သိပ္ပံပညာလွန်စွာတိုးတက်လာသော ယနေ့ခေတ်ကမ္ဘာကြီးတွင် ကိုယ်ဝန်ဆောင်ဇနီးမောင်နှံများ အနေဖြင့် မိမိတို့၏ သန္ဓေသား၌ မျိုးဗီဇတွင် ချို့ယွင်းချက် ရှိမရှိကို ကြိုတင်စစ်ဆေးမှု ပြုလာနိုင်ကြပြီဖြစ်သည်။ မိခင်နှင့်သန္ဓေသားကို အန္တရာယ်မဖြစ်စေဘဲ စစ်ဆေးနိုင်ပြီး ထိုစစ်ဆေးမှုကို သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Non-Invasive Prenatal Testing – NIPT) ဟုခေါ်သည်။
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်းပြုလုပ်ရာတွင် မိခင်၏သွေးထဲတွင် တည်ရှိနေသော သန္ဓေသား၏ ဒီအင်န်အေ (Cell Free DNA) များကို ခွဲခြမ်းစိတ်ဖြာပြီး သန္ဓေသား၏ ခရိုမိုဆုမ်း အရေအတွက်နှင့် ပုံသဏ္ဍာန်ကို စစ်ဆေးခြင်း (Chromosomal Analysis) ပြုလုပ်ခြင်းဖြစ်သည်။
စစ်ဆေးနိုင်သည့် အခြေအနေများ
ကိုယ်ဝန်ဆောင်မိခင်တိုင်း စစ်ဆေးနိုင်သည်။ သို့သော် အောက်ပါအခြေအနေများ၌ သန္ဓေသားတွင် ဤစစ်ဆေးမှုကို ပိုမိုဆောင်ရွက်သင့်သည်။
- အသက် (၃၅) နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ
- မိသားစုတွင် မျိုးဗီဇချို့ယွင်းသည့်ရောဂါရှိသူများ
- မိမိ၏ ယခင်ကိုယ်ဝန်များတွင် မျိုးဗီဇချို့ယွင်းသည့် သန္ဓေသားရှိခဲ့ဖူးသူများ
- ကိုယ်ဝန်အာထရာဆောင်းရိုက်ကူးရာတွင် ပုံမှန်မဟုတ်သော လက္ခဏာတွေ့ရှိသူများ
စစ်ဆေးပေးနိုင်သော ရောဂါအခြေအနေများ
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Non-Invasive Prenatal Testing – NIPT) ဖြင့် အောက်ပါရောဂါအခြေအနေများ ဖြစ်နိုင်ခြေကို စစ်ဆေးနိုင်သည်။
- ဒေါင်းဆင်ဒရုန်း သို့မဟုတ် ဒေါင်းလက္ခဏာစု (Down syndrome or Trisomy 21)
သန္ဓေသားတွင် ခရိုမိုဆုမ်း နံပါတ် (၂၁) သည် နှစ်ခု ပါဝင်ရမည့်အစား သုံးခု ပါဝင်နေသော ရောဂါစုဖြစ်ပြီး အဖြစ်အများဆုံး အခြေအနေတစ်ခုဖြစ်သည်။ - အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards Syndrome or Trisomy 18)
ခရိုမိုဆုမ်းနံပါတ် (၁၈) သည် နှစ်ခု ပါဝင်ရမည့်အစား သုံးခု ပါဝင်နေသော ရောဂါဖြစ်သည်၊ ကြီးထွားဖွံ့ဖြိုးမှု လွန်စွာနှောင့်နှေးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သော ကျန်းမာရေးပြဿနာများလည်း ဖြစ်ပေါ်တတ်သည်။ - ပါတောင်း ဆင်ဒရုန်း (Patau Syndrome or Trisomy 13)
ခရိုမိုဆုမ်းနံပါတ် (၁၃) သည် နှစ်ခု ပါဝင်ရမည့်အစား သုံးခု ပါဝင်နေသော ရောဂါဖြစ်ပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာများ ပြင်းထန်ဆိုးရွားသည်။
အဆိုပါ မျိုးဗီဇချို့ယွင်းချက်များသာမက မျိုးဗီဇလိင်ခရိုမိုဆုမ်း ပုံမမှန်မှုများဖြစ်သည့် အောက်ပါအခြေအနေများကိုလည်း စစ်ဆေးနိုင်သည်။
- တာနာဆင်ဒရုန်း (Turner Syndrome, XO) – အမျိုးသမီးများတွင် X ခရိုမိုဆုမ်း နှစ်ခုအစား တစ်ခုတည်းသာ ဖြစ်နေခြင်း
- ထရစ်ပယ်အိတ်စ် လက္ခဏာစု (Triple X syndrome, XXX) – အမျိုးသမီးများတွင် X ခရိုမိုဆုမ်း နှစ်ခုအစား သုံးခုဖြစ်နေခြင်းဖြစ်နေခြင်း
- ကလိုင်းဖဲလ်တာ ဆင်ဒရုန်း (Klinefelter Syndrome, XXY) – အမျိုးသားများတွင် X ခရိုမိုဆုမ်း တစ်ခုအစား နှစ်ခုဖြစ်နေခြင်း
ထို့အပြင် သန္ဓေသား၏ လိင်အမျိုးအစားကိုလည်း သိရှိလိုပါက စစ်ဆေးပေးနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ဤစစ်ဆေးမှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို ကြိုတင်သိရှိထားရန် လိုအပ်သည်။
- အားသာချက်များ
- ကိုယ်ဝန်သက်တမ်းနုစဉ်ကပင် သန္ဓေသားနှင့် ပတ်သက်၍ ကြိုတင်သိရှိနိုင်သည်
- မိခင်နှင့် သန္ဓေသားအပေါ် ထိခိုက်မှု မရှိ၊ အန္တရာယ်ကင်းသည်
- ဖြစ်နိုင်ခြေခန့်မှန်းရာတွင် တိကျမှုရှိသည် (ဒေါင်းလက္ခဏာစုတွင် ၉၉% တိကျသည်)
- အားနည်းချက်များ
- နည်းစနစ်သစ်တစ်ခု ဖြစ်သည့်အားလျော်စွာ ကုန်ကျစရိတ် အနည်းငယ်မြင့်မားသည်
- မျိုးဗီဇချို့ယွင်းချက်အားလုံးကို စစ်ဆေးပေးနိုင်ခြင်းမရှိပါ
- ရောဂါဖြစ်နိုင်ခြေမြင့်မားပါက အတည်ပြုနိုင်ရန်အတွက် ရေမြွှာရည်စစ်ဆေးခြင်းကဲ့သို့သော စစ်ဆေးမှုများကို ထပ်မံပြုလုပ်ရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ကြိုတင်ပြင်ဆင်ရန်
- မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများကို စစ်ဆေးမည်ဖြစ်သည့်အတွက် မိသားစုနှင့် တိုင်ပင်၍ ရောဂါရာဇဝင်များကို အတတ်နိုင်ဆုံး ကြိုတင်စုဆောင်းထားရမည်
- မိသားစုနှင့် မိခင်၏ ကျန်းမာရေးရာဇဝင်၊ မိခင်၏ ကျန်းမာရေး အခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို မိမိ၏ မိသားစုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် တစ်ဦးဦးနှင့် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပါ
- စစ်ဆေးမှု၏ အားသာချက်၊ အားနည်းချက်များနှင့် ရလဒ်အဖြေပေါ် မူတည်၍ ရှေ့ဆက်လုပ်ဆောင် ရမည်များကို သေချာစွာ နားလည်သိရှိရန် လိုအပ်သည်
- ကျန်းမာရေးအာမခံ ထားရှိပါက စစ်ဆေးခြင်း၏ ကုန်ကျစရိတ်အတွက် အာမခံရရှိနိုင်ခြင်း ရှိမရှိ ကြိုတင်မေးမြန်းထားရမည်
စမ်းသပ်စစ်ဆေးခြင်း
- ဤစစ်ဆေးမှုကို ကိုယ်ဝန်သက်တမ်း (၁၀) ပတ်မှ စတင်စစ်ဆေးနိုင်သည်
- ကိုယ်ဝန်ဆောင်မိခင်၏ သွေးပြန်ကြောမှ သွေးအနည်းငယ် ထုတ်ယူစစ်ဆေးမည်
- အထူးတလည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်မလိုအပ်ဘဲ စစ်ဆေးမှုပြုလုပ်ပြီးပါကလည်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်ဆောင်ရွက်နိုင်သည်
- ဓာတ်ခွဲခန်းပေါ်မူတည်၍ (၇)ရက် မှ (၁၄)ရက်အတွင်း အဖြေပြန်လည်ရရှိနိုင်သည်
သိရှိနိုင်သည့်အဖြေများ
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း၏ အဖြေအနေဖြင့် မျိုးဗီဇချို့ယွင်းချက် ရှိမရှိကို အတည်ပြုပေးခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေ ရှိမရှိကိုသာ သိရှိနိုင်မည်ဖြစ်သည်။
- ဖြစ်နိုင်ခြေနည်းပါးခြင်း (Low Risk) – သန္ဓေသားတွင် မျိုးဗီဇချို့ယွင်းချက်ဖြစ်နိုင်ခြေ နည်းပါးပြီး အခြားစစ်ဆေးမှုများထပ်မံပြုလုပ်ရန် မလိုအပ်တော့ပါ
- ဖြစ်နိုင်ခြေ မြင့်မားခြင်း (High Risk) – သန္ဓေသားတွင် မျိုးဗီဇချို့ယွင်းချက်ဖြစ်နိုင်ခြေ မြင့်မားသည့် အတွက် ရောဂါ အတည်ပြုနိုင်ရန် စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်
နောက်ဆက်တွဲ သက်ရောက်မှုများ
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်းဖြင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ကြိုတင်သိရှိ ပြင်ဆင်မှုပြုနိုင်သော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်သည်။
ရလဒ်ဆိုးရွားပါက ထပ်မံစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည့်အပြင် စိတ်ပင်ပန်းပူပန်ရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိသားစုတွင်း နားလည်မှုပြိုကွဲခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း ဆောင်ရွက်သင့်သည်များ၊ ဆွေးနွေးတိုင်ပင်သင့်သည်များ၊ ကြိုတင်ပြင်ဆင်သင့်သည်များကို စောစီးစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဤစစ်ဆေးမှုသည် ကိုယ်ဝန်ဆောင်ဇနီးမောင်နှံများအနေဖြင့် မိမိ၏ သန္ဓေသားတွင် မျိုးဗီဇချို့ယွင်းချက် ဖြစ်နိုင်ခြေ ရှိမရှိကို မိခင်နှင့်သန္ဓေသားအပေါ် အန္တရာယ်၊ ထိခိုက်မှု မရှိဘဲ မိခင်၏သွေးမှတစ်ဆင့် စစ်ဆေးနိုင်သော ခေတ်မီနည်းပညာတစ်ခုဖြစ်သည်။
References:
- Mayo Clinic. (n.d.). Genetic testing. Retrieved March 2, 2026, from https://www.mayoclinic.org/tests-procedures/genetic-testing/about/pac-20384827
- Mayo Clinic Laboratories. (n.d.). NIPT. Retrieved March 2, 2026, from https://www.mayocliniclabs.com/test-notifications/attachment.php?id=54182
- Cleveland Clinic. (n.d.). NIPT test. Retrieved March 2, 2026, from https://my.clevelandclinic.org/health/diagnostics/21050-nipt-test
- WebMD. (n.d.). What is noninvasive prenatal testing? Retrieved March 2, 2026, from https://www.webmd.com/baby/what-is-noninvasive-prenatal-testing
- The Fetal Medicine Centre. (n.d.). Non-invasive prenatal testing. Retrieved March 2, 2026, from https://fetalmedicine.com/non-invasive-prenatal-testing/
Published: 10 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.