နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း (Coronary Angiogram) ဆိုသည်မှာ ဓာတ်မှန် (X-ray) နှင့် ဓာတ်မှန်တွင် ပုံရိပ်ကို ပိုမိုထင်ရှားစေသော ဆေးရည် (Contrast dye) တို့ကို ပေါင်းစပ်အသုံးပြု၍ နှလုံး၏ သွေးကြောများကို စစ်ဆေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။
နှလုံးသွေးကြောများသည် နှလုံးကြွက်သားများ ပုံမှန်အလုပ်လုပ်နိုင်ရန်နှင့် အသက်ရှင်ရန်အတွက် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို အစဉ်မပြတ် သယ်ဆောင်ပေးရသော အလွန်အရေးကြီးသည့် သွေးကြောများဖြစ်သည်။ ဤစစ်ဆေးမှုကို အဓိကအားဖြင့် နှလုံးသွေးကြောများအတွင်း အဆီနှင့် ခဲဝင်မှုများ စုပုံပိတ်ဆို့ခြင်းကြောင့် သွေးကြောကျဉ်းနေခြင်း သို့မဟုတ် ပိတ်နေခြင်း ရှိမရှိကို တိကျစွာ သိရှိနိုင်ရန်အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ ထိုသွေးကြောတစ်ခုခု ပိတ်ဆို့သွားပါက နှလုံးကြွက်သားပုပ်ပြီး အသက်အန္တရာယ်ရှိသော နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်ပွါးနိုင်သည်။
လူ၏ နှလုံးတစ်ခုလုံးကို သွေးထောက်ပံ့ပေးနေသော အဓိကသွေးကြောမကြီး (၂) ချောင်းရှိပြီး၊ ၎င်းတို့၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဘယ်ဘက် သွေးလွှတ်ကြောမကြီး (Left Main Coronary Artery)
ဤသွေးကြောမကြီးသည် နှလုံး၏ ဘယ်ဘက်ခြမ်းတစ်ခုလုံးသို့ သွေးပို့ပေးခြင်းကို အဓိကတာဝန်ယူရပြီး၊ ၎င်းမှတစ်ဆင့် အောက်ပါသွေးကြောငယ် (၂) ခု ထပ်မံခွဲထွက်သွားသည်။- ဘယ်ဘက် အရှေ့ဆင်း သွေးကြော (Left Anterior Descending) – နှလုံး၏ အရှေ့ဘက်မျက်နှာပြင် အစိတ်အပိုင်းများဆီသို့ အဓိက သွေးခွဲပို့ပေးသည်
- ဘယ်ဘက် အနောက်ပတ် သွေးကြော (Left Circumflex) – နှလုံး၏ ဘေးဘက်နှင့် အနောက်ဘက် အစိတ်အပိုင်းများသို့ ဝိုင်းပတ်၍ သွေးခွဲပို့ပေးသည်
- ညာဘက် သွေးလွှတ်ကြော (Right Coronary Artery)
ဤသွေးကြောမကြီးသည် အဓိကအားဖြင့် နှလုံး၏ ညာဘက်ခြမ်းတစ်ခုလုံးနှင့် နှလုံး၏ အောက်ခြေအပိုင်းများဆီသို့ သွေးရောက်ရှိအောင် တိုက်ရိုက်ပို့ဆောင်ပေးသည်။
နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း အမျိုးအစားများ
နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်းကို လူနာ၏ ရောဂါအခြေအနေနှင့် လိုအပ်ချက်ပေါ် မူတည်၍ အောက်ပါအတိုင်း အဓိကအမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
- ခန္ဓာကိုယ်တွင်း ပြွန်ငယ်ထည့်၍ စစ်ဆေးခြင်း (Invasive Coronary Angiogram)
ဤနည်းလမ်းသည် သွေးလွှတ်ကြောအတွင်းသို့ Catheter ဟုခေါ်သည့် ပြွန်ငယ်များ ထည့်သွင်း၍ စစ်ဆေးရသော Cardiac catheterization နည်းလမ်းတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက် စစ်ဆေးရခြင်းဖြစ်သောကြောင့် ၎င်းကို Invasive coronary angiogram ဟု ခေါ်ဆိုသည်။- စစ်ဆေးပုံ
- အဆိုပါ ပြွန်ငယ်များကို လူနာ၏ လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံရှိ သွေးလွှတ်ကြောများမှတစ်ဆင့် ထည့်သွင်းပြီး နှလုံးအဝအထိ ရောက်ရှိအောင် စနစ်တကျ လမ်းညွှန်ပို့ဆောင်သည်
- ထို့နောက် နှလုံးသွေးလွှတ်ကြောများ (Coronary arteries) အတွင်းသို့ ပုံရိပ်ပေါ်လွင်စေသော ဆေးရည် (Dye) သွင်းကာ ဓာတ်မှန်ရိုက်၍ တိုက်ရိုက်ကြည့်ရှုစစ်ဆေးသည်
- အားသာချက်
- နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် သွေးကြောပိတ်ခြင်း ဖြစ်နိုင်ခြေ အလွန်မြင့်မားသော လူနာများအတွက် တိကျသည့် ရောဂါရှာဖွေမှုကို ပေးနိုင်သည့်အပြင်၊ ဓာတ်မှန်ရိုက် စစ်ဆေးနေစဉ်အတွင်းမှာပင် ပိတ်ဆို့နေသော သွေးကြောများကို ချက်ချင်းပြန်ပွင့်သွားစေရန်အတွက် သွေးကြောချဲ့ဘောလုံးငယ်ဖြင့် သွေးကြောချဲ့ခြင်း (Angioplasty)၊ စတန့် (Stent) ထည့်ခြင်း စသည့်ကုသမှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်သော အားသာချက်ရှိသည်
- စစ်ဆေးပုံ
- ကွန်ပျူတာဓာတ်မှန်ဖြင့် သွေးကြောပုံရိပ်ဖော်ခြင်း (Coronary CT Angiogram)
ဤနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းသို့ Catheter ပြွန်ငယ်များ ထည့်သွင်းခြင်းမရှိဘဲ ကွန်ပျူတာဓာတ်မှန် (CT scan) စက်ကို အသုံးပြု၍ စစ်ဆေးသည့်နည်းလမ်းဖြစ်သောကြောင့် Non-invasive နည်းလမ်းဟုလည်း ဆိုနိုင်သည်။ ယေဘုယျအားဖြင့် နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ခြင်း ဖြစ်နိုင်ခြေ နည်းပါးသော သို့မဟုတ် အသင့်အတင့်သာရှိသော လူနာများကို စစ်ဆေးရန်အတွက် အသုံးပြုသည်။- စစ်ဆေးပုံ
- ခန္ဓာကိုယ်တွင်းသို့ ပိုက်လိုင်းရှည်များ ထည့်သွင်းရန်မလိုဘဲ အကြောဆေးသွင်းပိုက် မှတစ်ဆင့် ဆေးရည်ထည့်ကာ ကွန်ပျူတာဓာတ်မှန် (Coronary CT angiogram) ဖြင့် နှလုံးသွေးကြောများကို ပုံရိပ်ဖော် စစ်ဆေးသည်
- အားသာချက်နှင့် ကန့်သတ်ချက်
- ဤစစ်ဆေးမှုသည် နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ခြင်း ရှိမရှိကို ဘေးကင်းလွယ်ကူစွာ စစ်ဆေးပေးနိုင်ပြီး နောက်တစ်ဆင့်အနေဖြင့် အထက်ပါ Catheter ထည့်သွင်းစစ်ဆေးသည့် နည်းလမ်းကို ဆက်လက်ပြုလုပ်ရန် လိုအပ်ခြင်း ရှိမရှိ ဆုံးဖြတ်ရာတွင် များစွာအထောက်အကူပြုသည်
- သို့သော် ဤစစ်ဆေးမှုသည် ရောဂါရှာဖွေရန်အတွက်သာ ဖြစ်ပြီး၊ ခန္ဓာကိုယ်တွင်း ပြွန်ငယ်ထည့်စစ်ဆေးသည့် နည်းလမ်းကဲ့သို့ သွေးကြောပိတ်ဆို့မှုကို တစ်ပြိုင်နက် ကုသပေးနိုင်ခြင်း မရှိပါ
- စစ်ဆေးပုံ
စစ်ဆေးမှု ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဆရာဝန်များသည် လူနာတစ်ဦးတွင် အောက်ပါအခြေအနေများရှိပါက နှလုံးသွေးကြောဓာတ်မှန် (Coronary Angiogram) ရိုက်ရန် အကြံပြုနိုင်သည်။
- ရုတ်တရက် ဖြစ်ပေါ်လာသော ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မကြာခဏ ရင်ဘတ်အောင့်သော လူနာများတွင် ပုံစံပြောင်း၍ ရင်ဘတ်အောင့်ခြင်း၊ ပိုမိုဆိုးရွားစွာ ရင်ဘတ်အောင့်ခြင်း
- ရှင်းပြ၍မရသော နာကျင်မှုများ – တခြားသော စစ်ဆေးမှုများဖြင့် အကြောင်းရင်း ရှာမတွေ့ဘဲ ရင်ဘတ်၊ မေးရိုး၊ လည်ပင်း သို့မဟုတ် လက်မောင်းတို့တွင် နာကျင်နေခြင်း
- မွေးရာပါ နှလုံးရောဂါများ ပါလာခြင်း (Congenital heart defect)
- နှလုံးခံနိုင်ရည် စစ်ဆေးမှု (Exercise stress test) ရလဒ်များ ပြင်းထန်ဆိုးရွားခြင်း
- နှလုံးအဆို့ရှင်ရောဂါ ခွဲစိတ်ရန် လိုအပ်ခြင်း
- ပြင်းထန်ပြီး ကုသရန် ခက်ခဲသော နှလုံးလုပ်ငန်းပျက်စီးခြင်း အခြေအနေများ (Severe Heart failure)
- ပြင်းထန် နှလုံးစည်းချက်မမှန်သည့် ရောဂါကြောင့် ရုတ်တရက် နှလုံးရပ်သွားပြီး အရေးပေါ်ကုသ၍ ပြန်လည်သက်သာလာသည့် လူနာများ
- ပြင်းထန်သော နှလုံးဖောက်ခြင်း (Heart attack) အခြေအနေတွင် ပိတ်နေသော သွေးကြောများကို ပြန်ဖွင့်ရန်အတွက် စတန့် (Stent) ထည့်ရန် လိုအပ်သည့်အခြေအနေ
- ခွဲစိတ်မှုမပြုမီ ကြိုတင်စစ်ဆေးခြင်း – နှလုံးသွေးကြောကျဉ်းရောဂါအခံရှိပြီး ရောဂါလက္ခဏာ ပိုဆိုးလာသူအချို့တွင် နှလုံးခွဲစိတ်ခြင်းမဟုတ်သော အခြားခွဲစိတ်မှုကြီးများ မပြုလုပ်မီ ကြိုတင်စစ်ဆေးရန် လိုအပ်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
ပုံမှန်အားဖြင့် နှလုံးကို အခြားသောစစ်ဆေးမှုများဖြင့် ဦးစွာစစ်ဆေးပြီး လိုအပ်မှသာ နှလုံးသွေးကြောဓာတ်မှန် (Coronary Angiogram) ကို ရိုက်လေ့ရှိသည်။ ထိုစစ်ဆေးမှုများတွင် အီးစီဂျီစစ်ဆေးခြင်း (ECG)၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) သို့မဟုတ် နှလုံးဒဏ်ခံနိုင်ရည် စစ်ဆေးခြင်း (Stress test) တို့ ပါဝင်နိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ကြိုတင်ပြင်ဆင်ရန် (Preparation)
ဆရာဝန်မှ စစ်ဆေးမှု မပြုလုပ်မီ လက်ရှိ လူနာသောက်နေသော ဆေးဝါးများနှင့် ကျန်းမာရေးရာဇဝင်များကို မေးမြန်းစစ်ဆေးမည်ဖြစ်ပြီး နှလုံးသွေးကြောဓာတ်မှန်ရိုက်ရန် လိုအပ်သော အသေးစိတ် လမ်းညွှန်ချက်များကို လူနာတစ်ဦးချင်းစီအလိုက် စနစ်တကျ ညွှန်ကြားမည်ဖြစ်သည်။ ထိုသို့ရှင်းလင်းပြောပြပြီးနောက် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ရန် လူနာထံမှ သဘောတူညီချက်တောင်းမည်ဖြစ်သည်။ လူနာအတွက် ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်ချက်များတွင် ယေဘုယျအားဖြင့် အောက်ပါအချက်များ ပါဝင်သည်။
- အစာနှင့်အရည် ဖြတ်ရန် – စစ်ဆေးမှု မပြုလုပ်မီ (၈) နာရီအလိုမှစ၍ မည်သည့် အစားအစာနှင့်အရည်မျှ စားသောက်ခြင်း မပြုဘဲ ရှောင်ကြဉ်ရမည်
- သောက်လက်စဆေးဝါးများ ချိန်ညှိရန် – အကယ်၍ သွေးကျဲဆေးများ၊ ဆီးချိုဆေးများ၊ ဆီးဆေးများ သို့မဟုတ် Sildenafil (အဆုတ်သွေးတိုးရောဂါအတွက် သောက်သောဆေး) များ သောက်နေပါက ဆရာဝန် ညွှန်ကြားချက်ဖြင့် ဆေးပမာဏကို လိုအပ်သလို ကြိုတင်ချိန်ညှိရမည်
- ဓာတ်မတည့်မှု ရာဇဝင်ကို အသိပေးရန် – ယခင်က ပုံရိပ်ဖော်ဆေးရည် (Contrast dye)၊ ထုံဆေး သို့မဟုတ် မေ့ဆေးတို့နှင့် ဓာတ်မတည့်ခြင်း (Allergic reaction) ရှိခဲ့ဖုးပါက ဆရာဝန်ကို မဖြစ်မနေ ကြိုတင်ပြောပြရမည်
- ကိုယ်ဝန်ရှိက မဖြစ်မနေ အသိပေးရန် – အမျိုးသမီး လူနာများအနေဖြင့် ကိုယ်ဝန်ရှိမရှိကို မေးမြန်းစစ်ဆေးမှု ခံယူရမည်
စစ်ဆေးမှုခံယူမည့် လူနာများနှင့် မိသားစုဝင်များအနေဖြင့်လည်း အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားသင့်သည်။
- စစ်ဆေးမည့်နေ့တွင် မိမိအား ကူညီစောင့်ရှောက်ပေးနိုင်မည့် လူနာစောင့် အဖော်တစ်ဦး မဖြစ်မနေ ခေါ်ဆောင်လာရန်
- ယခင် ဆေးမှတ်တမ်းဟောင်းများနှင့် လက်ရှိ သောက်လက်စ ဆေးဝါးအားလုံးကို ဆေးရုံသို့ တစ်ပါတည်း ယူဆောင်လာရန်
- စစ်ဆေးမှုအပြီးတွင် မိမိဘာသာ ကားမောင်းပြန်ရန် မသင့်တော်သဖြင့် အကြိုအပို့အတွက် ကြိုတင်စီစဉ်ထားရန်
တစ်ခါတစ်ရံတွင် နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်းကို ရုတ်တရက် နှလုံးဖောက်ခြင်းကဲ့သို့သော အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ် အခြေအနေများတွင် ပြုလုပ်ရတတ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အထက်ပါ ကြိုတင်ပြင်ဆင်ရန် အချိန်လုံလောက်စွာ မရရှိနိုင်သော်လည်း ချက်ချင်း စစ်ဆေးကုသရမည်ဖြစ်သည်။
စစ်ဆေးခြင်းအဆင့်ဆင့်
ယေဘုယျအားဖြင့် ခန္ဓာကိုယ်တွင်း ပြွန်ငယ်ထည့်၍ နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်းကို အောက်ပါအတိုင်း စနစ်တကျ အဆင့်ဆင့် လုပ်ဆောင်သည်။
- ပြင်ဆင်ခြင်းနှင့် လူနာအား စောင့်ကြည့်ခြင်း
- စစ်ဆေးမှုကို နှလုံးအထူးကုဌာနရှိ နှလုံးသွေးကြောဆိုင်ရာ စစ်ဆေးကုသမှုများ ပြုလုပ်ရန် အထူးပြုပြင်ထားသော ခွဲစိတ်ခန်းငယ် (Cardiac catheterization laboratory) တွင် ပြုလုပ်မည်ဖြစ်သည်
- လူနာသည် ဆေးရုံသုံးဝတ်စုံ လဲလှယ်ပြီးနောက် ခွဲစိတ်ခန်းရှိ လူနာကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေရမည်
- စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း အီးစီဂျီစက် (ECG) ဖြင့် နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အောက်ဆီဂျင်ပမာဏတို့ကို အစဉ်မပြတ် စောင့်ကြည့်နေမည်ဖြစ်သည်
- စိတ်ငြိမ်ဆေးနှင့် ထုံဆေးပေးခြင်း
- စစ်ဆေးမှု မစတင်မီ လူနာစိတ်အေးချမ်းစေရန် အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးကို အကြောဆေးသွင်းပိုက်မှတစ်ဆင့် ပေးမည်ဖြစ်သည်
- သို့သော် ဆရာဝန်၏ လမ်းညွှန်ချက်အချို့ကို လိုက်နာနိုင်ရန်အတွက် လူနာသည် လုံးဝမေ့သွားခြင်း မရှိဘဲ သတိအနည်းငယ် ရှိနေမည်ဖြစ်သည်
- ထို့နောက် သွေးလွှတ်ကြောအတွင်းသို့ Catheter ပြွန်ငယ် ထည့်သွင်းမည့်နေရာ (လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံ) တစ်ဝိုက်ကို ထုံသွားစေရန်အတွက် ဆရာဝန်မှ ထုံဆေးထိုးပေးမည်ဖြစ်သည်
- Catheter ပြွန်ငယ်ကို သွေးကြောအတွင်း ထည့်သွင်းခြင်း
- ထုံဆေးအာနိသင် ရရှိပါက ဆရာဝန်သည် လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံတွင် ခွဲစိတ်ခန်းသုံး ဓားအသေးဖြင့် အပေါ်ယံအရေပြားကို အနည်းငယ် ခွဲစိတ်မည်
- ထို့နောက် သွေးလွှတ်ကြောကို ရှာဖွေပြီး Catheter ပြွန်ငယ်ကို သွေးလွှတ်ကြောအတွင်းသို့ ထည့်သွင်းကာ နှလုံးအဝရှိ သွေးလွှတ်ကြောမကြီး (Aorta) ဆီသို့ ရောက်သည်အထိ တဖြည်းဖြည်းချင်း အထက်သို့ ဆန်တက်စေကာ လမ်းညွှန်ပို့ဆောင်မည်ဖြစ်သည်
- ဤသို့ပြွန်ငယ်များ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း ရွေ့လျားသွားနေချိန်တွင် လူနာအနေဖြင့် မည်သည့်နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ပါ
- ဓာတ်မှန်စက်ဖြင့် သွေးကြောပုံရိပ်ဖော်ခြင်း
- လူနာကုတင်၏ ဘေးပတ်လည်တွင် ရှိနေသော ခေတ်မီဓာတ်မှန်စက် (Fluoroscopy) သည် ပြွန်ငယ် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဆရာဝန်မှ ထောင့်ပေါင်းစုံမှ အချိန်နှင့်တစ်ပြေးညီ မြင်တွေ့စေနိုင်ရန်အတွက် လူနာ၏ ခန္ဓာကိုယ်ကို လှည့်ပတ်၍ ရိုက်ကူးနေမည်
- ပြွန်ငယ်သည် နှလုံးသွေးလွှတ်ကြော (Coronary arteries) အနီးရှိ သင့်တော်သောနေရာသို့ ရောက်ရှိသွားပါက Contrast dye ဆေးရည်ကို ပြွန်မှတစ်ဆင့် သွေးကြောများအတွင်းသို့ ထည့်သွင်းကာ ဓာတ်မှန်ရိုက်ကူးမည်
- ၎င်းပုံရိပ်များကို ကွန်ပျူတာမှတစ်ဆင့် မြင်တွေ့ရမည်ဖြစ်ပြီး ၎င်းကို Angiograms ဟု ခေါ်သည်။ အကယ်၍ ဆေးရည်သည် သွေးကြောအတွင်း ဆက်လက်စီးဆင်းခြင်း မရှိတော့ဘဲ ရပ်တန့်သွားပါက ထိုနေရာတွင် သွေးကြောကျဉ်းနေခြင်း သို့မဟုတ် ပိတ်နေခြင်းကို တိကျစွာ ရှာဖွေသိရှိနိုင်မည်ဖြစ်သည်
- လိုအပ်ပါက သွေးကြောချဲ့ကုသမှုကို တစ်ပြိုင်နက် ပြုလုပ်ခြင်း
- အကယ်၍ ဓာတ်မှန်ရိုက်နေစဉ်အတွင်း နှလုံးသွေးကြောများ ပိတ်ဆို့နေသည်ကို တွေ့ရှိပါက ဆရာဝန်သည် ပိုက်မှတစ်ဆင့် ဘောလုံး (Balloon) ကို ထည့်သွင်းပြီး သွေးကြောကျယ်လာစေရန် ပြုလုပ်နိုင်သည်
- ထို့နောက် သွေးကြောကို ရေရှည်ဆက်လက် ပွင့်နေစေရန်အတွက် စတန့် (Stent) ဟုခေါ်သော သတ္တုကွက်ပြွန်ငယ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းပေးနိုင်သည်
- အကယ်၍ သွေးကြောပိတ်ဆို့မှု အခြေအနေအရ သွေးကြောချဲ့ရန် မဖြစ်နိုင်ပါက သို့မဟုတ် အခြားကုသမှု (ဥပမာ – နှလုံးခွဲစိတ်မှု) သည် ပိုမိုသင့်တော်မည်ဟု ဆရာဝန်မှ ယူဆပါက စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲ ရပ်နားမည်ဖြစ်သည်
- စစ်ဆေးမှု ပြီးဆုံးခြင်းနှင့် ပြွန်ငယ်ကို ပြန်ထုတ်ခြင်း
- စစ်ဆေးမှု သို့မဟုတ် လိုအပ်သော ကုသမှုများ ပြီးဆုံးသောအခါ ပြွန်ငယ်ကို ခန္ဓာကိုယ်ထဲမှ ပြန်လည် ထုတ်ယူမည်
- ထို့နောက် အရေပြားကို ခွဲစိတ်ထားသော ဒဏ်ရာနေရာမှ သွေးထွက်ခြင်း မရှိစေရန် ခွဲစိတ်ခန်းသုံးညှပ် (Clamp) သို့မဟုတ် အဆို့ပိတ် (Plug) တစ်ခုခုကို အသုံးပြု၍ သေသပ်စွာ ပြန်လည်ပိတ်ပေးမည်ဖြစ်သည်
ကြာမြင့်ချိန်နှင့်ပတ်သက်၍ သတိပြုရန်
ပုံမှန်အားဖြင့် သာမန်နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း သီးသန့်သည် (၁) နာရီ သို့မဟုတ် ထို့ထက်အနည်းငယ်သာ ကြာမြင့်နိုင်သည်။ သို့ရာတွင် အခြားသော နှလုံးစစ်ဆေးမှုများ (ဥပမာ – နှလုံးအဆို့ရှင်များကို စစ်ဆေးခြင်း၊ အဆုတ်သွေးကြောများ၏ ဖိအားတိုင်းတာခြင်း) သို့မဟုတ် ကုသမှုများ (ဥပမာ – ဘောလုံးဖြင့် သွေးကြောချဲ့ခြင်းနှင့် စတန့်ထည့်ခြင်း) ကို တစ်ပြိုင်တည်း ပူးတွဲပြုလုပ်ပါက အချိန် ပိုမိုကြာမြင့်နိုင်သည်။
စစ်ဆေးပြီးနောက်
- Catheter ပြန်ထုတ်ပြီး အရေပြားချုပ်ထားသော နေရာမှ သွေးမထွက်စေရန် ပိုက်ထည့်ခဲ့သည့်နေရာကို ခေတ္တဖိထားပေးရန် လိုအပ်သည်
- နှလုံးသွေးကြော ဓာတ်မှန်ရိုက်ပြီးနောက် လူနာအား စောင့်ကြည့်ခန်း (Recovery area) သို့ ပို့ဆောင်ပေး၍ နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အောက်ဆီဂျင်ပမာဏတို့ကို ဆက်လက်စောင့်ကြည့် စစ်ဆေးနေမည်ဖြစ်သည်
- အကယ်၍ Catheter ကို ပေါင်ခြံမှတစ်ဆင့် ထည့်သွင်းခဲ့ခြင်းဖြစ်ပါက သွေးမထွက်စေရန်အတွက် နာရီအနည်းငယ်ကြာအောင် ပက်လက်အနေအထားအတိုင်း ငြိမ်သက်စွာ လဲလျောင်းနေရမည်
- ပိုက်ထည့်ခဲ့သည့်နေရာသည် ခေတ္တမျှ နာကျင်နေနိုင်ပြီး သွေးခြည်ဥ အညိုအမည်းစွဲခြင်း သို့မဟုတ် အနည်းငယ်ဖုဖောင်းနေခြင်း တစ်ပတ်ခန့်အထိ ဖြစ်ပေါ်နိုင်သည်
- အချို့လူနာများသည် ဓာတ်မှန်ရိုက်ပြီးသည့်နေ့တွင်ပင် အိမ်ပြန်နိုင်သော်လည်း ကုသမှု ခံယူထားသော လူနာအချို့မှာမူ ရလဒ်ပေါ် မူတည်၍ ဆေးရုံတွင် တစ်ရက် သို့မဟုတ် တစ်ရက်ထက်ပို၍ နေရနိုင်သည်
- ဘေးကင်းစေရန်အတွက် စစ်ဆေးမှုပြုလုပ်သည့်နေ့တွင် မိမိဘာသာ ကားမောင်း၍ အိမ်မပြန်သင့်ပါ
- အိမ်ပြန်ရောက်ပြီးနောက် ရက်အနည်းငယ်ကြာသည်အထိ ကိုယ်လက်လှုပ်ရှားမှုများကို လျှော့ချရန် ဆရာဝန်မှ ညွှန်ကြားမည်ဖြစ်သည်
- နှလုံးသွေးကြော ဓာတ်မှန်ရိုက်ပြီးနောက် ပြန်လည်ကျန်းမာလာစေရန်အတွက် အောက်ပါ ယေဘုယျအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
- ခန္ဓာကိုယ်အတွင်းရှိ (Dye) ဆေးရည်များကို မြန်မြန် ပြန်လည်စွန့်ထုတ်နိုင်ရန်အတွက် ရေနှင့် အရည်များများ သောက်ပေးပါ
- ရက်အနည်းငယ်ကြာအောင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများနှင့် အလေးအပင် မခြင်းများကို ရှောင်ကြဉ်ပါ
- ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို တိကျစွာ သောက်ပါ
- ဆရာဝန် ညွှန်ကြားချက်အတိုင်း လုပ်ငန်းခွင် ပြန်ဝင်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ပါ
နောက်ဆက်တွဲပြဿနာများ
နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း စစ်ဆေးမှုများသည် များသောအားဖြင့် ဘေးကင်းစိတ်ချရသော်လည်း အာထရာဆောင်း (Ultrasound) ကဲ့သို့သော အခြားပုံရိပ်ဖော်စစ်ဆေးမှုများနှင့် စာလျှင် ခန္ဓာကိုယ်အတွင်းသို့ ပြွန်ငယ်ထည့်သွင်း၍ ထိုးဖောက်ဝင်ရောက်ရသည့် နည်းလမ်း (Invasive procedure) ဖြစ်သည်။ သို့ရာတွင် ယေဘုယျအားဖြင့် အသက်အန္တရာယ်ရှိနိုင်သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေသည် အလွန်နည်းပါးပါသည်။
ရှားပါးသော်လည်း ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာအချို့
- နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia) – စစ်ဆေးနေစဉ်အတွင်း နှလုံးစည်းချက် ခဏတာ ကမောက်ကမဖြစ်ခြင်း
- ဓာတ်မတည့်မှုဖြစ်ခြင်း – အသုံးပြုသော ပုံရိပ်ဖော်ဆေးရည် (Dye) သို့မဟုတ် ထုံဆေးများနှင့် ခန္ဓာကိုယ် ဓာတ်မတည့်ခြင်း
- သွေးကြောထိခိုက်မိခြင်း – ပြွန်ငယ်ဖြတ်သန်းသွားရာ သွေးလွှတ်ကြောနံရံများ စုတ်ပြဲခြင်း သို့မဟုတ် ဒဏ်ရာရခြင်း
- သွေးခဲပိတ်ခြင်း – သွေးကြောများအတွင်း သွေးခဲပိတ်ဆို့မှု ဖြစ်ပွါးခြင်း
- နှလုံးအမြှေးပါးအတွင်း အရည်စုပြီး နှလုံးကိုဖိမိခြင်း (Cardiac tamponade) – နှလုံးအိမ်တစ်ဝိုက် အရည် သို့မဟုတ် သွေးများစုပုံလာပြီး နှလုံးညှစ်ထုတ်မှုကို အဟန့်အတားဖြစ်စေခြင်း
- နှလုံးအမောဖောက်ခြင်း (Heart attack) – နှလုံးကြွက်သားဆီသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်သွားခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း – အသုံးပြုသော ဆေးရည်ကြောင့် ကျောက်ကပ်လုပ်ငန်းဆောင်တာ ထိခိုက်ပြီး အခြေအနေဆိုးပါက ကျောက်ကပ်ဆေးရန် လိုအပ်သည်အထိ ဖြစ်နိုင်ခြေရှိခြင်း
- သွေးဖိအား အလွန်အမင်းကျဆင်းခြင်း – သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားခြင်း
- ပိုက်ထည့်သည့်နေရာတွင် ပြဿနာဖြစ်ခြင်း – Catheter ပြွန်သွင်းခဲ့သည့်နေရာ (လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံ) တွင် အလွန်အမင်း နာကျင်ခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း
- လေဖြတ်ခြင်း (Stroke) – ဦးနှောက်အတွင်းရှိ သွေးကြောတစ်ခုခုတွင် သွေးခဲပိတ်ဆို့ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်း
နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေ ပိုများနိုင်သည့် အခြေအနေများ
အောက်ပါအခြေအနေများရှိသည့် လူနာများတွင် အထက်ပါပြဿနာများ ဖြစ်ပွါးရန် အခွင့်အလမ်း ပိုမိုမြင့်မားနိုင်သည်
- အသက် (၆၅) နှစ်ထက် ကျော်လွန်သော သက်ကြီးရွယ်အိုဖြစ်ခြင်း
- ဆီးချိုရောဂါအခံ ရှိခြင်း
- နာတာရှည် ကျောက်ကပ်ရောဂါအခံရှိခြင်း အခြေအနေများဖြစ်သည်။
ဆရာဝန်နှင့် အမြန်ဆုံး ပြန်လည်ပြသသင့်သည့် အခြေအနေများ
အိမ်သို့ ရောက်ရှိပြီးနောက် အောက်ပါလက္ခဏာများအနက် တစ်ခုခု ဖြစ်ပေါ်လာပါက အရေးပေါ်ဌာန သို့မဟုတ် မိမိ၏ဆရာဝန်ထံသို့ အချိန်မဆွဲဘဲ ချက်ချင်း သွားရောက်ပြသရမည်။
- ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲတွင် တင်း၍ မွန်းကျပ်နေခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
- ပြွန်ငယ်ထည့်ခဲ့သည့် ဒဏ်ရာနေရာမှ သွေးများ ပြန်ထွက်လာခြင်း၊ သွေးခြည်ဥ အညိုအမည်းကွက် အသစ်များ ထပ်မံဖြစ်ပေါ်လာခြင်း၊ သိသိသာသာ ဖောရောင်လာခြင်း သို့မဟုတ် နာကျင်မှု ပိုမိုဆိုးရွားလာခြင်း
- ချမ်းတုန်၍ ဖျားခြင်းကဲ့သို့သော ခန္ဓာကိုယ်တွင်း ပိုးဝင်သည့်လက္ခဏာများ ပြသခြင်း
- ခွဲစိတ်ဒဏ်ရာ နေရာမှ အရည်ကြည်များ သို့မဟုတ် ပြည်များ ထွက်လာခြင်း
- စစ်ဆေးမှု ပြုလုပ်ခဲ့သည့် လက် သို့မဟုတ် ခြေထောက်တွင် ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း (အေးစက်သွားခြင်း) သို့မဟုတ် အသားရောင် ပြောင်းလဲသွားခြင်း (ဖြူလျော့ခြင်း သို့မဟုတ် ညိုမည်းသွားခြင်း)
- စစ်ဆေးမှုပြုလုပ်ခဲ့သော ခြေထောက် သို့မဟုတ် လက်မောင်းများတွင် ရုတ်တရက် အားနည်းသွားခြင်း၊ မလှုပ်ရှားနိုင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း ဝေဒနာများ ခံစားရခြင်း
သိရှိနိုင်သောအဖြေများ
စစ်ဆေးပေးသော နှလုံးအထူးကုဆရာဝန်မှ နှလုံးသွေးကြော ဓာတ်မှန်ရိုက်ပြီးနောက်တွင် ရလဒ်ကို ပြောပြပေးမည်ဖြစ်ပြီး၊ လိုအပ်ပါက စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်းမှာပင် အသိပေးနိုင်သည်။ အဖြေရလဒ်ကို ပုံမှန် (Normal) သို့မဟုတ် ပုံမှန်မဟုတ် (Abnormal) ဟု သတ်မှတ်ဖော်ပြနိုင်သည်။
- ပုံမှန်ဖြစ်သောရလဒ် (Normal result)
နှလုံးသွေးလွှတ်ကြောများတွင်း ပိတ်ဆို့နေခြင်း မရှိကြောင်း ဆိုလိုခြင်းဖြစ်ပြီး၊ နှလုံးသည် လုံလောက်သော သွေးပမာဏကို ရရှိနေသည့် အခြေအနေဖြစ်သည်။ - ပုံမှန်မဟုတ်သောရလဒ် (Abnormal results)
နှလုံးသွေးလွှတ်ကြောများအတွင်း တစ်ခုခုပိတ်ဆို့ခြင်း ရှိနေပြီး၊ ဆရာဝန်က ပိတ်ဆို့နေသည့် သွေးကြော အစိတ်အပိုင်း၊ သွေးကြော အရေအတွက်နှင့် ပိတ်ဆို့ခြင်း ပြင်းထန်မှု စသည်တို့ကို ရှင်းပြပေးမည်ဖြစ်သည်။ သွေးကြောပိတ်ဆို့မှု အတိုင်းအတာကို ဖော်ပြရာတွင် ရာခိုင်နှုန်း (%) များဖြင့် တွက်ချက်ဖော်ပြသည်။
နောက်ဆက်တွဲစောင့်ရှောက်မှုများ
စစ်ဆေးမှုရလဒ် ပုံမှန်မဟုတ်ပါက မည်ကဲ့သို့သော ကုသမှုမျိုး ဆက်လက်ပြုလုပ်သင့်သည်ကို သက်ဆိုင်ရာ နှလုံးဆရာဝန်က ရှင်းပြမည်ဖြစ်သည်။ ထိုကုသမှုများမှာ_
- သွေးကြောချဲ့ခြင်း သို့မဟုတ် စတန့် (Stent) ထည့်ခြင်း (Angioplasty or stenting) – ၎င်းကို နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (Coronary Angiogram) ပြုလုပ်နေစဉ်၌ပင် တစ်ပြိုင်နက် ပြုလုပ်နိုင်သည်
- နှလုံးကျန်းမာရေးအတွက် အရေးကြီးသော နေ့စဥ် နေထိုင်မှုပုံစံသို့ ပြောင်းလဲခြင်း
- (ဥပမာ – ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပိုမိုစားသုံးခြင်း)
- နှလုံးသွေးကြော အစားထိုးကုသခြင်း (CABG – Coronary artery bypass surgery)
- နှလုံးကြွက်သားများကို သွေးပိုမို ထောက်ပံ့နိုင်ရန် ကိုယ်ခန္ဓာ၏ အခြားနေရာများရှိ သွေးလွှတ်ကြောများဖြင့် အစားထိုးခွဲစိတ်ခြင်း
- ဆေးဝါးများဖြင့် ကုသခြင်း
- လူနာ၏ နှလုံးရောဂါ အခြေအနေအလိုက် သင့်လျော်သော ဆေးဝါးများ ညွှန်းပေးခြင်း၊ သောက်လက်စဆေးဝါးများ ပြန်လည်ထိန်းညှိပေးခြင်း စသည်တို့ လုပ်ဆောင်နိုင်သည်။
References:
- Cleveland Clinic. (n.d.). Cardiac computed tomography. Retrieved May 14, 2026, from https://my.clevelandclinic.org/health/diagnostics/16834-cardiac-computed-tomography
- Cleveland Clinic. (n.d.). Coronary angiogram. Retrieved May 14, 2026, from https://my.clevelandclinic.org/health/diagnostics/22164-coronary-angiogram
- Mayo Clinic. (n.d.). Coronary angiogram. Retrieved May 14, 2026, from https://www.mayoclinic.org/tests-procedures/coronary-angiogram/about/pac-20384904
- MedlinePlus. (n.d.). Coronary angiography. Retrieved May 14, 2026, from https://medlineplus.gov/ency/article/003876.htm
Published: 28 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.