Tubal Patency test (သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း)

Tubal Patency test (သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း)

သားဥပြွန်များ (Fallopian tubes) သည် အမျိုးသမီးများ၏ မျိုးပွါးနိုင်စွမ်းအတွက် အလွန်အရေးကြီးသော မျိုးပွါးအင်္ဂါ အစိတ်အပိုင်းများဖြစ်သည်။ ၎င်းတို့သည် သားဥအိမ် (Ovary) နှင့် သားအိမ် (Uterus) ကို ဆက်သွယ်ပေးထားသည့် ပြွန်ငယ်များဖြစ်ပြီး၊ မမျိုးဥများ (Ovum) ကို သားဥအိမ်မှ သားအိမ်အတွင်းသို့ ရောက်ရှိရန် သယ်ယူပို့ဆောင်ပေးသည့် လမ်းကြောင်းလည်းဖြစ်သည်။

သားဥပြွန်နှင့် မျိုးမပွါးနိုင်ခြင်း
  • အဓိကအကြောင်းရင်း – အမျိုးသမီးများတွင် မျိုးမပွါးနိုင်ခြင်း (ကလေးရရန် ခက်ခဲခြင်း) ၏ (၁၅%) မှ (၂၀%) ခန့်မှာ သားဥပြွန်များ ပိတ်ခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့်ဖြစ်သည်
  • စစ်ဆေးမှု၏ ရည်ရွယ်ချက် – သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း (Tubal Patency Test) သည် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန်နှင့် လိုအပ်သော ကုသမှုများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ရသည့် အရေးကြီးသော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတစ်ခုဖြစ်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်းကို အောက်ပါရောဂါအခြေအနေများနှင့် ကျန်းမာရေးလိုအပ်ချက်များအရ ပြုလုပ်ရန် လိုအပ်သည်။

  • မျိုးမပွါးနိုင်ခြင်းဆိုင်ရာ ပြဿနာများကို ရှာဖွေရန်
    • ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသော အမျိုးသမီးများ (Primary infertility) – အိမ်ထောင်သက် တစ်နှစ်ကျော်သည်အထိ သဘာဝအတိုင်း ကိုယ်ဝန်မရရှိသေးပါက အခြေခံစစ်ဆေးမှုတစ်ခုအဖြစ် ပြုလုပ်ရသည်
    • ယခင်ကိုယ်ဝန်ရခဲ့ဖူးသော်လည်း နောက်တစ်ကြိမ် မရရှိနိုင်သေးသော အမျိုးသမီးများ (Secondary infertility) – သားဥပြွန်အတွင်း အမာရွတ်ဖြစ်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ရှိမရှိ စစ်ဆေးရန်ဖြစ်သည်
    • အကြောင်းရင်းရှာဖွေခြင်း – ပုံမှန်လိင်ဆက်ဆံသော်လည်း သားသမီးမရနိုင်သော စုံတွဲများတွင် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းမှာ သားဥပြွန်ပြဿနာကြောင့် ဟုတ်မဟုတ် အတည်ပြုရန်ဖြစ်သည်
  • မျိုးပွါးမှုဆိုင်ရာ ကုသမှုများ မစတင်မီ ပြင်ဆင်ရန်
    • မျိုးပွါးမှု အထောက်အကူပြုနည်းလမ်းများ (Assisted Reproductive Techniques) သို့မဟုတ် ဖန်ပြွန်သန္ဓေသား (IVF) ဖြင့် ကလေးယူခြင်း မပြုမီ လမ်းကြောင်း အခြေအနေကို စစ်ဆေးရန်
    • သားဥပြွန်ပြန်ဆက်ပြီးနောက် စစ်ဆေးခြင်း – သားကြောဖြတ်ပြီးမှ သားဥပြွန် ပြန်ဆက်ထားသူများ (Tubal ligation reversal) တွင် ပြွန်ပြန်ပွင့်ပြီး အောင်မြင်မှု ရှိမရှိ အတည်ပြုရန်
  • ရောဂါအခံများနှင့် သားဥပြွန်လမ်းကြောင်းဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို စမ်းသပ်ရန်
    • ထပ်ခါတလဲလဲ ကိုယ်ဝန်ပျက်ကျခြင်း (Recurrent miscarriage) – သားအိမ်နှင့် သားဥပြွန် လမ်းကြောင်းဆိုင်ရာ မွေးရာပါချို့ယွင်းချက်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ပြဿနာများကို ရှာဖွေရန်
    • သားဥပြွန်ကို ထိခိုက်စေနိုင်သော ရောဂါရာဇဝင်များရှိခြင်း – တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း (Pelvic Inflammatory Disease – PID) သို့မဟုတ် သားအိမ်ပြင်ပသွေးလုံးတည်သောရောဂါ (Endometriosis) များ ခံစားခဲ့ရသူများတွင် သားဥပြွန်၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးရန်
သားဥပြွန်ပွင့်မပွင့် စစ်ဆေးမှုနည်းလမ်းအမျိုးမျိုး

သားဥပြွန်၏ အခြေအနေကို စစ်ဆေးရန်အတွက် အောက်ပါ ဆေးပညာဆိုင်ရာ နည်းလမ်းများကို အသုံးပြုနိုင်သည်။

  1. ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (Hysterosalpingography -HSG)
    • ၎င်းသည် သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများကို ဓာတ်မှန် (X-ray) ရိုက်၍ ကြည့်ရှုစစ်ဆေးသည့် ဓာတ်ရောင်ခြည်အခြေပြု နည်းလမ်းဖြစ်သည်
    • မျိုးမပွါးနိုင်ခြင်းဆိုင်ရာ အကြောင်းရင်းများကို ရှာဖွေရာတွင် ကမ္ဘာတစ်ဝန်း အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်သည်
  2. အထူးဆေးရည်သွင်း အာထရာဆောင်းစစ်ဆေးခြင်း – Sonosalpingography (SSG) သို့မဟုတ် Hysterosalpingo-Contrast Sonography (HyCoSy)
    • အထူးပြုလုပ်ထားသော ဆေးရည် (Contrast agent) ကို အသုံးပြု၍ သားဥပြွန် ပိတ်မပိတ်ကို အာထရာဆောင်း (Ultrasound) ဖြင့် စစ်ဆေးသည့် နည်းလမ်းဖြစ်သည်
    • ဓာတ်ရောင်ခြည် ထိတွေ့မှုမရှိဘဲ ပိုမိုဘေးကင်းစွာ စစ်ဆေးနိုင်သည်
  3. မှန်ပြောင်းကြည့်၍ ဆေးရည်သွင်း စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
    • ချက် သို့မဟုတ် ဝမ်းဗိုက်တွင် သေးငယ်သော ခွဲကြောင်းရာပြုလုပ်၍ ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်ကာ စစ်ဆေးခြင်းဖြစ်သည်
    • ယောနိမှတစ်ဆင့် သားအိမ်အတွင်းသို့ အရောင်ပါသော ဆေးရည် (Dye) ထိုးထည့်ပြီး သားဥပြွန်မှ ဆေးရည်ထွက်၊ မထွက်ကို တိုက်ရိုက်ကြည့်ရှုနိုင်သည်
    • တစ်ချိန်တည်းမှာပင် သားအိမ်နှင့် သားဥအိမ်များကိုပါ အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည့် အားသာချက်ရှိသည်
  4. ဓာတ်ဆားရည်သွင်း အာထရာဆောင်း စစ်ဆေးခြင်း – Sonosalpingography with Saline Infusion (SIS)
    • သားအိမ်အတွင်းသို့ သန့်စင်သော ဓာတ်ဆားရည် (Saline) ထည့်သွင်းကာ အာထရာဆောင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်
    • သားဥပြွန်လမ်းကြောင်းသာမက သားအိမ်အတွင်းနံရံနှင့် သားဥအိမ်များ၏ အခြေအနေကိုပါ တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်သည်
  5. သွေးစီးဆင်းမှုတိုင်းတာသော Doppler အာထရာဆောင်းနှင့်ပေါင်းစပ်စစ်ဆေးခြင်း – Doppler Hysterosalpingography (Doppler HSG)
    • ၎င်းသည် HSG နည်းပညာနှင့် သွေးစီးဆင်းမှုကို တိုင်းတာသော Doppler အာထရာဆောင်း နည်းပညာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်
    • သားဥပြွန်ပိတ်ဆို့မှု ရှိမရှိ သာမက သားဥပြွန်အတွင်း သွေးစီးဆင်းမှု အခြေအနေများကိုပါ စစ်ဆေးနိုင်သည်
စစ်ဆေးမှုမပြုလုပ်သင့်သော အခြေအနေများ (Contraindications)

ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အောက်ပါအခြေအနေများရှိနေပါက သားဥပြွန်စစ်ဆေးခြင်းကို ရှောင်ကြဉ်ရမည် သို့မဟုတ် ရွှေ့ဆိုင်းရမည်။

  • ကိုယ်ဝန်ရှိနေခြင်း – သန္ဓေသားကို ထိခိုက်နိုင်ခြေရှိခြင်းကြောင့် စစ်ဆေးမှုမပြုမီ ကိုယ်ဝန်မရှိကြောင်း အတည်ပြုရန် လိုအပ်သည်
  • လတ်တလော တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများ ပိုးဝင်ရောင်ရမ်းနေခြင်း (PID) – ပိုးဝင်နေစဉ် စစ်ဆေးပါက ပိုးမွှားများ ဝမ်းဗိုက်အတွင်းသို့ ပိုမိုပျံ့နှံ့သွားနိုင်သည့် အန္တရာယ်ရှိသည်
  • ရာသီသွေးဆင်းနေခြင်း – ရာသီသွေးဆင်းနေစဉ် စစ်ဆေးပါက ရလဒ်တိကျမှု မရှိနိုင်သည့်အပြင် သွေးကြောထဲသို့ စစ်ဆေးသည့်ဆေးရည်များ ဝင်ရောက်သွားနိုင်ခြေရှိသည်
  • ပြင်းထန်သော ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုရှိနေခြင်း – အကြောင်းရင်းမသိရသေးသော နာကျင်မှုများရှိနေပါက စစ်ဆေးမှုကို ခေတ္တရပ်ဆိုင်းထားသင့်သည်
  • ဓာတ်မတည့်မှုရှိခြင်း – အထူးသဖြင့် HSG စစ်ဆေးရာတွင် အသုံးပြုသော အိုင်အိုဒင်း (Iodine) သို့မဟုတ် အရောင်ဆိုးဆေးများနှင့် ဓာတ်မတည့်သည့် ရာဇဝင်ရှိသူများတွင်လည်း ရှောင်ကြဥ်သင့်သည်
စစ်ဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အတည်ပြုနိုင်ခြင်း – သားဥပြွန်လမ်းကြောင်း ပွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းကို တိကျသေချာစွာ သိရှိနိုင်သည်
  • အဖြေရှာနိုင်ခြင်း – သားသမီးရရှိရန် ခက်ခဲရသည့် အဓိကအကြောင်းရင်းကို ဖော်ထုတ်ပေးနိုင်သည်
  • ကုသမှုသဘောပါဝင်ခြင်း – စစ်ဆေးမှုပြုလုပ်စဉ် ဆေးရည်ထိုးသွင်းသည့် ဖိအားကြောင့် သားဥပြွန်အတွင်းရှိ အနည်းငယ်ပိတ်ဆို့မှုများ ပြန်ပွင့်သွားတတ်ပြီး ကိုယ်ဝန်ရနိုင်ခြေ ပိုများလာတတ်သည်
  • ကုသမှုနည်းလမ်းများရွေးချယ်နိုင်ခြင်း– ရလဒ်အပေါ်မူတည်၍ နောက်ဆက်တွဲ လိုအပ်မည့် ကုသမှုနည်းလမ်းများ (ဥပမာ – IUI သို့မဟုတ် IVF) ကို မှန်ကန်စွာ ရွေးချယ်နိုင်သည်
စစ်ဆေးမှု၏ အားနည်းချက်များနှင့် ကန့်သတ်ချက်များ
  • နာကျင်မှုနှင့် မအီမသာဖြစ်ခြင်း – စစ်ဆေးစဉ်အတွင်း သားအိမ်အတွင်း ဖိအားကြောင့် အနည်းငယ်မှ အသင့်အတင့်အထိ နာကျင်မှုကို ခံစားရနိုင်သည်
  • ဘေးထွက်ဆိုးကျိုးများ – အလွန်ရှားပါးသော်လည်း ပိုးဝင်ခြင်း (Infection) ဖြစ်နိုင်သည်
  • တိကျမှုဆိုင်ရာ အကန့်အသတ် – အချို့သော အခြေအနေများတွင် သားဥပြွန် ပွင့်နေသော်လည်း သားဥပြွန် ကြွက်သားညှစ်ခြင်း (Spasm) ကြောင့် ပိတ်သည်ဟု မှားယွင်းသော ရလဒ်များ (False Positive/Negative) ထွက်ပေါ်နိုင်သည်
  • နည်းလမ်းအလိုက် ကန့်သတ်ချက်များ
    • HSG – ဓာတ်ရောင်ခြည် (X-ray) အနည်းငယ် ထိတွေ့မှုရှိခြင်း
    • Laparoscopy – ကုန်ကျစရိတ် မြင့်မားခြင်း၊ မေ့ဆေးပေးရခြင်းနှင့် ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ရှိနိုင်ခြင်း
    • SIS နှင့် HyCoSy – စစ်ဆေးပေးသည့် ဆရာဝန်၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ်တွင် များစွာမူတည်ခြင်း
ကြိုတင်သိထားရမည့်အချက်များ

စစ်ဆေးမှု၏ ရလဒ်တိကျစေရန်နှင့် ဘေးကင်းစေရန်အတွက် အောက်ပါတို့ကို ကြိုတင်နားလည်ထားရန် လိုအပ်သည်။

  • ကိုယ်ဝန်မရှိကြောင်း သေချာစေခြင်း – စစ်ဆေးမှုပြုလုပ်ချိန်တွင် ကိုယ်ဝန်မရှိကြောင်း အကြွင်းမဲ့သေချာရမည်
  • စစ်ဆေးမည့်အချိန်ကာလ – သားဥပြွန်စစ်ဆေးခြင်းကို အဓိကအားဖြင့် ရာသီစက်ဝန်း၏ ပထမတစ်ဝက် (ရာသီစတင်သည့်ရက်မှစ၍ ၁၄ ရက်အတွင်း) တွင်သာ ပြုလုပ်လေ့ရှိသည်
  • နည်းလမ်းရွေးချယ်မှု – မည်သည့်နည်းလမ်း (HSG, SSG, Laparoscopy စသည်) ဖြင့် စစ်ဆေးမည်ကို လူနာ၏ရောဂါရာဇဝင်၊ ကျန်းမာရေးအခြေအနေနှင့် ဆရာဝန်၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ရွေးချယ်သည်
  • ပိုးသတ်ဆေးသောက်သုံးခြင်း – ပိုးဝင်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း Doxycycline (100 mg) ကို တစ်နေ့ (၂) ကြိမ်ဖြင့် (၅) ရက်ကြာ ကြိုတင်သောက်သုံးရနိုင်သည်
  • ခွဲစိတ်ပြီးနောက်ခံစားချက် – စစ်ဆေးမှုအပြီးတွင် ဝမ်းဗိုက်အတွင်း အနည်းငယ် နာကျင်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများ ကျန်ရှိနေနိုင်ကြောင်း ကြိုတင်သိရှိထားရမည်
စတင်ပြင်ဆင်ခြင်း (Preparation Steps)

စစ်ဆေးမှုမပြုလုပ်မီ အောက်ပါအစီအစဉ်များအတိုင်း ပြင်ဆင်ရမည်။

  • ရက်ချိန်းသတ်မှတ်ခြင်း – ရာသီစတင်လာသည့် ပထမဆုံးရက်မှ စတင်ရေတွက်ပါက (၆)ရက်မြောက် မှ (၁၁)ရက်မြောက်အတွင်း စစ်ဆေးနိုင်ရန် ရက်ချိန်းယူပြင်ဆင်ရမည်
  • ကိုယ်ဝန် ရှိမရှိ အတည်ပြုခြင်း – စစ်ဆေးမှုမစတင်မီ ဆီးစစ်ခြင်းဖြင့် ကိုယ်ဝန်မရှိကြောင်း ထပ်မံအတည်ပြုရမည်
  • နာကျင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း – စစ်ဆေးစဉ် နာကျင်မှုသက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်မှ ကြိုတင်ပေးထားနိုင်သည်
  • အထူးဂရုပြု ပြင်ဆင်ခြင်း – ယခင်က တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများပိုးဝင်ခြင်း (PID) သို့မဟုတ် သားအိမ်ပြင်ပသွေးလုံးတည်သောရောဂါ (Endometriosis) ရာဇဝင်ရှိသူများတွင် ပိုးသတ်ဆေးကို ပိုမိုစနစ်တကျ ကြိုတင်ပေးထားရန် လိုအပ်သည်
  • ရှင်းလင်းချက်နှင့် ခွင့်ပြုချက်ရယူခြင်း – ပြုလုပ်မည့် စစ်ဆေးမှုအမျိုးအစား၊ ကြုံတွေ့ရနိုင်သည့် ခံစားချက်များနှင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာ နားလည်သဘောပေါက်စေပြီးနောက် လိုအပ်သော ခွင့်ပြုချက်လက်မှတ်များကို ရေးထိုးရမည်
စစ်‌ဆေးမှုပြုလုပ်ပုံအဆင့်ဆင့်
  1. ဓာတ်မှန် သို့မဟုတ် အာထရာဆောင်းဖြင့် စစ်ဆေးသည့်နည်းလမ်းများ
    • ဤနည်းလမ်းများအတွက် အခြေခံလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်
      • ပြင်ဆင်ခြင်း – စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို စမ်းသပ်ကုတင်ပေါ်တွင် ကျောဖြင့်လဲလျောင်းစေပြီး ဒူးထောင်၍ ခြေထောက်ကို ကားထားသောအနေအထား (Lithotomy position) ဖြင့် နေစေသည်
      • ပိုးသန့်စင်ခြင်း – ယောနိအဝနှင့် မွေးလမ်းကြောင်းကို အိုင်အိုဒင်းဆေးရည်ဖြင့် သန့်ရှင်းစေသည်
      • ကိရိယာတပ်ဆင်ခြင်း – သားအိမ်၏အဝကို သေချာစွာမြင်ရစေရန် Speculum ကိရိယာကို အသုံးပြုသည်၊ သားအိမ်အဝကို Tenaculum သို့မဟုတ် Vulsellum ဖြင့် ကိုင်တွယ်၍ သားအိမ်ကို ငြိမ်စေပြီး သားအိမ်အဝမှတစ်ဆင့် သားအိမ်ထဲသို့ ရာဘာပြွန် (Catheter or Cannula) ထည့်သွင်းသည်၊ ၎င်းပြွန်ထိပ်ရှိ ဘောလုံးကို ဖောင်းစေခြင်းဖြင့် ထိုးသွင်းမည့်ဆေးရည်များ ပြန်ထွက်မလာအောင် တားဆီးပေးသည်
    • နည်းလမ်းအလိုက် ဆောင်ရွက်ပုံများ
      • Hysterosalpingography (HSG)
        • အထက်ပါအတိုင်း ပြင်ဆင်ပြီးနောက် ဓာတ်မှန်ရိုက်မည့် ခုတင်ပေါ်တွင် စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို ပက်လက်အနေအထားဖြင့် နေစေသည်
        • Catheter မှတစ်ဆင့် Contrast agent ဆေးရည်ကို ထည့်သွင်းကာ သားအိမ်နှင့် သားဥပြွန်အတွင်းသို့ ရောက်ရှိသွားချိန်တွင် ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်ခြင်းများနှင့် ပိတ်ဆို့မှုများကို စစ်ဆေးသည်
      • Sonosalpingography (SSG) သို့မဟုတ် HyCoSy
        • အာထရာဆောင်းရိုက်မည့် ခုတင်ပေါ်တွင် စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို လှဲနေစေပြီး Catheter မှတစ်ဆင့် Contrast agent (Foam-based microbubbles) ဆေးရည်များ ထည့်သွင်းသည်
        • ထို့နောက် မိန်းမကိုယ်အတွင်းပိုင်းကြည့် အာထရာဆောင်း (Transvaginal Ultrasound) ဖြင့် သားဥပြွန်အတွင်း ဆေးရည်စီးဆင်းမှုကို ကြည့်ရှုစစ်ဆေးသည်
        • ဤနည်းလမ်းသည် ဓာတ်ရောင်ခြည် ထိတွေ့ရန်မလိုပါ
      • Sonosalpingography with Saline Infusion (SIS)
        • Catheter မှတစ်ဆင့် သန့်စင်သော ဓာတ်ဆားရည် (Saline) ကို ထည့်သွင်းပြီး Transvaginal Ultrasound ဖြင့် စစ်ဆေးသည်
        • ဓာတ်ဆားရည်များ သားဥပြွန်အတွင်း စီးဆင်းမှုရှိခြင်းနှင့် သားအိမ်အနောက်ဘက် (Pouch of Douglas) နေရာတွင် စုလာခြင်း ရှိမရှိကို ကြည့်ရှု၍ ပွင့်မပွင့် ဆုံးဖြတ်သည်
      • Doppler Hysterosalpingography (Doppler HSG)
        • Catheter မှတစ်ဆင့် Contrast agent ဆေးရည်များ ထည့်သွင်းကာ Doppler Ultrasound နည်းပညာဖြင့် ကြည့်ရှုသည်
        • သားဥပြွန်အတွင်း ဆေးရည်စီးဆင်းမှုနှင့် သွေးကြောများ၏ စီးဆင်းမှုကို ပေါင်းစပ်ကြည့်ရှု၍ ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးသည်
  2. မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
    ဤနည်းလမ်းသည် မေ့ဆေးပေးရန်လိုအပ်သဖြင့် ပထမဦးစားပေးအနေဖြင့် မပြုလုပ်သော်လည်း အခြားနည်းလမ်းများဖြင့် အဖြေတိကျစွာ မရရှိခြင်း သို့မဟုတ် Laparoscopic Ovarian Drilling (LOD) ကို တစ်ပြိုင်နက် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများတွင် များစွာအသုံးဝင်သည်။
    • စတင်ခြင်း
      • မေ့ဆေးအထူးကုနှင့် သားဖွားမီးယပ်အထူးကုတို့မှ လုပ်ငန်းစဉ်နှင့် နောက်ဆက်တွဲများကို ရှင်းပြပြီးနောက် သဘောတူညီချက်လက်မှတ်ရေးထိုးရသည်
      • မေ့ဆေးပေးပြီးနောက် လူနာသည် အိပ်ပျော်သွားမည်ဖြစ်သည်
    • ခွဲစိတ်ဆောင်ရွက်ပုံ
      • ချက်ပေါက်တွင် (၁) စင်တီမီတာခန့် ခွဲကြောင်းရာပြုလုပ်၍ Veress Needle ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လေကို ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းသည်
    • မှန်ပြောင်းကြည့်ရှုခြင်း
      • (၁) စင်တီမီတာအကျယ်ရှိ Trocar ကိရိယာဖြင့် မှန်ပြောင်းထည့်၍ တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများကို ကြည့်ရှုသည်
    • ဆေးရည်သွင်းစစ်ဆေးခြင်း
      • သားအိမ်ရွှေ့လျားနိုင်ရန်နှင့် သေချာမြင်နိုင်ရန်အတွက် ယောနိမှတစ်ဆင့် သားအိမ်အတွင်းသို့ ကိရိယာအသေးတစ်ခုနှင့် Catheter တစ်ခုကို ထည့်သည်
      • အရောင်ပါသော ဆေးရည် (Methylene blue သို့မဟုတ် Indigo carmine dye) ကို သားအိမ်ထဲသို့ ထည့်သွင်းပြီး သားဥပြွန်ထိပ်မှ ဆေးရည်များ ထွက်လာသည်ကို မှန်ပြောင်းဖြင့် တိုက်ရိုက်ကြည့်ရှုစစ်ဆေးသည်
    • လိုအပ်ပါက အပိုဆောင်ရွက်ခြင်း
      • လိုအပ်ပါက ဝမ်းဗိုက်ဘေးတွင် (၅) မီလီမီတာ အပေါက်ငယ်ဖောက်၍ Monopolar hook/needle ဖြင့် သားဥအိမ်တွင် အပေါက်ငယ်လေးများ ဖောက်ခြင်း (Ovarian Drilling) ကို ဆောင်ရွက်နိုင်သည်
    • အဆုံးသတ်ခြင်း
      • ဝမ်းဗိုက်အတွင်း ထိခိုက်မှု ရှိမရှိ စစ်ဆေးပြီး လေများကို ပြန်ထုတ်သည်၊ ခွဲကြောင်းငယ်များကို ပျော်ဝင်စေသော ချုပ်ကြိုးဖြင့် ပြန်ပိတ်သည်၊ ကြာချိန်မှာ မိနစ် ၃၀ မှ ၄၅ မိနစ်ခန့်ဖြစ်သည်

စစ်ဆေးမှုပြီးဆုံးခြင်း

  • အသုံးပြုခဲ့သော ပစ္စည်းကိရိယာများကို ဖယ်ရှားသည်
  • လူနာကို အချိန်ခဏ အနားယူစေသည်
  • လိုအပ်သော ပိုးသတ်ဆေးနှင့် အနာသက်သာဆေးများကို တိုက်ကျွေးသည်၊ ခွဲစိတ်မှုပြုလုပ်သူများအနေဖြင့် ထိုနေ့ညနေ သို့မဟုတ် နောက်တစ်နေ့နံနက်တွင် အိမ်သို့ ပြန်နိုင်သည်
စစ်ဆေးမှု၏ရလဒ်များ

စစ်ဆေးမှုပြီးနောက် ရရှိလာသော ရလဒ်များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်သည်။

  • နှစ်ဖက်လုံးပွင့်ခြင်း (Normal Tubal Patency)
    • သားဥပြွန်နှစ်ဖက်လုံး ပွင့်နေပြီး ပုံမှန်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်သည်
    • ဤအခြေအနေတွင် သဘာဝအတိုင်း သန္ဓေအောင်နိုင်ခြေ ၃၀% မှ ၅၀% အထိရှိသည်။
  • တစ်ဖက်ပိတ်ခြင်း (Unilateral Tubal Blockage)
    • သားဥပြွန်တစ်ဖက် ပိတ်ဆို့နေခြင်းဖြစ်သည်
    • တစ်ဖက်သာ ပွင့်နေသည့်အတွက် သန္ဓေအောင်နိုင်ခြေသည် ၁၀% မှ ၁၅% ခန့်သာရှိသည်
  • နှစ်ဖက်လုံးပိတ်ခြင်း (Bilateral Tubal Blockage)
    • သားဥပြွန်နှစ်ဖက်လုံး ပိတ်ဆို့နေခြင်းဖြစ်သည်
    • ၎င်းသည် အမျိုးသမီးများ သန္ဓေမအောင်ခြင်း (Infertility) အကြောင်းရင်းများ၏ ၃၀%ခန့်တွင် တွေ့ရလေ့ရှိသော အဓိကအကြောင်းရင်းဖြစ်သည်
ရလဒ်များအရ ဆက်လက်ဆောင်ရွက်ခြင်း

ရရှိလာသော စစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ဆရာဝန်မှ အောက်ပါအတိုင်း ဆက်လက်ညွှန်ကြားနိုင်သည်။

  • သားဥပြွန်များ ပွင့်နေပါက
    သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ခြေရှိသဖြင့် လိုအပ်သော ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း ဆက်လက်ကြိုးစားနိုင်သည်။
  • သားဥပြွန်များ ပိတ်နေပါက_
    • ဆေးဝါးကုသမှု – လိုအပ်သော ဆေးဝါးများဖြင့် လမ်းကြောင်းပွင့်စေရန် သို့မဟုတ် မျိုးအောင်စေရန် ကုသခြင်း
    • အဆင့်မြင့်ကုသမှု – မျိုးဆက်ပွားမှု အထောက်အကူပြုနည်းလမ်းများဖြစ်သည့် IUI (Intrauterine Insemination) သို့မဟုတ် IVF (In Vitro Fertilization – ဖန်ပြွန်သန္ဓေသား) နည်းလမ်းများဖြင့် ကိုယ်ဝန်ရရှိရန် ကြိုးပမ်းခြင်း
  • ထပ်မံအတည်ပြုခြင်း – HSG, HyCoSy သို့မဟုတ် SIS နည်းလမ်းများဖြင့် စစ်ဆေးရာတွင် ရလဒ်မသေချာပါက သို့မဟုတ် ပိုမိုတိကျစေလိုပါက Laparoscopy with Chromopertubation (မှန်ပြောင်းဖြင့် ဆေးရည်သွင်းစစ်ဆေးခြင်း) ကို ထပ်မံပြုလုပ်နိုင်သည်
  • ရှေ့ဆက်လမ်းညွှန်ချက် – သားဥပြွန်နှစ်ဖက်လုံး ပြင်းထန်စွာ ပိတ်နေပါက ဖန်ပြွန်သန္ဓေသား (IVF) စတင်ရယူရန် ဆရာဝန်မှ အကြံပြုဆွေးနွေးမည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ

အသုံးပြုသည့် စစ်ဆေးမှုနည်းလမ်းအလိုက် အောက်ပါဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။

  • ဓာတ်မှန်ဖြင့် စစ်ဆေးခြင်းနှင့် သွေးစီးဆင်းမှု တိုင်းတာခြင်း (HSG နှင့် Doppler HSG)
    • သွေးဆင်းခြင်း – အနည်းငယ် သွေးထွက်နိုင်ခြေရှိသော်လည်း (၂၄) နာရီအတွင်း ပြန်လည်သက်သာသွားလေ့ရှိသည်
    • နာကျင်ခြင်း – ဝမ်းဗိုက်အောက်ပိုင်း နာကျင်တတ်ပြီး သားဥပြွန်ပိတ်ဆို့နေသူများတွင် ပို၍ ပြင်းထန်နိုင်သည်၊ အလွန်အမင်း နာကျင်ပါက စစ်ဆေးမှုကို ရပ်တန့်ရနိုင်သည်
    • အာရုံကြောတုံ့ပြန်မှုကြောင့် မူးဝေခြင်း (Vasovagal attack) – စိုးရိမ်စိတ် သို့မဟုတ် နာကျင်မှုကြောင့် ခေတ္တခဏ သတိလစ်ခြင်း ဖြစ်နိုင်သည်
    • ဓာတ်မတည့်ခြင်း – အသုံးပြုသော အရောင်ပါဆေးရည်နှင့် ဓာတ်မတည့်ပါက အင်ပြင်များထွက်ခြင်း၊ အနီစက်များဖြစ်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်
    • ပိုးဝင်ခြင်း – အလွန်ရှားပါးသော်လည်း ပြင်းထန်စွာ ပိုးဝင်ခြင်း ဖြစ်ပွါးနိုင်သည်
  • အာထရာဆောင်း ဆေးရည်သွင်း စစ်ဆေးခြင်း (HyCoSy) – အထက်ဖော်ပြပါ HSG ဆိုးကျိုးများနှင့် ဆင်တူသော်လည်း ဓာတ်ရောင်ခြည်ထိတွေ့ခံရမှု လုံးဝမရှိပါ
  • ဓာတ်ဆားရည်သွင်း အာထရာဆောင်း စစ်ဆေးခြင်း (SIS – Saline Infusion Sonography)
    • စစ်ဆေးပြီးချိန်တွင် ထည့်သွင်းထားသော ဓာတ်ဆားရည်များ ယောနိမှ ပြန်လည်စိမ့်ထွက်ခြင်း
    • သားအိမ်အောင့်ခြင်းနှင့် သွေးအနည်းငယ်ဆင်းခြင်း
    • ရှားပါးဖြစ်ရပ် – ဓာတ်ဆားရည်ပမာဏ အလွန်များပါက သားအိမ်ပေါက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးစွာရှိသည်
  • မှန်ပြောင်းကြည့်၍ ဆေးရည်သွင်း စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
    • ကိရိယာများ ထည့်သွင်းရသည့် ခွဲစိတ်မှုအသေးစားဖြစ်၍ ဆေးရုံတက်ရန် လိုအပ်နိုင်သည်
    • မေ့ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ – မူးဝေခြင်း၊ ပျို့အန်ခြင်း) တို့ ခံစားရနိုင်သည်
    • အသုံးပြုသော ဆိုးဆေးနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်နိုင်သည်။

ဤစစ်ဆေးမှုများသည် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန် အလွန်အရေးပါသော နည်းလမ်းများဖြစ်သည်။ နည်းလမ်းတစ်ခုချင်းစီတွင် အားသာချက်နှင့် ဆိုးကျိုးကိုယ်စီ ရှိကြသဖြင့် မိမိနှင့် အသင့်တော်ဆုံး စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ရွေးချယ်ဆောင်ရွက်သင့်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

စစ်ဆေးမှုအပြီးတွင် အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် အောက်ပါတို့ကို တိကျစွာ လိုက်နာပါ။

  • ဆေးဝါးသောက်သုံးခြင်း – ဆရာဝန်ညွှန်ကြားထားသော ပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများကို သတ်မှတ်ထားသည့်အတိုင်း သေချာစွာသောက်ပါ
  • သန့်ရှင်းရေး – သွေးစွန်းခြင်းအတွက် နေ့စဉ်သုံး Pad များကိုသာ သုံးပါ၊ Tampon များကို လုံးဝအသုံးမပြုပါနှင့်
  • လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်း – ပိုးဝင်ခြင်းမှ ကာကွယ်ရန် လိင်ဆက်ဆံမှုကို (၂)ရက် မှ (၃)ရက်ခန့် ရှောင်ကြဉ်ပါ၊ မှန်ပြောင်းကြည့် စစ်ဆေးသူများအနေဖြင့် (၁) ပတ်ခန့် ရှောင်ကြဉ်ရန် လိုအပ်သည်
  • ရက်ချိန်းပြသခြင်း – သတ်မှတ်ထားသောရက်တွင် ရလဒ်များကို ဆွေးနွေးရန် ရက်ချိန်းပြန်ပြပါ

ဆရာဝန်နှင့် ချက်ချင်းပြသရမည့် လက္ခဏာများ
အကယ်၍ အောက်ပါလက္ခဏာများ ရှိလာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြန်လည်ပြသပါ။

  • ဖျားခြင်း
  • ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာ နာကျင်ပြီး ဆေးသောက်သော်လည်း မသက်သာခြင်း
  • ယောနိမှ သွေးဆင်းမှု မရပ်ခြင်း
  • အနံ့နံသော အရည်များ၊ အချွဲများ ဆင်းခြင်း

References:

  1. Biomed Research International. (2017). Mandia, L., Personeni, C., Antonazzo, P., Angileri, S. A., Pinto, A., & Savasi, V. Ultrasound in infertility setting: Optimal strategy to evaluate the assessment of tubal patency. BioMed Research International, 2017, Article 3205895. https://doi.org/10.1155/2017/3205895
  2. Cleveland Clinic. (n.d.). Hysterosalpingogram. Retrieved February 21, 2026, from https://my.clevelandclinic.org/health/diagnostics/22254-hysterosalpingogram
  3. Indian Fertility Society. (2019). Tubal patency test [PDF]. Retrieved February 21, 2026, from https://indianfertilitysociety.org/wp-content/uploads/2019/08/4_Vol_Tubal_Patency_Test.pdf
  4. Royal Wolverhampton NHS Trust. (2025). Laparoscopy and tubal patency surgery [PDF]. Retrieved February 21, 2026, from https://www.royalwolverhampton.nhs.uk/wp-content/uploads/2025/06/Laparoscopy_and_Tubal_Patency_Surgery.pdf
  5. Birla Fertility & IVF. (n.d.). Tubal patency tests. Retrieved February 21, 2026, from https://birlafertility.com/diagnostic-and-screening/tubal-patency-tests/
  6. Fertility and Sterility. (2011). Hysterosalpingography and infertility [Full text]. Retrieved February 21, 2026, from https://www.fertstert.org/article/S0015-0282%2811%2900363-3/fulltext

Published: 1 March 2026

Share

1 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.