောင်းများ သို့မဟုတ် နှလုံးခုန်မမှန်ခြင်းကို ဖြစ်စေသည့် အချက်အချာနေရာများကို တိတိကျကျ ရှာဖွေရန်အတွက် EPS ကို ပုံမှန်လုပ်ဆောင်လေ့ရှိသည်။ လူနာအများစုတွင် EPS စစ်ဆေးခြင်းနှင့် Catheter ablation ဖြင့် ကုသခြင်းတို့ကို တစ်ပြိုင်နက်တည်း ပြီးစီးအောင် လုပ်ဆောင်လေ့ရှိသည်။ - နှလုံးခုန်စက် (Pacemaker) သို့မဟုတ် နှလုံးခုန်နှုန်းထိန်း စက်ပစ္စည်း (ICD) ထည့်သွင်းရန် လိုအပ်ခြင်းကို ဆန်းစစ်ရန်
အချို့လူနာများတွင် အောက်ပါအဆင့်မြင့် နှလုံးခုန်နှုန်း စီမံခန့်ခွဲမှုဆိုင်ရာ ကုထုံးများ လိုအပ်ခြင်း ရှိမရှိ ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် EPS စစ်ဆေးမှုကို လုပ်ဆောင်သည်။- အမြဲတမ်း နှလုံးခုန်စက် (Permanent Pacemaker) ထည့်သွင်းခြင်း
- အလိုအလျောက် နှလုံးခုန်နှုန်းထိန်း စက်ပစ္စည်း (ICD) ထည့်သွင်းခြင်း
- အခြားအဆင့်မြင့် နှလုံးစည်ချက် ထိန်းချုပ်ကုသမှုများ
ရရှိနိုင်သော အကျိုးကျေးဇူးများ
EPS စစ်ဆေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။
- ရောဂါအတိအကျ သိနိုင်ခြင်း _ နှလုံးခုန်မမှန်ခြင်း အမျိုးအစားအတိအကျ၊ ဖြစ်စေသော နှလုံး၏ အစိတ်အပိုင်း တည်နေရာ၊ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ဖြစ်စေသည့် ယန္တရား
(ဥပမာ _ လျှပ်စီးကြောင်း ဖြစ်ပေါ်သည့်နေရာ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် လျှပ်စီးကြောင်း စီးဆင်းရာလမ်းကြောင်း ပုံမှန်မဟုတ်ခြင်း) စသည်တို့ကိုသိရှိနိုင်ခြင်း - လူတစ်ဦးချင်းအတွက် အသင့်တော်ဆုံး ကုသမှုပုံစံ _ ဆေးဝါးများပေးခြင်း၊ ပိုက်ပျော့ဖြင့် နှလုံးလမ်းကြောင်း ဖျက်ဆီးကုသမှု၊ နှလုံးခုန်စက် သို့မဟုတ် နှလုံးခုန်နှုန်းထိန်းစက်များ တပ်ဆင်ခြင်း စသည့် ကုသမှုပုံစံ အမျိုးမျိုးကို ရွေးချယ်ခြင်း
- ကုသမှုကို တစ်ပြိုင်နက်လုပ်ဆောင်နိုင်ခြင်း _ EPS စစ်ဆေးနေစဥ် တိကျသော နှလုံးခုန်မမှန်ခြင်းကို သိရှိပါက ထိုနေရာကို တစ်ပြိုင်နက် Catheter ablation ပြုလုပ်ခြင်းဖြင့် ကုသနိုင်ပြီး နောက်တစ်ကြိမ် ခွဲစိတ်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း
- နှလုံးထိခိုက်နိုင်ခြေကို ဆန်းစစ်ခြင်း _ နောက်တစ်ကြိမ် ပြင်းထန်သော နှလုံးခုန်ခြင်းများ ဖြစ်နိုင်ခြေ သို့မဟုတ် ရုတ်တရက် နှလုံးရပ်၍ သေဆုံးနိုင်ခြေများကို ဆန်းစစ်ပေးနိုင်ခြင်း
မပြုလုပ်သင့်သည့် အခြေအနေများ
EPS စစ်ဆေးမှုကို လုံးဝမပြုလုပ်ရမည့် အခြေအနေ (Absolute contraindications) အနည်းငယ်သာ ရှိသော်လည်း အချို့ အခြေအနေများတွင်မူ စစ်ဆေးမှုကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်းများ ပြုလုပ်ရတတ်သည်။
လုံးဝမပြုလုပ်သင့်သည့် အခြေအနေများ (Absolute contraindications)
- လူနာကိုယ်တိုင် ငြင်းဆိုခြင်း
- ကုသမှုဆိုင်ရာ သဘောတူညီချက် (Informed consent) ကို ပြည့်ပြည့်ဝဝ ပေးနိုင်စွမ်း မရှိခြင်း
အခြေအနေအလိုက် ရှောင်ကြဉ်ရမည့် အချက်များ
လူနာ၏ ရောဂါအခြေအနေ လိုအပ်ချက်အရ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ တွက်ချက်ပြီးမှ လုပ်ဆောင်ရမည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ပိုးဝင်ရောက်နေခြင်း (Active systemic infection)
- သွေးမတိတ်သည့်ရောဂါ သို့မဟုတ် ထိန်းချုပ်၍မရသေးသော သွေးခဲမှုစနစ် ပုံမှန်မဟုတ်ခြင်း
- ဆေးဝါးများဖြင့် ထိန်းချုပ်၍မရသေးသော ပြင်းထန် သွေးတိုးရောဂါ
- ရုတ်တရက် နှလုံးကြွက်သားပုပ်ခြင်း (Acute myocardial infarction) (အချို့အခြေအနေများ)
- နှလုံးပျက်စီးမှုကြောင့် ဖောရောင်မောပန်းခြင်း (Decompensated heart failure)
- နှလုံးအတွင်းခန်းတွင်း သွေးခဲရှိနေခြင်း (Presence of intracardiac thrombus)
- ခန္ဓာကိုယ်တွင်း သက်စောင့်သတ္တုဓာတ်များ ပြင်းထန်စွာ ချို့ယွင်းခြင်း (Severe electrolyte abnormalities)
- ဆေးထိုး၍ ဓာတ်မှန်ရိုက်ရန် လိုအပ်သည့် (Contrast မသုံးမဖြစ် သုံးရမည့်အခြေအနေတွင်) ဆေးရည်ဒဏ်ကို မခံနိုင်လောက်အောင် ကျောက်ကပ်လုပ်ဆောင်ချက် ပြင်းထန်စွာ ချို့ယွင်းနေခြင်း
ကြိုတင်သိရှိထားရမည့် အချက်များ
နှလုံးခုန်နှုန်းဆိုင်ရာ အထူးကု (Cardiac Electrophysiologist) သည် EPS စစ်ဆေးမှုကို မစတင်မီ လူနာတစ်ဦးချင်းစီ၏ ကောင်းကျိုးနှင့် ဆိုးကျိုး (Risks and benefits) များကို သေချာစွာ နှိုင်းယှဉ်အကဲဖြတ် ဆွေးနွေးပေးပြီးမှသာ ဆက်လက်ပြုလုပ်မည့် အစီအစဉ်ကို ဆုံးဖြတ်မည်ဖြစ်သည်။
စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်
စစ်ဆေးမှုမစတင်ခင် ပြင်ဆင်ခြင်း
ဘေးအန္တရာယ်ကင်း၍ အောင်မြင်သော စစ်ဆေးမှုဖြစ်စေရန် စနစ်တကျပြင်ဆင်ရန် လိုအပ်သည်။
- အခြေခံကျန်းမာရေး စစ်ဆေးခြင်း – ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းအပြင် လိုအပ်သော နှလုံးဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ထားခြင်း
- အစားအသောက်ဖြတ်ခြင်း – စစ်ဆေးမှု ပြုလုပ်မည့်နေ့မတိုင်ခင် ည (၁၂) နာရီနောက်ပိုင်းမှစ၍ အစားအစာနှင့် အရည်များကို လုံးဝဖြတ်ထားခြင်း
- ဆေးဝါးများ ညှိနှိုင်းခြင်း – လူနာလက်ရှိ သောက်သုံးနေသော နှလုံးဆေးဝါးများ၊ နှလုံးခုန်နှုန်း ထိန်းဆေးများ၊ သွေးကျဲဆေး သွေးမတိတ်ဆေးများကို ဆရာဝန်မှ လိုအပ်သလို ညှိနှိုင်းညွှန်ကြားခြင်း
- စစ်ဆေးမည့်နေ့တွင် ပွချောင်၍ သက်သောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ မတည့်သော ဆေးဝါးများ၊ အရာဝတ္ထုများရှိပါက ဆရာဝန်အား ကြိုတင်အသိပေးခြင်း၊ သွားလာရန် အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ တန်ဖိုးကြီး လက်ဝတ်ရတနာများကို မဝတ်ဆင်လာရန် စသည့် အချက်များကို လိုက်နာခြင်း
စစ်ဆေးမှုပြုလုပ်ခြင်းအဆင့်များ
- စစ်ဆေးခန်းတွင် ပြင်ဆင်ခြင်း
- စစ်ဆေးမှုကို နှလုံးအထူးကုဌာနရှိ EPS စစ်ဆေးမှု ပြုလုပ်ရန် အထူးပြင်ဆင်ထားသော ခွဲခန်းငယ် (Electrophysiology laboratory) တွင် ပြုလုပ်သည်
- လူနာကို ဆေးရုံသုံးဝတ်စုံ လဲလှယ်စေပြီးနောက် အကြောဆေးသွင်းရန် အပ်များထည့်ခြင်း၊ အီးစီဂျီတပ်ဆင်၍ စောင့်ကြည့်ခြင်း၊ သွေးပေါင်ချိန်နှင့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်
- စိတ်ငြိမ်ဆေးနှင့် ထုံဆေးပေးခြင်း
- စစ်ဆေးမှု မစတင်မီ လူနာစိတ်တည်ငြိမ်စေရန် အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးကို အကြောဆေးသွင်းပိုက်မှတစ်ဆင့် ပေးမည်ဖြစ်သည်
- သို့သော် ဆရာဝန်၏ လမ်းညွှန်ချက်အချို့ကို လိုက်နာနိုင်ရန်၊ စစ်ဆေးစဥ် ဖြစ်ပေါ်သော လက္ခဏာများကို ဆရာဝန်အား အသိပေးနိုင်ရန်အတွက် လူနာသည် လုံးဝမေ့သွားခြင်း မရှိဘဲ သတိအနည်းငယ် ရှိနေရမည်
- ထို့နောက် Catheter ပိုက်ငယ်ထည့်သွင်းမည့် နေရာတစ်ဝိုက်ကို ထုံသွားစေရန်အတွက် ဆရာဝန်မှ ထုံဆေးထိုးပေးမည်ဖြစ်သည်
- Catheter ပိုက်ငယ်များကို သွေးကြောအတွင်း ထည့်သွင်းခြင်း
- ထုံဆေးအာနိသင် ရရှိပါက ဆရာဝန်သည် လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံတွင် ခွဲစိတ်ခန်းသုံး ဓားအသေးဖြင့် အပေါ်ယံအရေပြားကို အနည်းငယ် ခွဲစိတ်မည်
- ထို့နောက် သွေးပြန်ကြောကို ရှာဖွေပြီး Catheter ပိုက်ငယ်များကို သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းကာ နှလုံးဆီသို့ ရောက်သည်အထိ တဖြည်းဖြည်းချင်း အထက်သို့ ဆန်တက်စေကာ လမ်းညွှန်ပို့ဆောင်မည်ဖြစ်သည်
- ထိုပိုက်ငယ်များ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း ရွေ့လျားသွားနေချိန်တွင် လူနာအနေဖြင့် မည်သည့်နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ပါ
- ၎င်းပိုက်ငယ်များ လိုအပ်သော နှလုံးနေရာများသို့ ရောက်ရှိခြင်းကို စစ်ဆေးရန် အပြင်ဘက်မှ အထူးဓာတ်မှန် (Fluoroscopy) ရိုက်၍ ပုံရိပ်ဖော်ပေးသည်။
- စမ်းသပ်မှုအမျိုးမျိုးဖြင့် စစ်ဆေးခြင်း
- Catheter ပိုက်များ နှလုံးတွင်း ရောက်ရှိပါက ထိုပိုက်ငယ်များ၏ ထိပ်ပိုင်းတွင် တပ်ထားသော အာရုံခံကိရိယာ (Sensors) များသည် နှလုံးဆီသို့ လျှပ်စီးကြောင်းအချက်ပြမှုများ ပို့ပေးနိုင်သလို နှလုံး၏ လျှပ်စီးကြောင်းစီးဆင်းရာ လမ်းကြောင်းများကိုလည်း မှတ်တမ်းတင်ပေးနိုင်သည်
- စစ်ဆေးချိန်အတွင်း ဆရာဝန်သည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေခံနှင့် ရောဂါအနေအထား ပေါ် မူတည်၍ အောက်ပါစမ်းသပ်မှုများကို ပြုလုပ်နိုင်သည်
- နှလုံး၏ အစိတ်အပိုင်း အသီးသီးရှိ လျှပ်စီးကြောင်းအချက်ပြမှုများကို တိုင်းတာခြင်း
ထိုသို့တိုင်းတာခြင်းကို Intracardiac electrogram ဟုခေါ်၍ နှလုံးအတွင်း လျှပ်စီးကြောင်း ဖြတ်သန်းစီးဆင်းပုံ အဆင့်ဆင့်ကို ဖော်ပြပေးသည်။ - နှလုံးခုန်နှုန်းကို ထိန်းချုပ်သော အချက်ပြမှုများ ပို့ပေးခြင်း
Catheter များမှတစ်ဆင့် နှလုံးခုန်နှုန်းကို မြန်စေရန် သို့မဟုတ် နှေးစေရန် အချက်ပြမှုများ ပို့ပေးကာ ထိုအချိန်တွင် ဖြစ်ပေါ်သော ပုံမှန်မဟုတ်သည့် လျှပ်စီးကြောင်းများနှင့် ၎င်းတို့ကို စတင်ဖြစ်ပေါ်စေသည့် တည်နေရာကိုပါ စစ်ဆေးနိုင်သည်။ - ဆေးဝါးများပေး၍ စစ်ဆေးခြင်း
Catheter မှတစ်ဆင့် ဆေးဝါးများကို နှလုံးတွင်းသို့ တိုက်ရိုက်ရောက်ရှိအောင် ထိုးသွင်းပေးနိုင်ပြီး နှလုံးအစိတ်အပိုင်းများကို နှေးစေခြင်း၊ လျှပ်စီးကြောင်းများကို ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်နိုင်သည်။ နှလုံးမှ ထိုဆေးဝါးများအား တုံ့ပြန်မှုကို ကြည့်ရှုခြင်းဖြင့် ရောဂါရှာဖွေရာတွင် အထောက်အကူပြုနိုင်သည်။ - နှလုံးကို ပုံဖော်ခြင်း
Cardiac mapping ဟု ခေါ်ဆိုပြီး နှလုံးခုန် စည်းချက်မမှန်သော ရောဂါနှင့် အခြေအနေများတွင် လျှပ်စီးကြောင်း ဖျက်ဆီးခြင်း (Catheter ablation) ပြုလုပ်ရန် အသင့်တော်ဆုံးနေရာကို တွက်ဆဖော်ထုတ်ခြင်းဖြစ်သည်။ - ကုသမှုပြုလုပ်ခြင်း
- ဆရာဝန်မှ စစ်ဆေးမှုပြုလုပ်နေစဥ် ကုသမှုလိုအပ်သည်ဟု ဆုံးဖြတ်ပါက လျှပ်စီးကြောင်းဖျက်ဆီးခြင်း (Ablation) ကုသမှုကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်
- နှလုံး၏ အချို့အစိတ်အပိုင်းများကို အထူးပြုလုပ်ထားသော ပိုက်ငယ်များမှတစ်ဆင့် အပူ သို့မဟုတ် အအေးဓာတ်ပေး၍ ထိုနေရာတွင် အမာရွတ်ငယ်များ ဖြစ်ပေါ်စေသော ကုသမှုဖြစ်သည်
- ထိုအမာရွတ်များသည် နှလုံးလျှပ်စီးကြောင်းအပိုများကို ပြတ်တောက်စေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ပြန်လည်ဖြစ်စေသည်
- နှလုံး၏ အစိတ်အပိုင်း အသီးသီးရှိ လျှပ်စီးကြောင်းအချက်ပြမှုများကို တိုင်းတာခြင်း
- စစ်ဆေးမှုသည် ယေဘုယျအားဖြင့် နာကျင်မှု မရှိသော်လည်း နှလုံးခုန်နှုန်း မြန်စေခြင်း၊ နှေးစေခြင်း ပြုလုပ်ချိန်တွင် ရင်တုန်သလိုဖြစ်ခြင်းကြောင့် အနည်းငယ် ကသိကအောင့် ဖြစ်နိုင်သည်၊ အကယ်၍ မခံနိုင်အောင် ခံစားရပါက ဆရာဝန်ထံ ချက်ချင်းအသိပေးနိုင်သည်
- စမ်းသပ်မှုသည် အများအားဖြင့် (၁)နာရီ မှ (၄)နာရီခန့်ထိ ကြာမြင့်နိုင်သည်
- အကယ်၍ Cardiac ablation ကုသမှု တစ်ပြိုင်တည်းပြုလုပ်ပါက အချိန်ပို၍ကြာမြင့်နိုင်သည်။
စစ်ဆေးမှုပြီးဆုံးခြင်း
- စစ်ဆေးမှု ပြီးဆုံးပါက လူနာအား ခေတ္တစောင့်ကြည့်ခန်းသို့ ရွှေ့ပြီး (၄)နာရီ မှ (၆)နာရီအထိ တိတ်ဆိတ်ငြိမ်သက်စွာ နားနေရန် ညွှန်ကြားမည်
- ဆရာဝန်များက လူနာ၏ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပ်ထိုးထားသောနေရာတွင် သွေးစိမ့်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်း ရှိမရှိကို စောင့်ကြပ်စစ်ဆေးပေးမည်ဖြစ်သည်
- အများစုတွင် ထိုနေ့၌ပင် အိမ်ပြန်နိုင်ပြီး ထိုနေ့တစ်နေ့တာ အိမ်တွင်သာ နားနေရန် လိုအပ်သည်
- အချို့သူများတွင် စစ်ဆေးမှုတွင် ခက်ခဲခြင်း၊ ကုသမှု တစ်ပြိုင်နက် ပြုလုပ်ထားခြင်း၊ ပုံမှန်ထက်ပို၍ အသေးစိတ် စောင့်ကြည့်ရန် လိုအပ်ခြင်းတို့ ရှိပါက ဆေးရုံတွင် ရက်အနည်းငယ် နေရနိုင်သည်
- ပိုက်ငယ်များ ထည့်သွင်းထားသည့် အရေပြားနေရာများတွင် အနည်းငယ် နာကျင်ခြင်း၊ အရေပြားအောက် သွေးခြည်ဥခြင်း၊ အနည်းငယ် နုံးချည့်ခြင်းတို့ကို ခံစားရနိုင်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာသွားတတ်သည်။
အဖြေရလဒ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများ
- နှလုံးအထူးကုဆရာဝန်မှ စစ်ဆေးမှု ပြုလုပ်ချိန်တွင် တွေ့ရသော ပြောင်းလဲမှုများကို အခြေခံ၍ စစ်ဆေးမှုအဖြေကို ထုတ်ပေးမည်ဖြစ်သည်
- ထို့နောက် ရက်ချိန်းတွင် အဖြေရလဒ်များကို လူနာအား ရှင်းလင်းဆွေးနွေးပေးမည်
- စစ်ဆေးမှုအဖြေ ပုံမှန်ဖြစ်သည်ဟု အဖြေထွက်ပါက နှလုံးခုန်နှုန်းဆိုင်ရာ ပြဿနာများ၊ နှလုံးလျှပ်စီးလမ်းကြောင်းဆိုင်ရာ ပြဿနာမရှိဟု ကောက်ချက်ချနိုင်ပြီး နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ရန် မလိုအပ်ပါ
- အကယ်၍ နှလုံးခုန်နှုန်း စည်းချက်မမှန်ဖြစ်ခြင်းကို တွေ့ရပါက အောက်ပါကုသမှုနည်းလမ်းများကို ဆက်လက်ဆွေးနွေးပေးမည်ဖြစ်သည်
- နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
- နှလုံးခုန်စည်းချက် ထိန်းပေးသော ဆေးဝါးများပေးခြင်း (Antiarrhythmic medications)
- နှလုံးခုန်နှုန်း ထိန်းပေးသော ဆေးဝါးများပေးခြင်း (Rate-control medications)
- နှလုံးလျှပ်စီးလမ်းကြောင်း ဖျက်ဆီးခြင်း (Catheter ablation)
- အကယ်၍ နှလုံးရပ်နိုင်ခြေအန္တရာယ် မြင့်မားသော နှလုံးခုန်စည်းချက် မမှန်ခြင်းရှိပါက နှလုံးခုန်နှုန်းထိန်းစက် (ICD) များ ထည့်သွင်းခြင်း၊ အခြား ပုံရိပ်ဖော်နည်းလမ်းများဖြင့် စစ်ဆေးခြင်း သို့မဟုတ် ပိုမိုအဆင့်မြင့်သော နှလုံးလျှပ်စီးကြောင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း စသည်တို့ ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်
- နှလုံးလျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်းရှိပါက ရေရှည် နှလုံးခုန်နှုန်းထိန်းစက်တပ်ခြင်း (Permanent pacemaker implantation) ပြုလုပ်ရန် ညွှန်ကြားပေးမည်
- ကုသမှုနည်းလမ်းများပေါ် မူတည်၍ ရောဂါလက္ခဏာ သက်သာမှု စစ်ဆေးရန်၊ ဆေးဝါးများ ညှိနှိုင်းရန်၊ အီးစီဂျီဖြင့် ပုံမှန်စစ်ဆေးရန်နှင့် ကုသမှု၏ ထိရောက်မှုများကို ဆန်းစစ်ရန်စသည့် အချက်များပေါ် မူတည်၍ ရက်ချိန်းခေါ်ယူမည်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- နှလုံးလျှပ်စီးကြောင်း စစ်ဆေးမှုသည် ကျွမ်းကျင်ဆရာဝန်များက သေချာစွာ ဆန်းစစ်ပြီးမှ ပြုလုပ်သော စစ်ဆေးမှုဖြစ်သောကြောင့် ယေဘုယျအားဖြင့် အန္တရာယ်ကင်းသော စစ်ဆေးမှုတစ်ခု ဖြစ်သော်လည်း နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေရှိသည်၊ သို့သော် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်
- မပြင်းထန်သော ဆိုးကျိုးများမှာ_
- ပိုက်ထည့်သည့် အရေပြားနေရာတွင် သွေးခြည်ဥခြင်း၊ သွေးခဲအစုအဝေးဖြစ်ခြင်း
- အနည်းငယ် နာကျင်ခြင်း
- ရက်အနည်းငယ် ရင်တုန်ခြင်း
- အနည်းငယ် ပြင်းထန်သော ဆိုးကျိုးများမှာ_
- ပိုက်ထည့်သည့်နေရာမှ သွေးထွက်ခြင်း
- ပိုးဝင်ခြင်း
- သွေးကြောများကို ထိခိုက်မိခြင်း
- နှလုံးကြွက်သားကို ထိုးဖောက်မိ၍ နှလုံးအမြှေးပါးအတွင်း သွေးထွက်ခြင်း
- နှလုံးအဆို့ရှင်များကို ထိခိုက်မိခြင်း
- နှလုံးတွင်း သွေးခဲများ ဖြစ်ပေါ်ခြင်း
- ခြေထောက်သွေးပြန်ကြော သွေးခဲခြင်း
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း
- လေဖြတ်ခြင်း
- နှလုံးအမောဖောက်ခြင်း
- နှလုံးလျှပ်စီးကြောင်းစနစ်ကို ထိခိုက်မိသောကြောင့် နှလုံးစက်တပ်ရန် လိုအပ်ခြင်း
- ရှားရှားပါးပါး နှလုံးရုတ်တရက်ရပ်၍ သေဆုံးခြင်း စသည်တို့ဖြစ်သည်။
ဆရာဝန်နှင့် ပြန်လည်ပြသရန်
အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသခြင်း သို့မဟုတ် ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသရန် လိုအပ်သည်။
- ဆက်တိုက်သွေးထွက်နေခြင်း
- သွေးခြည်ဥများ အရွယ်ပိုကြီးလာခြင်း
- ပိုက်ထည့်ထားသည့် အရေပြားနေရာတွင် နီရဲခြင်း၊ အရည်များထွက်ခြင်း
- အဖျားရှိလာခြင်း
- ရင်ဘတ် ပြင်းထန်စွာအောင့်ခြင်း
- အသက်ရှူကျပ်၍ မောပန်းခြင်း
- ခေါင်းမူးသတိလစ်ခြင်း
- ရုတ်တရက် ထုံကျဥ်ခြင်း၊ ခြေလက်မလှုပ်နိုင်ခြင်း၊ လေဖြတ်ခြင်း
- ပိုက်ထည့်ထားသည့် လက် သို့မဟုတ် ခြေထောက်ဘက်တွင် အသားအရောင် ပြောင်းလဲခြင်း
References:
- Mayo Clinic. (n.d.). Electrophysiology study (EP study). Retrieved June 16, 2026, from https://www.mayoclinic.org/tests-procedures/ep-study/about/pac-20384999
- Cleveland Clinic. (n.d.). Electrophysiology study. Retrieved June 16, 2026, from https://my.clevelandclinic.org/health/diagnostics/23054-electrophysiology-study
- Cleveland Clinic. (n.d.). Heart conduction system. Retrieved June 16, 2026, from https://my.clevelandclinic.org/health/body/21648-heart-conduction-system
- American Heart Association. (n.d.). Electrophysiology studies. Retrieved June 16, 2026, from https://www.heart.org/en/health-topics/arrhythmia/symptoms-diagnosis–monitoring-of-arrhythmia/electrophysiology-studies
- British Heart Foundation. (n.d.). Electrophysiological studies. Retrieved June 16, 2026, from https://www.bhf.org.uk/informationsupport/tests/electrophysiological-studies
- Johns Hopkins Medicine. (n.d.). Electrophysiological studies. Retrieved June 16, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/electrophysiological-studies
Published: 27 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.