ဓာတ်မှန်ပညာရပ် (Radiology) သည် ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ တည်ဆောက်ပုံများကို ပုံရိပ်ဖော်နည်းပညာများ အသုံးပြု၍ ရောဂါများ ရှာဖွေခြင်း၊ ကုသခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သော ဆေးပညာဆိုင်ရာ ဘာသာရပ်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် ခေတ်မီဆေးပညာလောကတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်နေပြီး ရောဂါရှာဖွေမှု တိကျစေရန် အဓိကအထောက်အကူပြုသည်။ ဓာတ်မှန်ပညာရပ်ကို အထူးပြုသင်ယူလေ့လာထားသော ဓာတ်မှန်အထူးကုဆရာဝန်များ (Radiologists) က စစ်ဆေးကုသမှုပေးသော ပညာရပ်ဖြစ်သည်။ ဓာတ်မှန်ပညာရပ်တွင် ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ (Diagnostic Imaging) နှင့် ကုသမှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ (Interventional Radiology) ဟူ၍ အဓိက အမျိုးအစားနှစ်မျိုးရှိသည်။ မျက်မှောက်ခေတ်တွင် ရောဂါကို ရှာဖွေရုံသာမက ပုံရိပ်ဖော်စက်များ၏ လမ်းညွှန်မှုဖြင့် တိုက်ရိုက်ကုသမှုပေးနိုင်သည့် Interventional Radiology ကဏ္ဍသည် ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။
- ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ (Diagnostic Imaging)
ဓာတ်မှန် (X-ray) နှင့် ကွန်ပျူတာဓာတ်မှန် (CT Scan) ကဲ့သို့ ဓာတ်ရောင်ခြည်စွမ်းအင်သုံး နည်းလမ်းများ သို့မဟုတ် အာထရာဆောင်း (USG) နှင့် သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးမပြုဘဲ ကြိမ်နှုန်းမြင့် အသံလှိုင်း သို့မဟုတ် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းနည်းလမ်းများကို အသုံးပြု၍ အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။- ရောဂါရှာဖွေခြင်း (Diagnosis) – ရောဂါလက္ခဏာများ ဖြစ်ပွါးရသည့် အကြောင်းရင်းကို ရှာဖွေခြင်း သို့မဟုတ် ရောဂါမည်မျှပျံ့နှံ့နေသည်ကို စစ်ဆေးခြင်း
- စောင့်ကြည့်စစ်ဆေးခြင်း (Monitoring) – ကုသမှုအပေါ် ခန္ဓာကိုယ်မှ မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုခြင်းဖြင့် ကုသမှုကို ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် နည်းလမ်းပြောင်းလဲရန် ဆုံးဖြတ်ခြင်း
- ရောဂါမဖြစ်မီ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Screening) – ရောဂါလက္ခဏာ မပြသေးသော်လည်း ဖြစ်ပွါးနိုင်ခြေရှိသော အုပ်စုများကို ကြိုတင်စစ်ဆေးခြင်း (ဥပမာ – ရင်သားကင်ဆာအတွက် Mammogram ရိုက်ခြင်း၊ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း)
- ကုသမှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ (Interventional Radiology)
ဤနည်းပညာများသည် ခန္ဓာကိုယ်ကို အကြီးစားခွဲစိတ်ရန်မလိုဘဲ ပုံရိပ်ဖော်နည်းပညာများကို လမ်းညွှန်အဖြစ် အသုံးပြု၍ ကုသမှုပေးသော ခေတ်မီနည်းလမ်းဖြစ်သည်။ ၎င်းကို မှန်ပြောင်းဖြင့ ခွဲစိတ်ကုထုံးများကဲ့သို့ ခွဲစိတ်ရာအသေးဆုံးဖြစ်အောင် ပြုလုပ်သော နည်းစနစ်များတွင် အသုံးပြုသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါကဲ့သို့သော ပြင်းထန်သည့် ရောဂါများကိုပင် ထိရောက်စွာ ကုသပေးနိုင်သည်။
Interventional Radiology ၏ အဓိကအားသာချက်မှာ သမားရိုးကျခွဲစိတ်မှုများထက် ပိုမိုမြန်ဆန်ပြီး ဘေးကင်းခြင်းဖြစ်သည်။ လူနာများအတွက် ကုသမှုရလဒ် ပိုမိုကောင်းမွန်စေသည့်အပြင် နာကျင်မှု နည်းပါးခြင်းနှင့် ဆေးရုံတက်ရသည့် ကာလကို တိုတောင်းစေခြင်းတို့ကြောင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်သည်။ ခွဲစိတ်ဓားအသုံးပြုရန်မလိုဘဲ ပုံရိပ်ဖော်စက်များ၏ လမ်းညွှန်မှုဖြင့် ရောဂါများကို တိကျစွာ ကုသပေးနိုင်သည်။ ဥပမာအားဖြင့် ပိတ်နေသော သွေးကြောများကို ပိုက်ငယ်ဖြင့် ပြန်ပွင့်အောင် ချဲ့ပေးခြင်း (Stenting)၊ ကင်ဆာကျိတ်များသို့ သွေးစီးဆင်းမှုဖြတ်တောက်၍ ကုသခြင်း (Embolization) နှင့် အသားစယူစစ်ဆေးခြင်း (Biopsy) စသည်တို့ကို အပ်ပေါက်ရာအရွယ်အစားမျှဖြင့် ထိရောက်စွာ လုပ်ဆောင်နိုင်သည်။
Interventional Radiology ၏ အရေးပါပုံ
ကုသမှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ (Interventional Radiology – IR) ကို ပုံရိပ်ဖော်စနစ်သုံးခွဲစိတ်မှု (Image Guided Surgery) ဟုလည်း ခေါ်ဆိုကြသည်။ အကြောင်းမှာ ဓာတ်မှန်၊ အာထရာဆောင်းနှင့် ကွန်ပျူတာဓာတ်မှန်ကဲ့သို့သော ပုံရိပ်ဖော်နည်းပညာများကို လမ်းညွှန်အဖြစ် အသုံးပြု၍ လူနာ၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ တိကျစွာ ကုသမှုပေးနိုင်သောကြောင့်ဖြစ်သည်။
Interventional Radiology နည်းပညာကို မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်ခြင်း (Laparoscopic surgery သို့မဟုတ် Key-hole surgery) နှင့် တစ်ခါတစ်ရံ ရောထွေးမှားယွင်းတတ်သည်။ ပုံမှန်အားဖြင့် Interventional Radiology ဖြင့် ကုသမှုများ ပြုလုပ်ရာတွင် အရေပြား၌ ဖောက်ရသော အပေါက်ငယ်လေးများမှာ မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်မှုများတွင် ဖောက်ရသည့် အပေါက်များထက် ပိုမိုသေးငယ်သည်။ ၎င်းအရွယ်အစားမှာ အပ်ပေါက်ရာအရွယ်အစားမျှသာ ဖြစ်သောကြောင့် “Pin-hole surgery” ဟုလည်း တင်စားခေါ်ဆိုကြသည်။ Interventional Radiology ကုသမှုအများစုကို ထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေးပေးရုံဖြင့် ဆောင်ရွက်နိုင်ပြီး အလွန်ခက်ခဲရှုပ်ထွေးသော အခြေအနေအနည်းငယ်တွင်သာ မေ့ဆေးပေးရန် လိုအပ်သည်။ မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်ခြင်း (Laparoscopic surgery) တွင်မူ မေ့ဆေးကိုသာ အဓိကအသုံးပြုလေ့ရှိသည်။
Interventional Radiology သမိုင်းကြောင်း
Interventional Radiology နည်းပညာဖြင့် ကုသမှုများ ပြုလုပ်လာသည်မှာ နှစ်ပေါင်း (၆၀) နီးပါး ရှိပြီဖြစ်သည်။ ပထမဆုံးကုသမှုကို ၁၉၆၄ ခုနှစ်တွင် Dr. Charles T. Dotter က စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းသည် ခြေထောက်ရှိ သွေးကြောပိတ်ခြင်းကြောင့် ခြေချောင်းများ ပုပ်နေသော လူနာတစ်ဦးကို အကြီးစားခွဲစိတ်မှု ပြုလုပ်ရန်မလိုဘဲ သွေးကြောချဲ့ကိရိယာများ (Dilators) ဖြင့် သွေးစီးဆင်းမှု ကောင်းမွန်အောင် ပထမဆုံးအကြိမ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ယခုအခါတွင်မူ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ၎င်း Dilators များအစား လေသွင်းပူဖောင်းများ (Balloons) နှင့် သွေးကြောအား ထောက်ကန်ပေးသော ကိရိယာများ (Stents) ကို အသုံးပြု၍ အကြီးစားခွဲစိတ်မှုများ မလိုအပ်တော့သည်အထိ ကျယ်ပြန့်စွာ ကုသပေးနေပြီဖြစ်သည်။
Interventional Radiology အထူးကုပညာရှင်များ
Interventional Radiology နည်းပညာဖြင့် ကုသပေးသော ပညာရှင်များကို Interventional Radiologists ဟု ခေါ်သည်။ ၎င်းပညာရှင်များသည် ဓာတ်မှန်ပညာရပ် (Radiology) ကို ကျွမ်းကျင်အောင် လေ့လာရသည့်အပြင် ပုံရိပ်ဖော်စနစ်သုံး ကုသမှုများကို အထူးပြု ထပ်မံလေ့လာတတ်မြောက်ထားသူများဖြစ်သည်။
Interventional Radiologists များသည် ရောဂါကို ရှာဖွေရုံသာမက ကုသမှုကိုပါ တိုက်ရိုက် လုပ်ဆောင်ပေးသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ပြင်ပမှနေ၍ ပိုက်ငယ်လေးများ (Catheters) သို့မဟုတ် နန်းကြိုးငယ်လေးများ (Wires) ကဲ့သို့သော ကိရိယာလေးများကို သွေးကြော သို့မဟုတ် ကိုယ်တွင်းအင်္ဂါများထဲသို့ ထည့်သွင်းကာ ရောဂါအမျိုးမျိုးကို ကုသပေးသည်။ ထို့ကြောင့် သမားရိုးကျခွဲစိတ်ကုသမှုများထက် ဘေးထွက်ဆိုးကျိုး နည်းပါးစေပြီး၊ အချို့အခြေအနေများတွင် ဆေးရုံတက်ရန်ပင် မလိုအပ်ဘဲ နေ့ချင်းပြန် (Day-case) ကုသနိုင်သည်။
Interventional Radiology တွင် အသုံးပြုသော နည်းပညာများ
Interventional Radiology တွင် ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ (Diagnostic Imaging) ကိုပင် လမ်းညွှန်အဖြစ် အသုံးပြုသည်။ အများအားဖြင့် အောက်ပါနည်းပညာများကို အသုံးပြုသည်။
- X-ray – ဓာတ်မှန်ရိုက်ခြင်း
- Computed Tomography (CT scan) – ကွန်ပျူတာဓာတ်မှန်ဖြင့် ခန္ဓာကိုယ်ကို အလွှာလိုက် ပုံရိပ်ဖော်ခြင်း
- MRI (သံလိုက်ဓာတ်မှန်) – သံလိုက်စက်ကွင်းသုံး၍ ပုံရိပ်ဖော်ခြင်း
- Ultrasound – အသံလှိုင်းသုံး၍ ပုံရိပ်ဖော်ခြင်း
- Fluoroscopy – ခန္ဓာကိုယ်အတွင်းပိုင်း လှုပ်ရှားမှုများကို ဗီဒီယိုကဲ့သို့ တိုက်ရိုက်ကြည့်ရှုခြင်း
၎င်းနည်းပညာများသည် ဆရာဝန်အတွက် ခန္ဓာကိုယ်အတွင်းပိုင်းကို ဖောက်ထွင်းမြင်ရသည့် မျက်လုံးများသဖွယ် အထောက်အကူပြုသည်။
Interventional Radiology ကုသမှုပုံစံနှင့် အမျိုးအစားများ
ပုံမှန်အားဖြင့် အာထရာဆောင်း (USG) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) မှ ပုံရိပ်ဖော်လမ်းညွှန်မှုဖြင့် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများ (အသည်း၊ ကျောက်ကပ်၊ အစာအိမ် စသည်) သို့မဟုတ် သွေးလွှတ်ကြော၊ သွေးပြန်ကြောများအတွင်းသို့ အပ်တစ်ချောင်းကို ဦးစွာထိုးသွင်းသည်။ ထို့နောက် ၎င်းအပ်ပေါက်နေရာမှတစ်ဆင့် နန်းကြိုးနှင့် ပိုက်ငယ်လေးများကို ထည့်သွင်းကာ ပုံရိပ်ဖမ်းကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုပြီး လိုအပ်သော ကုသမှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။
Interventional Radiology ဖြင့် ကုသမှုများကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်သည်။
- သွေးလွှတ်ကြောဆိုင်ရာကုသမှု (Vascular Intervention – Arterial)
ခန္ဓာကိုယ်အတွင်းရှိ သွေးလွှတ်ကြောများနှင့် ပတ်သက်သော ကုသမှုများဖြစ်သည်။- ဥပမာ – ကျဉ်းနေသော သွေးကြောကို ပူဖောင်းဖြင့်ချဲ့ခြင်း (Angioplasty) သို့မဟုတ် ကင်ဆာအကျိတ်များသို့ သွေးစီးဆင်းမှု ရပ်တန့်စေရန်နှင့် ခန္ဓာကိုယ်အတွင်းပိုင်း၌ သွေးထွက်ခြင်းကို တားဆီးရန် သွေးကြောပိတ်ခြင်း (Embolisation)
- သွေးပြန်ကြောဆိုင်ရာ ကုသမှု (Vascular Intervention – Venous)
သွေးပြန်ကြောများနှင့် ပတ်သက်သော ကုသမှုပေးခြင်းဖြစ်သည်။- ဥပမာ – သွေးပြန်ကြောအတွင်းသို့ ကုသမှုဆိုင်ရာ ပိုက်များ (Catheter lines) ထည့်ခြင်း၊ သွေးပြန်ကြောမကြီးအတွင်းရှိ သွေးခဲများကို အဆုတ်သို့မရောက်စေရန် ဇကာများထည့်ခြင်း (IVC filters) သို့မဟုတ် သွေးခဲများကို စုပ်ထုတ်ခြင်း (Thrombectomy)
- သွေးကြောမဟုတ်သော အခြားကိုယ်တွင်းအစိတ်အပိုင်းများဆိုင်ရာ ကုသမှု (Non-vascular Intervention)
သွေးကြောနှင့် မသက်ဆိုင်သော အခြားကိုယ်တွင်းအင်္ဂါများကို ကုသခြင်းဖြစ်သည်။- ဥပမာ – ကျောက်ကပ် သို့မဟုတ် အသည်းရှိ ပြွန်လမ်းကြောင်း ပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်း၊ ကျောရိုးဆစ်ကျိုး၍ ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း (Vertebroplasty) နှင့် အစာအိမ်ထဲသို့ အစာသွင်းပိုက်ထည့်ခြင်း (Radiologically Inserted Gastrostomy/RIG)
- ကင်ဆာရောဂါဆိုင်ရာ ကုသမှု (Interventional Oncology)
ကင်ဆာရောဂါများအတွက် တိကျစွာ ရှာဖွေခြင်းနှင့် ကုသခြင်းဖြစ်သည်။- ဥပမာ – ကင်ဆာအကျိတ်ထဲသို့ အပ်ထည့်၍ အပူပေးကာ ကင်ဆာဆဲလ်များကို သေစေခြင်း (Tumour Ablation) သို့မဟုတ် ကင်ဆာအကျိတ်ဆီသို့ သွေးစီးဆင်းမှုဖြတ်တောက်ပြီး ကင်ဆာဆေးဖြင့် တိုက်ရိုက်ကုသခြင်း (Transarterial Chemoembolization/ TACE)
Interventional radiology ဖြင့် လုပ်ဆောင်နိုင်သော ကုသမှုများ
ယခုခေတ်တွင် အောက်ပါကုသမှုပေါင်းများစွာကို Interventional radiology ဖြင့် ပြုလုပ်ပေးနေပြီဖြစ်သည်။
- သွေးကြောဆိုင်ရာ
- Angiography (သွေးကြောဓာတ်မှန်ရိုက်ခြင်း) – သွေးကြောများ ပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းခြင်း ရှိမရှိ သိရှိနိုင်ရန် X-ray ရိုက်ခြင်း
- Angioplasty (သွေးကြောချဲ့ခြင်း) – ထိပ်တွင် ပူဖောင်းငယ်ပါသော ပိုက် (Catheter) ကို သွေးကြောထဲသို့ ထည့်သွင်းပြီး ပိတ်နေသော သွေးကြောကို ပြန်ပွင့်အောင် ပူဖောင်းဖြင့် ချဲ့ခြင်း
- Embolization (သွေးကြောပိတ်ကုသခြင်း) – သွေးထွက်ခြင်းကို ထိန်းချုပ်ရန် သို့မဟုတ် သွေးစီးဆင်းမှုကို ရပ်တန့်ရန် ပိုက် (Catheter) မှတစ်ဆင့် ဆေး သို့မဟုတ် ပစ္စည်းတစ်ခုခုဖြင့် သွေးကြောကို ပိတ်ခြင်း
- Uterine Fibroid Embolisation – သားအိမ်အသားလုံးဆီသို့ သွားသော သွေးကြောကို ပိတ်၍ ကုသခြင်း
- Spinal Cord Embolisation – ခါးရိုးဆစ်ရှိ ပုံမှန်မဟုတ်သော သွေးကြောများကို ပိတ်ဆို့ကုသခြင်း
- Intravascular ultrasound – သွေးကြောအတွင်းပိုင်းရှိ ပြဿနာများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် အာထရာဆောင်း အသုံးပြု၍ ကြည့်ရှုခြင်း
- Stent placement (စတန့်သွေးကြောစွပ်ထည့်ခြင်း) – ပိတ်ဆို့နေသော သွေးကြောပွင့်နေစေရန် ပိုက်ကွန်သဏ္ဌာန် ကိရိယာငယ် (Stent) ကို သွေးကြောထဲတွင် ထည့်သွင်းခြင်း
- IVC filters (သွေးခဲစစ်ထုတ်ဇကာကိရိယာ ထည့်ခြင်း) – ဝမ်းဗိုက်အတွင်းရှိ သွေးပြန်ကြောကြီးထဲတွင် ဇကာငယ်တစ်ခု ထည့်သွင်းခြင်းဖြင့် ခြေထောက်မှတက်လာသော သွေးခဲများ အဆုတ်ထဲသို့ မရောက်အောင် တားဆီးပေးခြင်း
- Thrombolysis (သွေးခဲဖျော်ဆေး သွင်းခြင်း) – သွေးကြောအတွင်း ပိတ်နေသော သွေးခဲများကို ပျော်သွားစေရန်နှင့် သွေးစီးဆင်းမှု ပြန်ကောင်းစေရန် ဆေးများ တိုက်ရိုက်ထည့်သွင်းပေးခြင်း
- Vascular Closure Devices – ကုသမှုအပြီး သွေးကြောပေါက်ကို ပိတ်ရန် အသုံးပြုသော ကိရိယာများ
- Venous Access – ဆေးသွင်းရန် သို့မဟုတ် သွေးစစ်ရန် သွေးပြန်ကြောအတွင်း ပိုက်အသေထည့်ပေးခြင်း
- Varicose Vein Ablation – ခြေထောက်ရှိ သွေးပြန်ကြောထုံးခြင်းကို ကုသခြင်း
- ကင်ဆာကုသမှုဆိုင်ရာ
- Cancer treatment (ကင်ဆာကုသမှု) – ကင်ဆာဆေးများကို အကျိတ်ရှိရာနေရာသို့ တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်ပေးခြင်း
- Radiofrequency Ablation – ရေဒီယိုလှိုင်းသုံး၍ ကင်ဆာအကျိတ်များကို ဖျက်ဆီးခြင်း
- Selective Internal Radiation Therapy (SIRT) – ကင်ဆာကျိတ်ထဲသို့ ဓာတ်ရောင်ခြည်ပါသော အစေ့ငယ်လေးများ ထည့်သွင်းကုသခြင်း
- Transarterial Chemoembolisation (TACE) – ကင်ဆာအကျိတ်ဆီသို့ သွေးစီးဆင်းမှုကို ဖြတ်တောက်ပြီး ကင်ဆာဆေး တိုက်ရိုက်သွင်း၍ကုသခြင်း
- ကိုယ်တွင်းအင်္ဂါများဆိုင်ရာ
- Gastrostomy tubes (အစာသွင်းပိုက်ထည့်ခြင်း) – ပါးစပ်မှ အစာမစားနိုင်သော လူနာများအတွက် အစာအိမ်ထဲသို့ အစာသွင်းပိုက် တိုက်ရိုက်ထည့်ပေးခြင်း
- Foreign body removal (ပြင်ပမှဝင်ရောက်လာသော အပိုပစ္စည်းကို ထုတ်ယူခြင်း) – သွေးကြောအတွင်းသို့ မှားယွင်းရောက်ရှိသွားသော ပစ္စည်းများကို ပိုက် (Catheter) အသုံးပြု၍ ပြန်လည်ထုတ်ယူခြင်း
- Thyroid fine needle aspiration (FNA) – လည်ပင်းကြီးအကျိတ်ကို အပ်ငယ်ဖြင့် ထိုး၍ အသားစယူခြင်း
- Needle biopsy (အပ်ဖြင့် အသားစယူခြင်း) – ခွဲစိတ်စရာမလိုဘဲ ပုံရိပ်ဖော်စနစ်များ၏ လမ်းညွှန်မှုဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းမှ အသားစကို အပ်ငယ်လေးဖြင့် ထိုး၍ ထုတ်ယူစစ်ဆေးခြင်း (ဥပမာ – ရင်သားအသားစယူခြင်း၊ အသည်းအသားစယူခြင်း)
- Catheter insertions (ကုသမှုဆိုင်ရာ ပိုက်များ ထည့်သွင်းခြင်း) – ကင်ဆာဆေးသွင်းရန်၊ အာဟာရဖြည့်စွက်ကျွေးရန် သို့မဟုတ် ကျောက်ကပ်ဆေးရန် (Hemodialysis) အတွက် သွေးပြန်ကြောကြီးများထဲသို့ ပိုက်ထည့်ပေးခြင်း
- Ascitic Tap – ဝမ်းဗိုက်အတွင်းရှိ ရေဖျဉ်းအရည်များကို စုပ်ထုတ်ခြင်း
- Biliary Drainage – သည်းခြေရည်များကို ပိုက်ဖြင့် ပြင်ပသို့ ထုတ်ပေးခြင်း
- Nephrostomy – ကျောက်ကပ်အတွင်းရှိ ဆီးများကို ပိုက်ဖြင့် ပြင်ပသို့ ထုတ်ပေးခြင်း
- Pleural Aspiration – အဆုတ်အမြှေးပါးအတွင်းရှိ အရည်များကို စုပ်ထုတ်ခြင်း
- အရိုးအကြောဆိုင်ရာ
- Joint Injection – အဆစ်အမြစ်များအတွင်းသို့ ဆေးထိုးခြင်း
- Bursal Injection – အရိုးအဆစ်ကြားရှိ အရည်အိတ်များအတွင်းသို့ ဆေးထိုးကုသခြင်း
- Carpal Tunnel Injection – လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း ရောဂါအတွက် အာထရာဆောင်းသုံး၍ ဆေးထိုးကုသခြင်း
- Vertebroplasty – ကျောရိုးဆစ်ကျိုး၍ ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း
- Image Guided Cervical Nerve Root Sleeve Corticosteroid Injection – ပုံရိပ်ဖော်စနစ်သုံး၍ လည်ပင်းအာရုံကြောမကြီးအနီး စတီးရွိုက်ဆေးထိုးခြင်း
- Image Guided Lumbar Epidural Corticosteroid Injection – ခါးအဆစ်အတွင်းပိုင်း အာရုံကြောနေရာသို့ စတီးရွိုက်ဆေးထိုးခြင်း စသည်တို့ဖြစ်သည်။
အချုပ်အားဖြင့် Interventional Radiology (IR) နည်းပညာသည် ခေတ်မီပုံရိပ်ဖော်နည်းပညာများကို လမ်းညွှန်အဖြစ် အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ရောဂါများကို အရေပြားတွင် အပ်ပေါက်ရာအရွယ်အစား (Pin-hole) ဖောက်ရုံမျှဖြင့် ထိရောက်စွာ ကုသပေးနိုင်သော အဆင့်မြင့် ဆေးပညာရပ်တစ်ခုဖြစ်သည်။ ဤနည်းပညာသည် အကြီးစားခွဲစိတ်မှုများ ပြုလုပ်ရန်မလိုခြင်း၊ နာကျင်မှုနည်းပါးခြင်း၊ မေ့ဆေးပေးရန်မလိုဘဲ ထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေးဖြင့်သာ ဆောင်ရွက်နိုင်ခြင်းနှင့် ဆေးရုံတက်ရောက်ရမည့်ရက် တိုတောင်းခြင်း သို့မဟုတ် နေ့ချင်းပြန်ကုသနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရှိသည်။
ထို့ကြောင့် ဤနည်းစနစ်သည် လူနာများအတွက် ဘေးကင်းစိတ်ချရပြီး သက်သာပျောက်ကင်းမှု မြန်ဆန်စေသည်။ ပိတ်ဆို့နေသော သွေးကြောများကို ပြန်လည်ချဲ့ပေးခြင်း၊ ကင်ဆာကျိတ်များကို တိုက်ရိုက်ဖျက်ဆီးခြင်းမှသည် ကိုယ်တွင်းအင်္ဂါများ၌ ပိတ်ဆို့နေသည်များကို ဖယ်ရှားပေးခြင်းအထိ ကျယ်ပြန့်သောကုသမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော အဆင့်မြင့်နည်းပညာတစ်ရပ်ပင်ဖြစ်သည်။
References:
- Johns Hopkins Medicine. (n.d.). Interventional radiology. Retrieved April 10, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/interventional-radiology
- University Hospitals Coventry and Warwickshire NHS Trust. (n.d.). What is interventional radiology (IR)? Retrieved April 10, 2026, from https://www.uhcw.nhs.uk/interventional-radiology/what-is-interventional-radiology-ir/
- Society of Interventional Radiology. (n.d.). What is interventional radiology? Retrieved April 10, 2026, from https://www.sirweb.org/for-patients/what-is-interventional-radiology/
- InsideRadiology. (n.d.). Interventional radiology. Retrieved April 10, 2026, from https://www.insideradiology.com.au/interventional-radiology/
- Radiopaedia. (n.d.). Interventional radiology. Retrieved April 10, 2026, from https://radiopaedia.org/articles/interventional-radiology
- National Institutes of Health Clinical Center. (n.d.). Interventional radiology. Retrieved April 10, 2026, from https://www.cc.nih.gov/radis/interventional-radiology
- MedlinePlus. (n.d.). Interventional radiology. Retrieved April 10, 2026, from https://medlineplus.gov/ency/article/007451.htm
- Kandarpa, K., & Machan, L. (2011). Principles of interventional radiology. Seminars in Interventional Radiology, 28(1), 3–4. Retrieved April 10, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC3036249/
Published: 28 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.