Colectomy (အူမကြီးဖြတ်ထုတ်ခြင်း)

Colectomy (အူမကြီးဖြတ်ထုတ်ခြင်း)

အူမကြီး ဖြတ်ထုတ်ခြင်း (Colectomy) ဆိုသည်မှာ ရောဂါဖြစ်နေသော အူမကြီးအစိတ်အပိုင်း တစ်ခုခုကိုသော်လည်းကောင်း၊ အူမကြီးတစ်ခုလုံးကိုသော်လည်းကောင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။

ဤခွဲစိတ်မှုပြုလုပ်ရာတွင် ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများ ပြင်ပသို့ထုတ်နိုင်ရန် အူမကြီးအပေါက်ဖောက်ခြင်း (Colostomy) သို့မဟုတ် အူသိမ်အပေါက်ဖောက်ခြင်း (Ileostomy) ကဲ့သို့သော အပေါက်ဖောက်လမ်းကြောင်းလွှဲခြင်း (Ostomy) လုပ်ငန်းစဉ်များ လိုအပ်လေ့ရှိသည်။

ခွဲစိတ်မှုအမျိုးအစားများ

ရောဂါဖြစ်ပွားသည့် နေရာပေါ်မူတည်၍ ခွဲစိတ်ကုသမှု အမျိုးအစားများ ကွာခြားနိုင်သည်။

  • ညာဘက်အူမကြီး ဖြတ်ထုတ်ခြင်း (Right hemicolectomy)
    ဝမ်းဗိုက်ညာဘက်ခြမ်းရှိ အူမကြီး (Ascending colon) ကို ဖြတ်ထုတ်ခြင်းဖြစ်ပြီး၊ များ​သောအားဖြင့် အူသိမ်၏ အဆုံးပိုင်းနှင့် အလယ်အူမကြီး (Transverse colon) ၏ အစပိုင်းတို့ ပါဝင်တတ်သည်။
  • ဘယ်ဘက်အူမကြီး ဖြတ်ထုတ်ခြင်း (Left hemicolectomy)
    ဝမ်းဗိုက်ဘယ်ဘက်ခြမ်းရှိ အူမကြီးကို ဖယ်ရှားခြင်း ဖြစ်ပြီး များသောအားဖြင့် အလယ်အူမကြီး၏ တစ်ဝက်မှ အောက်သို့ ဆင်းသွားသောအူမကြီး (Descending colon) တစ်လျှောက် အစာဟောင်းအိမ် (Rectum) အထက်ပိုင်းအထိ ပါဝင်သည်။
  • Sigmoid colon ဖြတ်ထုတ်ခြင်း (Sigmoidectomy)
    အူမကြီးနှင့် အစာဟောင်းအိမ်ကို ဆက်သွယ်ထားသည့် အူအစိတ်အပိုင်း (Sigmoid colon) ကို ဖယ်ရှားခြင်းဖြစ်သည်။
  • အစိတ်အပိုင်းအလိုက် ဖြတ်ထုတ်ခြင်း (Segmental resection)
    ရောဂါဖြစ်နေသော အူမကြီးအစိတ်အပိုင်း အနည်းငယ်ကိုသာ ဖြတ်ထုတ်ခြင်းဖြစ်ပြီး၊ ကျန်အစွန်းနှစ်ဖက်ရှိ ပုံမှန်ကောင်းမွန်သော အူများကို ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်နိုင်ရန် ပြန်ဆက်ပေးခြင်းဖြစ်သည်။
  • အစာဟောင်းအိမ် အထက်ပိုင်း သို့မဟုတ် တစ်ခုလုံး ဖြတ်ထုတ်ခြင်း (High or Low anterior resection)
    အစာဟောင်းအိမ် အထက်ပိုင်း သို့မဟုတ် တစ်ခုလုံးကို ဖယ်ရှားခြင်းဖြစ်ပြီး အစာဟောင်းအိမ် ကင်ဆာတွင် ပြုလုပ်လေ့ရှိသည်။
  • အစာဟောင်းအိမ်နှင့် စအို လုံးဝဖြတ်ထုတ်ခြင်း (Abdominoperineal resection – APR)
    အစာဟောင်းအိမ်နှင့် စအိုတစ်ခုလုံးကို ဖယ်ရှားခြင်းဖြစ်သည်။ စအိုကို ဖယ်ရှားလိုက်သည့်အတွက် ခန္ဓာကိုယ်မှ အညစ်အကြေးများ အပြင်သို့ထွက်ရန် အူမကြီး အပေါက်ဖောက်ခြင်း (Permanent colostomy) ကို တစ်သက်လုံး (အမြဲတမ်း) ထားရှိရသည်။
  • အူမကြီးတစ်ခုလုံး ဖြတ်ထုတ်ခြင်း (Total colectomy)
    အူမကြီးတစ်ခုလုံးကို ဖယ်ရှားခြင်းဖြစ်ပြီး၊ အူသိမ်ကို အစာဟောင်းအိမ်နှင့် တိုက်ရိုက်ဆက်ပေးကာ စအိုမှတစ်ဆင့် ဝမ်းသွားနိုင်အောင် ပြုလုပ်ပေးသည်
  • အူမကြီးနှင့် အစာဟောင်းအိမ် လုံးဝဖြတ်ထုတ်ခြင်း (Proctocolectomy)
    အူမကြီးနှင့် အစာဟောင်းအိမ် နှစ်ခုလုံးကို ဖယ်ရှားခြင်းဖြစ်သည်။ အူသိမ်ကို ဝမ်းဗိုက်နံရံတွင် အပေါက်ဖောက်ခြင်း သို့မဟုတ် အိတ်ငယ်ပြုလုပ်ကာ စအိုနှင့် ပြန်ဆက်ပေးခြင်း (J-pouch) တို့ ပါဝင်သည်။
အူမကြီးဖြတ်ထုတ်ရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ

အူမကြီးဖြတ်ထုတ်ခြင်းကို အဓိကအားဖြင့် အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သော ရောဂါများကို ကုသရန် သို့မဟုတ် အသက်အန္တရာယ်ရှိသော အခြေအနေများကို ကာကွယ်ရန် ပြုလုပ်ကြသည်။ အဖြစ်အများဆုံး အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အူမကြီးကင်ဆာ (Colon Cancer)
    အူမကြီးတွင် ကင်ဆာကျိတ်ဖြစ်ပေါ်ခြင်း သို့မဟုတ် ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားသော အသားပို (Polyps) များရှိနေခြင်း စသည့်အခြေအနေများတွင် ကင်ဆာအဆင့်ပေါ်မူတည်၍ အူမကြီး တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကို ဖယ်ရှားရတတ်သည်။
  • အူမကြီး အိတ်ငယ်များ ရောင်ရမ်း၍ ပေါက်ထွက်ခြင်း (Diverticulitis)
    အူမကြီးတွင် အပိုပါလာသော အတက် (Diverticula) များ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းမှတစ်ဆင့် ပေါက်ထွက်ခြင်း စသည်တို့ ဖြစ်လာပါက ၎င်းအစိတ်အပိုင်းကို ဖြတ်ထုတ်ရန် လိုအပ်သည်။
  • အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများ (Inflammatory bowel disease- IBD)
    Crohn’s disease သို့မဟုတ် Ulcerative colitis ကြောင့် အူလမ်းကြောင်း ပြင်းထန်စွာ ပျက်စီးခြင်း သို့မဟုတ် ဆေးဝါးဖြင့် ကုသ၍မရတော့သည့် အခြေအနေများ
  • အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Bowel Obstruction)
    အသားပို၊ အကျိတ်၊ အမာရွတ် သို့မဟုတ် အူခေါက်ခြင်းတို့ကြောင့် အစာသွားရာလမ်းကြောင်း လုံးဝပိတ်သွားသည့် အခြေအနေများ
  • အူမကြီးပေါက်ခြင်း (Gastrointestinal Perforation)
    ရောဂါတစ်ခုခု သို့မဟုတ် ထိခိုက်ဒဏ်ရာကြောင့် အူမကြီးပေါက်သွားပြီး ဝမ်းဗိုက်အတွင်း ပိုးဝင်ကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ
  • သွေးထွက်လွန်ခြင်း (Severe Bleeding)
    အူလမ်းကြောင်းအတွင်း သွေးယိုစီးမှု ပြင်းထန်ပြီး အခြားနည်းလမ်းများဖြင့် သွေးတိတ်အောင် မလုပ်နိုင်သည့်အခြေအနေ
အူမကြီး ဖြတ်ထုတ်ခြင်း မပြုလုပ်သင့်သော အခြေအနေများ

ခွဲစိတ်မှုသည် လိုအပ်ချက်အရ ပြုလုပ်ရမည်ဖြစ်သော်လည်း အောက်ပါအခြေအနေများတွင် အထူးသတိပြု၍ ခွဲစိတ်မှု ခံယူရန် သင့်မသင့် ဆုံးဖြတ်ရန် လိုအပ်သည်။ ဥပမာအားဖြင့်_

  • လူနာ၏ ခန္ဓာကိုယ်အခြေအနေ – ခွဲစိတ်မှုဒဏ်နှင့် မေ့ဆေးဒဏ်ကို မခံနိုင်လောက်အောင် အလွန်အမင်း အားနည်းနေသည့် အခြေအနေ
  • ကင်ဆာ အလွန်အမင်း ပျံ့နှံ့နေခြင်း – ကင်ဆာသည် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည့်အတွက် ခွဲစိတ်ကုသသော်လည်း လူနာ၏ သက်တမ်းကို ပိုရှည်စေခြင်း သို့မဟုတ် နေထိုင်မှုဘဝ အရည်အသွေးကို ထူးခြားကောင်းမွန်လာစေခြင်း မရှိနိုင်တော့ဟု ဆုံးဖြတ်ထားသည့် အခြေအနေ
  • သွေးခဲစနစ် ချို့ယွင်းခြင်း – သွေးခဲစနစ် ပြင်းထန်စွာ ချို့ယွင်းနေခြင်းစသည့် အခြေအနေများတွင် အူမကြီးဖြတ်ထုတ်ခြင်းခွဲစိတ်မှု မလုပ်သင့်ပါ
ကြိုတင်သိရှိထားရမည့် အရေးကြီးအချက်များ

သွေးခဲစနစ် ချို့ယွင်းခြင်း ရှိနေသည့် လူနာများတွင် အရေးပေါ်အခြေအနေ မဟုတ်လျှင် ခွဲစိတ်မှုမပြုမီ သွေးခဲစနစ်ကို ပုံမှန်ဖြစ်စေရန် ဦးစွာကုသရမည်။

ခွဲစိတ်မှုမပြုမီ လူနာနှင့် မိသားစုဝင်များအနေဖြင့် အောက်ပါအချက်များကို ကြိုတင်နားလည်ရန် အရေးကြီးသည်။

  • စောစီးစွာ လှုပ်ရှားခြင်း
    • ခွဲစိတ်ပြီး နောက်တစ်နေ့တွင် လမ်းလျှောက်ပေးရန်၊ စောစောစီးစီး လှုပ်ရှားရန် လိုအပ်သည်
    • ဤသို့လှုပ်ရှားခြင်းသည် အူကို ပြန်လည်အလုပ်လုပ်စေရုံသာမက ခြေထောက်သွေးခဲပိတ်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့မှ ကာကွယ်ပေးသည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်
  • အနားယူရမည့်ကာလနှင့် ပြင်ဆင်မှု
    • ဆေးရုံတွင် (၃)ရက် မှ (၇)ရက်ခန့် နေထိုင်ရနိုင်ပြီး၊ ပုံမှန်အလုပ်ပြန်လုပ်နိုင်ရန် (၁) လကျော် အချိန်ယူရနိုင်သဖြင့် မိသားစုဝင်များ၏ ကူညီစောင့်ရှောက်မှုနှင့် လုပ်ငန်းခွင်တာဝန်များကို ကြိုတင်စီစဉ်ထားရန် လိုအပ်သည်
  • ယာယီ သို့မဟုတ် အမြဲတမ်း အူလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း
    • ရောဂါအခြေအနေပေါ်မူတည်၍ အူမကြီးဖြတ်ထုတ်ပြီးပါက အူလမ်းကြောင်း အပေါက်ဖောက်၍ လမ်းကြောင်းလွှဲခြင်း (Stoma Formation) ကို ယာယီ သို့မဟုတ် တစ်သက်လုံး ထားရှိရခြင်းမျိုး ဖြစ်နိုင်သည်
  • ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများကို အညစ်အကြေးစွန့်အိတ်မှတစ်ဆင့် စွန့်ထုတ်ခြင်း
    • အူအပေါက်ဖောက် လမ်းကြောင်းလွှဲထားသောလူနာများတွင် ခန္ဓာကိုယ်မှ အညစ်အကြေးများ ပုံမှန်လမ်းကြောင်းအတိုင်း မစွန့်ပစ်နိုင်သောကြောင့် ဝမ်းဗိုက်ပေါ်တွင် ဖောက်ထားသော အပေါက်မှတစ်ဆင့် ကိုယ်ခန္ဓာပြင်ပတွင် တပ်ဆင်ထားသော အိတ် (Stoma bag) ထဲသို့ တိုက်ရိုက်စွန့်ထုတ်ရမည်ဖြစ်သည်

ခွဲစိတ်မှုအတွက် ပြင်ဆင်ခြင်း
ခွဲစိတ်မှုမစတင်မီ ဆရာဝန်များမှ အောက်ပါတို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သည်။

  • အခြေခံစစ်ဆေးမှုများ
    • လိုအပ်သော သွေးစစ်ဆေးမှုများ၊ ရင်ဘတ်ဓာတ်မှန် (Chest X-ray) နှင့် အာထရာဆောင်း (USG) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းများ ပြုလုပ်မည်
  • ဆေးဝါးရာဇဝင် မေးမြန်းခြင်း
    • လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ဓာတ်မတည့်သော ဆေးဝါးများရှိပါက သေချာစွာ ပြောပြရန် လိုအပ်သည်
  • ရှင်းလင်းချက်နှင့် သဘောတူညီချက်
    • ခွဲစိတ်မှုအမျိုးအစား၊ အသုံးပြုမည့် မေ့ဆေး သို့မဟုတ် ထုံဆေးများ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ အန္တရာယ်များကို သေချာရှင်းပြပြီးနောက် ခွဲစိတ်မှု ခံယူရန် သဘောတူ ခွင့်ပြုချက် ရယူမည်
  • ခွဲစိတ်မှုနည်းလမ်း ပြောင်းလဲနိုင်ခြေရှိခြင်း
    • ခွဲစိတ်မှုကို ဒဏ်ရာသေးငယ်သည့် မှန်ပြောင်းမှတစ်ဆင့်ခွဲစိတ်ခြင်း (Laparoscopic surgery) ဖြင့် စတင်ရန် စီစဉ်ထားပါက ခွဲစိတ်နေစဉ်အတွင်း အူကပ်နေခြင်း၊ သွေးထွက်လွန်ခြင်း သို့မဟုတ် အခြားအခက်အခဲများ ကြုံလာလျှင် လူနာ၏ဘေးကင်းလုံခြုံမှုအတွက် သမာရိုးကျ ခွဲကြောင်းဖြင့် ခွဲစိတ်ခြင်း (Open Surgery) သို့ ချက်ချင်းပြောင်းလဲလုပ်ဆောင်နိုင်သည်ကို ကြိုတင်နားလည်ထားရမည်
  • အစားအသောက်
    • ခွဲစိတ်မှုမတိုင်မီ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အစာဖြတ်ခြင်းနှင့် အရည်သောက်ခြင်းတို့ကို တိကျစွာလိုက်နာရမည်
  • လူနေမှုပုံစံ ပြုပြင်ခြင်း
    • ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲ ပြဿနာနည်းစေရန် ဆေးလိပ်ဖြတ်ရန် ညွှန်ကြားမည်
  • ဆေးဝါးများ ထိန်းညှိခြင်း
    • သွေးထွက်လွန်ခြင်းကို ကာကွယ်ရန်အတွက် သွေးကျဲဆေး သို့မဟုတ် သွေးမခဲဆေး စသည့်ဆေးဝါးများကို ခေတ္တရပ်ထားရန် သို့မဟုတ် ပမာဏလျှော့ရန် ညွှန်ကြားမည်
  • အူလမ်းကြောင်း သန့်စင်ခြင်း (Bowel Preparation)
    • အူလမ်းကြောင်း ခွဲစိတ်မည့်သူများတွင် ခွဲစိတ်မှုကို ပိုမိုလွယ်ကူစေရန်နှင့် ပိုးဝင်မှုနည်းစေရန် ခွဲစိတ်မှုမတိုင်မီ အူသန့်စင်ဆေးများ တိုက်ကျွေးခြင်း သို့မဟုတ် အစာလျှော့ခိုင်းခြင်းများ ပြုလုပ်နိုင်သည်
  • အူလမ်းကြောင်းလွှဲရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း
    • ခွဲစိတ်မှုတွင် အူလမ်းကြောင်းအပေါက်ဖောက်ပြီး လမ်းကြောင်းလွှဲရန် လိုအပ်နိုင်ပါက ဝမ်းဗိုက်တွင်​ အပေါက်ဖောက်ရန်နေရာသတ်မှတ်ခြင်းနှင့် ခွဲစိတ်ပြီးနေထိုင်မှု စသည့်အကြောင်းတို့ကို ကြိုတင်ရှင်းပြထားမည်
ခွဲစိတ်ကုသမှုအဆင့်ဆင့်
မခွဲစိတ်မီ (Pre-operative)

ခွဲစိတ်ခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ပါတို့ကို ပြုလုပ်မည်။

  • ဆေးရည်သွင်းခြင်း – လက်သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဆေးရည်များနှင့် အာဟာရဓာတ်များကို ပေးသွင်းသည်
  • မေ့ဆေးပေးခြင်း – လူနာသည် ခွဲစိတ်နေစဉ်တစ်လျှောက် အိပ်ပျော်နေစေရန် မေ့ဆေးပေးမည်ဖြစ်သည်
  • ပိုးဝင်ခြင်းမှ ကာကွယ်ခြင်း – အနာပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများကို ကြိုတင်ထိုးပေးသည်
  • အစားအသောက် – ခွဲစိတ်မှုမတိုင်မီ (၁) ရက် သို့မဟုတ် (၂) ရက်အလိုတွင် အရည်ကြည်များကိုသာ သောက်သုံးရမည်
ခွဲစိတ်စဉ် (Intra-operative)

ခွဲစိတ်မှုအမျိုးအစားများ (Types of Surgery)

  • သမာရိုးကျ ခွဲကြောင်းဖြင့် ခွဲစိတ်ခြင်း (Open Surgery)
    ဝမ်းဗိုက်တွင် ခွဲကြောင်းအကြီးတစ်ခုပေး၍ ခွဲစိတ်ခြင်းဖြစ်သည်၊ အရေးပေါ်အခြေအနေများ သို့မဟုတ် အူလမ်းကြောင်းတွင် ပြဿနာ ကြီးကြီးမားမားရှိသည့်အခါ ဤနည်းလမ်းကို အသုံးပြု​လေ့ရှိ​သည်။
  • မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်ခြင်း (Laparoscopic Surgery)
    ဝမ်းဗိုက်တွင် အပေါက်ငယ်လေးများသာ ဖောက်၍ ကင်မရာနှင့် ကိရိယာများအသုံးပြုကာ ခွဲစိတ်ခြင်းဖြစ်သည်၊ ဒဏ်ရာသေးငယ်သည့်အတွက် နာကျင်မှုနည်းပါးပြီး လူနာနလန်ထချိန် ပိုမိုမြန်ဆန်သည်။
  • စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic-assisted Surgery)
    စက်ရုပ်လက်တံများကို အသုံးပြု၍ ပိုမိုတိကျစွာ ခွဲစိတ်ခြင်းဖြစ်သည်၊ ကုန်ကျစရိတ် ပိုမိုများပြားသည်။

ခွဲစိတ်မှုအသေးစိတ်
ခွဲစိတ်မှုကြာမြင့်ချိန်သည် လူနာ၏ အခြေအနေပေါ်မူတည်၍ ပုံမှန်အားဖြင့် တစ်နာရီ မှ သုံးနာရီအထိ ကြာမြင့်နိုင်သည်။ သွေးထွက်လွန်နေသည့် အရေးပေါ်အခြေအနေများ သို့မဟုတ် လိုအပ်ချက်ရှိပါက သွေးသွင်းခြင်းကို ပြုလုပ်မည်ဖြစ်သည်။

ဦးစွာ အူမကြီးဖြတ်ထုတ်မှုကို ပြုလုပ်သည်။ ဖြတ်ထုတ်မှု ပြုလုပ်ပြီးနောက် လူနာဝမ်းပုံမှန်သွားနိုင်ရန် အောက်ပါတို့ကို လုပ်ဆောင်မည်။

  • အူလမ်းကြောင်းကို ပြန်ဆက်ခြင်း (Anastomosis) – ကျန်းမာသော အူအပိုင်းအစများကို ပြန်ဆက်ပေးခြင်းဖြစ်ပြီး ဝမ်းကို ပုံမှန်အတိုင်း စွန့်ထုတ်နိုင်စေသည်
  • ဝမ်းဗိုက်တွင် အပေါက်ဖောက်ခြင်း (Ostomy) – အူကို ပြန်ဆက်ရန် မသင့်တော်ပါက ဗိုက်တွင် အပေါက်ငယ် (Stoma) တစ်ခုပြုလုပ်ကာ ဝမ်းများကို အပြင်ဘက်ရှိ အိတ်ထဲသို့ စွန့်ထုတ်စေခြင်းဖြစ်သည်၊ ၎င်းသည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နိုင်သည်
  • အူသိမ်ဖြင့် အိတ်ငယ်ပြုလုပ်၍ စအိုနှင့်ဆက်ခြင်း (J-pouch) – အူမကြီးနှင့် အစာဟောင်းအိမ် နှစ်ခုလုံးကို ဖယ်ထုတ်ရပါက အူသိမ်ဖြင့် အိတ်ငယ်ပြုလုပ်၍ စအိုနှင့် တိုက်ရိုက်ဆက်ပေးခြင်းဖြစ်သည်၊ အစပိုင်းတွင် ဝမ်းအရည်များ ခဏခဏသွားနိုင်သည်
ခွဲစိတ်ပြီးနောက် (Post-operative)
  • အနီးကပ်စောင့်ကြည့်ခြင်း
    • ခွဲစိတ်ပြီးချိန်တွင် သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်းနှင့် သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်းများကို စိတ်ချရသည့်အထိ အထူးစောင့်ကြည့် တိုင်းတာမည်ဖြစ်သည်
  • ပြန်လည်နိုးထလာချိန်
    • လူနာ မေ့ဆေးမှ ကောင်းစွာနိုးလာပါက အောက်ပါတို့ကို ဆောင်ရွက်မည်
      • ဆေးဝါးကုသမှု – အနာသက်သာဆေးများနှင့် ပိုးသတ်ဆေးများကို လိုအပ်သည့်အတိုင်း ပေးထားမည်ဖြစ်သည်
      • လူနာခန်းသို့ ပြောင်းရွှေ့ခြင်း – စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ဆေးရည်များနှင့် ပိုးသတ်ဆေးများကို ဆက်လက်ပေးသွင်းမည်
      • အူလမ်းကြောင်း အလုပ်လုပ်ခြင်း – အူပြန်လည်အလုပ်လုပ်ရန် (၃)ရက် မှ (၄)ရက်ခန့် ကြာတတ်သည်၊ အစောပိုင်းတွင် ဝမ်းမကြာခဏ သွားနိုင်သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်ဖြစ်သွားမည်
      • အစားအစာ – အစပိုင်းတွင် အရည်ကြည်များမှ စတင်ပြီးနောက် အစာမာများကို တဖြည်းဖြည်းချင်း ကျွေးသင့်သည်၊ အစောပိုင်းတွင် အဆီများသော သို့မဟုတ် အမျှင်ဓာတ်များလွန်းသော အစာများကို ရှောင်ရနိုင်သည်
      • နုံးချည့်ခြင်း – ခွဲစိတ်မှုအကြီးစားဖြစ်သောကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အားနည်းခြင်း၊ မောပန်းခြင်းတို့ ဖြစ်နိုင်သည်
      • အနာခွဲကြောင်း ဂရုစိုက်ခြင်း – အနာခွဲကြောင်းကို သန့်ရှင်းအောင်ထားရမည်ဖြစ်ပြီး နီရဲခြင်း၊ အရည်ထွက်ခြင်း သို့မဟုတ် ဖျားခြင်းရှိပါက ပိုးဝင်သည့်လက္ခဏာ ဖြစ်နိုင်သဖြင့် သတိထားရမည်
      • ဝမ်းအိတ် (Ostomy) သန့်ရှင်းရေးအတွက် ဂရုစိုက်ခြင်း – အကယ်၍ ဝမ်းအိတ်တပ်ရပါက သူနာပြုဆရာမက အိတ်လဲလှယ်ပုံနှင့် ဂရုစိုက်ပုံများကို သင်ကြားပေးမည်။
  • ဆေးရုံဆင်း၍ အိမ်ပြန်နိုင်ရန် ပြင်ဆင်ခြင်း
    • ဆေးရုံမဆင်းမီ ခွဲစိတ်အနာကို ဂရုစိုက်ထိန်းသိမ်းသည့် နည်းလမ်းများကို သင်ကြားပေးမည် ဖြစ်ရာ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်
နောက်ဆက်တွဲပြဿနာများ

အခြားသော ခွဲစိတ်မှုများကဲ့သို့ပင် ဤခွဲစိတ်မှုတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေရှိသည်။

  • မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ – မေ့ဆေးကြောင့် ခေတ္တခဏ မူးဝေခြင်း၊ ပျို့အန်ခြင်းအပြင် အဆုတ်ရောင်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေရှိသည်
  • သွေးထွက်ခြင်းနှင့် သွေးခဲခြင်း – ခွဲစိတ်စဉ် သို့မဟုတ် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း သို့မဟုတ် သွေးကြောထဲတွင် သွေးခဲပိတ်ခြင်းများ ဖြစ်ပွါးနိုင်သည်
  • ပိုးဝင်ခြင်း (Infection) – ခွဲစိတ်ထားသော အနာနေရာ သို့မဟုတ် အပေါက်ဖောက်ထားသည့် Stoma ပတ်ပတ်လည်တွင် ပိုးဝင်၍ ပြည်တည်ခြင်း၊ နာကျင်ခြင်းနှင့် ဖျားခြင်းများ ဖြစ်နိုင်သည်
  • အူဆက်ကြောင်း ယိုစိမ့်ခြင်း (Anastomotic Leak) – ဖြတ်ထုတ်ပြီးနောက် ပြန်ဆက်ထားသော အူလမ်းကြောင်းနေရာမှ ယိုစိမ့်မှုဖြစ်ပြီး ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်း (Peritonitis) ဖြစ်ပွားနိုင်သည်။ ၎င်းသည် အရေးပေါ် ကုသရန်လိုအပ်သော အခြေအနေဖြစ်သည်
  • အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Bowel Obstruction) – ခွဲစိတ်ပြီးနောက် ဝမ်းဗိုက်အတွင်း အူများအချင်းချင်း လိမ်ကပ်နေခြင်းများ (Adhesions) ဖြစ်ပေါ်ကာ အူလမ်းကြောင်းကို ပိတ်ဆို့သွားစေနိုင်သည်
  • အနီးအနားရှိ အင်္ဂါများ ထိခိုက်ခြင်း – ခွဲစိတ်စဉ်အတွင်း အူမကြီးနှင့် နီးကပ်နေသော ဆီးအိမ်၊ ဆီးပြွန် သို့မဟုတ် အူသိမ်တို့ကို မတော်တဆ ထိခိုက်မိခြင်းမျိုး ရှိနိုင်သည်
  • အစာခြေစနစ် ပြောင်းလဲခြင်း – အူမကြီး၏ အစိတ်အပိုင်းအတော်များများကို ဖြတ်ထုတ်လိုက်ပါက ဝမ်းခဏခဏသွားခြင်း၊ ဝမ်းပျော့ခြင်း သို့မဟုတ် ဓာတ်ဆားဓာတ် မညီမျှခြင်း (Electrolyte Imbalance) တို့ ခံစားရနိုင်သည်
ခွဲစိတ်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ

အူမကြီးဖြတ်ထုတ်ခြင်း ခွဲစိတ်မှုအပြီးတွင် လူနာများအနေဖြင့် ဘေးကင်းပြီး မြန်ဆန်စွာ ပြန်လည်ကျန်းမာလာစေရန် အောက်ပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

  • ဒဏ်ရာနှင့် ဝမ်းအိတ် (ရှိပါက) ဂရုစိုက်ခြင်း
    • ခွဲစိတ်ဒဏ်ရာကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိရမည်
    • အကယ်၍ ဝမ်းအိတ် (Stoma Bag) ရှိသူဖြစ်ပါက အိတ်လဲလှယ်နည်းနှင့် အရေပြား သန့်ရှင်းရေးလုပ်နည်းများကို ကျွမ်းကျင်သူနာပြု ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာရမည်
  • အစားအသောက် စီမံခြင်း
    • အစာကို ညက်အောင်ဝါးစားခြင်း၊ ရေများများသောက်ခြင်းနှင့် အစာခြေစနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် လေပွစေသော အစားအစာများ၊ အဆီများသော အစားအစာများကို အစပိုင်းတွင် ရှောင်ကြဉ်ရမည်
  • ပြဿနာရှိပါက အကြောင်းကြားခြင်း
    • ဗိုက်အလွန်အမင်းအောင့်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အန်ခြင်း သို့မဟုတ် ခွဲစိတ်ဒဏ်ရာမှ ပြည်/သွေးများ ထွက်လာခြင်းရှိပါက မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးရမည်
  • ရက်ချိန်းမှန်မှန်ပြသခြင်း
    • ခွဲစိတ်မှုအပြီး အူလမ်းကြောင်း ပြန်လည်အလုပ်လုပ်ပုံနှင့် အနာကျက်နှုန်းကို စစ်ဆေးနိုင်ရန် ဆရာဝန်ပေးထားသော ရက်ချိန်း (Follow-up visit) များသို့ ပုံမှန်သွားရောက် ပြသရမည်၊ လိုအပ်ပါက အာဟာရဆိုင်ရာ အကြံဉာဏ်များကိုလည်း တောင်းခံသင့်သည်

References:

  1. Cleveland Clinic. (2022). Colectomy (bowel resection surgery). Retrieved April 24, 2026, from https://my.clevelandclinic.org/health/treatments/4671-colectomy-bowel-resection-surgery
  2. Mayo Clinic. (2024). Colectomy. Retrieved April 24, 2026, from https://www.mayoclinic.org/tests-procedures/colectomy/about/pac-20384631

Published: 19 May 2026

Share

19 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.