Ventriculoperitoneal shunt (VP shunt) (ဦးနှောက်အတွင်းမှ အရည်များကို ပိုက်ထည့်၍ ဝမ်းဗိုက်အတွင်းသို့ လမ်းကြောင်းလွှဲခြင်း)

Ventriculoperitoneal shunt (VP shunt) (ဦးနှောက်အတွင်းမှ အရည်များကို ပိုက်ထည့်၍ ဝမ်းဗိုက်အတွင်းသို့ လမ်းကြောင်းလွှဲခြင်း)

ဦးနှောက်အတွင်းမှ အရည်များကို ပိုက်ထည့်၍ ဝမ်းဗိုက်အတွင်းသို့ လမ်းကြောင်းလွှဲခြင်း (Ventriculoperitoneal shunt) ဆိုသည်မှာ ဦးနှောက်အတွင်း ရောဂါအခြေအနေတစ်ခုခုကြောင့် ပိုလျှံ၍ စုပုံလာသော စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) အရည်များကို ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုသို့ စီးဆင်းစေပြီး ဦးနှောက်အတွင်းရှိ ဖိအားကို လျှော့ချပေးခြင်းဖြစ်သည်။

Cerebrospinal Fluid – CSF ထုတ်လုပ်ပုံနှင့် လုပ်ဆောင်ချက်များ

ဦးနှောက်အတွင်းတွင် ပုံမှန်အားဖြင့် အခန်းငယ် (Ventricle) လေးခုရှိပြီး ထိုအခန်းငယ်များအတွင်းတွင် စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) ဟုခေါ်သော အရည်တစ်မျိုး စီးဆင်းနေသည်။ ဦးနှောက်အပေါ်ပိုင်းအခန်းနှစ်ခု၏ အတွင်းနံရံရှိ ဆဲလ်များမှ စီအက်စ်အက်ဖ်အရည်ကို စတင်ထုတ်လုပ်သည်။ ဦးနှောက်အတွင်းမှ စီအက်စ်အက်ဖ်အရည်သည် ဦးနှောက်အပြင်ဘက် မျက်နှာပြင်များနှင့် ကျောရိုးအာရုံကြောမကြီးပတ်လည်သို့ လှည့်ပတ်စီးဆင်းသည်။ ထိုသို့လှည့်ပတ်စီးဆင်းပြီးနောက် ဦးနှောက်အပေါ် အပြင်ဘက်မျက်နှာပြင်ရှိ သွေးကြောများမှ ထိုအရည်များကို ပြန်လည်စုပ်ယူသွားသည်။ ထိုသို့ ထုတ်လုပ်သည့် ပမာဏနှင့် ပြန်လည်စုပ်ယူသည့် ပမာဏညီမျှနေမှသာ ဦးနှောက်အခန်းများအတွင်းရှိ ဖိအားသည် ပုံမှန်ဖြစ်နေမည်ဖြစ်သည်။ စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) အရည်၏ လုပ်ငန်းများမှာ_

  • ဦးနှောက်နှင့် အာရုံကြောများကို ထိခိုက်ဒဏ်ရာမရစေရန် ကူရှင်အဖြစ် ကာကွယ်ပေးခြင်း
  • ဦးနှောက်အတွက် အာဟာရဓာတ်များရရှိရန် သယ်ယူပို့ဆောင်ပေးခြင်း
  • မလိုအပ်သော အညစ်အကြေးများကို ဖယ်ရှားပေးခြင်း စသည်တို့ဖြစ်သည်။

အကယ်၍ ထိုစီအက်စ်အက်ဖ်အရည်များသည် ပုံမှန်အတိုင်း မစီးဆင်းနိုင်ဘဲ ဦးနှောက်အတွင်း များပြားစုပုံလာပါက ဦးနှောက်အခန်းငယ်များအတွင်း အရည်များစု၍ ကျယ်လာခြင်း (Hydrocephalus) ဖြစ်ပွါးလာနိုင်သည်။

  • အကြောင်းရင်းတစ်ခုခုကြောင့် စီအက်စ်အက်ဖ်အရည်များ ထုတ်လုပ်မှု များလာလျှင် သို့မဟုတ်
  • အရည်လှည့်ပတ်စီးဆင်းရာ လမ်းကြောင်းတစ်နေရာ၌ ပိတ်ဆို့နေလျှင် သို့မဟုတ်
  • သွေးကြောများမှ ပြန်လည်စုပ်ယူခြင်း လျော့နည်းလျှင် စီအက်စ်အက်ဖ်အရည်များ ပိုမိုစုဝေးလာပြီး ဦးနှောက်အခန်းများလည်း ကျယ်လာနိုင်သည်။

ဦးနှောက်အခန်းငယ်များအတွင်း အရည်များစု၍ ကျယ်လာခြင်းသည် ဦးခေါင်းခွံအတွင်း ဖိအားကို တိုးလာစေပြီး ဦးနှောက်၏လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။ Hydrocephalus ကို အချိန်မီ မကုသပါက စိတ်တိုလွယ်ခြင်း၊ နာတာရှည် ခေါင်းကိုက်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း စသည့်လက္ခဏာများအပြင် ပိုမိုဆိုးရွားပါက ကလေးများတွင် ပြင်းထန်သော ဉာဏ်ရည်နှင့် ဖွံ့ဖြိုးမှုများ ထိခိုက်ခြင်း၊ လူကြီးများတွင် စဥ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းခြင်းစသည့် နောက်ဆက်တွဲပြဿနာများပါ ခံစားရနိုင်ပြီး ဦးနှောက်အတွင်းရှိ ဖိအားအလွန်များပြားလာပါက အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။

ဦးနှောက်အတွင်းစုပုံနေသော အရည်များကို လျှော့ချနိုင်ရန်၊ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုသို့ ဘေးကင်းစွာ လမ်းကြောင်းလွှဲပြီး အရည်များကို သွေးကြောများအတွင်းသို့ ပြန်လည်စုပ်ယူပေးသော ပိုက်ထည့်ခြင်း (Shunt insertion) ကုသမှုကို ပြုလုပ်ပေးနိုင်သည်။ ပိုက်ထည့်၍ ကုသမှုခံယူရသူများသည် များသောအားဖြင့် တစ်သက်လုံး ပိုက်ကို ထားရှိရလေ့ရှိပြီး ရက်ချိန်း စစ်ဆေးမှုများ ပုံမှန်ခံယူရန် လိုအပ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

Hydrocephalus ကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး အောက်ပါအခြေအနေများတွင် Shunt ထည့်သွင်းရန် လိုအပ်လေ့ရှိသည်။

  • မွေးရာပါ အရည်များ၍ ဦးနှောက်အခန်းကျယ်ခြင်း (Congenital Hydrocephalus)
    အရည်စီးဆင်းရာ လမ်းကြောင်းကျဉ်းမြောင်းမှု (Aqueductal stenosis) ကြောင့် ဖြစ်ပေါ်တတ်သော မျိုးဗီဇဆိုင်ရာရောဂါဖြစ်သည်။ ၎င်းသည် အာရုံကြောစနစ်ကို ပုံပျက်စေပြီး ဉာဏ်ရည်မမှီခြင်း၊ ခြေလက်များ တောင့်တင်း၍ လေဖြတ်သကဲ့သို့ ဖြစ်ခြင်း (Spastic paraplegia) တို့နှင့် ဆက်စပ်မှုရှိသည်။
  • ဦးနှောက်အကျိတ်များ (Tumours)
    ဦးနှောက်အတွင်းရှိ အခန်းငယ်များ (Lateral, Third, Fourth ventricles) သို့မဟုတ် ဦးနှောက်အရည်စီးဆင်းရာ လမ်းကြောင်းများတွင် အကျိတ်များ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်နိုင်သည်။
  • Communicating hydrocephalus
    ဦးနှောက်အမြှေးရောင်ခြင်း သို့မဟုတ် ဦးနှောက်အတွင်း သွေးယိုခြင်း (Meningitis or Subarachnoid hemorrhage) တို့၏ နောက်ဆက်တွဲပြဿနာဖြစ်သည်။
  • မွေးရာပါ ကျောရိုးကွင်းပုံမှန်မဆက်ခြင်း (Myelomeningocele)
    ဦးနှောက်နှင့် ကျောရိုးမကြီး၏ ဖွဲ့စည်းပုံ မူမမှန်ခြင်းကြောင့် အရည်စီးဆင်းမှု လမ်းကြောင်းပြောင်းလဲသွားပြီး ဦးနှောက်အခန်းကျယ်ခြင်းကို ဖြစ်စေသည်။
  • ဦးခေါင်းခွံရိုး စောစီးစွာ ဆက်သွားခြင်း (Craniosynostosis)
    ဦးနှောက်အပြည့်အဝ မဖွံ့ဖြိုးမီ ဦးခေါင်းခွံကို ဖွဲ့စည်းထားသည့် ဆက်ကြောင်းများ (Sutures) အချိန်မတိုင်မီ စောစီးစွာ ပိတ်သွားသည့် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည်။ ရှားရှားပါးပါး အခြေအနေများတွင် ၎င်းသည် ဦးနှောက်အခန်းကျယ်ခြင်းကို ဖြစ်စေသည်။
  • ဒန်ဒီ-ဝေါ်လ်ကာ ရောဂါစု (Dandy-Walker syndrome)
    စတုတ္ထမြောက် ဦးနှောက်ခန်း ပုံပျက်ခြင်း၊ ဦးနှောက်ငယ် (Cerebellum) ၏ အလယ်ပိုင်း ဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် ဦးနှောက်နောက်ပိုင်း နေရာလွတ် ကြီးမားနေခြင်းတို့ ဖြစ်ပေါ်တတ်သည်။
  • ဦးနှောက် အရည်အိတ်ငယ်များ (Arachnoid cysts)
    ဦးနှောက်အမြှေးပါးကြားတွင် အရည်များ စုပုံနေမိပြီး အိတ်ငယ်များ ဖြစ်ပေါ်ကာ ပုံမှန်အရည်စီးဆင်းမှုကို ပိတ်ဆို့စေသည့် ချို့ယွင်းချက်တစ်ခုဖြစ်သည်။
  • အကြောင်းရင်းမရှိဘဲ ဦးခေါင်းခွံအတွင်း ဖိအားတက်ခြင်း (Idiopathic intracranial hypertension)
    လူတစ်သိန်းတွင် တစ်ယောက်ခန့်သာ ဖြစ်လေ့ရှိသော ရှားပါးသည့် အာရုံကြောရောဂါဖြစ်သည်။ များသောအားဖြင့် ကလေးမွေးနိုင်သည့်အရွယ် အမျိုးသမီးများတွင် ဖြစ်ပွါးလေ့ရှိပြီး အမြင်အာရုံဆုံးရှုံးမှုကို ဖြစ်စေသည်။
  • ဦးနှောက်တွင်းဖိအားပုံမှန်ဖြစ်နေသော ဦးနှောက်ရေအိတ်ကျယ်ခြင်း (Normal Pressure Hydrocephalus)
    ၎င်းသည် မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia)၊ လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်းနှင့် ဆီးမထိန်းနိုင်ခြင်း စသည့် လက္ခဏာသုံးမျိုးကို ခံစားရစေသည်။
မပြုလုပ်သင့်သော အခြေအနေများ

လုံးဝရှောင်ကြဉ်ရမည့်အချက်များ (Absolute contraindications)
အောက်ပါအခြေအနေများရှိပါက Shunt ထည့်ခြင်းကို အထူးရှောင်ကြဉ်ရမည်။

  • ခွဲစိတ်မည့်နေရာတွင် ပိုးဝင်နေခြင်း (Infection over the entry site) – ပိုက်ထည့်သွင်းမည့် ဦးခေါင်းခွံ သို့မဟုတ် အရေပြားနေရာတွင် ပိုးဝင်ခြင်း၊ ပြည်တည်ခြင်းများ ရှိနေခြင်း
  • CSF အရည်အတွင်း ပိုးဝင်နေခြင်း (Infection of the CSF) – CSF အရည်အတွင်း ဘက်တီးရီးယားပိုး ကူးစက်မှု ရှိနေပါက Shunt ထည့်ခြင်းကြောင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးသို့ ပိုးများ ပျံ့နှံ့သွားနိုင်သည်
  • ပိုက်အစိတ်အပိုင်းများနှင့် ဓာတ်မတည့်ခြင်း (Allergy to catheter components) – ပိုက်တွင်ပါဝင်သော ဆီလီကွန် (Silicone) သို့မဟုတ် အခြားပစ္စည်းများနှင့် ပြင်းထန်စွာ ဓာတ်မတည့်သည့် ရာဇဝင်ရှိခြင်း

သတိပြုရှောင်ကြဉ်ရမည့်အချက်များ (Relative contraindications)
အောက်ပါအခြေအနေများတွင် ခွဲစိတ်မှုကို ဆရာဝန်မှ လူနာ၏ အခြေအနေပေါ်မူတည်၍ အထူးသတိထား ဆောင်ရွက်ရန်လိုအပ်သည်။

  • သွေးခဲစနစ် ချို့ယွင်းနေခြင်း (Altered coagulation function) – သွေးထွက်ပါက သွေးတိတ်ရန် ခက်ခဲသည့် အခြေအနေရှိခြင်း
  • CSF အရည်အတွင်း ပရိုတင်းဓာတ် များလွန်းနေခြင်း (High CSF protein) – ပရိုတင်းဓာတ် များနေပါက ပိုက်ကို အလွယ်တကူ ပိတ်ဆို့စေနိုင်သည်
  • CSF အရည်အတွင်း သွေးပါနေခြင်း (CSF with blood) – CSF အရည်အတွင်း သွေးပါနေပါကလည်း ပိုက်ကို ပိတ်ဆို့သွားစေနိုင်သည်။

Shunt အမျိုးအစားများ
ဦးနှောက်အတွင်း စုပုံနေသော အရည်များကို ဖယ်ရှားရန်အတွက် လမ်းကြောင်းလွှဲပိုက် (Shunt) အမျိုးအစား အမျိုးမျိုးရှိသည့်အနက် Ventriculoperitoneal (VP) Shunt သည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးအများဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းစနစ်တွင်_

  • ဦးနှောက်အခန်းငယ်အတွင်းသို့ ထည့်သွင်းရသော အပေါ်ပိုင်းပိုက် (Upper Catheter)
  • အရည်စီးဆင်းမှုကို ထိန်းချုပ်ပေးသည့် အဆို့ရှင် (Valve) နှင့်
  • အရည်များကို ဝမ်းဗိုက်အတွင်းသို့ ပို့ဆောင်ပေးသည့် အောက်ပိုင်းပိုက် (Lower Catheter) ဟူ၍ အစိတ်အပိုင်း သုံးခုပါဝင်သည်။

ဝမ်းဗိုက်အတွင်းပိုင်း (Peritoneal Cavity) သည် ပိုလျှံနေသော ဦးနှောက်အရည်များကို သဘာဝအတိုင်း ထိရောက်စွာ ပြန်လည်စုပ်ယူနိုင်စွမ်းရှိသည့်အပြင် ခွဲစိတ်ကုသရန်လည်း ပိုမိုဘေးကင်းလွယ်ကူသောကြောင့် VP Shunt ကို ဦးစားပေး လုပ်ဆောင်ကြခြင်းဖြစ်သည်။ သို့သော် လူနာ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အခြားသော လမ်းကြောင်းလွှဲနည်းလမ်းများကိုလည်း အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်‌။

  • Ventriculoatrial (VA) Shunt
    • ပိုလျှံနေသောCSF အရည်များကို ဝမ်းဗိုက်သို့မဟုတ်ဘဲ နှလုံးသွေးဝင်ခန်း (Atrium) သို့ တိုက်ရိုက်စွန့်ထုတ်သည့် အမျိုးအစားဖြစ်သည်
    • ဝမ်းဗိုက်ပိုင်းတွင် ခွဲစိတ်မှုလုပ်ရန် မဖြစ်နိုင်သည့် အခြေအနေများ (ဥပမာ- ဝမ်းဗိုက်အတွင်း ပိုးဝင်ဖူးခြင်း သို့မဟုတ် ခွဲစိတ်မှု အကြိမ်ကြိမ်လုပ်ဖူးခြင်း) ရှိပါက ဤနည်းလမ်းကို ရွေးချယ်သည်
  • Ventriculopleural (VPL) Shunt
    • CSF အရည်များကို အဆုတ်ဘေးရှိ အမြှေးပါးနေရာ (Pleural space)အတွင်းသို့ စွန့်ထုတ်ပေးသည့် နည်းလမ်းဖြစ်သည်
    • အထက်ပါ နည်းလမ်းနှစ်မျိုးလုံး အဆင်မပြေသည့် အခြေအနေမျိုးတွင်မှသာ အသုံးပြုလေ့ရှိပြီး အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို သတိပြုရမည်
  • Ventriculosubgaleal (VSG) Shunt
    • ၎င်းသည် အများအားဖြင့် မွေးကင်းစကလေးငယ်များတွင် ခွဲစိတ်မှုကြီး ခံယူရန် အဆင်မပြေမီ ယာယီအနေဖြင့် အသုံးပြုသည့် နည်းလမ်းဖြစ်သည်
    • CSF အရည်များကို ဦးရေပြားအောက်ရှိ နေရာလွတ် (Subgaleal space) တွင် စုဆောင်းစေပြီး သွေးကြောများအတွင်းသို့ ပြန်လည်စုပ်ယူစေခြင်းဖြစ်သည်
အဆို့ရှင်အမျိုးအစားများ (Valve Options)

အဆို့ရှင်သည် ဦးနှောက်မှ CSF အရည်များကို တစ်လမ်းသွား ထိန်းချုပ်ပေးသောစနစ်ဖြစ်သည်။ ၎င်းကို ဦးရေပြားအောက် (နားအနောက် သို့မဟုတ် ဦးခေါင်းအပေါ်ပိုင်း) နေရာတွင် ထားလေ့ရှိသည်။

  • အဆို့ရှင်အသေ (Fixed valves)
    • အရိုးရှင်းဆုံးနှင့် အသုံးပြုမှု အကြာဆုံး အမျိုးအစားဖြစ်သည်
    • ဖိအားပမာဏကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ အကယ်၍ အရည်စီးဆင်းမှု ပုံမှန်မဟုတ်တော့ပါက အဆို့ရှင်လဲလှယ်ရန် နောက်ထပ်ခွဲစိတ်မှု လိုအပ်သည်
  • ချိန်ညှိနိုင်သော အဆို့ရှင် (Programmable valves)
    • ခွဲစိတ်စရာမလိုဘဲ ပြင်ပမှ ကိရိယာတစ်ခုဖြင့် ဖိအားကို ချိန်ညှိနိုင်သည်
    • လိုအပ်ချက်ပေါ်မူတည်၍ အဆို့ရှင်၏ ဖိအားအပြောင်းအလဲကို သံလိုက်ဓာတ်ပါသော ကိရိယာ (Magnetic programmer) ကို အသုံးပြု၍ ချိန်ညှိလေ့ရှိသည်
  • Antisiphon valves
    • လူတစ်ဦး မတ်တတ်ရပ်လိုက်သည့်အချိန်တွင် အရည်စီးဆင်းမှုကို များမသွားစေရန် ဖိအားတစ်ခုဖြင့် ခုခံပေးထားသည့် အဆို့ရှင်အမျိုးအစားဖြစ်သည်
    • ထိုသို့ပြုလုပ်ပေးခြင်းကြောင့် ရုတ်တရက် မတ်တတ်ရပ်ခြင်း သို့မဟုတ် လဲလျောင်းနေရာမှ ထထိုင်လိုက်ခြင်းကြောင့် အရည်များ အလွန်အကျွံ စီးဆင်းခြင်းကို ကာကွယ်ပေးသည်
    • အထူးသဖြင့် အရပ်ရှည်သူများ၊ ကိုယ်ခန္ဓာကြီးမားသူများ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု များသူများအတွက် အသုံးဝင်သည်
  • စီးဆင်းမှုနှုန်းကို ပုံမှန်ထိန်းပေးသော အဆို့ရှင် (Flow-regulated valves)
    • ဦးနှောက်အတွင်း ဖိအားပြောင်းလဲမှု မည်သို့ပင်ရှိစေကာမူ အရည်စီးဆင်းမှုနှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးသည်
  • ပေါင်းစပ်အဆို့ရှင် (Combined valves)
    • ချိန်ညှိနိုင်သော စနစ်နှင့် Antisiphon ကဲ့သို့သော နည်းပညာအမျိုးမျိုးကို တစ်ခုတည်းတွင် ပေါင်းစပ်ထားသည့် အဆို့ရှင်များဖြစ်သည်
ကြိုတင်သိရှိထားရမည့်အချက်များ

ပိုက်ထည့်သည့် ခွဲစိတ်မှုမပြုလုပ်မီတွင် ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များ အသုံးပြု၍ ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်ရနိုင်သည်။ အချို့အခြေအနေများတွင် shunt မထည့်မီ ယာယီအနေဖြင့် lumbar drain သို့မဟုတ် external ventricular drain ကို အသုံးပြုလေ့ရှိသည်။

ခွဲစိတ်မှုမပြုလုပ်မီတွင် ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း စားသောက်နေထိုင်မှုများကို လိုက်နာရမည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အချို့သောဆေးဝါးများကို ခေတ္တရပ်နားထားရနိုင်သည်။ ဥပမာအားဖြင့် သွေးကျဲဆေးများသည် သွေးခဲသည့်ဖြစ်စဥ်ကို နှေးကွေးစေပြီး ခွဲစိတ်နေစဥ်အတွင်း သွေးထွက်နိုင်ခြေကို မြင့်မားစေသောကြောင့် ခွဲစိတ်မှုမပြုလုပ်မီ ခဏရပ်နားထားရန် လိုအပ်သည်။ မည်သည့်အချိန်တွင် ရပ်ရမည်နှင့် မည်မျှကြာအောင် ရပ်ထားရမည်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရမည်။

ခွဲစိတ်ကုသပုံအဆင့်ဆင့်

လမ်းကြောင်းလွှဲပိုက် (Shunt) တပ်ဆင်ခြင်းကို များသောအားဖြင့် ဆေးရုံတွင် ပြုလုပ်လေ့ရှိပြီး နောက်ဆက်တွဲပြဿနာများ ရှိမရှိ စောင့်ကြည့်နိုင်ရန် ခွဲစိတ်ပြီးနောက် ၁ရက် မှ ၂ရက်အထိ ဆေးရုံတွင် နေထိုင်ရလေ့ရှိသည်။

ခွဲစိတ်မှုမပြုမီ (Before)
ခွဲစိတ်မှုမစတင်မီ ဦးနှောက် အာရုံကြောခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်တို့အပါအဝင် ခွဲစိတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရမည်။ အချို့သောအခြေအနေများတွင် ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုကို အထွေထွေခွဲစိတ်ဆရာဝန်မှ မှန်ပြောင်းနည်းပညာသုံး၍ ပြုလုပ်သည်။

  • ယေဘုယျအားဖြင့် ခွဲစိတ်နေစဉ်အတွင်း သတိမေ့နေစေရန် မေ့ဆေးပေးထားမည်ဖြစ်သည်
  • ခွဲစိတ်မှုမှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်သော်လည်း မေ့ဆေးပေးချိန်နှင့် ပြန်လည်နိုးထလာချိန်တို့ကြောင့် စုစုပေါင်း တစ်နာရီခန့် ကြာမြင့်နိုင်သည်
  • ပိုးမွှားကင်းစင်စေရန်နှင့် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ရန် ဦးခေါင်းပေါ်ရှိ ခွဲစိတ်မှုပြုလုပ်မည့်နေရာကို ဆံပင်ရိတ်၍ ပိုးသတ်ဆေးဖြင့် ဆေးကြောမည်၊ ဤနေရာသည် အဆို့ရှင်၏ အပေါ်ပိုင်းမှ ပြွန်ပိုက် (Upper Catheter) ကို ဦးနှောက်အခန်းအတွင်းသို့ ထည့်သွင်းမည့်နေရာဖြစ်သည်
  • ထို့အတူအဆို့ရှင်၏ အောက်ပိုင်းမှ ပြွန်ပိုက် (Lower Catheter) ထည့်မည့်နေရာ (VP shunt အတွက် ဝမ်းဗိုက် နှင့် VA shunt အတွက် ညှပ်ရိုးအနီး) ကိုလည်း သန့်စင်မှုပြုလုပ်ပေးမည်
  • ခွဲစိတ်မှုကြောင့် ပိုက်တွင် ပိုးဝင်ခြင်းကို ကာကွယ်ရန် ခွဲစိတ်ခြင်းမပြုမီ ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်ပေးထားမည်

ခွဲစိတ်နေစဉ် (During)
ခွဲစိတ်မှုပြုလုပ်ချိန်တွင် အောက်ပါတို့ကို အဆင့်အတိုင်း ပြုလုပ်မည်။

  • ဦးခေါင်းနှင့် အရည်ထုတ်မည့်နေရာ (အများအားဖြင့် ဝမ်းဗိုက်) တို့တွင် ခွဲကြောင်းအသေးစားများ ဦးစွာ ပြုလုပ်မည်
  • ဦးခေါင်းခွံတွင် အပေါက်အသေးတစ်ခုဖောက်ကာ Upper Catheter ကို ဦးနှောက်အခန်း (Ventricle) အတွင်းသို့ ထည့်သွင်းသည်
  • ထို့နောက် ဦးခေါင်းအရေပြားမှ အရည်ထုတ်မည့်နေရာအထိ အရေပြားအောက်တစ်လျှောက်တွင် လမ်းကြောင်းတစ်ခု ဖန်တီးသည်
  • Lower Catheter ကို ထိုလမ်းကြောင်းတစ်လျှောက် အရည်ထုတ်မည့်နေရာအထိ ထည့်သွင်းသည်
  • Lower Catheter ကို အဆို့ရှင် (Valve) နှင့် ချိတ်ဆက်သည်
  • Upper Catheter ကိုလည်း အဆို့ရှင်နှင့် ပြန်လည်ချိတ်ဆက်သည်
  • ပိုက်များတပ်ဆင်ပြီးပါက ဦးနှောက်အတွင်းရှိ အရည်များ လမ်းကြောင်းမှန်ကန်စွာ စီးဆင်းမှု ရှိမရှိ စစ်ဆေးသည်
  • ခွဲကြောင်းများကို ပြန်လည်ချုပ်ပေးပြီး ပိုးသတ်ထားသော ပတ်တီးများ အုပ်ပေးသည်

ခွဲစိတ်ပြီးနောက် (After)
ဆေးရုံတွင် ၁ရက် မှ ၂ရက်အထိ စောင့်ကြည့်ရန် လိုအပ်ပြီး၊ ပိုက်နှင့် အရည်စီးဆင်းမှု စနစ် ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း အတည်ပြုနိုင်ရန် ပုံရိပ်ဖော်ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရနိုင်သည်။ ခွဲစိတ်ဒဏ်ရာကို မည်သို့ဂရုစိုက်ရမည်နှင့် သတိထားရမည့် ဘေးထွက်ဆိုးကျိုးလက္ခဏာများကို သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားပေးမည်ဖြစ်သည်။ ရက်ချိန်းအတွက်လည်း ခွဲစိတ်မှုအပြီး ရက်ပိုင်းတွင် တစ်ကြိမ်၊ နောက်ပိုင်းတွင် (၃)လ မှ (၆)လခြား၍ ပုံမှန်ရက်ချိန်းပေးကြည့်ရှုရန် လိုအပ်သည်။

ထို့အပြင် ခြေထောက်သန်မာစေရန်နှင့် လမ်းလျှောက်နိုင်စွမ်းရှိစေရန် ကာယကုထုံး (Physical therapy) များလည်း လေ့ကျင့်ပေးရမည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် ဟန်ချက်ညီစေရန် ကာယကုထုံးသည် များစွာအထောက်အကူပြုသည်။ လမ်းကြောင်းလွှဲပိုက်၏ အကျိုးကျေးဇူးကို အပြည့်အဝရရှိရန် လပေါင်းများစွာ ကြာနိုင်ပြီး၊ အချို့လူနာများမှာ ဆေးရုံတက်နေစဉ်အတွင်း ပြန်လည်သန်စွမ်းရေး ကုသမှုများ (Rehabilitation) ခံယူရန် လိုအပ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဦးနှောက်အရည်လမ်းကြောင်းလွှဲပိုက် (Shunt) များသည် များသောအားဖြင့် တစ်သက်တာလုံး စောင့်ကြည့်ထိန်းသိမ်းရန် လိုအပ်သည်။ ပိုက်ထည့်ခြင်းကြောင့် ယာယီအပြင် ရေရှည်တွင်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေရှိသည်။

  • နာကျင်မှုခံစားရခြင်း – လမ်းကြောင်းလွှဲပိုက် ထည့်သွင်းခွဲစိတ်ပြီးနောက် ခွဲစိတ်သည့်နေရာ၊ ပိုက်ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျှောက် သို့မဟုတ် ဝမ်းဗိုက်ပိုင်းတို့တွင် နာကျင်ခြင်းများ ခံစားရနိုင်သည်
  • သွေးယိုစီးခြင်း – ဦးနှောက်အတွင်း သွေးယိုစီးမှု ဖြစ်ပွါးနိုင်ခြေရှိသည်
  • ပိုက်ပိုးဝင်ခြင်း – တပ်ဆင်ထားသည့်ပိုက်နေရာတွင် ပိုးဝင်နိုင်ခြေရှိသည်၊ ပိုးဝင်ပါက ပုံမှန်အားဖြင့် ခွဲစိတ်ပြီး (၂)ပတ် မှ (၆)ပတ်အတွင်း လက္ခဏာပြလေ့ရှိပြီး၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် ဖျားခြင်းတို့ ခံစားရနိုင်သည်
  • CSF အရည်ထွက်ရှိမှု နည်းလွန်းခြင်း (Underdrainage) – တစ်ခါတစ်ရံတွင် CSF အရည်များ လုံလောက်စွာ ထွက်မသွားသည့်အတွက် ဦးနှောက်အတွင်း ဖိအားများသည့် လက္ခဏာများ ပြန်လည်ဖြစ်ပေါ်လာခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်နိုင်သည်
  • CSF အရည်ထွက်ရှိမှု များလွန်းခြင်း (Overdrainage) – CSF အရည်ထွက်မှု များလွန်းပါက ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်အတွင်း သွေးယိုစီးခြင်းတို့ ဖြစ်နိုင်သည်၊ ဦးနှောက်အတွင်းရှိ အခန်းငယ် (Ventricles) များ ပြားချပ်သွားပြီး သွေးကြောများ ပေါက်ပြဲကာ ဦးနှောက်အမြှေးပါးအောက်တွင် သွေးခဲခြင်း (Subdural hematoma) ဖြစ်ပွါးနိုင်သည်
  • ပိုက်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု – ရေရှည်တွင် ကြုံတွေ့ရနိုင်သည့် အကြီးမားဆုံး အန္တရာယ်တစ်ခုမှာ လမ်းကြောင်းလွှဲပိုက် အလုပ်မလုပ်တော့ခြင်းဖြစ်သည်၊ ပိုက်ပိတ်ခြင်း၊ ပြုတ်ထွက်ခြင်း၊ နေရာလွဲသွားခြင်း သို့မဟုတ် ပိုက်ကျိုးခြင်းတို့ ဖြစ်နိုင်သည်၊ ဤအချက်များသည် ပိုက်အသစ်လဲလှယ်ရခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများဖြစ်သည်၊ မွေးကင်းစအရွယ်တွင် တပ်ဆင်ထားသည့် ပိုက်အများစုသည် ယေဘုယျအားဖြင့် ၁၀ နှစ်အတွင်း အသစ်လဲလှယ်ရန် လိုအပ်သည်
  • ပိုက်ပိတ်ဆို့ခြင်း (Shunt Obstruction) – ပိုက်အတွင်း အရည်စီးဆင်းမှု ရပ်တန့်သွားခြင်းသည် လမ်းကြောင်းလွှဲပိုက်၏ အဖြစ်များဆုံး ပြဿနာတစ်ခုဖြစ်ပြီး အောက်ပါအချက်များကြောင့် ဖြစ်ပွါးသည်
    • ရောဂါပိုးဝင်ခြင်း (Infection) – ပိုက်တွင် ဘက်တီးရီးယားပိုး ကပ်ငြိခြင်းကြောင့် ဖြစ်ပေါ်လာသော အညစ်အကြေးများနှင့် ပြည်တည်ခြင်းတို့က ပိုက်လမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်သည်
    • ပိုက်ခေါက်ခြင်း သို့မဟုတ် လိမ်ခြင်း (Kinking) – ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားသော ပိုက်ချောင်းသည် နေရာလွဲသွားခြင်း၊ ခေါက်သွားခြင်း သို့မဟုတ် လိမ်သွားခြင်းတို့ကြောင့် အရည်စီးဆင်းမှု လမ်းကြောင်း ပိတ်သွားနိုင်သည်
    • တစ်ရှူးစများနှင့် သွေးခဲများ – ဦးနှောက်အတွင်းရှိ ဆဲလ်အစိတ်အပိုင်းများ၊ ပရိုတင်းဓာတ်များ သို့မဟုတ် သွေးခဲငယ်လေးများက ပိုက်၏ အပေါက်ငယ်များထဲတွင် သွားရောက်ပိတ်ဆို့တတ်သည်
    • ကလေးကြီးထွားလာခြင်း – ကလေးငယ်များတွင် အရပ်ရှည်လာသည်နှင့်အမျှ တပ်ဆင်ထားသော ပိုက်သည် တိုသွားခြင်း သို့မဟုတ် ဆွဲဆန့်ခံရခြင်းကြောင့် နေရာလွဲပြီး ပိတ်ဆို့မှု ဖြစ်ပေါ်နိုင်သည်
    • စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု – အဆို့ရှင် (Valve) အတွင်းပိုင်း ချို့ယွင်းခြင်း သို့မဟုတ် ပိုက်နှစ်ခု ချိတ်ဆက်ထားသည့်နေရာ ပြုတ်ထွက်သွားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်
  • အခြားနောက်ဆက်တွဲ ပြဿနာများ
    ရှားပါးသော အခြေအနေများအနေဖြင့် ပိုက်တွင်အသုံးပြုထားသော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း၊ သွေးယိုခြင်း သို့မဟုတ် ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်သည်။ လမ်းကြောင်းလွှဲပိုက်ကြောင့် ဖြစ်ပွါးသော နောက်ဆက်တွဲပြဿနာများသည် အသက်အန္တရာယ် စိုးရိမ်ရနိုင်သော်လည်း ဤသို့ဖြစ်ပွါးမှုမှာ အလွန်ရှားပါးသည်။

ပိုးဝင်ခြင်းနှင့် ပိတ်ဆို့ခြင်း ကုသနည်းများ

  • ပိုက်ပိုးဝင်ခြင်း (Infection) – ပုံမှန်အားဖြင့် တပ်ဆင်ထားသော ပိုက်အဟောင်းကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်၊ ထို့နောက် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) များဖြင့် ကုသပြီး ပိုးစင်သွားမှသာ ပိုက်အသစ်ကို တစ်ဖန် ပြန်လည်ထည့်သွင်းရသည်
  • ပိုက်ပိတ်ဆို့ခြင်း (Obstruction) – ပိုက်ခေါက်ခြင်း၊ ပိတ်ခြင်း သို့မဟုတ် စက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်ပေါ်ပါက ပိုက်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ပိုက်တစ်ခုလုံးကို ခွဲစိတ်၍ အသစ်လဲလှယ်ခြင်း (Shunt Revision) ဖြင့် ကုသရသည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ

နောက်ဆက်တွဲပြဿနာများဖြစ်ပါက ချက်ချင်းကုသမှုလိုအပ်သောကြောင့် အောက်ပါအချက်များရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရန် လိုအပ်သည်။

  • အကြောင်းရင်းမရှိဘဲ ကိုယ်အပူချိန် 100.4 ဒီဂရီဖာရင်ဟိုက် (38 ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပို၍ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပခုံး သို့မဟုတ် လည်ပင်းတစ်ဝိုက် နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ခွဲစိတ်ထားသည့်နေရာ၌ ရောင်ရမ်းခြင်း သို့မဟုတ် ပြည်/အရည်များ ထွက်ခြင်း
  • ပိုက်ထည့်ပြီးနောက် ဦးနှောက်တွင်းအရည်များ၊ ဖိအားများသည့် လက္ခဏာများ ပြန်ပေါ်လာခြင်း
    • မျက်လုံးများ အောက်သို့စိုက်နေခြင်း (Eyes fixed downward)၊ အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် ပုံရိပ်နှစ်ထပ်မြင်ရခြင်း
    • ကလေး၏ ဦးခေါင်းမှာ ပုံမှန်ထက် ပိုကြီးနေခြင်း၊ ဦးခေါင်းအရွယ်အစား အလွန်မြန်ဆန်စွာ ပြန်လည်ကြီးလာခြင်း သို့မဟုတ် ဦးခေါင်းထိပ်ရှိ ငယ်ထိပ် (Soft spot) ဖောင်းတက်နေခြင်း
  • ပုံမှန်ထက် ပို၍အိပ်ငိုက်ခြင်း၊ အင်အားကုန်ခမ်းခြင်း သို့မဟုတ် စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်း။ ကလေးငယ်များတွင် ပုံမှန်ထက် ပို၍ဂျီကျခြင်း သို့မဟုတ် စူးစူးဝါးဝါး အော်ဟစ်ငိုယိုခြင်းများ ဖြစ်နိုင်သည်
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း (တက်ခြင်း) သို့မဟုတ် မှတ်ဉာဏ်ချို့ယွင်းခြင်း
  • ဟန်ချက်မထိန်းနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မညီညွတ်ခြင်း သို့မဟုတ် လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း
  • ဆက်တိုက်ထိုးအန်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း သို့မဟုတ် အစားအသောက်ပုံစံ ပြောင်းလဲသွားခြင်း စသည့်အခြေအနေများ ရှိပါက ပြန်လည်ပြသသင့်သည်။

References:

  1. St. Jude Children’s Research Hospital. (n.d.). Ventriculo-peritoneal shunts. Retrieved May 12, 2026, from https://together.stjude.org/en-us/treatment-tests-procedures/procedures/ventriculo-peritoneal-shunts.html
  2. Mayo Clinic. (n.d.). Brain shunt. Retrieved May 12, 2026, from https://www.mayoclinic.org/tests-procedures/brain-shunt/about/pac-20588547
  3. MedlinePlus. (n.d.). CSF shunt. Retrieved May 12, 2026, from https://medlineplus.gov/ency/article/003019.htm
  4. NCBI Bookshelf. (2023). Ventriculoperitoneal shunt. In StatPearls. Retrieved May 12, 2026, from https://www.ncbi.nlm.nih.gov/books/NBK459351/
  5. DrOracle.ai. (n.d.). What are the absolute and relative indications and contraindications? Retrieved May 12, 2026, from https://www.droracle.ai/articles/508282/what-are-the-absolute-and-relative-indications-and-contraindications
  6. Don’t Forget the Bubbles. (n.d.). VP shunts. Retrieved May 12, 2026, from https://dontforgetthebubbles.com/vp-shunts/

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.