Cordocentesis (သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်း)

Cordocentesis (သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်း)

သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်း (Cordocentesis or Percutaneous Umbilical Blood Sampling/PUBS) ဆိုသည်မှာ မိခင်ဝမ်းဗိုက်အတွင်းရှိ သန္ဓေသား၏ ချက်ကြိုးမှတစ်ဆင့် သွေးနမူနာကို တိုက်ရိုက်ရယူပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း စစ်ဆေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းကို ပုံမှန်အားဖြင့် အာထရာဆောင်းဖြင့် စစ်ဆေးခြင်း သို့မဟုတ် ရေမြွှာရည်စစ်ဆေးခြင်း (Amniocentesis) ကဲ့သို့သော အခြားစစ်ဆေးမှုများဖြင့် တိကျသော ရောဂါအဖြေကို မရရှိနိုင်သည့် အခါမျိုးတွင် အသုံးပြုလေ့ရှိသည်။

ထို့ပြင် ဤလုပ်ထုံးလုပ်နည်းကို စမ်းသပ်စစ်ဆေးရန် သွေးနမူနာရယူရန်အတွက်သာမကဘဲ ချက်ကြိုးမှတစ်ဆင့် သန္ဓေသားထံသို့ သွေးသွင်းပေးခြင်း သို့မဟုတ် လိုအပ်သော ဆေးဝါးများ တိုက်ရိုက်ပေးပို့ခြင်းစသည့် ကုသမှုပိုင်းဆိုင်ရာများအတွက်ပါ အသုံးပြုနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်းကို ပုံမှန်ကိုယ်ဝန်ဆောင်တိုင်း ပြုလုပ်ရန် မလိုအပ်ပါ။ အခြားသော စစ်ဆေးမှုများ [ဥပမာ _ မမွေးဖွားမီ သန္ဓေသားကို မျိုးဗီဇစစ်ဆေးခြင်း (Prenatal testing)] ဖြင့် အဖြေအတိအကျ မရနိုင်သောအခါ သို့မဟုတ် အောက်ဖော်ပြပါ ရောဂါနှင့်အခြေအနေများ ရှိနေလျှင် ဆရာဝန်မှ ပြုလုပ်ရန် အကြံပြုမည်ဖြစ်သည်။

  1. သန္ဓေသား သွေးအားနည်းရောဂါ (Fetal Anemia)
    • ဤအခြေအနေသည် Cordocentesis ပြုလုပ်ရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်
    • အထူးသဖြင့် မိခင်နှင့်သန္ဓေသား Rhesus (Rh) သွေးအုပ်စု မကိုက်ညီသည့် ရောဂါအခြေအနေ (Rh Isoimmunization) ကြောင့် မိခင်၏ ကိုယ်ခံအားမှ သန္ဓေသား၏ သွေးနီဥများကို ဖျက်ဆီးသည့် အခြေအနေမျိုးတွင် အများဆုံးအသုံးပြုသည်
    • ယနေ့ခေတ်တွင် အာထရာဆောင်းဖြင့် ဦးနှောက်သွေးကြောကို စစ်ဆေးခြင်း – MCA Doppler ကို ဦးစွာအသုံးပြုလေ့ရှိသော်လည်း သန္ဓေသားတွင် သွေးနီဥ အလွန်နည်းနေပါက ဤနည်းဖြင့် သွေးနမူနာယူ စစ်ဆေးပြီး လိုအပ်လျှင် ချက်ချင်း သွေးသွင်းပေးနိုင်သည်
  2. မျိုးဗီဇဆိုင်ရာ ပြဿနာများ (Genetic Abnormalities)
    • မျိုးရိုးလိုက်ခြင်း သို့မဟုတ် မျိုးဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်တတ်သော ဒေါင်းလက္ခဏာစု (Down syndrome) ကဲ့သို့ ခရိုမိုဆုန်းချို့ယွင်းခြင်းဆိုင်ရာ ရောဂါများ (Chromosomal disorders) ကို စစ်ဆေးရန် အသုံးပြုသည်
    • ထို့ပြင် သွေးနီဥများ အလျင်အမြန် ပျက်စီးသွားတတ်သော Fetal hemolytic disease ကဲ့သို့သော သွေးရောဂါများကို ရှာဖွေရာတွင်လည်း အသုံးဝင်သည်
  3. ကူးစက်ပိုးဝင်ခြင်း (TORCH Syndrome)
    ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်မှတစ်ဆင့် သန္ဓေသားထံသို့ အောက်ပါပိုးမွှားများ ကူးစက်သွားခြင်း ရှိမရှိ စစ်ဆေးရန် လုပ်ဆောင်ကြသည်။
    • တောက်ဆိုပလာစမာ ကပ်ပါးပိုး – Toxoplasmosis
    • ဂျိုက်သိုး ဗိုင်းရပ်စ်ပိုး – Rubella
    • ဆိုက်တိုမီဂါလို ဗိုင်းရပ်စ်ပိုး – Cytomegalovirus
    • သန္ဓေသားကို ပြင်းထန်စွာ သွေးအားနည်းစေနိုင်သော ပါဗိုဗိုင်းရပ်စ်ပိုး – Parvovirus B19
  4. သန္ဓေသား သွေးဥမွှားနည်းခြင်း (Fetal Thrombocytopenia)
    မိခင်၏ ကိုယ်ခံအားစနစ်မှ သန္ဓေသား၏ သွေးခဲစေသော သွေးဥမွှား (Platelets) များကို တိုက်ခိုက်ခြင်းကြောင့် သန္ဓေသား၏ ဝမ်းဗိုက်နှင့် ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးရန်ဖြစ်သည်။ လိုအပ်ပါက ချက်ကြိုးမှတစ်ဆင့် သွေးဥမွှားများကိုပါ တိုက်ရိုက် သွင်းပေးနိုင်သည်။
  5. သန္ဓေသားထံသို့ ဆေးဝါးကုသမှုများ ပို့ပေးရန် (Drug Delivery)
    အချို့သော သန္ဓေသား နှလုံးခုန်နှုန်း မမှန်သည့် ရောဂါများ သို့မဟုတ် အခြားသော ရောဂါများအတွက် ချက်ကြိုးမှတစ်ဆင့် ဆေးဝါးများကို သန္ဓေသားထံသို့ တိုက်ရိုက် ပေးသွင်းနိုင်သည်။
မပြုလုပ်သင့်သော အခြေအနေများ
  1. မိခင်တွင် ကူးစက်တတ်သော ရောဂါပိုးရှိနေခြင်း (Maternal Infections)
    မိခင်တွင် သွေးမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများရှိနေလျှင် အပ်ထည့်သွင်းလိုက်သည့်အချိန်၌ ထိုပိုးများ သန္ဓေသားထံသို့ တိုက်ရိုက်ကူးစက်သွားနိုင်ခြေ (Vertical Transmission) အလွန်မြင့်မားသောကြောင့် ပြုလုပ်ရန် မသင့်တော်သော အခြေအနေဖြစ်သည်။ အထူးသဖြင့် အောက်ပါရောဂါပိုးများ ရှိနေလျှင် ရှောင်ကြဉ်ရန် လိုအပ်သည်။
    • အသည်းရောင်အသားဝါ ဘီ သို့မဟုတ် စီ ပိုး (Hepatitis B သို့မဟုတ် C) ရှိခြင်း
    • အိတ်ချ်အိုင်ဗီပိုး (HIV) ရှိခြင်း
  2. မိခင်၏ ကျန်းမာရေးအခြေအနေ
    သားအိမ်လမ်းကြောင်း ပိုးဝင်နေခြင်း၊ သားအိမ်အတွင်း သို့မဟုတ် ဆီးလမ်းကြောင်းတွင် ပြင်းထန်သော ပိုးဝင်မှုရှိနေလျှင် စစ်ဆေးမှုမှတစ်ဆင့် သန္ဓေသားထံ ပိုမိုပျံ့နှံ့သွားစေနိုင်သည်။ ထို့ပြင် မိခင်တွင် သွေးမတိတ်သော ရောဂါရှိခြင်း သို့မဟုတ် သွေးခဲစနစ် ချို့ယွင်းချက်ရှိပါက အပ်ထည့်သည့်နေရာမှ သွေးအလွန်အကျွံထွက်ခြင်းနှင့် အတွင်းသွေးယိုခြင်းများ ဖြစ်ပေါ်နိုင်သည်။
  3. ကိုယ်ဝန်ဆောင်မှုဆိုင်ရာ အခြေအနေများ
    အချင်းသည် သားအိမ်‌အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းကို ပိတ်ကာထားခြင်း (Placenta Previa)၊ သားအိမ်ခေါင်း မလုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျရန် အခွင့်အလမ်း အလွန်များနေသော အခြေအနေမျိုးတွင် ဤစစ်ဆေးမှုကို မပြုလုပ်သင့်ပါ။
ကြိုတင်သိရှိထားရမည့်အချက်များ
  • ပြုလုပ်နိုင်သောအချိန် – သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်းကို သန္ဓေသား၏ ချက်ကြိုးသွေးကြောများ လုံလောက်စွာ ဖွံ့ဖြိုးလာသည့် ကိုယ်ဝန်သက် (၁၇) ပတ် သို့မဟုတ် (၁၈) ပတ် ပြည့်ပြီးနောက်ပိုင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည်
  • စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ခြင်း – သားဖွားမီးယပ် အထူးကုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာ ရှင်းပြမည်ဖြစ်သည်၊ ထို့နောက် လူနာနှင့် လူနာရှင်များမှ နားလည်သိရှိကြောင်းနှင့် ပြုလုပ်ရန် သဘောတူကြောင်း သဘောတူညီချက်လက်မှတ် (Consent form) ကို ပထမဦးစွာ ရေးထိုးရန် လိုအပ်သည်
  • စစ်ဆေးမှုမတိုင်မီ အစားအသောက်ရှောင်ခြင်း – စစ်ဆေးမှုပြုလုပ်နေစဉ် သန္ဓေသားအခြေအနေအရ အရေးပေါ် ခွဲစိတ်မွေးဖွားရန် (Emergency C-section) လိုအပ်လာနိုင်သည့် အခြေအနေမျိုးအတွက် စစ်ဆေးမှုမတိုင်မီ နာရီအနည်းငယ်အလိုတွင် အစာနှင့် အရည်ဖြတ်ရန် လိုအပ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာရန် အရေးကြီးသည်
  • ပိုးသတ်ဆေးနှင့် မိခင်သွေးနမူနာ – ပိုးဝင်ခြင်းကို ကာကွယ်ရန် စစ်ဆေးမှုမစတင်မီ မိခင်အား သွေးကြောမှတစ်ဆင့် ပဋိဇီဝပိုးသတ်ဆေး (IV antibiotics) များ ကြိုတင်ပေးမည်ဖြစ်သည်၊ ထို့အပြင် သန္ဓေသား၏သွေးနှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ရန် မိခင်ထံမှ သွေးနမူနာကိုပါ ရယူမည်ဖြစ်သည်
  • အဖော်ခေါ်လာရန် – လူနာကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီရန်နှင့် စစ်ဆေးမှုအပြီးတွင် အိမ်သို့ လုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးကို အဖော်အဖြစ် ခေါ်ဆောင်လာရန် လိုအပ်သည်
  • စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် ကြာမြင့်ချိန် – လုပ်ငန်းစဉ်တစ်ခုလုံးသည် ပုံမှန်အားဖြင့် မိနစ်၂၀ မှ နာရီဝက်ခန့်သာ ကြာမြင့်တတ်ပြီး ဆေးရုံတွင် ညအိပ်ရန် မလိုဘဲ ပြင်ပလူနာအဖြစ် လွယ်ကူစွာ ဆောင်ရွက်နိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • လူနာသည် ပက်လက်အနေအထားဖြင့် ငြိမ်သက်စွာ လဲလျောင်းနေရမည်ဖြစ်သည်
  • အာထရာဆောင်းကို အသုံးပြု၍ သန္ဓေသား၏ တည်နေရာနှင့် ချက်ကြိုး (Umbilical cord) ရှိရာနေရာကို တိတိကျကျ ရှာဖွေမည်
  • ပိုးမဝင်စေရန် ဝမ်းဗိုက်ပေါ်တွင် ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ပေးမည်
  • အပ်ထည့်မည့်နေရာ ဝမ်းဗိုက်အရေပြားကို နာကျင်မှု သက်သာစေရန် ထုံဆေး (Local anesthesia) အနည်းငယ် ထိုးပေးမည်၊ ထုံဆေးထိုးသည့်အချိန်တွင် နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်သည်
  • အာထရာဆောင်းဖြင့် အမြဲမပြတ် ကြည့်ရှုနေရင်း အလွန်သေးငယ်ပြီး ရှည်လျားသော အပ်တစ်ချောင်းကို ဝမ်းဗိုက်မှတစ်ဆင့် သားအိမ်အတွင်းသို့ ထိုးသွင်းမည်၊ ၎င်းအပ်ကို သန္ဓေသား၏ ချက်ကြိုးအတွင်းရှိ သွေးကြောထဲသို့ ရောက်အောင် ဂရုတစိုက် ထည့်သွင်းရမည်၊ ချက်ကြိုးအတွင်း ရောက်ရှိသွားပါက သွေးနမူနာ အနည်းငယ်ကို စုပ်ယူမည် (အကယ်၍ သွေးသွင်းရန် သို့မဟုတ် ဆေးပေးရန် လိုအပ်လျှင် ၎င်းအပ်မှတစ်ဆင့် တိုက်ရိုက် ပြုလုပ်နိုင်သည်)
  • အပ်ထည့်သည့်အချိန်တွင် အနည်းငယ် စူးခနဲ နာကျင်ခြင်း သို့မဟုတ် ဗိုက်ထဲတွင် တင်းကျပ်ကျပ် ဖြစ်ခြင်းမျိုး ခံစားရနိုင်သည်
  • စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ငြိမ်ငြိမ်သက်သက် အသက်ရှူပြီး အတတ်နိုင်ဆုံး လှုပ်ရှားမှုမပြုဘဲနေရန် အရေးကြီးသည်
  • သွေးနမူနာ ရရှိပြီးသည်နှင့် အပ်ကို ဖြည်းညင်းစွာ ပြန်ထုတ်မည်
  • အပ်ထည့်လိုက်သည့်နေရာမှ သွေးထွက်ခြင်း ရှိမရှိနှင့် ကလေး၏ နှလုံးခုန်နှုန်း ပုံမှန်ရှိမရှိကို အာထရာဆောင်းဖြင့် ခေတ္တစောင့်ကြည့် စစ်ဆေးမည်
သိရှိနိုင်သော အဖြေများ

စစ်ဆေးမှုအဖြေကို အမြန်ဆုံးသိရှိရန်အတွက် ယေဘုယျအားဖြင့် (၂၄)နာရီ မှ (၄၈)နာရီခန့်သာ ကြာမြင့်နိုင်သည်။ သို့ရာတွင် မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ (Genetic Testing) ပြုလုပ်ပါက ခရိုမိုဆုမ်းအပြောင်းအလဲများကို ဓာတ်ခွဲခန်းတွင် သေချာစွာ အသေးစိတ် စစ်ဆေးရသည့်အတွက် အဖြေထွက်ရှိရန် အချိန် တစ်ပတ် မှ နှစ်ပတ်ခန့်အထိ ကြာမြင့်နိုင်မည်ဖြစ်သည်။

စစ်ဆေးပြီးနောက် ထွက်ပေါ်လာနိုင်သော အဖြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပုံမှန်ရလဒ် (Normal) – သန္ဓေသားတွင် စစ်ဆေးခဲ့သည့် ရောဂါလက္ခဏာများ သို့မဟုတ် မျိုးဗီဇချို့ယွင်းချက်များကို လုံးဝ မတွေ့ရှိခြင်း ဖြစ်သည်
  • ပုံမှန်မဟုတ်သောရလဒ် (Abnormal) – သန္ဓေသားတွင် သွေးအားနည်းရောဂါ၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း သို့မဟုတ် မျိုးဗီဇဆိုင်ရာ ပြဿနာ (ဥပမာ _ ဒေါင်းလက္ခဏာစု) ရှိနေကြောင်း ပြသခြင်းဖြစ်သည်

ဤကဲ့သို့ အဖြေထွက်ပေါ်လာပါက ဆရာဝန်မှ ရောဂါအခြေအနေကို သေချာစွာ ရှင်းပြပြီး လိုအပ်သော ကုသမှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အဆင့်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်မည်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
  • သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်း (Cordocentesis) သည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်စစ်ဆေးရသည့် စစ်ဆေးမှု (Invasive procedure) ဖြစ်သောကြောင့် သိသာထင်ရှားသော အန္တရာယ်များ ရှိနိုင်သည်
  • ကိုယ်ဝန်ပျက်ကျခြင်း – စစ်ဆေးမှု အကြိမ် ၁၀၀ လျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် (၁% မှ ၂%) တွင် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်သည်
  • အရေးပေါ်ခွဲစိတ်ခြင်း – အချို့သော အခြေအနေများတွင် အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း (Emergency C-section) ကို လုပ်ဆောင်ရနိုင်သည်
  • အခြားသော ဘေးထွက်ဆိုးကျိုးများမှာ_
    • သွေးဆုံးရှုံးခြင်း၊ သန္ဓေသား သို့မဟုတ် မိခင်တွင် သွေးထွက်ခြင်း
    • ချက်ကြိုးအတွင်း သွေးစုခြင်း (Cord hematoma) – ချက်ကြိုးအတွင်း သွေးခဲ/သွေးလုံး ဖြစ်ပေါ်ခြင်း
    • သန္ဓေသားနှလုံးခုန်နှုန်း နှေးခြင်း
    • ပိုးဝင်ခြင်း – သန္ဓေသား သို့မဟုတ် သားအိမ်အတွင်း ပိုးဝင်ခြင်း
    • ရေမြွှာအိတ် စောပေါက်ခြင်း – ရေမြွှာအိတ်စောပေါက်ခြင်းကြောင့် လမစေ့ဘဲ ကလေးမွေးဖွားနိုင်သည်
    • အချင်းကွာခြင်း – အချင်းသည် သားအိမ်နံရံမှ စောစီးစွာ ကွာခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • လှုပ်ရှားမှုနှင့် အနားယူခြင်း
    • စစ်ဆေးမှုပြီးနောက် (၂၄) နာရီအတွင်း အိမ်တွင် ငြိမ်ငြိမ်သက်သက် အနားယူရန် လိုအပ်သည်
    • လေးလံသောပစ္စည်းများ မခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို (၂) ရက်ခန့် ရှောင်ကြဥ်ရမည်
  • ချက်ချင်းပြသရန်
    အောက်ပါလက္ခဏာများထဲမှ တစ်ခုခု ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသရမည်။
    • မိန်းမကိုယ်မှ သွေးဆင်းခြင်း သို့မဟုတ် အရည်များဆင်းခြင်း
    • ဗိုက်အောင့်ခြင်း သို့မဟုတ် ဖျားခြင်း
    • ကလေးလှုပ်ရှားမှု သိသိသာသာ လျော့နည်းသွားခြင်း

သန္ဓေသားချက်ကြိုးမှ သွေးနမူနာစစ်ဆေးခြင်းသည် အခြားသော စမ်းသပ်စစ်ဆေးမှုများဖြင့် အဖြေရှာမရနိုင်သော ရှုပ်ထွေးသည့် သန္ဓေသားကျန်းမာရေးပြဿနာများကို တိကျစွာ အဖြေရှာပေးနိုင်သည့်အပြင် လိုအပ်သော ကုသမှုများကိုပါ တစ်ပါတည်း ပေးစွမ်းနိုင်သော အဆင့်မြင့် ဆေးပညာလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်စစ်ဆေးရသည့် နည်းလမ်းဖြစ်သောကြောင့် နောက်ဆက်တွဲပြဿနာ အန္တရာယ်အချို့ ရှိနိုင်သော်လည်း ကျွမ်းကျင်သော သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ခံယူပါက မိခင်နှင့် သန္ဓေသားအတွက် အသက်အန္တရာယ်ကို ကယ်တင်ပေးနိုင်မည့် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Cordocentesis. Retrieved March 5, 2026, from https://my.clevelandclinic.org/health/diagnostics/24398-cordocentesis
  2. American Pregnancy Association. (n.d.). Cordocentesis. Retrieved March 5, 2026, from https://americanpregnancy.org/prenatal-testing/cordocentesis/
  3. Fetal Medicine Barcelona. (2024). Cordocentesis. Retrieved March 5, 2026, from https://fetalmedicinebarcelona.org/wp-content/uploads/2024/06/Cordocentesis-Nogue-EG-ENG.pdf
  4. Augusta Health. (n.d.). Cordocentesis. Retrieved March 5, 2026, from https://www.augustahealth.com/procedure/cordocentesis/

Published: 25 March 2026

Share

25 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.