သားဥပြွန်များ (Fallopian tubes) သည် အမျိုးသမီးများ၏ မျိုးပွါးနိုင်စွမ်းအတွက် အလွန်အရေးကြီးသော မျိုးပွါးအင်္ဂါ အစိတ်အပိုင်းများဖြစ်သည်။ ၎င်းတို့သည် သားဥအိမ် (Ovary) နှင့် သားအိမ် (Uterus) ကို ဆက်သွယ်ပေးထားသည့် ပြွန်ငယ်များဖြစ်ပြီး၊ မမျိုးဥများ (Ovum) ကို သားဥအိမ်မှ သားအိမ်အတွင်းသို့ ရောက်ရှိရန် သယ်ယူပို့ဆောင်ပေးသည့် လမ်းကြောင်းလည်းဖြစ်သည်။
သားဥပြွန်နှင့် မျိုးမပွါးနိုင်ခြင်း
- အဓိကအကြောင်းရင်း – အမျိုးသမီးများတွင် မျိုးမပွါးနိုင်ခြင်း (ကလေးရရန် ခက်ခဲခြင်း) ၏ (၁၅%) မှ (၂၀%) ခန့်မှာ သားဥပြွန်များ ပိတ်ခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့်ဖြစ်သည်
- စစ်ဆေးမှု၏ ရည်ရွယ်ချက် – သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း (Tubal Patency Test) သည် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန်နှင့် လိုအပ်သော ကုသမှုများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ရသည့် အရေးကြီးသော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတစ်ခုဖြစ်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်းကို အောက်ပါရောဂါအခြေအနေများနှင့် ကျန်းမာရေးလိုအပ်ချက်များအရ ပြုလုပ်ရန် လိုအပ်သည်။
- မျိုးမပွါးနိုင်ခြင်းဆိုင်ရာ ပြဿနာများကို ရှာဖွေရန်
- ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသော အမျိုးသမီးများ (Primary infertility) – အိမ်ထောင်သက် တစ်နှစ်ကျော်သည်အထိ သဘာဝအတိုင်း ကိုယ်ဝန်မရရှိသေးပါက အခြေခံစစ်ဆေးမှုတစ်ခုအဖြစ် ပြုလုပ်ရသည်
- ယခင်ကိုယ်ဝန်ရခဲ့ဖူးသော်လည်း နောက်တစ်ကြိမ် မရရှိနိုင်သေးသော အမျိုးသမီးများ (Secondary infertility) – သားဥပြွန်အတွင်း အမာရွတ်ဖြစ်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ရှိမရှိ စစ်ဆေးရန်ဖြစ်သည်
- အကြောင်းရင်းရှာဖွေခြင်း – ပုံမှန်လိင်ဆက်ဆံသော်လည်း သားသမီးမရနိုင်သော စုံတွဲများတွင် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းမှာ သားဥပြွန်ပြဿနာကြောင့် ဟုတ်မဟုတ် အတည်ပြုရန်ဖြစ်သည်
- မျိုးပွါးမှုဆိုင်ရာ ကုသမှုများ မစတင်မီ ပြင်ဆင်ရန်
- မျိုးပွါးမှု အထောက်အကူပြုနည်းလမ်းများ (Assisted Reproductive Techniques) သို့မဟုတ် ဖန်ပြွန်သန္ဓေသား (IVF) ဖြင့် ကလေးယူခြင်း မပြုမီ လမ်းကြောင်း အခြေအနေကို စစ်ဆေးရန်
- သားဥပြွန်ပြန်ဆက်ပြီးနောက် စစ်ဆေးခြင်း – သားကြောဖြတ်ပြီးမှ သားဥပြွန် ပြန်ဆက်ထားသူများ (Tubal ligation reversal) တွင် ပြွန်ပြန်ပွင့်ပြီး အောင်မြင်မှု ရှိမရှိ အတည်ပြုရန်
- ရောဂါအခံများနှင့် သားဥပြွန်လမ်းကြောင်းဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို စမ်းသပ်ရန်
- ထပ်ခါတလဲလဲ ကိုယ်ဝန်ပျက်ကျခြင်း (Recurrent miscarriage) – သားအိမ်နှင့် သားဥပြွန် လမ်းကြောင်းဆိုင်ရာ မွေးရာပါချို့ယွင်းချက်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ပြဿနာများကို ရှာဖွေရန်
- သားဥပြွန်ကို ထိခိုက်စေနိုင်သော ရောဂါရာဇဝင်များရှိခြင်း – တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း (Pelvic Inflammatory Disease – PID) သို့မဟုတ် သားအိမ်ပြင်ပသွေးလုံးတည်သောရောဂါ (Endometriosis) များ ခံစားခဲ့ရသူများတွင် သားဥပြွန်၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးရန်
သားဥပြွန်ပွင့်မပွင့် စစ်ဆေးမှုနည်းလမ်းအမျိုးမျိုး
သားဥပြွန်၏ အခြေအနေကို စစ်ဆေးရန်အတွက် အောက်ပါ ဆေးပညာဆိုင်ရာ နည်းလမ်းများကို အသုံးပြုနိုင်သည်။
- ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (Hysterosalpingography -HSG)
- ၎င်းသည် သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများကို ဓာတ်မှန် (X-ray) ရိုက်၍ ကြည့်ရှုစစ်ဆေးသည့် ဓာတ်ရောင်ခြည်အခြေပြု နည်းလမ်းဖြစ်သည်
- မျိုးမပွါးနိုင်ခြင်းဆိုင်ရာ အကြောင်းရင်းများကို ရှာဖွေရာတွင် ကမ္ဘာတစ်ဝန်း အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်သည်
- အထူးဆေးရည်သွင်း အာထရာဆောင်းစစ်ဆေးခြင်း – Sonosalpingography (SSG) သို့မဟုတ် Hysterosalpingo-Contrast Sonography (HyCoSy)
- အထူးပြုလုပ်ထားသော ဆေးရည် (Contrast agent) ကို အသုံးပြု၍ သားဥပြွန် ပိတ်မပိတ်ကို အာထရာဆောင်း (Ultrasound) ဖြင့် စစ်ဆေးသည့် နည်းလမ်းဖြစ်သည်
- ဓာတ်ရောင်ခြည် ထိတွေ့မှုမရှိဘဲ ပိုမိုဘေးကင်းစွာ စစ်ဆေးနိုင်သည်
- မှန်ပြောင်းကြည့်၍ ဆေးရည်သွင်း စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
- ချက် သို့မဟုတ် ဝမ်းဗိုက်တွင် သေးငယ်သော ခွဲကြောင်းရာပြုလုပ်၍ ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်ကာ စစ်ဆေးခြင်းဖြစ်သည်
- ယောနိမှတစ်ဆင့် သားအိမ်အတွင်းသို့ အရောင်ပါသော ဆေးရည် (Dye) ထိုးထည့်ပြီး သားဥပြွန်မှ ဆေးရည်ထွက်၊ မထွက်ကို တိုက်ရိုက်ကြည့်ရှုနိုင်သည်
- တစ်ချိန်တည်းမှာပင် သားအိမ်နှင့် သားဥအိမ်များကိုပါ အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည့် အားသာချက်ရှိသည်
- ဓာတ်ဆားရည်သွင်း အာထရာဆောင်း စစ်ဆေးခြင်း – Sonosalpingography with Saline Infusion (SIS)
- သားအိမ်အတွင်းသို့ သန့်စင်သော ဓာတ်ဆားရည် (Saline) ထည့်သွင်းကာ အာထရာဆောင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်
- သားဥပြွန်လမ်းကြောင်းသာမက သားအိမ်အတွင်းနံရံနှင့် သားဥအိမ်များ၏ အခြေအနေကိုပါ တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်သည်
- သွေးစီးဆင်းမှုတိုင်းတာသော Doppler အာထရာဆောင်းနှင့်ပေါင်းစပ်စစ်ဆေးခြင်း – Doppler Hysterosalpingography (Doppler HSG)
- ၎င်းသည် HSG နည်းပညာနှင့် သွေးစီးဆင်းမှုကို တိုင်းတာသော Doppler အာထရာဆောင်း နည်းပညာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်
- သားဥပြွန်ပိတ်ဆို့မှု ရှိမရှိ သာမက သားဥပြွန်အတွင်း သွေးစီးဆင်းမှု အခြေအနေများကိုပါ စစ်ဆေးနိုင်သည်
စစ်ဆေးမှုမပြုလုပ်သင့်သော အခြေအနေများ (Contraindications)
ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အောက်ပါအခြေအနေများရှိနေပါက သားဥပြွန်စစ်ဆေးခြင်းကို ရှောင်ကြဉ်ရမည် သို့မဟုတ် ရွှေ့ဆိုင်းရမည်။
- ကိုယ်ဝန်ရှိနေခြင်း – သန္ဓေသားကို ထိခိုက်နိုင်ခြေရှိခြင်းကြောင့် စစ်ဆေးမှုမပြုမီ ကိုယ်ဝန်မရှိကြောင်း အတည်ပြုရန် လိုအပ်သည်
- လတ်တလော တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများ ပိုးဝင်ရောင်ရမ်းနေခြင်း (PID) – ပိုးဝင်နေစဉ် စစ်ဆေးပါက ပိုးမွှားများ ဝမ်းဗိုက်အတွင်းသို့ ပိုမိုပျံ့နှံ့သွားနိုင်သည့် အန္တရာယ်ရှိသည်
- ရာသီသွေးဆင်းနေခြင်း – ရာသီသွေးဆင်းနေစဉ် စစ်ဆေးပါက ရလဒ်တိကျမှု မရှိနိုင်သည့်အပြင် သွေးကြောထဲသို့ စစ်ဆေးသည့်ဆေးရည်များ ဝင်ရောက်သွားနိုင်ခြေရှိသည်
- ပြင်းထန်သော ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုရှိနေခြင်း – အကြောင်းရင်းမသိရသေးသော နာကျင်မှုများရှိနေပါက စစ်ဆေးမှုကို ခေတ္တရပ်ဆိုင်းထားသင့်သည်
- ဓာတ်မတည့်မှုရှိခြင်း – အထူးသဖြင့် HSG စစ်ဆေးရာတွင် အသုံးပြုသော အိုင်အိုဒင်း (Iodine) သို့မဟုတ် အရောင်ဆိုးဆေးများနှင့် ဓာတ်မတည့်သည့် ရာဇဝင်ရှိသူများတွင်လည်း ရှောင်ကြဥ်သင့်သည်
စစ်ဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- အတည်ပြုနိုင်ခြင်း – သားဥပြွန်လမ်းကြောင်း ပွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းကို တိကျသေချာစွာ သိရှိနိုင်သည်
- အဖြေရှာနိုင်ခြင်း – သားသမီးရရှိရန် ခက်ခဲရသည့် အဓိကအကြောင်းရင်းကို ဖော်ထုတ်ပေးနိုင်သည်
- ကုသမှုသဘောပါဝင်ခြင်း – စစ်ဆေးမှုပြုလုပ်စဉ် ဆေးရည်ထိုးသွင်းသည့် ဖိအားကြောင့် သားဥပြွန်အတွင်းရှိ အနည်းငယ်ပိတ်ဆို့မှုများ ပြန်ပွင့်သွားတတ်ပြီး ကိုယ်ဝန်ရနိုင်ခြေ ပိုများလာတတ်သည်
- ကုသမှုနည်းလမ်းများရွေးချယ်နိုင်ခြင်း– ရလဒ်အပေါ်မူတည်၍ နောက်ဆက်တွဲ လိုအပ်မည့် ကုသမှုနည်းလမ်းများ (ဥပမာ – IUI သို့မဟုတ် IVF) ကို မှန်ကန်စွာ ရွေးချယ်နိုင်သည်
စစ်ဆေးမှု၏ အားနည်းချက်များနှင့် ကန့်သတ်ချက်များ
- နာကျင်မှုနှင့် မအီမသာဖြစ်ခြင်း – စစ်ဆေးစဉ်အတွင်း သားအိမ်အတွင်း ဖိအားကြောင့် အနည်းငယ်မှ အသင့်အတင့်အထိ နာကျင်မှုကို ခံစားရနိုင်သည်
- ဘေးထွက်ဆိုးကျိုးများ – အလွန်ရှားပါးသော်လည်း ပိုးဝင်ခြင်း (Infection) ဖြစ်နိုင်သည်
- တိကျမှုဆိုင်ရာ အကန့်အသတ် – အချို့သော အခြေအနေများတွင် သားဥပြွန် ပွင့်နေသော်လည်း သားဥပြွန် ကြွက်သားညှစ်ခြင်း (Spasm) ကြောင့် ပိတ်သည်ဟု မှားယွင်းသော ရလဒ်များ (False Positive/Negative) ထွက်ပေါ်နိုင်သည်
- နည်းလမ်းအလိုက် ကန့်သတ်ချက်များ
- HSG – ဓာတ်ရောင်ခြည် (X-ray) အနည်းငယ် ထိတွေ့မှုရှိခြင်း
- Laparoscopy – ကုန်ကျစရိတ် မြင့်မားခြင်း၊ မေ့ဆေးပေးရခြင်းနှင့် ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ရှိနိုင်ခြင်း
- SIS နှင့် HyCoSy – စစ်ဆေးပေးသည့် ဆရာဝန်၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ်တွင် များစွာမူတည်ခြင်း
ကြိုတင်သိထားရမည့်အချက်များ
စစ်ဆေးမှု၏ ရလဒ်တိကျစေရန်နှင့် ဘေးကင်းစေရန်အတွက် အောက်ပါတို့ကို ကြိုတင်နားလည်ထားရန် လိုအပ်သည်။
- ကိုယ်ဝန်မရှိကြောင်း သေချာစေခြင်း – စစ်ဆေးမှုပြုလုပ်ချိန်တွင် ကိုယ်ဝန်မရှိကြောင်း အကြွင်းမဲ့သေချာရမည်
- စစ်ဆေးမည့်အချိန်ကာလ – သားဥပြွန်စစ်ဆေးခြင်းကို အဓိကအားဖြင့် ရာသီစက်ဝန်း၏ ပထမတစ်ဝက် (ရာသီစတင်သည့်ရက်မှစ၍ ၁၄ ရက်အတွင်း) တွင်သာ ပြုလုပ်လေ့ရှိသည်
- နည်းလမ်းရွေးချယ်မှု – မည်သည့်နည်းလမ်း (HSG, SSG, Laparoscopy စသည်) ဖြင့် စစ်ဆေးမည်ကို လူနာ၏ရောဂါရာဇဝင်၊ ကျန်းမာရေးအခြေအနေနှင့် ဆရာဝန်၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ရွေးချယ်သည်
- ပိုးသတ်ဆေးသောက်သုံးခြင်း – ပိုးဝင်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း Doxycycline (100 mg) ကို တစ်နေ့ (၂) ကြိမ်ဖြင့် (၅) ရက်ကြာ ကြိုတင်သောက်သုံးရနိုင်သည်
- ခွဲစိတ်ပြီးနောက်ခံစားချက် – စစ်ဆေးမှုအပြီးတွင် ဝမ်းဗိုက်အတွင်း အနည်းငယ် နာကျင်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများ ကျန်ရှိနေနိုင်ကြောင်း ကြိုတင်သိရှိထားရမည်
စတင်ပြင်ဆင်ခြင်း (Preparation Steps)
စစ်ဆေးမှုမပြုလုပ်မီ အောက်ပါအစီအစဉ်များအတိုင်း ပြင်ဆင်ရမည်။
- ရက်ချိန်းသတ်မှတ်ခြင်း – ရာသီစတင်လာသည့် ပထမဆုံးရက်မှ စတင်ရေတွက်ပါက (၆)ရက်မြောက် မှ (၁၁)ရက်မြောက်အတွင်း စစ်ဆေးနိုင်ရန် ရက်ချိန်းယူပြင်ဆင်ရမည်
- ကိုယ်ဝန် ရှိမရှိ အတည်ပြုခြင်း – စစ်ဆေးမှုမစတင်မီ ဆီးစစ်ခြင်းဖြင့် ကိုယ်ဝန်မရှိကြောင်း ထပ်မံအတည်ပြုရမည်
- နာကျင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း – စစ်ဆေးစဉ် နာကျင်မှုသက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်မှ ကြိုတင်ပေးထားနိုင်သည်
- အထူးဂရုပြု ပြင်ဆင်ခြင်း – ယခင်က တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများပိုးဝင်ခြင်း (PID) သို့မဟုတ် သားအိမ်ပြင်ပသွေးလုံးတည်သောရောဂါ (Endometriosis) ရာဇဝင်ရှိသူများတွင် ပိုးသတ်ဆေးကို ပိုမိုစနစ်တကျ ကြိုတင်ပေးထားရန် လိုအပ်သည်
- ရှင်းလင်းချက်နှင့် ခွင့်ပြုချက်ရယူခြင်း – ပြုလုပ်မည့် စစ်ဆေးမှုအမျိုးအစား၊ ကြုံတွေ့ရနိုင်သည့် ခံစားချက်များနှင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာ နားလည်သဘောပေါက်စေပြီးနောက် လိုအပ်သော ခွင့်ပြုချက်လက်မှတ်များကို ရေးထိုးရမည်
စစ်ဆေးမှုပြုလုပ်ပုံအဆင့်ဆင့်
- ဓာတ်မှန် သို့မဟုတ် အာထရာဆောင်းဖြင့် စစ်ဆေးသည့်နည်းလမ်းများ
- ဤနည်းလမ်းများအတွက် အခြေခံလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်
- ပြင်ဆင်ခြင်း – စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို စမ်းသပ်ကုတင်ပေါ်တွင် ကျောဖြင့်လဲလျောင်းစေပြီး ဒူးထောင်၍ ခြေထောက်ကို ကားထားသောအနေအထား (Lithotomy position) ဖြင့် နေစေသည်
- ပိုးသန့်စင်ခြင်း – ယောနိအဝနှင့် မွေးလမ်းကြောင်းကို အိုင်အိုဒင်းဆေးရည်ဖြင့် သန့်ရှင်းစေသည်
- ကိရိယာတပ်ဆင်ခြင်း – သားအိမ်၏အဝကို သေချာစွာမြင်ရစေရန် Speculum ကိရိယာကို အသုံးပြုသည်၊ သားအိမ်အဝကို Tenaculum သို့မဟုတ် Vulsellum ဖြင့် ကိုင်တွယ်၍ သားအိမ်ကို ငြိမ်စေပြီး သားအိမ်အဝမှတစ်ဆင့် သားအိမ်ထဲသို့ ရာဘာပြွန် (Catheter or Cannula) ထည့်သွင်းသည်၊ ၎င်းပြွန်ထိပ်ရှိ ဘောလုံးကို ဖောင်းစေခြင်းဖြင့် ထိုးသွင်းမည့်ဆေးရည်များ ပြန်ထွက်မလာအောင် တားဆီးပေးသည်
- နည်းလမ်းအလိုက် ဆောင်ရွက်ပုံများ
- Hysterosalpingography (HSG)
- အထက်ပါအတိုင်း ပြင်ဆင်ပြီးနောက် ဓာတ်မှန်ရိုက်မည့် ခုတင်ပေါ်တွင် စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို ပက်လက်အနေအထားဖြင့် နေစေသည်
- Catheter မှတစ်ဆင့် Contrast agent ဆေးရည်ကို ထည့်သွင်းကာ သားအိမ်နှင့် သားဥပြွန်အတွင်းသို့ ရောက်ရှိသွားချိန်တွင် ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်ခြင်းများနှင့် ပိတ်ဆို့မှုများကို စစ်ဆေးသည်
- Sonosalpingography (SSG) သို့မဟုတ် HyCoSy
- အာထရာဆောင်းရိုက်မည့် ခုတင်ပေါ်တွင် စစ်ဆေးမှုခံယူမည့် အမျိုးသမီးကို လှဲနေစေပြီး Catheter မှတစ်ဆင့် Contrast agent (Foam-based microbubbles) ဆေးရည်များ ထည့်သွင်းသည်
- ထို့နောက် မိန်းမကိုယ်အတွင်းပိုင်းကြည့် အာထရာဆောင်း (Transvaginal Ultrasound) ဖြင့် သားဥပြွန်အတွင်း ဆေးရည်စီးဆင်းမှုကို ကြည့်ရှုစစ်ဆေးသည်
- ဤနည်းလမ်းသည် ဓာတ်ရောင်ခြည် ထိတွေ့ရန်မလိုပါ
- Sonosalpingography with Saline Infusion (SIS)
- Catheter မှတစ်ဆင့် သန့်စင်သော ဓာတ်ဆားရည် (Saline) ကို ထည့်သွင်းပြီး Transvaginal Ultrasound ဖြင့် စစ်ဆေးသည်
- ဓာတ်ဆားရည်များ သားဥပြွန်အတွင်း စီးဆင်းမှုရှိခြင်းနှင့် သားအိမ်အနောက်ဘက် (Pouch of Douglas) နေရာတွင် စုလာခြင်း ရှိမရှိကို ကြည့်ရှု၍ ပွင့်မပွင့် ဆုံးဖြတ်သည်
- Doppler Hysterosalpingography (Doppler HSG)
- Catheter မှတစ်ဆင့် Contrast agent ဆေးရည်များ ထည့်သွင်းကာ Doppler Ultrasound နည်းပညာဖြင့် ကြည့်ရှုသည်
- သားဥပြွန်အတွင်း ဆေးရည်စီးဆင်းမှုနှင့် သွေးကြောများ၏ စီးဆင်းမှုကို ပေါင်းစပ်ကြည့်ရှု၍ ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးသည်
- Hysterosalpingography (HSG)
- ဤနည်းလမ်းများအတွက် အခြေခံလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်
- မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
ဤနည်းလမ်းသည် မေ့ဆေးပေးရန်လိုအပ်သဖြင့် ပထမဦးစားပေးအနေဖြင့် မပြုလုပ်သော်လည်း အခြားနည်းလမ်းများဖြင့် အဖြေတိကျစွာ မရရှိခြင်း သို့မဟုတ် Laparoscopic Ovarian Drilling (LOD) ကို တစ်ပြိုင်နက် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများတွင် များစွာအသုံးဝင်သည်။- စတင်ခြင်း
- မေ့ဆေးအထူးကုနှင့် သားဖွားမီးယပ်အထူးကုတို့မှ လုပ်ငန်းစဉ်နှင့် နောက်ဆက်တွဲများကို ရှင်းပြပြီးနောက် သဘောတူညီချက်လက်မှတ်ရေးထိုးရသည်
- မေ့ဆေးပေးပြီးနောက် လူနာသည် အိပ်ပျော်သွားမည်ဖြစ်သည်
- ခွဲစိတ်ဆောင်ရွက်ပုံ
- ချက်ပေါက်တွင် (၁) စင်တီမီတာခန့် ခွဲကြောင်းရာပြုလုပ်၍ Veress Needle ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လေကို ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းသည်
- မှန်ပြောင်းကြည့်ရှုခြင်း
- (၁) စင်တီမီတာအကျယ်ရှိ Trocar ကိရိယာဖြင့် မှန်ပြောင်းထည့်၍ တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါများကို ကြည့်ရှုသည်
- ဆေးရည်သွင်းစစ်ဆေးခြင်း
- သားအိမ်ရွှေ့လျားနိုင်ရန်နှင့် သေချာမြင်နိုင်ရန်အတွက် ယောနိမှတစ်ဆင့် သားအိမ်အတွင်းသို့ ကိရိယာအသေးတစ်ခုနှင့် Catheter တစ်ခုကို ထည့်သည်
- အရောင်ပါသော ဆေးရည် (Methylene blue သို့မဟုတ် Indigo carmine dye) ကို သားအိမ်ထဲသို့ ထည့်သွင်းပြီး သားဥပြွန်ထိပ်မှ ဆေးရည်များ ထွက်လာသည်ကို မှန်ပြောင်းဖြင့် တိုက်ရိုက်ကြည့်ရှုစစ်ဆေးသည်
- လိုအပ်ပါက အပိုဆောင်ရွက်ခြင်း
- လိုအပ်ပါက ဝမ်းဗိုက်ဘေးတွင် (၅) မီလီမီတာ အပေါက်ငယ်ဖောက်၍ Monopolar hook/needle ဖြင့် သားဥအိမ်တွင် အပေါက်ငယ်လေးများ ဖောက်ခြင်း (Ovarian Drilling) ကို ဆောင်ရွက်နိုင်သည်
- အဆုံးသတ်ခြင်း
- ဝမ်းဗိုက်အတွင်း ထိခိုက်မှု ရှိမရှိ စစ်ဆေးပြီး လေများကို ပြန်ထုတ်သည်၊ ခွဲကြောင်းငယ်များကို ပျော်ဝင်စေသော ချုပ်ကြိုးဖြင့် ပြန်ပိတ်သည်၊ ကြာချိန်မှာ မိနစ် ၃၀ မှ ၄၅ မိနစ်ခန့်ဖြစ်သည်
- စတင်ခြင်း
စစ်ဆေးမှုပြီးဆုံးခြင်း
- အသုံးပြုခဲ့သော ပစ္စည်းကိရိယာများကို ဖယ်ရှားသည်
- လူနာကို အချိန်ခဏ အနားယူစေသည်
- လိုအပ်သော ပိုးသတ်ဆေးနှင့် အနာသက်သာဆေးများကို တိုက်ကျွေးသည်၊ ခွဲစိတ်မှုပြုလုပ်သူများအနေဖြင့် ထိုနေ့ညနေ သို့မဟုတ် နောက်တစ်နေ့နံနက်တွင် အိမ်သို့ ပြန်နိုင်သည်
စစ်ဆေးမှု၏ရလဒ်များ
စစ်ဆေးမှုပြီးနောက် ရရှိလာသော ရလဒ်များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်သည်။
- နှစ်ဖက်လုံးပွင့်ခြင်း (Normal Tubal Patency)
- သားဥပြွန်နှစ်ဖက်လုံး ပွင့်နေပြီး ပုံမှန်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်သည်
- ဤအခြေအနေတွင် သဘာဝအတိုင်း သန္ဓေအောင်နိုင်ခြေ ၃၀% မှ ၅၀% အထိရှိသည်။
- တစ်ဖက်ပိတ်ခြင်း (Unilateral Tubal Blockage)
- သားဥပြွန်တစ်ဖက် ပိတ်ဆို့နေခြင်းဖြစ်သည်
- တစ်ဖက်သာ ပွင့်နေသည့်အတွက် သန္ဓေအောင်နိုင်ခြေသည် ၁၀% မှ ၁၅% ခန့်သာရှိသည်
- နှစ်ဖက်လုံးပိတ်ခြင်း (Bilateral Tubal Blockage)
- သားဥပြွန်နှစ်ဖက်လုံး ပိတ်ဆို့နေခြင်းဖြစ်သည်
- ၎င်းသည် အမျိုးသမီးများ သန္ဓေမအောင်ခြင်း (Infertility) အကြောင်းရင်းများ၏ ၃၀%ခန့်တွင် တွေ့ရလေ့ရှိသော အဓိကအကြောင်းရင်းဖြစ်သည်
ရလဒ်များအရ ဆက်လက်ဆောင်ရွက်ခြင်း
ရရှိလာသော စစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ဆရာဝန်မှ အောက်ပါအတိုင်း ဆက်လက်ညွှန်ကြားနိုင်သည်။
- သားဥပြွန်များ ပွင့်နေပါက
သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ခြေရှိသဖြင့် လိုအပ်သော ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း ဆက်လက်ကြိုးစားနိုင်သည်။ - သားဥပြွန်များ ပိတ်နေပါက_
- ဆေးဝါးကုသမှု – လိုအပ်သော ဆေးဝါးများဖြင့် လမ်းကြောင်းပွင့်စေရန် သို့မဟုတ် မျိုးအောင်စေရန် ကုသခြင်း
- အဆင့်မြင့်ကုသမှု – မျိုးဆက်ပွားမှု အထောက်အကူပြုနည်းလမ်းများဖြစ်သည့် IUI (Intrauterine Insemination) သို့မဟုတ် IVF (In Vitro Fertilization – ဖန်ပြွန်သန္ဓေသား) နည်းလမ်းများဖြင့် ကိုယ်ဝန်ရရှိရန် ကြိုးပမ်းခြင်း
- ထပ်မံအတည်ပြုခြင်း – HSG, HyCoSy သို့မဟုတ် SIS နည်းလမ်းများဖြင့် စစ်ဆေးရာတွင် ရလဒ်မသေချာပါက သို့မဟုတ် ပိုမိုတိကျစေလိုပါက Laparoscopy with Chromopertubation (မှန်ပြောင်းဖြင့် ဆေးရည်သွင်းစစ်ဆေးခြင်း) ကို ထပ်မံပြုလုပ်နိုင်သည်
- ရှေ့ဆက်လမ်းညွှန်ချက် – သားဥပြွန်နှစ်ဖက်လုံး ပြင်းထန်စွာ ပိတ်နေပါက ဖန်ပြွန်သန္ဓေသား (IVF) စတင်ရယူရန် ဆရာဝန်မှ အကြံပြုဆွေးနွေးမည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အသုံးပြုသည့် စစ်ဆေးမှုနည်းလမ်းအလိုက် အောက်ပါဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။
- ဓာတ်မှန်ဖြင့် စစ်ဆေးခြင်းနှင့် သွေးစီးဆင်းမှု တိုင်းတာခြင်း (HSG နှင့် Doppler HSG)
- သွေးဆင်းခြင်း – အနည်းငယ် သွေးထွက်နိုင်ခြေရှိသော်လည်း (၂၄) နာရီအတွင်း ပြန်လည်သက်သာသွားလေ့ရှိသည်
- နာကျင်ခြင်း – ဝမ်းဗိုက်အောက်ပိုင်း နာကျင်တတ်ပြီး သားဥပြွန်ပိတ်ဆို့နေသူများတွင် ပို၍ ပြင်းထန်နိုင်သည်၊ အလွန်အမင်း နာကျင်ပါက စစ်ဆေးမှုကို ရပ်တန့်ရနိုင်သည်
- အာရုံကြောတုံ့ပြန်မှုကြောင့် မူးဝေခြင်း (Vasovagal attack) – စိုးရိမ်စိတ် သို့မဟုတ် နာကျင်မှုကြောင့် ခေတ္တခဏ သတိလစ်ခြင်း ဖြစ်နိုင်သည်
- ဓာတ်မတည့်ခြင်း – အသုံးပြုသော အရောင်ပါဆေးရည်နှင့် ဓာတ်မတည့်ပါက အင်ပြင်များထွက်ခြင်း၊ အနီစက်များဖြစ်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်
- ပိုးဝင်ခြင်း – အလွန်ရှားပါးသော်လည်း ပြင်းထန်စွာ ပိုးဝင်ခြင်း ဖြစ်ပွါးနိုင်သည်
- အာထရာဆောင်း ဆေးရည်သွင်း စစ်ဆေးခြင်း (HyCoSy) – အထက်ဖော်ပြပါ HSG ဆိုးကျိုးများနှင့် ဆင်တူသော်လည်း ဓာတ်ရောင်ခြည်ထိတွေ့ခံရမှု လုံးဝမရှိပါ
- ဓာတ်ဆားရည်သွင်း အာထရာဆောင်း စစ်ဆေးခြင်း (SIS – Saline Infusion Sonography)
- စစ်ဆေးပြီးချိန်တွင် ထည့်သွင်းထားသော ဓာတ်ဆားရည်များ ယောနိမှ ပြန်လည်စိမ့်ထွက်ခြင်း
- သားအိမ်အောင့်ခြင်းနှင့် သွေးအနည်းငယ်ဆင်းခြင်း
- ရှားပါးဖြစ်ရပ် – ဓာတ်ဆားရည်ပမာဏ အလွန်များပါက သားအိမ်ပေါက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးစွာရှိသည်
- မှန်ပြောင်းကြည့်၍ ဆေးရည်သွင်း စစ်ဆေးခြင်း (Laparoscopy with Chromopertubation)
- ကိရိယာများ ထည့်သွင်းရသည့် ခွဲစိတ်မှုအသေးစားဖြစ်၍ ဆေးရုံတက်ရန် လိုအပ်နိုင်သည်
- မေ့ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ – မူးဝေခြင်း၊ ပျို့အန်ခြင်း) တို့ ခံစားရနိုင်သည်
- အသုံးပြုသော ဆိုးဆေးနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်နိုင်သည်။
ဤစစ်ဆေးမှုများသည် မျိုးမပွါးနိုင်ခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန် အလွန်အရေးပါသော နည်းလမ်းများဖြစ်သည်။ နည်းလမ်းတစ်ခုချင်းစီတွင် အားသာချက်နှင့် ဆိုးကျိုးကိုယ်စီ ရှိကြသဖြင့် မိမိနှင့် အသင့်တော်ဆုံး စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ရွေးချယ်ဆောင်ရွက်သင့်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
စစ်ဆေးမှုအပြီးတွင် အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် အောက်ပါတို့ကို တိကျစွာ လိုက်နာပါ။
- ဆေးဝါးသောက်သုံးခြင်း – ဆရာဝန်ညွှန်ကြားထားသော ပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများကို သတ်မှတ်ထားသည့်အတိုင်း သေချာစွာသောက်ပါ
- သန့်ရှင်းရေး – သွေးစွန်းခြင်းအတွက် နေ့စဉ်သုံး Pad များကိုသာ သုံးပါ၊ Tampon များကို လုံးဝအသုံးမပြုပါနှင့်
- လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်း – ပိုးဝင်ခြင်းမှ ကာကွယ်ရန် လိင်ဆက်ဆံမှုကို (၂)ရက် မှ (၃)ရက်ခန့် ရှောင်ကြဉ်ပါ၊ မှန်ပြောင်းကြည့် စစ်ဆေးသူများအနေဖြင့် (၁) ပတ်ခန့် ရှောင်ကြဉ်ရန် လိုအပ်သည်
- ရက်ချိန်းပြသခြင်း – သတ်မှတ်ထားသောရက်တွင် ရလဒ်များကို ဆွေးနွေးရန် ရက်ချိန်းပြန်ပြပါ
ဆရာဝန်နှင့် ချက်ချင်းပြသရမည့် လက္ခဏာများ
အကယ်၍ အောက်ပါလက္ခဏာများ ရှိလာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြန်လည်ပြသပါ။
- ဖျားခြင်း
- ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာ နာကျင်ပြီး ဆေးသောက်သော်လည်း မသက်သာခြင်း
- ယောနိမှ သွေးဆင်းမှု မရပ်ခြင်း
- အနံ့နံသော အရည်များ၊ အချွဲများ ဆင်းခြင်း
References:
- Biomed Research International. (2017). Mandia, L., Personeni, C., Antonazzo, P., Angileri, S. A., Pinto, A., & Savasi, V. Ultrasound in infertility setting: Optimal strategy to evaluate the assessment of tubal patency. BioMed Research International, 2017, Article 3205895. https://doi.org/10.1155/2017/3205895
- Cleveland Clinic. (n.d.). Hysterosalpingogram. Retrieved February 21, 2026, from https://my.clevelandclinic.org/health/diagnostics/22254-hysterosalpingogram
- Indian Fertility Society. (2019). Tubal patency test [PDF]. Retrieved February 21, 2026, from https://indianfertilitysociety.org/wp-content/uploads/2019/08/4_Vol_Tubal_Patency_Test.pdf
- Royal Wolverhampton NHS Trust. (2025). Laparoscopy and tubal patency surgery [PDF]. Retrieved February 21, 2026, from https://www.royalwolverhampton.nhs.uk/wp-content/uploads/2025/06/Laparoscopy_and_Tubal_Patency_Surgery.pdf
- Birla Fertility & IVF. (n.d.). Tubal patency tests. Retrieved February 21, 2026, from https://birlafertility.com/diagnostic-and-screening/tubal-patency-tests/
- Fertility and Sterility. (2011). Hysterosalpingography and infertility [Full text]. Retrieved February 21, 2026, from https://www.fertstert.org/article/S0015-0282%2811%2900363-3/fulltext
Published: 1 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.