နှလုံးသွေးကြောအတွင်းရှိ ကယ်လ်စီယမ်ဓာတ် စစ်ဆေးခြင်းဆိုသည်မှာ နှလုံး၏ သွေးလွှတ်ကြောများအတွင်းရှိ ကယ်လ်စီယမ်ဓာတ် စုပုံအနည်ကျခြင်းကို ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်၍ စစ်ဆေးခြင်းဖြစ်သည်။ ကယ်လ်စီယမ်ဓာတ်များခြင်းသည် သွေးကြောတွင်းအဆီစုခြင်းကို သွယ်ဝိုက်ဖော်ပြနိုင်ပြီး ထိုအဆီများကြောင့် နှလုံးသွေးကြောကျဉ်းစေကာ နှလုံးသို့ သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်သည်။ စစ်ဆေးမှုသည် မြန်ဆန်ပြီး ခန္ဓာကိုယ်ထဲသို့ ကိရိယာများ ထည့်သွင်းစစ်ဆေးရန် မလိုအပ်သော စစ်ဆေးမှု (Non-invasive procedure) ဖြစ်သည်။ နောက်ဆက်တွဲဆိုးကျိုးလည်း မရှိသလောက် နည်းပါး၍ စစ်ဆေးပြီးနောက် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်သည်။
ထိုစစ်ဆေးမှုသည် နှလုံးရောဂါလက္ခဏာများ မပြမီကပင် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိနိုင်ခြေကို ဖော်ပြပေးနိုင်သောကြောင့် ရလဒ်ပေါ် မူတည်၍ နှလုံးသွေးကြောရောဂါ၊ နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို မှန်းဆတွက်ချက်ရန်၊ ရောဂါကာကွယ်ရန် သို့မဟုတ် ကုသရန် ဆုံးဖြတ်ရာ၌ များစွာအထောက်အကူပြုသည်။ ထိုစစ်ဆေးမှု၏ အခြားအမည်များမှာ_
- နှလုံးသွေးလွှတ်ကြောကယ်လ်စီယမ်ဓာတ်စစ်ဆေးမှု (Coronary artery calcium test)
- နှလုံးသွေးကြောကယ်လ်စီယမ် ကွန်ပျူတာဓာတ်မှန် (Coronary calcium CT scan)
- နှလုံးကယ်လ်စီယမ် ကွန်ပျူတာဓာတ်မှန် (Heart calcium CT scan) တို့ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
နှလုံးသို့ သွေးထောက်ပံ့ပေးသော သွေးကြောများအတွင်း ကယ်လ်စီယမ်ဓာတ် စုပုံခြင်းကို စစ်ဆေးရန် ပြုလုပ်ခြင်းဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါကို စောစီးစွာ ရောဂါရှာဖွေရာတွင် ကူညီပေးသည်။ နှလုံးသွေးကြောကျဥ်းရောဂါသည် အဖြစ်များသော နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးသွေးကြောအတွင်း ကယ်လ်စီယမ်ဓာတ်၊ အဆီနှင့် အခြားဓာတ်ပစ္စည်းများ စုပုံလာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုအဆီစုကို Plaque ဟု ခေါ်၍ ရောဂါလက္ခဏာမပြမီ အချိန်အတော်ကြာမှပင် ဖြည်းဖြည်းချင်း စုပုံလာခြင်းဖြစ်သည်။ ထိုအဆီစုတွင်ပါဝင်သော ကယ်လ်စီယမ်ပမာဏကို ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးနိုင်သည်။ သတိထားရန်မှာ ထိုစစ်ဆေးမှုသည် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို စစ်ဆေးခြင်းသာဖြစ်ပြီး ရောဂါရှိကြောင်း အတိအကျ သိရှိနိုင်ရန် စစ်ဆေးခြင်းမဟုတ်ပါ။
အောက်ပါအခြေအနေများတွင် စစ်ဆေးမှု ပြုလုပ်သင့်သည်။
- အသက် ၄၀ မှ ၇၀ ကြားရှိပြီး နှလုံးရောဂါလက္ခဏာမပြသော်လည်း ရောဂါဖြစ်နိုင်ခြေရှိသူများ
- မိသားစုအတွင်း နှလုံးသွေးကြောကျဥ်းရောဂါ သို့မဟုတ် နှလုံးအမောဖောက်ခြင်း ဖြစ်ပွါးဖူးသည့် ရာဇဝင်ရှိခြင်း
- လက်ရှိ သို့မဟုတ် ယခင်က ဆေးလိပ်/ဆေးရွက်ကြီး သုံးစွဲခဲ့ခြင်း
- သွေးတွင်းကိုလက်စထရော များခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိခြင်း
- ကိုယ်အလေးချိန်များခြင်း (BMI ၂၅ အထက်) သို့မဟုတ် အဝလွန်ခြင်း (BMI ၃၀ အထက်) ရှိသူများ
- လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံရှိခြင်း
- နှလုံးအမောဖောက်နိုင်ခြေ အလယ်အလတ်အဆင့်တွင် ရှိနေခြင်း
- နှလုံးအမောဖောက်နိုင်ခြေ အဆင့်အတန်း သတ်မှတ်ရန် ခက်ခဲနေခြင်း
- အသက် ၄၀ အောက်ဖြစ်သော်လည်း မိသားစုတွင် မျိုးရိုးလိုက်သော ကိုလက်စထရောအလွန်များသည့် ရောဂါ (Familial hypercholesterolemia) ရှိခြင်း
ရရှိနိုင်သော အကျိုးကျေးဇူးများ
- နှလုံးရောဂါ ဖြစ်နိုင်ခြေကို နားလည်သိရှိနိုင်ရန်
- ရောဂါဖြစ်နိုင်ခြေ နည်းပါးခြင်း သို့မဟုတ် အသင့်အတင့်ရှိခြင်း သို့မဟုတ် ရောဂါဖြစ်နိုင်ခြေ သတ်မှတ်ရန်ခက်သော အခြေအနေတွင် ကုသမှုများအတွက် ဆုံးဖြတ်နိုင်ရန်
မပြုလုပ်သင့်သော အခြေအနေများ
- နှလုံးသွေးကြောကျဥ်းဖြစ်နိုင်ခြေများစေသော ရောဂါအခံ လုံးဝမရှိသူများ
- နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားသည်ဟု သိရှိထားပြီးသူများ
- ထို့ပြင် နှလုံးသွေးကြောကျဥ်း ရောဂါရှိသည်ဟု ဆရာဝန်မှ သတ်မှတ်ပြီးသူများ၊ နှလုံးသွေးကြောကျဥ်း ရောဂါအတွက် ဆေးကုသမှု ခံယူနေသူများ၊ နှလုံးအမောဖောက်ဖူးသူ၊ နှလုံးသွေးကြော ချဲ့ထားသောသူ (Stent) သို့မဟုတ် နှလုံးသွေးကြော အစားထိုးခွဲစိတ်မှု (Bypass) လုပ်ထားသူစသည့် နှလုံးရောဂါဖြစ်ပွါးပြီးသူများအတွက် ပြုလုပ်ရန် အကြံပြုထားခြင်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် အခြားစစ်ဆေးမှုများဖြင့် နှလုံးသွေးကြော အနေအထားကို ပိုမိုသိရှိနိုင်သောကြောင့်ဖြစ်သည်
- ကိုယ်ဝန်ဆောင်မိခင်များ – ကွန်ပျူတာဓာတ်မှန် CT ရိုက်ခြင်းသည် သန္ဓေသားကို ထိခိုက်စေသောကြောင့် မစစ်ဆေးသင့်ပါ
ကြိုတင်သိရှိထားရမည့် အချက်များ
- သွေးကြောကယ်လ်စီယမ်စစ်ဆေးမှုသည် ဓာတ်မှန်ရောင်ခြည် (X-ray) ကို အသုံးပြုသောကြောင့် ဓာတ်ရောင်ခြည် (Radiation) အနည်းငယ် ထိတွေ့မှု ရှိသော်လည်း ထိုပမာဏမှာ ဘေးကင်းသည်ဟု ယူဆနိုင်သော ပမာဏဖြစ်သည်
- ထိုစစ်ဆေးမှုကို ဆေးရုံ၊ ဆေးခန်းများတွင် နှလုံးအမောဖောက်နိုင်ခြေကို အလွယ်တကူ တိုင်းတာနိုင်သည့် စစ်ဆေးမှုနည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဆရာဝန်လွှဲစာမလိုဘဲ ပြုလုပ်နိုင်ကြောင်းစသည်ဖြင့် ဖော်ပြကြလေ့ရှိသည်
- သို့ရာတွင် ဖြစ်နိုင်ပါက စစ်ဆေးမှု မပြုလုပ်ခင် လိုအပ်မှုနှင့် သင့်တော်မှု ရှိမရှိကို မိမိဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ကုန်ကျစရိတ်ရှိသော ထိုစစ်ဆေးမှုအစား ကုန်ကျစရိတ် ပိုသက်သာသော သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းစသည့် အခြားနည်းလမ်းများဖြင့်လည်း နှလုံးရောဂါဖြစ်နိုင်ခြေကို သိရှိရန် ကူညီပေးနိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
စစ်ဆေးရန် ပြင်ဆင်ခြင်း
- မိမိတွင်ရှိသော ဓာတ်မတည့်မှုများ၊ သောက်နေသောဆေးများနှင့် ကိုယ်ဝန် ရှိမရှိကို ဆရာဝန်အား ပြောပြပါ
- စစ်ဆေးမှုမတိုင်မီ (၄) နာရီအလိုတွင် ကဖိန်းဓာတ်ပါသော လက်ဖက်ရည်၊ ကော်ဖီနှင့် ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
- သတ္တုပစ္စည်းများ၊ လည်ဆွဲ လက်ဝတ်ရတနာများနှင့် မျက်မှန်များကို ချွတ်ထားပါ
- ဆေးရုံသုံးဝတ်စုံ လဲလှယ်ပါ
စစ်ဆေးနေစဉ်
- လူနာ၏ရင်ဘတ် (တစ်ခါတစ်ရံ လက်မောင်း သို့မဟုတ် ခြေထောက်) တွင် နှလုံးခုန်နှုန်းကို တိုင်းတာရန် အာရုံခံကိရိယာအပြားလေးများ ကပ်ထားမည်ဖြစ်ပြီး နှလုံးခုန်နှုန်းကို စက်တွင် ပြသပေးမည်ဖြစ်သည်
- နှလုံးခုန်နှုန်းကို နှေးစေရန် သို့မဟုတ် စိတ်ငြိမ်စေရန် ဆေးဝါးများ လိုအပ်ပါက ပေးမည်ဖြစ်သည်
- လူနာသည် CT စက်အတွင်းသို့ ဝင်မည့် ရွေ့လျားခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေရမည်၊ ခုတင်သည် ပုံရိပ်ဖမ်းမည့် အနေအထားရောက်အောင် တဖြည်းဖြည်းရွေ့လာမည်ဖြစ်သည်၊ လူနာဦးခေါင်းသည် စက်အပြင်ဘက်တွင် ရှိနေမည်ဖြစ်သည်
- ကပ်လျက်အခန်းတွင် CT ရိုက်ပေးသော ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များ ရှိနေမည်ဖြစ်ပြီး၊ လူနာကို စောင့်ကြပ်ကြည့်ရှုနေမည် ဖြစ်သကဲ့သို့ လိုအပ်သော လမ်းညွှန်ချက်များကိုလည်း ပြောပေးမည်ဖြစ်သည်
- စက်မှ ပုံဖော်ရိုက်ကူးနေစဉ် ငြိမ်ငြိမ်နေရမည်ဖြစ်ပြီး၊ စက္ကန့်အနည်းငယ်ကြာ အသက်အောင့်ထားရန် လိုအပ်နိုင်သည်၊ စစ်ဆေးမှုမှာ စုစုပေါင်း ၁၅မိနစ် မှ နာရီဝက်ခန့်သာ ကြာမြင့်သည်
စစ်ဆေးပြီးနောက်
- ဆရာဝန်မှ သီးသန့်ညွှန်ကြားချက် မပေးထားပါက အိမ်သို့ ပြန်နိုင်ပြီး နေ့စဥ်ပုံမှန်လှုပ်ရှားမှုများနှင့် စားသောက်မှုများကို ချက်ချင်း ပြန်လည်လုပ်ဆောင်နိုင်သည်၊ ကိုယ်တိုင်ကားမောင်း၍လည်း သွားလာနိုင်သည်
သိရှိနိုင်သော အဖြေရလဒ်များနှင့် သုံးသပ်ချက်
အဖြေရလဒ်ကို Agatston score ဟုခေါ်သော ဂဏန်းဖြင့် ဖော်ပြလေ့ရှိပြီး ပုံရိပ်ဖော်ရာတွင် တွေ့ရသော ကယ်လ်စီယမ်ပမာဏ သိပ်သည်းဆကို တိုင်းတာဖော်ပြခြင်းဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် နှလုံးသွေးကြော အဆီစုများ (Plaques) ရှိနိုင်ခြေကို ဖော်ပြပြီး နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းပေးသည်။
- ၀ (သုည) – ပုံမှန်ရလဒ်ဖြစ်ပြီး သွေးကြောတွင်း ကယ်လ်စီယမ်ဓာတ် စုပုံခြင်း လုံးဝမတွေ့ရှိပါ၊ လာမည့် ၂ နှစ်မှ ၅ နှစ်အတွင်း နှလုံးအမောဖောက်နိုင်ခြေ အလွန်နည်းပါးသည်
- ၁၀၀ အောက် – ကယ်လ်စီယမ်ဓာတ် အနည်းငယ်စုပုံမှုရှိသည်၊ နှလုံးရောဂါဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်
- ၁၀၀ မှ ၄၀၀ – စုပုံမှုပမာဏ များသည့်အဆင့်ဖြစ်ပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ မြင့်မားသည်
- ၄၀၀ အထက် – စုပုံမှုပမာဏ အလွန်များသည်။ ပြင်းထန်သော နှလုံးသွေးကြောရောဂါ ရှိနိုင်ခြေ များသည်
နောက်ဆက်တွဲစောင့်ရှောက်မှုများ
မိသားစုဆရာဝန်မှ အဖြေရလဒ်ပေါ် မူတည်၍ အောက်ပါအစီအစဥ်များကို လုပ်ဆောင်ရန် ညွှန်ကြားခြင်း သို့မဟုတ် လိုအပ်ပါက နှလုံးအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းကုသရန် စီစဥ်ပေးမည်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အောက်ပါအချက်များ ပါဝင်သည်။
- ကိုလက်စထရောနည်းစေရန် Statin ဆေးဝါးများ သောက်ရန် ညွှန်ကြားခြင်း သို့မဟုတ် ဆေးပမာဏ ထိန်းညှိခြင်း
- အစားအသောက်ပုံစံ ပြောင်းလဲခြင်း
- ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုပြုလုပ်ရန် တိုက်တွန်းခြင်း
- ကိုယ်အလေးချိန် လျှော့ချရန် ပန်းတိုင်သတ်မှတ်ခြင်း
- နှလုံးသွေးကြောကျဥ်းရောဂါအတွက် လိုအပ်သော အခြားစစ်ဆေးမှုများကို ဆက်လက်စစ်ဆေးခြင်း
- ကျန်းမာရေးတိုးတက်မှုကို စစ်ဆေးရန် ရက်ချိန်းပြန်ခေါ်ခြင်း
စစ်ဆေးမှုအကြိမ်ရေ
ပထမအကြိမ် စစ်ဆေးမှုတွင် ရလဒ်ကောင်းမွန်သူများ (Normal score) အနေဖြင့် မိမိ၏ရောဂါဖြစ်နိုင်ခြေကို ဆက်လက်သိရှိရန် (၃)နှစ် မှ (၅)နှစ်အတွင်း ထပ်မံစစ်ဆေးခြင်းဖြင့် အကျိုးရှိနိုင်သော်လည်း ကယ်လ်စီယမ်စုပုံမှု ရှိကြောင်း ရလဒ်ထွက်ထားသူများအတွက် ထပ်မံစစ်ဆေးရန် မလိုအပ်ပါ။
References:
- American Heart Association. (n.d.). CAC test. Retrieved December 31, 2025, from https://www.heart.org/en/health-topics/heart-attack/diagnosing-a-heart-attack/cac-test
- Cedars-Sinai. (n.d.). Coronary calcium CT scan. Retrieved December 31, 2025, from https://www.cedars-sinai.org/programs/imaging-center/exams/ct-scans/coronary-calcium.html
- Cleveland Clinic. (n.d.). Calcium score screening (heart scan). Retrieved December 31, 2025, from https://my.clevelandclinic.org/health/diagnostics/16824-calcium-score-screening-heart-scan
- HealthLink BC. (n.d.). Coronary calcium scan. Retrieved December 31, 2025, from https://www.healthlinkbc.ca/healthwise/coronary-calcium-scan
- Mayo Clinic. (n.d.). Heart scan. Retrieved December 31, 2025, from https://www.mayoclinic.org/tests-procedures/heart-scan/about/pac-20384686
Published: 27 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
