သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွက် အစာအာဟာရပေးခြင်း (Parenteral nutrition) ဆိုသည်မှာ အစာအိမ်အူလမ်းကြောင်း၏ အစာခြေစနစ်ကို အသုံးမပြုဘဲ သွေးကြောဆေးသွင်းပိုက် (IV catheter) မှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အစာအာဟာရများကို တိုက်ရိုက်ပေးပို့ခြင်း ဖြစ်သည်။ အစာအိမ်အူလမ်းကြောင်း၏ အစာခြေစနစ် ကောင်းစွာ အလုပ်မလုပ်ခြင်း သို့မဟုတ် အစာအိမ်အူလမ်းကြောင်းကို အနားပေးရန် လိုအပ်သော လူနာများအတွက် ယာယီ သို့မဟုတ် ရေရှည် အသုံးပြုကြသည်။
Parental Nutrition ၏ အဓိကအမျိုးအစား (၂) မျိုး
- သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ တစ်စိတ်တစ်ပိုင်းပေးခြင်း (Partial Parenteral Nutrition)
လူနာသည် ပါးစပ်မှ အစားအစာ ပုံမှန်စားနေသော်လည်း လုံလောက်သော အာဟာရများ မရရှိနိုင်သော အခြေအနေများတွင် လိုအပ်သည့် ကယ်လိုရီနှင့် ဗီတာမင်၊ သတ္တုဓာတ်များကို သွေးကြောပိုက်မှတစ်ဆင့် တစ်စိတ်တစ်ပိုင်း ထပ်မံဖြည့်စွက်ပေးခြင်းဖြစ်သည်။ - သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ အပြည့်အဝပေးခြင်း (Total Parenteral Nutrition)
အစာအိမ်အူလမ်းကြောင်း အစာခြေစနစ်ကို လုံးဝအသုံးမပြုနိုင်သော လူနာများအတွက် လူတစ်ဦးပုံမှန်လိုအပ်သည့် အာဟာရဓာတ်အားလုံးကို သွေးကြောမှတစ်ဆင့် ဖြည့်သွင်းပေးခြင်းဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် အစာအာဟာရများကို ခြေဖျက်ခြင်း၊ စုပ်ယူခြင်း မပြုလုပ်နိုင်သော အခြေအနေများ သို့မဟုတ် ခွဲစိတ်မှု ပြုလုပ်ရခြင်းကြောင့် အနာကျက်စေရန် အစာအိမ်အူလမ်းကြောင်းကို ခေတ္တအနားပေးရသော အခြေအနေများတွင် TPN လိုအပ်နိုင်သည်။
လူနာအတွက် အသင့်တော်ဆုံး ပိုက်အမျိုးအစားကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပေးမည်ဖြစ်သည်။
Parenteral Nutrition ၏ အဓိကအကျိုးကျေးဇူးများ
သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွက် အစာအာဟာရပေးခြင်း (Parenteral nutrition) ၏ အဓိကအားသာချက်မှာ ပြင်းထန်သော ဖျားနာမှု သို့မဟုတ် ခွဲစိတ်မှုများအပြီးတွင် အစာခြေစနစ်ကို ပြန်လည်သက်သာ ကောင်းမွန်လာစေရန် လုံးဝအနားပေးခွင့် ရရှိစေခြင်းဖြစ်သည်။
- အသက်ကယ်နိုင်သော ကုထုံးဖြစ်ခြင်း – အူလမ်းကြောင်း အစာခြေစနစ် ရာသက်ပန်ချို့ယွင်းနေသူများ သို့မဟုတ် ပုံမှန်အတိုင်း အစာမစားနိုင်သေးသော လမစေ့ဘဲ စောစီးစွာမွေးဖွားလာသည့် မကျန်းမာသော မွေးကင်းစကလေးငယ်များအတွက် သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ အပြည့်အဝပေးခြင်း (Total parenteral nutrition) သည် အသက်ကယ်တင်ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်
- မရှိမဖြစ်လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးခြင်း – အာဟာရပြည့်ဝအောင် ကိုယ်ခန္ဓာမှ အစားအစာကို လုံလောက်စွာ မစားသုံးနိုင်သည့်အချိန်တွင် လိုအပ်သော အာဟာရဓာတ်များစွာကို ထောက်ပံ့ပေးနိုင်သည်
- အကောင်းဆုံး ရွေးချယ်မှုဖြစ်ခြင်း – ရေရှည်ဆေးရုံတက်နေရသော လူနာများအတွက် အထူးသဖြင့် အစာစားရန် ခက်ခဲခြင်း သို့မဟုတ် Enteral nutrition ကို မခံနိုင်သော သက်ကြီးရွယ်အိုလူနာများတွင် သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ တစ်စိတ်တစ်ပိုင်းပေးခြင်း (Partial Parenteral Nutrition – PPN) သည် ၎င်းတို့၏ ခန္ဓာကိုယ်မှ အခြားသောဝေဒနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အရေးပါသော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်
- နောက်ဆက်တွဲပြဿနာများစွာကို ကာကွယ်ပေးခြင်း – လုံလောက်သော အာဟာရဓာတ် မရရှိသောလူနာများတွင် တွေ့ရသော အာဟာရအလွန်အမင်း ချို့တဲ့ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးနိုင်ခြင်းစသည့် ဆိုးရွားသော အခြေအနေများကို ကာကွယ်ပေးနိုင်သည်
- ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ကောင်းမွန်စေခြင်း – Parenteral nutrition သည် ခန္ဓာကိုယ်၏ ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များ ပုံမှန်လည်ပတ်နိုင်ရန်နှင့် တစ်ကိုယ်လုံး ကျန်းမာကြံ့ခိုင်စေရန် လိုအပ်သော အာဟာရဓာတ်များကို ပေးစွမ်းသည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
Parenteral Nutrition ကို မွေးကင်းစကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုများအထိ အသက်အရွယ်မရွေး ရွေးချယ်ပေးနိုင်သည်။ ဆေးရုံတွင်သာမက အချို့လူနာများသည် မိမိအိမ်တွင်လည်း အစာအာဟာရ ထည့်ပေးခြင်းဖြင့် ဆက်လက်ကုသမှု ခံယူနိုင်သည်။ ထည့်ရသည့် အစာအာဟာရအစိတ်အပိုင်းပေါ် မူတည်၍ အမျိုးအစား (၂) မျိုးရှိသည်။
သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ တစ်စိတ်တစ်ပိုင်းပေးခြင်း (Partial Parenteral Nutrition) အသုံးပြုရန် လိုအပ်သည့် အခြေအနေများ
Partial Parenteral Nutrition ကို အများအားဖြင့် ခန္ဓာကိုယ်အတွက် ကယ်လိုရီပမာဏ ချက်ချင်းတိုးမြှင့်ရန် လိုအပ်နေသူများတွင် ခေတ္တခဏ အသုံးပြုလေ့ရှိသည်။ အစာပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရပေးခြင်း (Enteral feeding) သို့မဟုတ် ပါးစပ်မှ ပုံမှန်အတိုင်း ပြန်လည်အစာစားခြင်း (Oral feeding) စသည့် ရေရှည်အသုံးပြုမည့် နည်းလမ်းများသို့ မကူးပြောင်းမီ တွဲဖက်အသုံးပြုသော နည်းလမ်းဖြစ်သည်။ အကြောင်းရင်းအမျိုးမျိုးကြောင့် အာဟာရချို့တဲ့နေသော ရေရှည်ဆေးရုံတက်နေရသည့်လူနာများတွင် အသုံးများသည်။
သွေးကြောပိုက်မှတစ်ဆင့် အစာအာဟာရ အပြည့်အဝပေးခြင်း (Total Parenteral Nutrition/ TPN) အသုံးပြုရန် လိုအပ်သည့် အခြေအနေများ
- အစာအိမ်အူလမ်းကြောင်း၏ အစာခြေစနစ် ကောင်းစွာ အလုပ်မလုပ်ခြင်း သို့မဟုတ်
- အကြောင်းရင်းခံ ရောဂါတစ်ခုခုကြောင့် အစာအိမ်အူလမ်းကြောင်းကို လုံးဝအနားပေးရန် လိုအပ်ခြင်း သို့မဟုတ်
- အစာပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရပေးခြင်း (Enteral feeding) ကို ပြုလုပ်သော်လည်း အကျိုးမရှိသော၊ အဆင်မပြေသော လူနာများအတွက် အဓိကအသုံးပြုကြသည်
TPN လိုအပ်နိုင်သော ရောဂါအခြေအနေအချို့မှာ_
- ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါကြောင့် ဝမ်းဗိုက်ပိုင်းခွဲစိတ်မှု ပြုလုပ်ထားခြင်း (Abdominal surgery)
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- အူလမ်းကြောင်းသို့ သွေးစီးဆင်းရောက်ရှိမှု နည်းခြင်း (Intestinal ischemia)
- အူသိမ် သို့မဟုတ် အူမကြီး တစ်နေရာရာတွင် ပိတ်ဆို့နေခြင်း (Small or large intestinal obstructions)
- နာတာရှည် အူလမ်းကြောင်း လှုပ်ရှားမှုရပ်ဆိုင်းခြင်း (Prolonged ileus)
- အစာခြေလမ်းကြောင်းအတွင်း သွေးယိုစီးခြင်း (Gastrointestinal bleeding)
- ဓာတ်ရောင်ခြည်ကုထုံးကြောင့် အူလမ်းကြောင်း ရောင်ရမ်းခြင်း (Radiation enteritis)
- လမစေ့ဘဲ အလွန်အမင်းစော၍ ကလေးမွေးဖွားခြင်း (Extremely premature birth)
- မွေးကင်းစကလေးများတွင် တွေ့ရသော အူနံရံပုပ်သည့်ရောဂါ (Necrotizing enterocolitis – NEC)
- ကာလရှည်ကြာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း (Prolonged diarrhoea)
- နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel diseases)
- အူသိမ် အစိတ်အပိုင်းများ ပျောက်နေခြင်း သို့မဟုတ် လုပ်ဆောင်ချက်ပျက်စီးခြင်းကြောင့် အာဟာရစုပ်ယူမှု ထိခိုက်သောရောဂါစု (Short bowel syndrome)
- ရိုးတွင်းခြင်ဆီ အစားထိုးထားသော လူနာများတွင် အစားထိုးထားသော ဆဲလ်များမှ အစာအိမ်အူလမ်းကြောင်းကို ပြန်လည်တိုက်ခိုက်သောရောဂါ (Graft-versus-host disease of the gut) စသည်တို့ဖြစ်သည်။
Parenteral Nutrition မပြုလုပ်သင့်သည့် အခြေအနေများ (Contraindications)
Parenteral Nutrition သည် အစာအိမ်အူလမ်းကြောင်းမှတစ်ဆင့် အာဟာရ မရရှိနိုင်သောသူများအတွက် အလွန်အရေးပါသော နည်းလမ်းဖြစ်သော်လည်း၊ ဤအာဟာရထောက်ပံ့မှုနည်းလမ်းကို အခြေအနေတိုင်းအတွက် အသုံးပြုရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် TPN မပေးသင့်ကြောင်း သတ်မှတ်ထားသည့် ဆေးဘက်ဆိုင်ရာ အခြေအနေအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
လုံးဝရှောင်ကြဉ်ရမည့် အခြေအနေများ (Absolute contraindications)
- အစာခြေစနစ် ပုံမှန်အလုပ်လုပ်နိုင်ခြင်း (Functional GI Tract) – လူနာ၏ အစာအိမ်အူလမ်းကြောင်းသည် ကောင်းမွန်စွာ အလုပ်လုပ်နေပြီး၊ အာဟာရများကို ခြေဖျက်စုပ်ယူနိုင်စွမ်းရှိပါက နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်မှတစ်ဆင့် အာဟာရကျွေးခြင်း (Enteral feeding) ကိုသာ ပိုမိုဦးစားပေးသင့်သည်
- အာဟာရချို့တဲ့ခြင်း မရှိသော လူနာတွင် ကာလတိုအတွက်သာဖြစ်ခြင်း (Short-Term Use – Well-Nourished) – အာဟာရချို့တဲ့ခြင်းမရှိသော လူနာတစ်ဦးအတွက် (၇ – ၁၀) ရက်အတွင်း ယာယီအစာဖြတ်ရနိုင်ခြေရှိပါက TPN ပေးရန် မလိုအပ်ပါ
- နောက်ဆုံးအဆင့် ရောဂါဝေဒနာရှင် သို့မဟုတ် ကုသ၍မရနိုင်တော့ခြင်း (Terminal Illness / No Therapeutic Goal) – လူနာသည် အသက် သေဆုံးရန် သေချာသလောက်ဖြစ်နေသော သို့မဟုတ် အချိန်ပိုင်းသာလိုတော့သော အခြေအနေများတွင် အသက်ကို ဆွဲဆန့်ထားရုံ ရည်ရွယ်ချက်ဖြင့် TPN ကို အသုံးမပြုသင့်ပါ
- ဦးနှောက်ထိခိုက်ခြင်းကြောင့် ပြန်လည်ကောင်းမွန်နိုင်စွမ်း မရှိတော့ခြင်း (Irreversible Brain Damage) – ဥပမာအားဖြင့် ပြန်လည်သတိရလာနိုင်ခြေ လုံးဝမရှိတော့သော ဦးနှောက်သေဆုံးသည့် အခြေအနေမျိုး (ဥပမာ – Irreversible decerebrate states) ဖြစ်သည်၊ ပြင်းထန်သော ဦးနှောက်အာရုံကြော ရောဂါအခြေအနေများတွင် တွေရတတ်သည့် လူနာ၏ ခြေလက်များအားလုံး တောင့်တင်းဆန့်ထွက်နေသည့် အာရုံကြောဆိုင်ရာ အခြေအနေတစ်ခု (Decerebrate posturing) ဖြစ်ပြီး၊ ပြန်လည်ကောင်းမွန်လာနိုင်ခြေ အလွန်နည်းသောကြောင့် TPN ပေးခြင်းသည် အကျိုးမရှိနိုင်ပါ
- မွေးကင်းစကလေးငယ်များတွင် အူသိမ် ၈ စင်တီမီတာ (8 cm) အောက် လျော့နည်းနေခြင်း (Infants with less than 8 cm of Small Bowel) – အူသိမ်အလျား ၈ စင်တီမီတာထက် နည်းသော မွေးကင်းစကလေးများတွင် သွေးကြောထဲသို့ TPN တစ်မျိုးတည်းကို တောက်လျှောက်ပေးပါက ကလေး၏ အူသိမ်အစိတ်အပိုင်းလေးသည် လုံးဝအလုပ်မလုပ်ရတော့သဖြင့် ပိုမိုပျက်စီးသွားနိုင်သည်၊ ထို့ကြောင့် အဆိုပါမွေးကင်းစကလေးများတွင် အစာပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရပေးခြင်း (Enteral feeding) သည် ပိုမိုဘေးကင်းထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး အူသိမ်လမ်းကြောင်းကိုလည်း ပိုမိုအလုပ်လုပ်လာစေရန် လှုံ့ဆော်ပေးနိုင်သည်
သတိပြုရှောင်ကြဉ်ရမည့်အချက်များ (Relative contraindications)
ဤအခြေအနေများသည် TPN ပေးရန် အန္တရာယ်များခြင်း၊ အထူးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ခြင်း သို့မဟုတ် လူနာ၏အခြေအနေ တည်ငြိမ်လာသည်အထိ TPN ပေးခြင်းကို ရွှေ့ဆိုင်းထားရမည့် အခြေအနေများဖြစ်သည်။
- ကိုယ်ခန္ဓာအတွင်းရှိ ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ဓာတ်ဆားဓာတ်များ မတည်ငြိမ်ခြင်း (Metabolic or Electrolyte Instability) – ပြင်းထန်သော အခြေအနေများ (ဥပမာ – သွေးတွင်းသကြားဓာတ် အလွန်မြင့်မားခြင်း၊ သွေးတွင်း ယူရီးယားဓာတ်များခြင်း (Uremia) သို့မဟုတ် ခန္ဓာကိုယ်တွင်း ရေဓာတ်အလွန်အကျွံများခြင်း) ရှိနေခြင်း၊ Refeeding Syndrome (အစာပြန်ကျွေးချိန်တွင် ဖြစ်တတ်သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာ) ကို ကာကွယ်ရန် TPN မစတင်မီ ယင်းအခြေအနေများကို ဦးစွာကုသထားရမည်။
- ပြင်းထန်သော နှလုံးနှင့် သွေးကြောဆိုင်ရာ မတည်ငြိမ်မှုများ (Severe Cardiovascular Instability) – သွေးလှည့်ပတ်မှု မတည်ငြိမ်ခြင်း သို့မဟုတ် ရှော့ခ် (Shock) ရနေသည့် အခြေအနေများတွင် TPN ပေးခြင်းသည် နဂိုရှိရင်းစွဲ ရောဂါအခြေအနေများကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ထိုအခြေအနေများကို ကုသဖြေရှင်း၍ တည်ငြိမ်သွားသည်အထိ TPN ပေးခြင်းကို ရွှေ့ဆိုင်းထားရန်လိုသည်။
- သွေးကြောလမ်းကြောင်း မလုံခြုံခြင်း (Unsafe Vascular Access) – စိတ်ချစွာ အသုံးပြုနိုင်သော ပင်မသွေးကြော ဆေးသွင်းပိုက်ထည့်ရန် လမ်းကြောင်းမရှိခြင်း (Central venous access) မရှိခြင်း သို့မဟုတ် ပိုးဝင်နိုင်ခြေ အလွန်မြင့်မားနေခြင်းဖြစ်သည်။
- ပြင်းထန်သော အသည်း သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်း (Severe Liver or Renal Failure) – ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေခြင်းကြောင့် အချို့သောအာဟာရဓာတ်များကို ခန္ဓာကိုယ်မှ မဖယ်ရှားနိုင်တော့ပါ။ ထို့ကြောင့် TPN ကို ကောင်းစွာ လက်မခံနိုင်သောကြောင့် အဆိုပါလူနာများအတွက် သီးသန့်ဖော်စပ်ထားသော ဆေးညွှန်းများ လိုအပ်သည်။ ဥပမာအားဖြင့် အသည်းရောဂါတွင် မဂ္ဂနိစ်နှင့် ကြေးနီဓာတ်များကို ကန့်သတ်ခြင်း သို့မဟုတ် ကျောက်ကပ်ပျက်စီးချိန်တွင် အချို့သောသတ္တုဓာတ်များကို ကန့်သတ်ခြင်း စသည်တို့ဖြစ်သည်။
- ပြင်းထန်သော သွေးခဲစနစ်ဆိုင်ရာရောဂါများ (Severe Coagulopathies) – သွေးမတိတ်သော ရောဂါအခံများရှိနေပါက ပင်မသွေးကြော ဆေးသွင်းပိုက် (Central venous catheter) ကို ဘေးကင်းစွာ ထည့်သွင်းရန် အခက်အခဲ ရှိနိုင်သည်
- သွေးဆိပ်တက်ခြင်း (Active Sepsis) – သွေးဆိပ်တက်ခြင်းသည် ပိုးဝင်ခြင်းအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသည်အထိ ဖြစ်စေနိုင်သော အသက်အန္တရာယ်ရှိသည့် အခြေအနေတစ်ခုဖြစ်သည်။ TPN သည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည့် အန္တရာယ်ရှိသောကြောင့် လက်ရှိတွင် ပြင်းထန်သော သွေးဆိပ်တက်လူနာများကို TPN မပေးသင့်ပါ။
- သွေးတွင်း အဆီဓာတ် အလွန်မြင့်မားခြင်း သို့မဟုတ် အဆီနှင့် မတည့်ခြင်း (Severe Hypertriglyceridemia / Lipid Allergies) – ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အဆီဓာတ်များ ချို့တဲ့ခြင်း (Essential fatty acid deficiency) ကို ကာကွယ်ရန် ပုံမှန်အားဖြင့် TPN နှင့်အတူ အဆီဓာတ်ကို တွဲဖက်ပေးရလေ့ရှိသည်။ သို့ရာတွင် သွေးတွင်းအဆီဓာတ်မြင့်မားနေသော လူနာများနှင့် အဆီဓာတ်များနှင့် ဓာတ်မတည့်သော လူနာများတွင် TPN တွင် အဓိကပါဝင်လေ့ရှိသော အဆီပျော်ရည်များ (Lipid emulsions) ကို အသုံးမပြုသင့်ဘဲ သီးသန့်ဖော်စပ်သော ဆေးညွှန်းများ လိုအပ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
Parenteral nutrition (သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်း) ပေးရန် ဆုံးဖြတ်ပြီးပါက လူနာ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူထားသောအဖွဲ့သည် ကျန်းမာရေးရာဇဝင်၊ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) နှင့် သွေးစစ်ဆေးချက်ရလဒ်များအပေါ် မူတည်၍ လူနာအတွက်လိုအပ်မည့် အာဟာရပမာဏနှင့် မည်သည့်ပိုက်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာလမ်းညွှန်ချက်များအရ ဆရာဝန်များ၊ သူနာပြုများ၊ အာဟာရပညာရှင်များနှင့် ဆေးဝါးကျွမ်းကျင်သူများ စုပေါင်း၍ လူနာအတွက် အာဟာရဖော်မြူလာကို ပူးပေါင်းရေးဆွဲကြသည်။
သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် အစာအာဟာရပေးရန် ကျွမ်းကျင်ပညာရှင်တစ်ဦးမှ အာဟာရဖော်မြူလာကို ၂၄ နာရီစာသွင်းရမည့် ပမာဏအဖြစ် ပြင်ဆင်ပေးမည်ဖြစ်ပြီး၊ ၎င်းတို့ကို မသုံးစွဲမီရက်အထိ ရေခဲသေတ္တာထဲတွင် အအေးခံထားရမည်ဖြစ်ကာ ၇ ရက်အထိ သိမ်းဆည်းထားနိုင်သည်။ ရေခဲသေတ္တာထဲမှ ထုတ်ယူထားသော အာဟာရဖော်မြူလာများကို အခန်းအပူချိန်အတိုင်း ဖြစ်သွားစေရန် မသုံးစွဲမီ နာရီအနည်းငယ်ကြိုတင်၍ အပြင်ထုတ်ထားရမည်။
သွေးကြောသွင်းပိုက်တပ်ဆင်ခြင်းနှင့် အစာထည့်ရန် ပြုစုစောင့်ရှောက်ခြင်းအဆင့်ဆင့်
အစာအာဟာရများထည့်ပေးနိုင်သော သွေးကြောပိုက် (IV Catheter) အမျိုးအစားများ
- လက်ဖျံ သို့မဟုတ် လက်ဖမိုးရှိ သွေးပြန်ကြောငယ်များအတွင်း ထည့်သွင်းသည့်သွေးကြောပိုက် (Peripheral IV catheter) – လက်ဖျံ သို့မဟုတ် လက်ဖမိုးရှိ သေးငယ်သော သွေးပြန်ကြောလေးများ သို့မဟုတ် ခြေထောက်နှင့် လည်ပင်းရှိ သွေးပြန်ကြောများအတွင်းသို့ သွေးကြောပိုက် ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းလမ်းကို Peripheral parenteral nutrition (PPN) ဟုခေါ်ပြီး သွေးကြောရှာရသည်မှာ ပိုမိုလွယ်ကူမြန်ဆန်သော်လည်း ကာလတိုအတွင်း ယာယီ အာဟာရပေးရန်အတွက်သာ အသုံးပြုလေ့ရှိသည်။
- ပင်မသွေးပြန်ကြောကြီးအတွင်း ထည့်သွင်းသည့်သွေးကြောပိုက် (Central IV catheter or Central Venous Catheter) – နှလုံးအနီးရှိ ညှပ်ရိုးနှင့် ရင်ညွန့်ရိုးအောက်တွင်ရှိသော သွေးစီးဆင်းမှု အားကောင်းသည့် သွေးပြန်ကြောမကြီး (Superior Vena Cava) အတွင်းသို့ သွေးကြောပိုက် ထည့်သွင်းခြင်းဖြစ်သည်။ ထိုပိုက်လိုင်း၏ ထိပ်ဖျားသည် နှလုံးနှင့်အလွန်နီးကပ်သောနေရာတွင်ရှိသည်။ အာဟာရပျော်ရည်ကို ကယ်လိုရီများများနှင့် ပမာဏများများပေးရန် လိုအပ်သည့်အခါ သို့မဟုတ် အချိန်ကြာမြင့်စွာပေးရန် လိုအပ်သည့်အခါတွင် ဤနည်းလမ်းကို ပိုမိုဦးစားပေး အသုံးပြုလေ့ရှိပြီး Central parenteral nutrition (CPN) ဟုခေါ်သည်။
သွေးကြောပိုက် (IV Catheter) ထည့်ပုံအဆင့်ဆင့်
- သွေးကြောပိုက်ထည့်ရန်အတွက် ရှေးဦးစွာ သက်ဆိုင်ရာဆရာဝန်မှ လူနာ၏ ညှပ်ရိုးအနီး အရေပြားပေါ်တွင် ခွဲစိတ်ဓားဖြင့် အပေါက်ဖောက်ပေးမည်
- အရေပြားနေရာကို သန့်စင်ပိုးသတ်ပေးမည်ဖြစ်ပြီး၊ နာကျင်မှုကို သက်သာစေရန်နှင့် လူနာစိတ်လှုပ်ရှားမှု သက်သာစေရန် ထုံဆေး သို့မဟုတ် မေ့ဆေး အသုံးပြုမည်ဖြစ်သည်
- ထို့နောက် အရေပြားရှိ အပေါက်တစ်ပေါက်မှတစ်ဆင့် သွေးပြန်ကြောထဲသို့ လမ်းပြကြိုး (Guidewire) ပါသော အပ်တစ်ချောင်းကို စတင်ထည့်သွင်းမည်ဖြစ်သည်
- ထို့နောက် အပ်ကို ပြန်ထုတ်ကာ လမ်းပြကြိုးပေါ်မှတစ်ဆင့် ဆေးသွင်းမည့် သွေးကြောပိုက်ပြွန်ကို သွေးပြန်ကြောမကြီး (Superior Vena Cava) တစ်လျှောက် ထည့်သွင်းသွားပြီး နှလုံး၏ အနီးဆုံးနေရာသို့ ရောက်အောင်ထားမည်ဖြစ်သည်၊ ထို့နောက် လမ်းပြကြိုးကို ပြန်လည်ဖယ်ရှားမည်
- သွေးကြောပိုက် နေရာတကျ ရောက်ရှိခြင်း ရှိမရှိကို သိရှိရန် အာထရာဆောင်း (Ultrasound) ဖြင့် လမ်းကြောင်း စစ်ဆေးနိုင်ပြီး ပိုက်ထည့်သွင်းပြီးနောက်တွင်လည်း နေရာမှန်မမှန် သေချာစေရန် ဓာတ်မှန် (X-ray) ရိုက်၍ အတည်ပြုနိုင်သည်။
အသုံးပြုနိုင်သည့် သွေးကြောဆေးသွင်းပိုက် အမျိုးအစားများစွာရှိသည်။
- အရေပြားအောက်လမ်းကြောင်းရှိပြီး ပြင်ပသို့ တစ်စိတ်တစ်ပိုင်း ထုတ်ထားသောပိုက် (Tunneled Central Venous Catheter)
- အရေပြားအောက်လမ်းကြောင်း မရှိသောပိုက် (Non-tunneled Central Venous Catheter)
- အရေပြားအောက် အားလုံးမြှုပ်ထားသောပိုက် (Fully implanted catheter or implantable port or Port-a-Cath)
- လက်မောင်းသွေးကြောမှတစ်ဆင့် နှလုံးအနီးထိ ရောက်ရှိအောင် ထည့်သောပိုက် (Peripherally Inserted Central Catheter or PICC) – Parenteral nutrition ကို (၆) ပတ်အောက်သာ လိုအပ်သည့်အခါတွင် PICC ကို အသုံးပြုနိုင်သည်။
သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်း (Parenteral nutrition) အတွက် ပါဝင်ပစ္စည်းများ
Parenteral nutrition ဖော်မြူလာသည် အာဟာရတန်ဖိုးများ ပုံသေသတ်မှတ်၍ ထုတ်လုပ်ထားသော အသင့်အသုံးပြုနိုင်သည့် ဓာတုဖော်မြူလာအမျိုးအစားဖြစ်ပြီး၊ လူနာအတွက် ခန္ဓာကိုယ် လိုအပ်ချက်ပေါ် မူတည်ပြီး စိတ်ကြိုက်ပြုပြင်ပြင်ဆင်နိုင်သည်။ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် (၆) မျိုး (ရေ၊ ကာဗိုဟိုက်ဒရိတ် ကစီဓာတ်၊ ပရိုတင်းအသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ) အဓိကပါဝင်သည်။ Parenteral nutrition ပေးနေစဥ် ကာလတစ်လျှောက်တွင်လည်း လူနာ၏ သွေးစစ်ဆေးချက် အဖြေရလဒ်များပေါ် မူတည်၍ ဖော်မြူလာကို သီးသန့်ပြုပြင်ခြင်းလည်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် Parenteral nutrition သည် ပါးစပ်မှ ပုံမှန်စားသောက်ခြင်းနည်းလမ်းကို အစားထိုးနိုင်သည်အထိ ပြီးပြည့်စုံပြီး လိုအပ်ပါက ဘဝသက်တမ်းတစ်လျှောက်လုံးအတွက်ပင် အသုံးပြုနိုင်သည်။
သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွက် အစာအာဟာရပေးခြင်း လုပ်ဆောင်ပုံ
သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် အာဟာရပေးခြင်း (Parenteral Nutrition) ကုထုံးကို ဆေးရုံ၊ ရေရှည်စောင့်ရှောက်ရေးဂေဟာ သို့မဟုတ် လူနာ၏ နေအိမ်တွင်ပါ စနစ်တကျ ပြုလုပ်နိုင်သည်။ သွေးကြောပိုက်သည် နှလုံးနှင့် အလွန်နီးကပ်သော နေရာတွင် တည်ရှိနေသဖြင့် ပြင်ပမှ ရောဂါပိုးမွှားများ သွေးထဲသို့ တိုက်ရိုက်ဝင်ရောက်မည့် အန္တရာယ်ကို တင်းကျပ်စွာ ကာကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဤကုသမှုကို ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်သူများနှင့် လူနာရှင်များသည် အာဟာရဖော်မြူလာအရည်၊ သွေးကြောသွင်းပိုက်များနှင့် ဆေးသွင်းပြွန်များကို ချိတ်ဆက်ကိုင်တွယ်ရာတွင် လုံးဝပိုးမွှားကင်းစင်သော စနစ် (Aseptic Conditions) ကို မပျက်မကွက် ကျင့်သုံးရမည်။
ပြင်ဆင်ချိတ်ဆက်ပုံအဆင့်ဆင့်
- ရှေးဦးစွာ ပေးရမည့် အာဟာရဖော်မြူလာ အရည်အိတ်ကို ဆေးသွင်းပြွန် (Drip set)၊ ဆေးသွင်းစက် (Infusion pump) တို့နှင့် စနစ်တကျ ကြိုတင်ချိတ်ဆက် ပြင်ဆင်ရမည်
- အရေပြားပြင်ပသို့ တစ်စိတ်တစ်ပိုင်း ထုတ်ထားသောပိုက် (External Catheter) ရှိလျှင် – ဆေးသွင်းပြွန်နှင့် ပြင်ပပိုက်ကို တိုက်ရိုက် ချိတ်ဆက်ပေးနိုင်သည်
- အရေပြားအောက်တွင် အားလုံးမြှုပ်ထားသောပိုက် (Port-a-Cath) ရှိလျှင် – အာဟာရဖော်မြူလာ အရည်အိတ်ကို အရေပြားအောက်ရှိ မြှုပ်ထားသော ခလုတ် (Port) ထဲသို့ စိုက်ရမည့် အထူးအပ် (Huber needle) နှင့် ချိတ်ဆက်ထားသော ဆေးသွင်းပြွန်တွင် အဆင့်ဆင့် တပ်ဆင်အသုံးပြုရမည်။
အာဟာရရည် ပမာဏနှင့် သွင်းရမည့် ကြာချိန်
သက်ဆိုင်ရာဆရာဝန်မှ တိကျစွာ တွက်ချက်ပေးထားသော အာဟာရဖော်မြူလာ ပမာဏအတိုင်း ဆေးသွင်းစက်တွင် မှတ်သားပြီး သွေးကြောပြွန်မှတစ်ဆင့် စတင်သွင်းပေးရမည်ဖြစ်သည်။
- တစ်ရက်စာ ပမာဏ – ပုံမှန်အားဖြင့် တစ်နေ့လျှင် သွင်းပေးရသော အာဟာရအရည်ပမာဏမှာ ၂လီတာ မှ ၃လီတာကြား ရှိတတ်သည်။ သို့သော် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ် မူတည်၍ ပမာဏ ပိုမိုများပြားစွာဖြင့် အချိန်ပိုကြာကြာ သွင်းရန် လိုအပ်နိုင်သကဲ့သို့ အချို့သူများတွင်မူ ထပ်ဆောင်းဖြည့်စွက်သွင်းသည့် ပမာဏ (Top-up fluids) ခန့်သာ လိုအပ်တတ်သည်။
- သွင်းရမည့် ကြာချိန် – ယေဘုယျအားဖြင့် အာဟာရအရည်အိတ်ထဲမှ အရည်များ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ရောက်ရှိရန် ၁၀နာရီ မှ ၁၂ နာရီခန့် ကြာမြင့်တတ်သည်
- အစာသွင်းသည့်ပုံစံ – တစ်နေ့လျှင် ၂၄ နာရီလုံး ဆက်တိုက်သွင်းခြင်း သို့မဟုတ် ၁၀နာရီ မှ ၁၈နာရီအထိ ခွဲ၍သွင်းခြင်း (Cycle) ပုံစံများလည်း ရှိသည်။ သွင်းရမည့်အချိန် အများစုကို ညဘက်တွင် ပြုလုပ်လေ့ရှိပြီး လူနာအိပ်ပျော်နေစဉ်အတွင်းလည်း အာဟာရသွင်းခြင်းကို ဆက်လက်လုပ်ဆောင်နိုင်သည်
လူနာနှင့် ပြုစုစောင့်ရှောက်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ
နေအိမ်တွင် အာဟာရထည့်ပေး၍ ပြုစုစောင့်ရှောက်မည့်သူများ အားလုံးသည် ရောဂါပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် ဆေးရုံ၊ ဆေးခန်းများတွင် သေချာစွာ လေ့ကျင့်သင်ကြားမှု ခံယူရမည်။
- အာဟာရဖော်မြူလာ ပြင်ဆင်ရာတွင် လည်းကောင်း၊ ဆေးသွင်းပိုက်များကို ကိုင်တွယ်ရာတွင် လည်းကောင်း ပိုးမွှား လုံးဝကင်းစင်သောစနစ် (Aseptic Conditions) ဖြင့်သာ လုပ်ဆောင်ရမည်
- ပိုက်ထည့်ရန် ခွဲစိတ်ထားသော အရေပြားနေရာမှ ပတ်တီးနှင့် ပလတ်စတာများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် မပျက်မကွက် လဲလှယ်ပေးရမည်
- ဆေးသွင်းပိုက်နှင့် အာဟာရအိတ်ကို ချိတ်ဆက်ထားသော ပြွန်လိုင်း (Drip set line) ကို နေ့စဉ်ရက်ဆက် လဲလှယ်ပေးရမည်ဖြစ်သည်။
Parenteral Nutrition ပေးနေစဥ်အတွင်း စောင့်ရှောက်စစ်ဆေးမှုများ
Parenteral Nutrition ပေးနေစဥ် ကျန်းမာရေးစောင့်ရှောက်သူများသည် လူနာသောက်သုံးသော အရည်ပမာဏနှင့် ပြန်လည်စွန့်ထုတ်သော ဆီး၊ဝမ်းစသည့် အရည်ပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့်မည်ဖြစ်သည်။ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း စသည့် တိုင်းတာမှုများအပြင် သွေးဓာတ်ခွဲစစ်ဆေးမှုများကိုလည်း အခါအားလျော်စွာ ပြုလုပ်မည်။ ထို့နောက် လူနာအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ စနစ်တကျ ရရှိနေစေရန် ဖော်မြူလာကို လိုအပ်သလို ချိန်ညှိပေးမည်ဖြစ်သည်။ စစ်ဆေးလေ့ရှိသည့် သွေးအဖြေများမှာ_
- သွေးတွင်းရှိ ဆားဓာတ်များနှင့် ကျောက်ကပ်ဓာတ်များ (Electrolytes & BUN/Creatinine) – ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် ရေဓာတ်လွန်ကဲခြင်းတို့ကို ကာကွယ်ရန်
- သွေးတွင်းသကြားဓာတ် (Blood glucose) – သွေးတွင်းသကြားဓာတ် လွန်ကဲခြင်း သို့မဟုတ် နည်းလွန်းခြင်းတို့ကို ကာကွယ်ရန်
- သတ္တုဓာတ်ပမာဏ (Mineral levels) – အာဟာရဓာတ် ချို့တဲ့မှု ရှိမရှိ စစ်ဆေးရန်
- အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း (Liver function tests) – အသည်းလုပ်ဆောင်ချက်ထိခိုက်မှု ရှိမရှိစစ်ဆေးရန်
- အသည်းအင်ဇိုင်းများ (Liver enzymes) – ALT (Alanine transaminase), AST (Aspartate transaminase), ALP (Alkaline phosphatase), GGT (Gamma Glutamyl transferase)
- ပရိုတင်းဓာတ်များ Albumin, globulin နှင့်
- ဘီလီရူဘင် အဝါဓာတ် (Bilirubin) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
Parenteral Feeding သည် Enteral feeding ထက် နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေ ပိုများသောကြောင့် အမှန်တကယ် လိုအပ်သည့် အခြေအနေများအတွက်သာ အသုံးပြုသင့်သည်။ အဓိကဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ သွေးကြောပိုက် (IV Catheter) မှတစ်ဆင့် သွေးထဲသို့ ပိုးဝင်နိုင်ခြင်းနှင့် အစာခြေလမ်းကြောင်းကို အသုံးမပြုခြင်းကြောင့် အစာခြေလမ်းကြောင်း ကျုံလှီသွားခြင်း (Atrophy) တို့ဖြစ်သည်။ သို့သော် အခြားဆိုးကျိုးများလည်း ဖြစ်ပွားနိုင်ခြေရှိသည်။
အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာများ
- ရောဂါပိုးဝင်ခြင်း (Infection) – သွေးကြောပိုက် (IV catheter) မှတစ်ဆင့် ဘက်တီးရီးယားများ သွေးထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး၊ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပါက အသက်အန္တရာယ်စိုးရိမ်ရသည့် သွေးဆိပ်တက်ခြင်း (Sepsis) အထိ ဖြစ်ပွားနိုင်သည်
- သွေးခဲများဖြစ်ပေါ်ခြင်း (Blood clots) – ဆေးသွင်းပိုက်နှင့် သွေးပြန်ကြော ထိစပ်နေသည့်နေရာတွင် သွေးခဲများ ဖြစ်ပေါ်လာနိုင်သည်
- အစာခြေလမ်းကြောင်း ကျုံလှီခြင်း (GI atrophy) – Parenteral nutrition နည်းလမ်းကို ၂ ပတ်ခန့် အသုံးပြုပြီးနောက် စတင်ဖြစ်ပွားနိုင်သည်၊ သို့သော် နောက်ပိုင်းကာလများတွင် အစာခြေစနစ် လုပ်ဆောင်ချက်များသည် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာတတ်သည်
- သွေးတွင်းသကြားဓာတ် မမျှမတဖြစ်ခြင်း (Glucose imbalances) – သွေးတွင်းသကြားဓာတ် လွန်ကဲခြင်း (Hyperglycemia) သို့မဟုတ် သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia) နှစ်မျိုးလုံး အဖြစ်များသည်၊ အင်ဆူလင် (Insulin) နှင့် သကြားပျော်ရည် (Dextrose) ဆေးဝါးများကို ပမာဏ ချိန်ညှိပေးခြင်းဖြင့် ကုသနိုင်သည်
- အသည်းမှ ယာယီတုံ့ပြန်မှုများ (Transient liver reactions) – အာဟာရဖော်မြူလာအရည်ကြောင့် အသည်းတွင် အင်ဇိုင်းပမာဏများ ခေတ္တမြင့်တက်ခြင်းစသည့် ယာယီတုံ့ပြန်မှုများ ဖြစ်နိုင်သည်။ လိုအပ်ပါက အာဟာရဖော်မြူလာကို ပြန်လည်ချိန်ညှိပေးခြင်းဖြင့် ထိန်းချုပ်နိုင်သည်။
- Parenteral nutrition ကို ရေရှည်အသုံးပြုခြင်းကြောင့်ဖြစ်သော အသည်းရောဂါ (Parenteral nutrition-associated liver disease or PNALD) – သွေးကြောသွင်းပိုက်မှတစ်ဆင့် အာဟာရပေးခြင်းကို ရေရှည်ထားခြင်းကြောင့် ဖြစ်သောအခြေအနေဖြစ်သည်၊ Parenteral nutrition ကို ၅နှစ်မှ ၇နှစ်အထိ ရေရှည်အသုံးပြုသော လူနာများ၏ ၅၀ ရာခိုင်နှုန်းခန့်တွင် တွေ့ရတတ်သည်၊ ဖြစ်စေသောအကြောင်းရင်းကို တိတိကျကျ မသိရပါ၊ သို့သော် လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များတွင် အသည်းသည် အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်နိုင်ပြီး လူကြီးများတွင်မူ အစာခြေစနစ်ကို အသုံးမပြုခြင်းကြောင့် အူလမ်းကြောင်းအတွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယားများ လျော့နည်းသွားခြင်းနှင့် ဆက်စပ်နိုင်သည်ဟု ယူဆကြသည်
- သည်းခြေအိတ်ပြဿနာများ (Gallbladder problems) – အစာခြေစနစ်မှ လှုံ့ဆော်မှုမရှိသောအခါ သည်းခြေရည်များသည် အူသိမ်ထဲသို့ ပုံမှန်အတိုင်း မစီးဆင်းနိုင်ဘဲ ပိတ်မိစုပုံလာရာမှ ဖြစ်ပေါ်လာသော အခြေအနေဖြစ်သည်။ အာဟာရဖော်မြူလာကို ချိန်ညှိပြောင်းလဲပေးခြင်းနှင့် ပါးစပ်မှတစ်ဆင့် အနည်းငယ်မျှ ပြန်လည်စားသောက်ရန် ကြိုးပမ်းကြည့်ပေးခြင်းဖြင့် သည်းခြေရည် ညှစ်ထုတ်မှုကို လှုံ့ဆော်ပေးနိုင်သည်
- အရိုးပွခြင်း/အရိုးပျော့ခြင်း (Bone demineralization) – သွေးကြောသွင်းပိုက်မှတစ်ဆင့် အာဟာရပေးခြင်းကို ရေရှည်ခံယူနေရသူများတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း (ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင် ဒီ) တို့ကြောင့် အရိုးပွရောဂါ (Osteoporosis) သို့မဟုတ် အရိုးပျော့ရောဂါ (Osteomalacia) များ ဖြစ်ပွားနိုင်ခြေ ပိုများသည်။
အခြားဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများမှာ_
- သွေးကြောပိုက်များ ထည့်သွင်းစဉ်အတွင်း ဒဏ်ရာရရှိခြင်း
- ခန္ဓာကိုယ်အတွင်း အရည်ပမာဏ လွန်ကဲခြင်း (Fluid overload)
- အာဟာရဖော်မြူလာတွင် ပါဝင်သော အဆီဓာတ် (Lipid emulsions) များကြောင့် အစားအစာဓာတ်မတည့်မှု၊ တုံ့ပြန်မှုများ ဖြစ်ပေါ်ခြင်းနှင့်
- ဗိုက်ဆာသလို ခံစားရခြင်း (Hunger pangs) စသည်တို့ဖြစ်သည်။
သွေးကြောဆေးသွင်းပိုက်နည်းလမ်းမှ အစာပိုက်ဖြင့် ထည့်ခြင်း နည်းလမ်းသို့ ကူးပြောင်းခြင်း
သွေးကြောပိုက်မှတစ်ဆင့် အာဟာရပေးခြင်းကို လိုအပ်ပါက ရေရှည်အသုံးပြုနိုင်သော်လည်း အစာပိုက်မှတစ်ဆင့် အာဟာရပေးခြင်း (Enteral feeding) နည်းလမ်းသည် ပိုမိုကောင်းမွန်သည်။ ထို့ပြင် ပါးစပ်မှ ပုံမှန်စားသောက်ခြင်း (Oral feeding) သည် လူတိုင်းအတွက် အကောင်းဆုံးဖြစ်သည်။ သွေးကြောပိုက်မှ ရေရှည်အစာထည့်ပေးခြင်းကြောင့်ဖြစ်မည့် နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားရန် လူနာ၏ ခန္ဓာကိုယ်မှ ခွင့်ပြုသည်နှင့်တစ်ပြိုင်နက် ကျန်းမာရေးစောင့်ရှောက်သူများသည် နည်းလမ်းပြောင်းလဲခြင်း သို့မဟုတ် နည်းလမ်းများအားလုံးကို ပေါင်းစပ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးမည်ဖြစ်သည်။
Parenteral Nutrition ပေးနေစဥ်အတွင်း အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့်သော်လည်းကောင်း၊ အစာခြေလမ်းကြောင်းကို အတန်ကြာအသုံးမပြုဘဲ ထားခြင်းကြောင့်သော်လည်းကောင်း အစာခြေလမ်းကြောင်း ကျုံလှီခြင်း (Atrophy)၊ လုပ်ဆောင်ချက်များ ကျဆင်းခြင်း (Atrophy) များဖြစ်နိုင်သောကြောင့် နည်းလမ်းကူးပြောင်းမှုကို တဖြည်းဖြည်းချင်း အဆင့်ဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ရှေးဦးစွာ အရည်ကြည် (Clear liquid diet) တိုက်ကျွေးခြင်းဖြင့် စတင်မည်ဖြစ်ပြီး လူနာ၏ ခန္ဓာကိုယ်မှ ကောင်းစွာလက်ခံနိုင်ပါမှသာ အရည်ပျစ် (Full liquid diet) အနေအထားကို ပြောင်းလဲကျွေးမည်ဖြစ်ပြီး နောက်ဆုံးတွင်မှ ဝါးစားရသော အစာအပျော့၊ ထိုမှတစ်ဆင့် အစာအမာများ (Solid food) ကို စားသောက်စေမည်ဖြစ်သည်။
ဆရာဝန်နှင့် ချက်ချင်း ပြန်လည် ပြသသင့်သော အရေးပေါ် အခြေအနေများ
နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခံစားရပါက သွေးကြောပိုက်မှ အာဟာရထည့်သွင်းခြင်းကို ခေတ္တရပ်ဆိုင်းထားရန်လည်း လိုအပ်ပြီး၊ သက်ဆိုင်ရာဆရာဝန် အပါအဝင် ကျန်းမာရေးစောင့်ရှောက်ပေးသော အဖွဲ့ထံ ချက်ချင်းဆက်သွယ်ပြောပြရန် အရေးကြီးသည်။
References:
- Cleveland Clinic. (n.d.). Parenteral nutrition. Retrieved May 7, 2026, from https://my.clevelandclinic.org/health/treatments/22802-parenteral-nutrition
- Academy of Nutrition and Dietetics. (n.d.). What is parenteral nutrition? Retrieved May 7, 2026, from https://nutritioncare.org/about/what-we-do/nutrition-support/what-is-parenteral-nutrition/
- University Hospitals Sussex NHS Foundation Trust. (n.d.). Understanding parenteral nutrition. Retrieved May 7, 2026, from https://www.uhsussex.nhs.uk/resources/understanding-parenteral-nutrition/
- British Association for Parenteral and Enteral Nutrition. (n.d.). Parenteral nutrition. Retrieved May 7, 2026, from https://www.bapen.org.uk/education/nutrition-support/parenteral-nutrition/
- Healthline. (n.d.). Parenteral nutrition: Definition, uses, and complications. Retrieved May 7, 2026, from https://www.healthline.com/health/parenteral-nutrition
- Patients on Intravenous and Nasogastric Nutrition Therapy. (n.d.). Parenteral nutrition. Retrieved May 7, 2026, from https://pinnt.com/Parenteral-Nutrition.aspx
- Tappenden, K. A., & Quatrara, B. (2020). Parenteral nutrition. In StatPearls. Retrieved May 7, 2026, from https://www.ncbi.nlm.nih.gov/books/NBK559036/
- Pironi, L., Arends, J., Baxter, J., Bozzetti, F., Pelaez, R. B., Cuerda, C., Forbes, A., Gabe, S., Gillanders, L., Holst, M., Jeppesen, P. B., Joly, F., Kelly, D., Lal, S., Staun, M., Szczepanek, K., Van Gossum, A., Wanten, G., Schneider, S. M., & Bischoff, S. C. (2022). ESPEN practical guideline: Home parenteral nutrition. Clinical Nutrition, 41(11), 2552–2569. Retrieved May 7, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC9659055/
Published: 19 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.