Pacemaker (နှလုံးခုန်နှုန်းထိန်းစက်ထည့်ခြင်း)

Pacemaker (နှလုံးခုန်နှုန်းထိန်းစက်ထည့်ခြင်း)

နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ဆိုသည်မှာ နှလုံးကို ပုံမှန်စည်းချက်ဖြင့် ခုန်နိုင်စေရန် ကူညီပေးသည့် ဘက်ထရီ တပ်ဆင်ထားသော သေးငယ်သည့် စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဤစက်ပစ္စည်းကို ရင်ဘတ်အရေပြားအောက်တွင် ထည့်သွင်းထားရပြီး လျှပ်စစ်စီးကြောင်းအချက်ပြမှုများကို ပေးပို့ကာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသည်။

နှလုံးခုန်နှုန်းထိန်းစက်များတွင် အဓိကအားဖြင့် အစိတ်အပိုင်း (၃)ခု ပါဝင်သည်။ ၄င်းတို့မှာ_

  1. လျှပ်စစ်ထုတ်စက် (generator)
  2. လျှပ်စီးကြိုးများ (leads) နှင့်
  3. အာရုံခံကိရိယာများ (electrodes) တို့ဖြစ်ကြသည်။

ယခုနောက်ပိုင်းတွင် ပိုမိုခေတ်မီသော နှလုံးခုန်နှုန်းထိန်းစက်အချို့တွင် လျှပ်စီးကြိုးမဲ့ (wireless) ပုံစံမျိုးဖြင့်လည်း ထုတ်လုပ်လာကြသည်။

နှလုံးခုန်နှုန်းထိန်းစက် အလုပ်လုပ်ဆောင်ပုံ

နှလုံးခုန်နှုန်းထိန်းစက်များသည် နှလုံးအတွင်းရှိ လျှပ်စစ်စီးဆင်းမှုစနစ်တွင် ဖြစ်ပေါ်နေသော ပြဿနာများကို ပြုပြင်ပေးရန်အတွက် လျှပ်စစ်လှုံ့ဆော်မှုများကို ထုတ်လုပ်ပေးသည်။ ပုံမှန်အားဖြင့် နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ်သည် နှလုံးအခန်းများ သွေးညှစ်ထုတ်ရမည့်အချိန်ကို စည်းချက်မှန်မှန် အချက်ပြပေးလေ့ရှိသည်။

သို့သော် နှလုံးကြွက်သားများ ထိခိုက်ပျက်စီးခြင်း၊ မွေးရာပါ မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများ သို့မဟုတ် အချို့သော ဆေးဝါးများကြောင့် နှလုံး၏ လျှပ်စစ်အချက်ပြစနစ်တွင် အပြောင်းအလဲများနှင့် ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်သည်။ ထိုသို့နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ် ကောင်းမွန်စွာ အလုပ်မလုပ်သောအခါ နှလုံးအခန်းများသည် မှားယွင်းသော စည်းချက်အစီအစဉ်ဖြင့် ညှစ်ထုတ်ခြင်း သို့မဟုတ် ညှစ်ထုတ်မှု အားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ဖြစ်လာပါက နှလုံးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော သွေးပမာဏကို လုံလောက်စွာ မထောက်ပံ့ပေးနိုင်တော့ပါ။

နှလုံးခုန်နှုန်းထိန်းစက်သည် နှလုံးကို စည်းချက်မှန်မှန် ပြန်လည်ခုန်နိုင်စေရန် အောက်ပါအတိုင်း ကူညီလှုံ့ဆော်ပေးသည်။

  • နှလုံးခုန်နှုန်း အလွန်နှေးနေချိန်တွင် စက်မှ အလိုအလျောက် သိရှိနိုင်ပြီး နှလုံးစည်းချက်ကို ထိန်းချုပ်ရန် လျှပ်စစ်လှုံ့ဆော်မှုများ ပေးပို့ခြင်း
  • တစ်ခါတစ်ရံတွင် ဖြစ်ပေါ်တတ်သော နှလုံးခုန်မြန်ခြင်း သို့မဟုတ် နှလုံးခုန်စည်းချက် မမှန်ခြင်းများကို ကူညီထိန်းညှိပေးခြင်း
  • နှလုံးခုန်နှုန်းတွင် အမှန်တကယ် ပြဿနာရှိနေကြောင်း စက်က သိရှိမှသာ လျှပ်စစ်လှုံ့ဆော်မှုများကို ထုတ်လွှတ်၍ အလုပ်လုပ်ဆောင်ပေးခြင်း
  • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေချိန်ကဲ့သို့သော အခြေအနေမျိုးတွင် ခန္ဓာကိုယ်လိုအပ်ချက်နှင့် ကိုက်ညီစေရန် နှလုံးခုန်နှုန်းကို လိုအပ်သလို မြှင့်တင်ပေးခြင်း
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

နှလုံးခုန်နေခြင်းသည် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ် စီးဆင်းနိုင်စေရန်ဖြစ်သည်။ မိမိလုပ်ဆောင်နေသည့် အလုပ်ပေါ်မူတည်၍ နှလုံးခုန်နှုန်း မြန်ခြင်း သို့မဟုတ် နှေးခြင်းတို့ ဖြစ်ပေါ်လာတတ်ပြီး ထိုဖြစ်စဥ်ကို နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ် (Electrical conduction system) မှ ထိန်းချုပ်ပေးထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် နှလုံးအတွင်း လျှပ်စစ်စီးဆင်းမှု အချက်ပြစနစ်သည် ပုံမှန်အတိုင်းမလုပ်ဆောင်တော့ဘဲ နှလုံးခုန်နှုန်းနှေးသွားခြင်း သို့မဟုတ် မမှန်ခြင်းတို့ဖြစ်ပေါ်လာကာ ခေါင်းမူးဝေခြင်း၊ မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း၊ သတိလစ်ခြင်းအစရှိသော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် နှလုံးခုန်နှုန်းထိန်းစက်တပ်ခြင်းဖြင့် လျှပ်စစ်အချက်ပြမှုများ ပေးပို့ကာ နှလုံးကို ပုံမှန်အတိုင်းခုန်စေပြီး နှလုံးခုန်နှုန်း တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်သည်။ သို့ဖြစ်၍ ရောဂါလက္ခဏာများ လျော့ပါးစေပြီး၊ နေစဥ်လူနေမှုဘဝကို များစွာ ပြောင်းလဲကောင်းမွန်စေနိုင်သည်။ ထို့ကြောင့် နှလုံးခုန်နှုန်းထိန်းစက်ကို နှလုံး၏ လျှပ်စစ်စနစ်ဆိုင်ရာ ပြဿနာများဖြစ်‌ပေါ်စေနိုင်သော အောက်ဖော်ပြပါအခြေအနေများတွင် အသုံးပြုနိုင်သည်။

  • နှလုံးလျှပ်စစ်စီးဆင်းမှု ပြတ်တောက်ခြင်း (Heart block)
  • နှလုံခုန်စည်းချက်မမှန်ခြင်း (Arrhythmia) နှင့်
  • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
စက်အမျိုးအစားများ

နှလုံးပြဿနာအမျိုးအစားပေါ်မူတည်၍ လျှပ်စီးကြိုး (leads) တစ်ချောင်းမှ သုံးချောင်းအထိ ပါဝင်သော သတ်မှတ်ထားသည့် နှလုံးခုန်နှုန်းထိန်းစက်အမျိုးအစား တစ်ခုခုကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရွေးချယ်တပ်ဆင်ရန် လိုအပ်သည်။ နှလုံးခုန်နှုန်းထိန်းစက် အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. Single-chamber pacemaker
    ဤအမျိုးအစားသည် လျှပ်စီးကြိုးတစ်ချောင်းကိုသာ အသုံးပြု၍ နှလုံး၏အခန်းတစ်ခုတည်းနှင့် ချိတ်ဆက်ထားသည့် အမျိုးအစားဖြစ်သည်။
  2. Dual-chamber pacemaker
    ဤအမျိုးအစားသည် လျှပ်စီးကြိုးနှစ်ချောင်းကို အသုံးပြုကာ နှလုံး၏ အခန်းနှစ်ခန်းကို ချိတ်ဆက်ထားသည့် အမျိုးအစားဖြစ်သည်။
  3. Biventricular pacemaker
    ဤအမျိုးအစားသည် လျှပ်စီးကြိုး (၃) ချောင်းကို အသုံးပြုပြီး ၄င်းတို့အနက်မှ နှစ်ချောင်းကို နှလုံး၏အောက်ဘက်ရှိ အခန်းနှစ်ခန်းကို ချိတ်ဆက်ထားပြီး၊ ကျန်တစ်ချောင်းကို နှလုံး၏အပေါ်ဘက်ရှိ ညာဘက်အခန်းနှင့် ချိတ်ဆက်ထားသည်။
  4. Leadless pacemaker
    ဤအမျိုးအစားသည် ဆေးလုံးအကြီးတစ်လုံး အရွယ်အစားခန့်သာရှိသော အလွန်သေးငယ်သည့် နှလုံးခုန်နှုန်းထိန်းစက်ဖြစ်ပြီး ပြွန်ချောင်း (catheter) ကို အသုံးပြုကာ နှလုံး၏အတွင်းနံရံတွင် တိုက်ရိုက်တပ်ဆင်ထားသည်။ လျှပ်စီးကြိုးများကို အသုံးပြုရန် မလိုအပ်ပါ။
ကြိုတင်သိရှိထားရမည့်အချက်များ

နှလုံးခုန်နှုန်းထိန်းစက်တပ်ဆင်ရန် သင့်တော်မှု ရှိမရှိကို သိရှိနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုအချို့ကို ပြုလုပ်ရန် လိုအပ်သည်။

  • နှလုံး အီးစီဂျီဆွဲခြင်း (ECG)
  • နှလုံးခုန်နှုန်းနှင့် နရီစည်းချက် စောင့်ကြည့်စစ်ဆေးခြင်း (Holter monitor)
  • အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • ခန္ဓာကိုယ်လှုပ်ရှားနေစဥ် နှလုံးလုပ်‌ဆောင်ချက်ကို အီးစီဂျီဖြင့် စစ်ဆေးခြင်း (Exercise Stress test)
  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)
  • သွေးများစစ်ဆေးခြင်း (blood tests)
နှလုံးခုန်နှုန်းထိန်းစက် မတပ်ဆင်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ

လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီးနောက် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ရန် သေချာပါက နှလုံးအထူးကုဆရာဝန်မှ ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးမည်ဖြစ်သည်။ လူနာအနေဖြင့် ခွဲစိတ်မှုမပြုလုပ်မီ အောက်ပါအချက်များကို သေချာစွာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

  • အဖော်ကြိုတင်စီစဉ်ခြင်း – ခွဲစိတ်မှုအပြီးတွင် အိမ်သို့ ဘေးကင်းစွာ ပြန်လည်လိုက်ပါပို့ဆောင်ပေးမည့် အဖော်တစ်ဦးကို ကြိုတင်စီစဉ်ထားရှိရမည်
  • ဆေးဝါးနှင့် ဓာတ်မတည့်မှုများ အသိပေးခြင်း – မိမိလက်ရှိသောက်သုံးနေသော ဆေးဝါးများ (အထူးသဖြင့် သွေးကျဲဆေးများ) နှင့် ရှိရင်းစွဲ ဆေးဝါးဓာတ်မတည့်မှု ရာဇဝင်များကို ဆရာဝန်အား အသေးစိတ် ကြိုတင်အသိပေးရမည်
  • အစာနှင့် ရေ ရှောင်ကြဉ်ခြင်း (Fasting) – ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့် ရေသောက်ခြင်းကို မည်သည့်အချိန်မှစ၍ ဖြတ်တောက်ထားရမည်ဟူသော ဆရာဝန်၏ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာရမည်
  • ဆေးဝါးသောက်သုံးမှု ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း – ခွဲစိတ်မှုမတိုင်မီ အချို့သောဆေးဝါးများကို ခေတ္တရပ်နားရန် သို့မဟုတ် ဆက်လက်သောက်သုံးရန် ဆရာဝန်မှ သတ်မှတ်ပေးထားပါက ထိုအတိုင်း အတိအကျ ဆောင်ရွက်ရမည်
စက်တပ်ဆင်ခြင်းအဆင့်ဆင့်

ခွဲစိတ်မှု မပြုလုပ်မီ ပြင်ဆင်ခြင်း (Before the procedure)
နှလုံးခုန်နှုန်းထိန်းစက်ကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန်အတွက် ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ပြီး ယင်းခွဲစိတ်မှုသည် နာရီအနည်းငယ်ခန့် ကြာမြင့်နိုင်သည်

  • ပထမဦးစွာ လူနာ၏ရင်ဘတ်ကို ဆပ်ပြာရည်ဖြင့် သန့်စင်ပေးမည်ဖြစ်သည်
  • ထို့နောက် လက်ဖျံ သို့မဟုတ် လက်ရှိ သွေးပြန်ကြောအတွင်းသို့ ဆေးသွင်းပိုက် ထည့်သွင်းမည်
  • လူနာအား စိတ်သက်သောင့်သက်သာဖြစ်စေရန် အဆိုပါ ဆေးသွင်းပိုက်မှတစ်ဆင့် စိတ်ငြိမ်ဆေးများ ထည့်သွင်းပေးမည်
  • ယင်းနောက် နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းမည့် အရေပြားနေရာကို နာကျင်မှုမရှိစေရန် ထုံဆေးထိုးပေးမည်
  • ခွဲစိတ်နေစဉ်အတွင်း လူနာအနေဖြင့် အပြည့်အဝ နိုးကြားနေနိုင်သကဲ့သို့ အနည်းငယ် အိပ်ငိုက်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်

ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း (During the procedure)

  • နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းရန် ဆရာဝန်သည် ညှပ်ရိုးအောက် သို့မဟုတ် အနီးတစ်ဝိုက်ရှိ သွေးပြန်ကြောမကြီးအတွင်းသို့ လျှပ်စီးကြိုး တစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ ထည့်သွင်းမည်
  • ထိုလျှပ်စီးကြိုးများ နှလုံးသို့ တိကျစွာ ရောက်ရှိစေရန် ဓာတ်မှန်ပုံရိပ်များကို အသုံးပြု၍ လမ်းညွှန်ပေးမည်ဖြစ်သည်
  • ဝါယာကြိုးတစ်ချောင်းချင်းစီ၏ အဆုံးတစ်ဖက်ကို နှလုံး၏ သင့်တော်သောနေရာတွင် ချိတ်ဆက်မည်ဖြစ်ပြီး အခြားတစ်ဖက်ကိုမူ လျှပ်စစ်စီးကြောင်း အချက်ပြမှုများ ထုတ်လွှတ်ပေးမည့် နှလုံးခုန်နှုန်းထိန်းစက်၏ လျှပ်စစ်ထုတ်စက် (generator) အစိတ်အပိုင်းနှင့် ချိတ်ဆက်မည်
  • အဆိုပါလျှပ်စစ်ထုတ်စက် အစိတ်အပိုင်းကို များသောအားဖြင့် ညှပ်ရိုးအောက်ရှိ အရေပြားအောက်တွင် ထည့်သွင်းလေ့ရှိသည်
  • လျှပ်စီးကြိုးမဲ့ နှလုံးခုန်နှုန်းထိန်းစက် (leadless pacemaker)
    • ပိုမိုသေးငယ်ပြီး အစိတ်အပိုင်းအားလုံးကို စက်တစ်ခုတည်းအတွင်း စုစည်းထားခြင်းဖြစ်သည်
    • ယင်းစက်ကို သေးသွယ်ပြီး ပျော့ပြောင်းသည့် ပြွန်ချောင်း (catheter) အသုံးပြု၍ နှလုံးအတွင်းသို့ ထည့်သွင်းမည်
    • ဆရာဝန်သည် အဆိုပါပြွန်ချောင်းကို များသောအားဖြင့် ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် ထည့်သွင်းပြီး စက်ကို ထိုပြွန်ချောင်းအတွင်းမှတစ်ဆင့် နှလုံး၏ သင့်တော်သောနေရာသို့ ‌ရောက်ရှိအောင် ပို့ဆောင်ပေးမည်ဖြစ်သည်

ခွဲစိတ်မှု ပြုလုပ်ပြီးနောက် (After the procedure)
နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းပြီးနောက် လူနာအနေဖြင့် ဆေးရုံတွင် တစ်ရက်ခန့် အနားယူနေထိုင်ရနိုင်သည်။ ဆေးရုံမှ ပြန်မဆင်းမီ စက်ကို လူနာ၏ နှလုံးခုန်စည်းချက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ဆေးရုံမှ အိမ်သို့ပြန်ရာတွင် ဘေးကင်းစေရန် ကားမောင်းပို့ပေးမည့် အဖော်တစ်ဦးရှိရန် ကြိုတင်ပြင်ဆင်ထားရမည်။

နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းပြီး ပထမတစ်လအတွင်း လိုက်နာရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • လေးလံသောပစ္စည်းများ မခြင်း သို့မဟုတ် အင်အားအလွန်အကျွံသုံးရသော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်
  • နှလုံးခုန်နှုန်းထိန်းစက်ရှိသည့် နေရာကို ဖိမိခြင်းမျိုး မရှိစေရန် သတိပြုနေထိုင်ရန်
  • နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းထားသည့်ဘက်ရှိ လက်မောင်းကို ပခုံးအထက် ကျော်လွန်၍ မြှောက်ခြင်းမျိုး ရှောင်ကြဉ်ရန်

အကယ်၍ နာကျင်မှုဝေဒနာကို ခံစားရပါက ဆရာဝန်ညွှန်ကြားထားသည့် ဆေးဝါးများကိုသာ သောက်သုံးနိုင်သည်။

ခွဲစိတ်ကုသခြင်း၏ ရလဒ်များနှင့် အကျိုးကျေးဇူးများ

နှလုံးခုန်နှုန်းထိန်းစက်သည် နှလုံးခုန်နှုန်းနှေးခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးဝေခြင်းနှင့် သတိလစ်ခြင်းကဲ့သို့သော ဝေဒနာများကို သိသိသာသာ သက်သာကောင်းမွန်စေသည်။ ထို့ပြင် နှလုံးရုတ်တရက် ရပ်တန့်မသွားအောင် ကာကွယ်ပေးခြင်းဖြင့် အသက်အန္တရာယ်မှ ကယ်တင်ပေးနိုင်သည်။

နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure) ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသူများအတွက်လည်း ရောဂါဝေဒနာကို သက်သာစေပြီး သက်တမ်းပိုရှည်စေရန် ကူညီထောက်ပံ့ပေးသည်။ ခေတ်မီနှလုံးခုန်နှုန်းထိန်းစက်အများစုသည် လူနာ၏ ကိုယ်လက်လှုပ်ရှားမှုအဆင့်နှင့် ကိုက်ညီအောင် နှလုံးခုန်နှုန်းကို အလိုအလျောက် ညှိနှိုင်းပြောင်းလဲပေးနိုင်သောကြောင့် ပိုမိုတက်ကြွကျန်းမာသော လူနေမှုဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သတိပြုရန်အချက်များ

နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ရန် လိုအပ်သည်။ အကယ်၍ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဆရာဝန်ထံ ချက်ချင်း ဆက်သွယ်အကြောင်းကြားရန် သို့မဟုတ် ဆေးရုံသို့ ချက်ချင်း သွားရောက်ရန် လိုအပ်သည်။

  • နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ထားသည့်နေရာတွင် သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အရည်ထွက်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် တက်လာခြင်း
  • ခြေထောက် သို့မဟုတ် ခြေကျင်းဝတ်များ ဖောရောင်လာခြင်း
  • အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း
စက်ပစ္စည်း ထိန်းသိမ်းခြင်းနှင့် ဘက်ထရီသက်တမ်း

နှလုံးခုန်နှုန်းထိန်းစက်ကို ပုံမှန်အားဖြင့် (၃) လ တစ်ကြိမ် သို့မဟုတ် (၆) လ တစ်ကြိမ် စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။ နှလုံးခုန်နှုန်းထိန်းစက်တွင် ပါဝင်သော ဘက်ထရီသက်တမ်းသည် ပုံမှန်အားဖြင့် (၅)နှစ် မှ (၁၅) နှစ်အထိ အသုံးခံလေ့ရှိသည်။ ဘက်ထရီသက်တမ်း ကုန်ဆုံးပါက စက်အသစ်လဲလှယ်ရန် ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည် ဖြစ်သော်လည်း အဆိုပါ ဘက်ထရီလဲလှယ်သည့် ခွဲစိတ်မှုသည် ပထမအကြိမ် စက်ထည့်သွင်းစဉ်ကထက် ပိုမိုမြန်ဆန်လေ့ရှိသည်။

ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ

နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နှလုံးပိုးဝင်ခြင်း
  • ရောင်ရမ်းခြင်း၊ သွေးခြည်ဥခြင်း သို့မဟုတ် သွေးထွက်ခြင်း (အထူးသဖြင့် သွေးကျဲဆေးသောက်သုံးနေရသူများတွင် ပို၍ ဖြစ်ပွါးနိုင်သည်)
  • နှလုံး (စက်ထည့်သွင်းထားသည့် နေရာအနီး) တွင် သွေးခဲခြင်း
  • သွေးကြောများနှင့် အာရုံကြောများ ထိခိုက်ခြင်း
  • အဆုတ်ကျုံ့သွားခြင်း
  • အဆုတ်နှင့် ရင်ဘတ်နံရံအကြား နေရာလွတ်အတွင်း သွေးထွက်ခြင်း
  • စက် သို့မဟုတ် လျှပ်စီးကြိုး နေရာရွေ့သွားခြင်း (နှလုံးတွင် အပေါက်ဖြစ်သွားနိုင်သည်အထိ ပြင်းထန်နိုင်သော်လည်း အလွန်ရှားပါးသော နောက်ဆက်တွဲပြဿနာဖြစ်သည်)
နောက်ဆက်တွဲစောင့်ရှောက်မှုများ

နှလုံးခုန်နှုန်းထိန်းစက်များသည် များသောအားဖြင့် လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်မှုများကြောင့် အလိုအလျောက် ရပ်တန့်သွားလေ့မရှိပါ။ သို့သော် စက်ပစ္စည်းရေရှည်ကောင်းမွန်စေရန်နှင့် လူနာ၏ ဘေးကင်းလုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာရပါမည်။

  • မိုဘိုင်းဖုန်း အသုံးပြုခြင်း
    • မိုဘိုင်းဖုန်းဖြင့် စကားပြောဆိုခြင်းသည် ဘေးကင်းသော်လည်း ဖုန်းကို နှလုံးခုန်နှုန်းထိန်းစက်နှင့် အနည်းဆုံး ၆ လက်မ (၁၅ စင်တီမီတာ) အကွာတွင် ထားရှိရမည်
    • ဖုန်းကို အင်္ကျီရင်ဘတ်အိတ်ကပ်ထဲသို့ လုံးဝ မထည့်ရပါ
    • ဖုန်းပြောသည့်အခါ စက်တပ်ဆင်ထားသည့်ဘက်နှင့် ဆန့်ကျင်ဘက်နားတွင်သာ ကိုင်ဆောင်၍ ပြောဆိုရမည်
  • လုံခြုံရေးစနစ်များကို ဖြတ်သန်းခြင်း
    • လေဆိပ် သို့မဟုတ် ကုန်တိုက်များရှိ သတ္တုရှာဖွေရေးကိရိယာ (Metal detector) များကို ဖြတ်သန်းခြင်းသည် စက်ကို နှောင့်ယှက်ခြင်းမရှိပါ
    • သို့သော် စက်ပစ္စည်းအတွင်းပါဝင်သော သတ္တုကြောင့် အချက်ပေးသံ (Alarm) မြည်နိုင်သဖြင့် သတ္တုရှာဖွေရေးစနစ်များအနီးတွင် ကြာရှည်စွာ ရပ်မနေရပါ
    • မိမိတွင် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ထားကြောင်း ပြသနိုင်သည့် ကျန်းမာရေးမှတ်တမ်းကတ်ပြားကို အမြဲမပြတ် ဆောင်ထားရမည်
  • ဆေးဘက်ဆိုင်ရာ ပြုစုကုသမှုများ
    • သွားဆရာဝန်အပါအဝင် မိမိအား ကုသပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ အားလုံးကို နှလုံးခုန်နှုန်းထိန်းစက် ရှိကြောင်း ကြိုတင်အသိပေးရမည်
    • ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းများသည် စက်၏ လုပ်ဆောင်ချက်ကို နှောင့်ယှက်နိုင်သည်။
    • ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ခွဲစိတ်မှုအတွင်း သွေးတိတ်စေရန် လျှပ်စစ်စနစ်အသုံးပြုခြင်းနှင့် ကျောက်ကပ် သို့မဟုတ် အသည်းကျောက်တည်ခြင်းကို အသံလှိုင်းဖြင့် ခွဲခြေကုသခြင်း စသည့် ကုထုံးများသည်လည်း စက်ကို နှောင့်ယှက်မှု ဖြစ်စေနိုင်သည်
  • လျှပ်စစ်ထုတ်လွှတ်သည့် စက်မှုပစ္စည်းများ
    • ဂဟေဆော်သည့်စက်များ၊ ဗို့အားမြင့် ထရန်စဖော်မာများနှင့် မော်တာ-ဂျင်နရေတာ စနစ်များမှ အနည်းဆုံး ၂ ပေ (၆၁ စင်တီမီတာ) အကွာတွင် နေထိုင်ရမည်
    • အကယ်၍ ထိုကဲ့သို့သော ပစ္စည်းများရှိသည့် ပတ်ဝန်းကျင်တွင် မဖြစ်မနေ အလုပ်လုပ်ရပါက လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာဆရာဝန်များနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည်
  • နှောင့်ယှက်မှု မရှိသော နေ့စဉ်သုံးစက်ပစ္စည်းများ
    အောက်ပါ အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် နှလုံးခုန်နှုန်းထိန်းစက်ကို နှောင့်ယှက်နိုင်ခြေ မရှိသဖြင့် စိတ်ချစွာ အသုံးပြုနိုင်သည်။
    • လျှပ်စစ်စောင်များနှင့် လျှပ်စစ်မုတ်ဆိတ်ရိတ်စက်များ
    • မိုက်ခရိုဝေ့ဖ်မီးဖိုများနှင့် ပေါင်မုန့်ကင်စက်များ
    • ကွန်ပျူတာများနှင့် ရေဒီယိုများ
    • တီဗီနှင့် ရီမုတ်ကွန်ထရိုး (remote control) များ

References:

  1. Mayo Clinic. (n.d.). Pacemaker. Retrieved May 13, 2026, from https://www.mayoclinic.org/tests-procedures/pacemaker/about/pac-20384689
  2. Cleveland Clinic. (n.d.). Permanent pacemaker. Retrieved May 13, 2026, from https://my.clevelandclinic.org/health/treatments/17360-permanent-pacemaker
  3. NHS. (n.d.). Pacemaker implantation. Retrieved May 13, 2026, from https://www.nhs.uk/tests-and-treatments/pacemaker-implantation/
  4. Heart Foundation NZ. (n.d.). Pacemakers. Retrieved May 13, 2026, from https://www.heartfoundation.org.nz/your-heart/heart-treatments/pacemakers
  5. American Heart Association. (n.d.). Pacemaker. Retrieved May 13, 2026, from https://www.heart.org/en/health-topics/arrhythmia/prevention–treatment-of-arrhythmia/pacemaker

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.