တင်ပါးဆုံရေနွေးစိမ်ခြင်း (Sitz Bath) ဆိုသည်မှာ တင်ပါး၊ ဆီးစပ်နှင့် စအိုတစ်ဝိုက် (Perineum) တွင် ခံစားနေရသော မသက်မသာဖြစ်မှုများကို သက်သာစေရန် ရေနွေးနွေးလေးထဲတွင် ထိုင်စေ၍ ကုသသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤကုထုံးသည် စအိုဝန်းကျင်ရှိ ကြွက်သားများကို ပြေလျော့စေကာ သွေးလည်ပတ်မှု အားကောင်းစေသည့်အတွက် နာကျင်ခြင်းနှင့် ယားယံခြင်းများကို လျော့ကျစေသည့်အပြင် အနာကျက်နှုန်းကိုလည်း ပိုမိုမြန်ဆန်စေသည်။ ဤကုထုံး၏ အမည်ဖြစ်သော “Sitz” ဟူသည့် ဝေါဟာရသည် ဂျာမန်ဘာသာစကား၏ “ထိုင်ခြင်း” ကို ဆိုလိုသော “sitzen” မှ ကောက်နုတ်ထားခြင်းဖြစ်သည်။
တင်ပါးဆုံ ရေနွေးစိမ်ရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ
တင်ပါးဆုံရေနွေးစိမ်ခြင်း (Sitz Bath) ကို အဓိကအားဖြင့် စအို၊ မိန်းမကိုယ်နှင့် ဆီးစပ်ဝန်းကျင် ခွဲစိတ်ကုသမှုများ ပြုလုပ်ပြီးနောက် ခံစားရသော ဝေဒနာများ လျော့ပါးစေရန်နှင့် ဒဏ်ရာများ အမြန်ဆုံး ပြန်လည်ကျက်စေရန် ရည်ရွယ်၍ အသုံးပြုကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုမိုအားကောင်းလာစေသည့်အပြင် အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေများတွင်လည်း ဤကုထုံးကို ထိရောက်စွာ အသုံးပြုနိုင်သည်။
- လိပ်ခေါင်းရောဂါ (Haemorrhoids)
- လိပ်ခေါင်းရောဂါကြောင့် စအိုဝတွင် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် ပြင်းထန်စွာ နာကျင်ခြင်း
- စအိုဝ ကွဲခြင်း (Anal Fissures)
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းမာခြင်းကြောင့် စအိုဝ ပြဲခြင်း သို့မဟုတ် အနာဖြစ်ပြီး ဝမ်းသွားသည့်အခါတိုင်း သွေးပါခြင်းနှင့် နာကျင်ခြင်း
- မီးဖွားပြီးစ အမျိုးသမီးများ (Postpartum Care)
- သဘာဝအတိုင်း ရိုးရိုးမီးဖွားစဉ်အတွင်း မိန်းမကိုယ်နှင့် စအိုကြား (Perineum) စုတ်ပြဲခြင်း သို့မဟုတ် မွေးလမ်းကြောင်းချဲ့ခြင်း (Episiotomy) ခံယူထားရသော အမျိုးသမီးများတွင် ချုပ်ရိုးနာကျင်ခြင်းနှင့် သန့်ရှင်းမှုရှိစေခြင်း
- စအိုနှင့် ဆီးစပ်ပိုင်းဆိုင်ရာ အကျိတ်များနှင့် ပြည်တည်နာများ (Abscesses & Cysts)
- စအိုတစ်ဝိုက်တွင် ပြည်တည်နာ ဖြစ်ခြင်း သို့မဟုတ် အမွှေးကျွတ်အိတ်တည်ခြင်း (Pilonidal Cyst) များ ခွဲစိတ်ဖယ်ရှားပြီးနောက်တွင် အနာအတွင်းရှိ အရည်များနှင့် ပြည်များကို သန့်စင်စေရန်နှင့် အနာပိတ်ခြင်းကို မြန်ဆန်စေခြင်း
- ဘာသိုးလင်းအရည်အိတ် (Bartholin Cyst)
- ဘာသိုးလင်းအရည်အိတ် ဟုခေါ်သော မိန်းမကိုယ်အပြင်ဘက်တွင် ဖြစ်တတ်သည့် အရည်ကြည်ဖုကြောင့် နာကျင်ရောင်ရမ်းခြင်း
- ဆီးကြိတ်ရောင်ရမ်းခြင်း (Prostatitis)
- အမျိုးသားများတွင် ဆီးကြိတ် ရောင်ရမ်းခြင်းကြောင့် ဆီးစပ်နှင့် တင်ပါးဆုံဝန်းကျင်တွင် ကိုက်ခဲနာကျင်ခြင်း
- ဆေးဘက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ကြိုတင်ကာကွယ်မှုများ
- စအိုမှန်ပြောင်းကြည့်ခြင်း (Anoscopy/Sigmoidoscopy) သို့မဟုတ် စအိုဝတွင်း တစ်ရှူးစယူခြင်း (Biopsy) ကဲ့သို့သော ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များအပြီးတွင် ဖြစ်ပေါ်တတ်သော မသက်မသာဖြစ်ခြင်း
တင်ပါးဆုံ ရေနွေးစိမ်ရန် မပြုလုပ်သင့်သော အခြေအနေများ
- ဒဏ်ရာတွင် ပိုးဝင်သည့် လက္ခဏာများ ရှိနေခြင်း
- အနာမှ ပြည်တည်နေခြင်း သို့မဟုတ် အရည်များ ပုံမှန်ထက် ပိုမိုထွက်ရှိနေခြင်း
- ချုပ်ရိုးဒဏ်ရာမှ သွေးထွက်နေခြင်း
- မွေးလမ်းကြောင်း ချဲ့ထားသည့်နေရာ သို့မဟုတ် ခွဲစိတ်ထားသော ဒဏ်ရာများမှ သွေးထွက်နေဆဲ အခြေအနေများ
အကျိုးကျေးဇူးများ
ဤကုထုံးကို စနစ်တကျ အသုံးပြုခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်သည်။
- ဝေဒနာများကို သက်သာလျော့ပါးစေခြင်း
ရေနွေးနွေး၏ အာနိသင်သည် တင်ပါးဆုံဝန်းကျင်ရှိ ကြွက်သားများကို ပြေလျော့စေသည့်အပြင် သွေးလှည့်ပတ်မှုကို ပိုမိုအားကောင်းစေသောကြောင့် နာကျင်ကိုက်ခဲမှုများကို ထိရောက်စွာ သက်သာစေသည်။ - ဒဏ်ရာကို သန့်ရှင်းစင်ကြယ်စေခြင်း
ထိခိုက်လွယ်သော အနာ သို့မဟုတ် ဒဏ်ရာများကို လက်ဖြင့် တိုက်ရိုက်ထိတွေ့ ပွတ်တိုက်ရန် မလိုဘဲ ရေနွေးဖြင့် အန္တရာယ်ကင်းစွာ သန့်စင်ပေးနိုင်သည်။ - တစ်ရှူးများ ပြန်လည်ကျန်းမာလာစေခြင်း
သွေးစီးဆင်းမှု ကောင်းမွန်လာခြင်းသည် ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကို အားပေးကူညီသည့်အတွက် ခွဲစိတ်ဒဏ်ရာနှင့် အနာများကို ပိုမိုမြန်ဆန်စွာ ကျက်စေသည်။
ကြိုတင်သိထားရမည့် အရေးကြီးအချက်များ
- ရေအပူချိန်ကို အမြဲစစ်ဆေးပါ – အရေပြား လောင်ကျွမ်းမှု မဖြစ်စေရန် မိမိ၏ လက်ကောက်ဝတ် သို့မဟုတ် တံတောင်ဆစ်ဖြင့် ရေအပူချိန်ကို ဦးစွာ စမ်းသပ်ရမည်
- ဓာတုပစ္စည်းများ မထည့်ပါနှင့် – ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရေထဲသို့ ဆပ်ပြာရည်များ သို့မဟုတ် တခြား ဓာတုပစ္စည်းများ ထည့်ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ (သန့်ရှင်းသော ရေနွေးစစ်စစ် သို့မဟုတ် ဆရာဝန်ညွှန်ကြားပါက ဆေးအာနိသင်ရှိသော ဆားခါး – Epsom salt အနည်းငယ်သာ ထည့်ရမည်)
ကုသမှုအဆင့်ဆင့်
တင်ပါးဆုံ ရေနွေးစိမ်ခြင်းကို အိမ်သုံး ရေချိုးကန် (bathtub) ၊ အိမ်သာခွက်ပေါ်တွင် တပ်ဆင်ရသော Sitz bath kit သို့မဟုတ် မိမိတင်ပါးနှင့် အံဝင်ခွင်ကျဖြစ်သော ဇလုံတစ်ခုခုကို အသုံးပြု၍ လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။
- အဆင့် (၁) ပြင်ဆင်ခြင်းနှင့် ရေဖြည့်ခြင်း
- ကုသမှု မစတင်မီ အသုံးပြုမည့် ရေချိုးကန် သို့မဟုတ် ဇလုံကို သေချာစွာ ဆေးကြောသန့်စင်ပါ
- ဇလုံ သို့မဟုတ် ရေချိုးကန်အတွင်းသို့ တင်ပါးဆုံတစ်ခုလုံးကို လုံလောက်စွာ မြုပ်နိုင်မည့် ရေပမာဏ ၃လက်မ မှ ၄လက်မခန့်အထိ ရေဖြည့်ပါ၊ အသုံးပြုမည့် ရေအပူချိန်ကို ၃၇ဒီဂရီ မှ ၄၀ဒီဂရီစင်တီဂရိတ်ခန့်တွင်သာ ရှိစေရန် ဂရုပြုရမည်ဖြစ်ပြီး၊ အပူချိန်ကို အတိအကျ မသိရှိနိုင်ပါက အရေပြား လောင်ကျွမ်းမှု မဖြစ်စေရန် မိမိ၏ တံတောင်ဆစ် သို့မဟုတ် လက်ကောက်ဝတ်ဖြင့် အပူချိန်ကို စမ်းသပ်ကာ ထိတွေ့ရုံမျှ နွေးသော အခြေအနေဖြစ်အောင် သေချာစွာ ညှိယူရမည်
- ဆရာဝန်ညွှန်ကြားပါက ဆားခါး (Epsom salt) ထည့်၍စိမ်ပါ
- အဆင့် (၂) စနစ်တကျ ထိုင်၍ စိမ်ခြင်း
- ဝေဒနာခံစားနေရသော နေရာနှင့် ဆီးစပ်ဝန်းကျင်တစ်ခုလုံး ရေနွေးနွေးထဲသို့ လုံလောက်စွာ နစ်ဝင်သွားစေရန် ဖြည်းညှင်းစွာ ထိုင်ချပါ၊ ရေနွေးနှင့် တင်ပါးဆုံတစ်ဝိုက် ထိထိရောက်ရောက် ထိတွေ့နိုင်စေရန် ဒူးကို ကွေး၍ ထိုင်ချပါ၊ သို့မဟုတ် အဆင်ပြေပါက ရေချိုးကန်၏ ဘောင်ပေါ်သို့ ခြေတင်ထားနိုင်သည်
- ထိရောက်သော ကုသမှုရရှိရန် အနည်းဆုံး ၁၅မိနစ် မှ ၂၀မိနစ်ခန့်အထိ ကြာအောင် စိမ်ပေးရမည်
- အဆင့် (၃) ဒဏ်ရာကို အခြောက်ခံခြင်း
- ရေစိမ်ပြီးနောက် ဒဏ်ရာကို မပွတ်တိုက်ဘဲ နူးညံ့သော သုတ်ပဝါဖြင့် ဖွဖွချင်း ဖိ၍ သုတ်ပေးပါ၊ ဆံပင်မှုတ်စက် (Hair dryer) ၏ အေးသောလေ (Cool setting) ကို အသုံးပြု၍လည်း အခြောက်ခံနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တင်ပါးဆုံ ရေနွေးစိမ်ခြင်း (Sitz bath) သည် များသောအားဖြင့် ဘေးကင်းစိတ်ချရသော ကုသမှုဖြစ်သော်လည်း မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- ပိုးဝင်ခြင်း (Infection) – စိမ်မည့် အသုံးအဆောင်များ သန့်ရှင်းမှု မရှိခြင်း သို့မဟုတ် အနာကို ခြောက်သွေ့အောင် သေချာစွာ မလုပ်ဆောင်ပါက ဘက်တီးရီးယားများကြောင့် ဒဏ်ရာ ပိုးဝင်နိုင်ခြေရှိသည်
- အရေပြားလောင်ကျွမ်းခြင်း – အသုံးပြုသည့် ရေအပူချိန် မြင့်မားလွန်းပါက ထိခိုက်လွယ်သော အရေပြားကို လောင်စေနိုင်ပြီး ရောင်ရမ်းမှုများကို ပိုမိုဆိုးရွားစေနိုင်သည်
- မူးဝေခြင်း (Dizziness) – ရေနွေး၏ အာနိသင်ကြောင့် သွေးကြောများ ကျယ်လာပြီး စိမ်ပြီးနောက် ရုတ်တရက် ထရပ်လိုက်ပါက သွေးဖိအား ရုတ်တရက်ကျကာ ခေါင်းမူး၍ လဲကျနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ဖြည်းညှင်းစွာ ထရပ်ပါ – ရေစိမ်ခြင်းအပြီးတွင် ရုတ်တရက် ထရပ်ခြင်းကြောင့် ခေါင်းမူးဝေခြင်း သို့မဟုတ် လဲကျခြင်းတို့ မဖြစ်စေရန် သတိပြု၍ ဖြည်းဖြည်းချင်းသာ မတ်တပ်ရပ်ပါ
- ခြောက်သွေ့မှုရှိစေရန် ဂရုပြုပါ – စိုစွတ်မှုရှိနေပါက ဘက်တီးရီးယားနှင့် မှိုပိုးများ ပေါက်ပွားနိုင်သဖြင့် ကုသမှုအပြီးတွင် ထိုနေရာကို လုံးဝခြောက်သွေ့သွားအောင် သေချာစွာ လုပ်ဆောင်ပေးရန် လိုအပ်သည်
- သန့်ရှင်းစင်ကြယ်အောင် ထားပါ – ရောဂါပိုးမွှားများ ကင်းစင်စေရန်အတွက် အသုံးပြုထားသော ဇလုံ၊ ရေချိုးကန် သို့မဟုတ် အသုံးအဆောင်များကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောပြီး ခြောက်သွေ့အောင် သိမ်းဆည်းပါ
- ဆေးကုသမှု အမြန်ခံယူရန် – ဝေဒနာပိုမိုပြင်းထန်လာခြင်း၊ အနာမှပြည်တည်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း၊ ဖျားနာခြင်းနှင့် သွေးထွက်လွန်ခြင်းများ ဖြစ်ပေါ်လာပါက တင်ပါးဆုံ ရေနွေးစိမ်ခြင်းကို ရပ်တန့်၍ မိသားစု ဆရာဝန်နှင့် အရေးပေါ် တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ရမည်၊ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်
References:
- Cleveland Clinic. (n.d.). Sitz bath. Retrieved June 5, 2026, from https://my.clevelandclinic.org/health/treatments/24137-sitz-bath
- WebMD. (n.d.). Sitz bath: Uses, benefits, and how to take one. Retrieved June 5, 2026, from https://www.webmd.com/digestive-disorders/sitz-bath
- Healthline. (n.d.). Sitz bath: Benefits, how to use one, and more. Retrieved June 5, 2026, from https://www.healthline.com/health/sitz-bath#summary
Published: 20 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.