၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာပြန်ဆန်တက်မှု စစ်ဆေးခြင်းသည် စားချဥ်ပြန်ရောဂါ (Gastroesophageal Reflux Disease – GERD) အပါအဝင် အစာရေမျိုပြွန်နှင့် အစာအိမ်ဆိုင်ရာ ရောဂါများကို ရှာဖွေရာ၌ လွယ်ကူပြီး နာကျင်မှုမရှိသော စစ်ဆေးမှုတစ်ခုအဖြစ် အသုံးပြုသည်။ ဤစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ အစာရေမျိုပြွန်ထဲသို့ အစာအိမ်အတွင်းမှ ပြန်ဆန်တက်လာသော အစာခြေအက်ဆစ်ရည်များနှင့် အက်ဆစ်မဟုတ်သည့် အစာရည်များကို (၂၄) နာရီကြာ စောင့်ကြည့်တိုင်းတာခြင်းဖြစ်သည်။ ပြန်ဆန်တက်လာသည့် အက်ဆစ်ရည်နှင့် အစာရည်များ၏ ပမာဏ၊ အကြိမ်ရေနှင့် အက်ဆစ်ဓာတ်ပါဝင်မှုတို့ကို (၂၄) နာရီအတွင်း အတိအကျ တိုင်းတာပေးနိုင်သည်။ ထို့ကြောင့် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသူများအတွက် ဖြစ်စေသော အကြောင်းရင်းခံရောဂါများ၊ အထူးသဖြင့် စားချဥ်ပြန်ရောဂါ (GERD) ကို တိကျစွာ ရှာဖွေဖော်ထုတ်ရာ၌ များစွာအသုံးဝင်သည်။ ရောဂါရှာဖွေခြင်းအတွက်သာမက ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက်လည်း အလွန်အထောက်အကူ ဖြစ်စေသည်။
စစ်ဆေးရာတွင် အသုံးပြုသောကိရိယာ
ဤစစ်ဆေးမှုအတွက် ခေါက်ဆွဲမျှင် အရွယ်အစားမျှသာရှိသော အလွန်ပါးလွှာသည့် ပိုက်ပျော့ငယ် (Catheter) ကို အသုံးပြုသည်။ ထိုပိုက်ပျော့ငယ်၏ ထိပ်တွင် အက်ဆစ်ဓာတ် (pH) နှင့် အစာနှင့်အရည်များ ရွေ့လျားမှု (Impedance) ကို တိုင်းတာနိုင်သည့် အာရုံခံစနစ်များ ပါဝင်သည်။ ပိုက်ပျော့၏ အာရုံခံစနစ်ပါ အစွန်းတစ်ဖက်ကို နှာခေါင်းမှတစ်ဆင့် အစာရေမျိုပြွန်၏ အောက်ဘက်ကြွက်သားစု (Lower esophageal sphincter) အနီးသို့ရောက်အောင် ထည့်ထားပြီး၊ ပိုက်ပျော့၏ အခြားအစွန်းတစ်ဖက်ကိုမူ အပြင်ဘက်ရှိ မှတ်တမ်းတင်စက်တစ်ခုနှင့် ဆက်သွယ်ထားသည်။ ထိုစက်သည် အာရုံခံစနစ်မှ ပို့ပေးသော အက်ဆစ်ဓာတ်နှင့် အစာ၊ အရည်တို့၏ ရွေ့လျားမှုဆိုင်ရာ အချက်ပြမှုများကို (၂၄) နာရီဆက်တိုက် မှတ်တမ်းတင်ပေးသည်။ (၂၄) နာရီပြည့်လျှင် ပိုက်ပျော့ကို ပြန်ထုတ်ပြီး၊ စက်အတွင်း မှတ်တမ်းတင်ထားသော အချက်အလက်များမှတစ်ဆင့် အဖြေရလဒ်များကို ထုတ်ပေးသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
(၂၄) နာရီ အစာအိမ်အက်ဆစ်နှင့် အစာပြန်ဆန်တက်မှု စစ်ဆေးခြင်းကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည်။
- ရောဂါရှာဖွေခြင်း
အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများကို ရှာဖွေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အဓိကအားဖြင့် စားချဥ်ပြန်ရောဂါ (Gastroesophageal Reflux Disease – GERD) ရှာဖွေရန် အသုံးပြုသည်။ GERD ဆိုသည်မှာ အစာအိမ်ထဲမှ အစာနှင့်အစာအိမ်အက်ဆစ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ပြန်ဆန်တက်သောရောဂါဖြစ်သည်။ ထို့ပြင် အက်ဆစ်ပြန်ဆန်တက်ခြင်းနှင့် အက်ဆစ်ပါဝင်မှုနည်းသော သို့မဟုတ် သည်းခြေရည်ကဲ့သို့ အစာခြေရည်များ ပြန်ဆန်တက်ခြင်း (Non-acid reflux disease) တို့ကိုလည်း ခွဲခြားနိုင်သည်။ အခြားအစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများ ရှာဖွေရာ၌လည်း အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် အစာရေမျိုပြွန် ကြွက်သားလှုပ်ရှားမှု မူမမှန်သောရောဂါများကို ရှာဖွေရန်အတွက် ကြွက်သားလှုပ်ရှားမှုအားကို တိုင်းတာသည့် Esophageal Manometry စစ်ဆေးမှုဖြင့် တွဲ၍ပြုလုပ်နိုင်သည်။ - စစ်ဆေးမှု ပြုလုပ်သင့်သည့် ရောဂါလက္ခဏာများ
စားချဥ်ပြန်ရောဂါ ဖြစ်နိုင်ခြေလက္ခဏာများ ခံစားနေရသူများတွင် ဤစစ်ဆေးမှုကို ပြုလုပ်ခြင်းဖြင့် ရောဂါကို ပိုမိုလျင်မြန်တိကျစွာ ရှာဖွေနိုင်ပြီး ထိရောက်သော ဆေးကုသမှုများကို ပေးနိုင်သကဲ့သို့ မလိုလားအပ်သော အခြားကုသမှုများနှင့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အောက်ပါလက္ခဏာများ ရှိပါက စစ်ဆေးမှု ပြုလုပ်သင့်သည်။- ရင်ပူခြင်း (အစာစားပြီးနောက် ဖြစ်ပေါ်လေ့ရှိပြီး၊ ညအချိန်များ သို့မဟုတ် လဲလျောင်းသောအခါ ပိုမိုဆိုးရွားနိုင်သည်)
- ရင်ခေါင်းတောင့်ခြင်း
- လည်ချောင်းအတွင်း အစာချဥ်ရည် သို့မဟုတ် အစာများ ပြန်ဆန်တက်ခြင်း
- မကြာခဏ လေတက်ခြင်း
- အစာမျိုချရ ခက်ခဲခြင်း
- အသံဝင်ခြင်း သို့မဟုတ် အသံပြောင်းလာခြင်း
- နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် ချောင်းဟန့်ခြင်း၊ တံတွေးဟပ်ခြင်း၊ လည်ချောင်းရှင်းသံ မကြာခဏ ပြုလုပ်ခြင်း
- လည်ပင်းတွင် အလုံးအကျိတ်ရှိသကဲ့သို့ တစ်စို့စို့ ခံစားရခြင်း
- ရောဂါကုသမှု စောင့်ကြည့်ခြင်း
ရောဂါရှာဖွေခြင်းတွင် အသုံးပြုနိုင်သကဲ့သို့ ရောဂါကုသမှုကို စောင့်ကြည့်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ အစာအိမ်ရောဂါများတွင် အစာအိမ်အက်ဆစ်ဓာတ် နည်းစေရန် ဆေးဝါးများဖြင့် ကုသပြီးနောက် ထိုဆေးဝါးများ၏ အာနိသင်ထိရောက်မှုကို စောင့်ကြည့်ရန်အတွက်လည်း ဤစစ်ဆေးမှုကို ပြုလုပ်နိုင်သည်။ - ခွဲစိတ်မှု မပြုလုပ်မီ ကြိုတင်ပြင်ဆင်ခြင်း
ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းတို့အပြင် အစာအိမ်ဆိုင်ရာ ခွဲစိတ်မှုများ မပြုလုပ်ခင် ကြိုတင်စစ်ဆေးမှုအဖြစ်လည်း အသုံးပြုနိုင်သည်။ ဥပမာ _ စားချဥ်ပြန်ရောဂါကို ဆေးဝါးများဖြင့် ကုသသော်လည်း မသက်သာသူများတွင် Fundoplication စသော ခွဲစိတ်မှုများ မပြုလုပ်ခင် ရောဂါပြင်းထန်မှု စစ်ဆေးရန် အက်ဆစ်စစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
စစ်ဆေးမှု မပြုလုပ်သင့်သော အခြေအနေများ
- နှာခေါင်းအသက်ရှူလမ်းကြောင်း ပိတ်နေသူများ
- အစာရေမျိုပြွန် ရောင်ရမ်းပြီး သွေးထွက်ခြင်း
- အစာရေမျိုပြွန် ပြင်းထန်စွာ ကျဥ်းမြောင်းခြင်း
- အစာရေမျိုပြွန် သွေးကြောများ ရောင်ရမ်းနေခြင်း
- နှာခေါင်းသွေးလျှံခြင်း
- နှာခေါင်းအတွင်းနံရံ အနည်းငယ်ရောင်ခြင်း
- ပိုက်ထည့်စဥ် ကသိကအောင့်ဖြစ်မှုကို လုံးဝမခံနိုင်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
မိသားစုဆရာဝန် သို့မဟုတ် အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်သည် လူနာ၏ ရောဂါလက္ခဏာများကို မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် စားချဥ်ပြန်ရောဂါ ဖြစ်နိုင်ခြေရှိပါက စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည့်အချက်များကို တိုင်ပင်ဆွေးနွေးပေးမည်ဖြစ်သည်။ ထို့နောက် စစ်ဆေးမှုအတွက် ရက်ချိန်းယူရမည်ဖြစ်သည်။
- ဆရာဝန်အားအသိပေးရန်
- လူနာသည် မိမိ၏ ရောဂါအခံများ (ဥပမာ _ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ) နှင့် လက်ရှိ သောက်သုံးနေသော ဆေးဝါးများ (ဥပမာ _ သွေးကျဆေး၊ အင်ဆူလင်ထိုးဆေး) ကို ဆရာဝန်အား အသိပေးရန် လိုအပ်သည်
- ဆေးဝါးကြိုတင်ရပ်ဆိုင်းခြင်း
- စမ်းသပ်မှုမပြုလုပ်မီ ၂၄ နာရီအတွင်း၌ အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေသော အစာကြေဆေး၊ လေဆေး (Antacids) များကို မသောက်သုံးရပါ
- အစာအိမ်ရောဂါကြောင့် သောက်သုံးရသော အစာအိမ်အက်ဆစ်နည်းစေသည့် Proton pump inhibitors (PPIs) ဆေးဝါးများ (ဥပမာ – Omeprazole, Esomeprazole, Pantoprazole, Lansoprazole, Rabeprazole) ကို စစ်ဆေးမှုမပြုလုပ်မီ (၇) ရက် ကြိုတင်ရပ်ထားရန် လိုအပ်သည်
- အစာအိမ်အက်ဆစ်နည်းစေသော H2-blockers ဆေးများ (ဥပမာ – Ranitidine, Famotidine, Cimetidine) ကို (၃) ရက် ကြိုတင်ရပ်ထားရန် လိုအပ်သည်
- အစာနှင့်အရည် ဖြတ်ခြင်း
- ချိန်းဆိုထားသည့်ရက်တွင် စစ်ဆေးမှုမစတင်မီ (၄) နာရီအတွင်း အစာနှင့်အရည်များကို ဖြတ်ထားရန် လိုသည် (ဥပမာ _ မနက်ပိုင်း စစ်ဆေးမည်ဆိုပါက မတိုင်ခင်နေ့တွင် ည (၁၂) နာရီအထိသာ အစာနှင့် အရည်သောက်နိုင်ပြီး၊ ည (၁၂) နာရီ နောက်ပိုင်းတွင် အစာနှင့်အရည်ကို ဖြတ်ထားရမည်)
- အကယ်၍ မနက်ပိုင်း ပုံမှန်ဆေးသောက်ရန် (ဥပမာ _ သွေးကျဆေး) လိုအပ်ပါက သောက်ဆေးကို ရေအနည်းငယ်ဖြင့် သောက်နိုင်သည်
- စစ်ဆေးမှုကြာချိန်
- စစ်ဆေးမှုအတွက် ပိုက်ပျော့ထည့်ခြင်းသည် ဆယ်မိနစ် မှ နာရီဝက်ခန့်သာ ကြာမြင့်မည်ဖြစ်သည်
- ပိုက်ပျော့ထည့်ပြီးပါက လူနာသည် ပုံမှန်အတိုင်း စားသောက်နိုင်သလို လှုပ်ရှားသွားလာနိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
- စတင်ပြင်ဆင်ခြင်း
- စစ်ဆေးရန် ချိန်းဆိုထားသည့်နေ့တွင် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ လာရောက်ရမည်ဖြစ်သည်၊ စိုးရိမ်ပါက မိသားစုဝင် သို့မဟုတ် မိတ်ဆွေကို အဖော်ခေါ်လာနိုင်သည်
- ယေဘုယျအားဖြင့် ပိုက်ပျော့ထည့်သည့်အချိန်တွင် မေ့ဆေး၊ ထုံဆေးများ ထိုးရန် မလိုအပ်ဘဲ လူနာသည် သတိကောင်းစွာ ရနေမည်ဖြစ်သည်
- ဆရာဝန်မှ ပိုက်ထည့်ချိန်တွင် သက်သောင့်သက်သာရှိစေရန် နှာခေါင်းနှင့် အာခေါင်တွင်းသို့ ထုံဆေးဖြန်းပေးမည်ဖြစ်သည်
- ပိုက်ပျော့ (Catheter) ထည့်သွင်းခြင်းနှင့် စက်ချိတ်ဆက်ခြင်း
- ပိုက်ပျော့ထည့်ရန်အတွက် ဆရာဝန်မှ နှာခေါင်းပေါက်မှ အစာအိမ်အဝအထိ အကွာအဝေးကို အပြင်ဘက်မှ ခန့်မှန်းတိုင်းတာမည်၊ တစ်ခါတစ်ရံ အစာရေမျိုပြွန် ကြွက်သားလှုပ်ရှားမှု တိုင်းတာသည့် Manometry စက်ကို အသုံးပြု၍ အစာရေမျိုပြွန်၏ အောက်ဘက်ကြွက်သားစု (Lower Esophageal Sphincter) နေရာကို အတိအကျ ရှာဖွေသည်
- ပြီးနောက် ဆရာဝန်မှ ပိုက်ပျော့ကို နှာခေါင်းပေါက်မှ ဖြည်းညင်းစွာထည့်ပေးမည်ဖြစ်ပြီး၊ လူနာကို ရေအနည်းငယ်တိုက်၍ ရေနှင့်အတူ ပိုက်ပျော့ကိုပါ မျိုချစေကာ အစာရေမျိုပြွန် အောက်ဘက်ကြွက်သားစုအနီးသို့ ရောက်အောင်ထည့်မည်
- ပိုက်ပျော့သည် လိုအပ်သည့်နေရာသို့ ရောက်ရှိသွားပါက ငြိမ်အောင် ထိန်းထားနိုင်ရန်အတွက် အပြင်ဘက်အပိုင်းကို နှာခေါင်းဘေးရှိ ပါးပေါ်တွင် တိပ်ဖြင့် မြဲအောင်ကပ်ထားပြီး၊ လက်ကျန်အပိုင်းကို နားအနောက်ဘက်သို့ပတ်၍ ချထားမည်ဖြစ်သည်
- ပိုက်ပျော့၏ အပြင်ဘက်အစွန်းကို လက်ကိုင်ဖုန်းအရွယ်ရှိ အချက်အလက်လက်ခံစက် (Recorder) တစ်ခုနှင့် ဆက်သွယ်ထားသည်၊ စက်ကိုမူ လူနာ၏ခါးတွင် ခါးပတ်ဖြင့် ဝတ်ဆင်နိုင်သည်
- စစ်ဆေးမှုပြုလုပ်နေသည့် (၂၄) နာရီကာလ
- ပိုက်ထည့်ခြင်းနှင့် စက်ကိုစစ်ဆေးခြင်းတို့ ပြီးဆုံးပါက လူနာသည် (၂၄) နာရီ ကြာပိုက်ပျော့ကို တပ်ဆင်ထားမည်ဖြစ်ပြီး၊ အိမ်ပြန်၍ မိမိ၏ ပုံမှန်သွားလာလှုပ်ရှားမှုနှင့် အစားအသောက်များကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်
- ပိုက်ပျော့သည် သေးငယ်ပျော့ပြောင်းပြီး နှာခေါင်းမှ ထည့်ထားခြင်းဖြစ်သောကြောင့် အသက်ရှူခြင်း၊ အစာမျိုချခြင်း၊ အရည်သောက်ခြင်းနှင့် စကားပြောခြင်းတို့ကို အနှောင့်အယှက်မရှိ လုပ်ဆောင်နိုင်သည်
စက်၏ လုပ်ဆောင်ပုံနှင့် လူနာမှ မှတ်တမ်းတင်ခြင်း
- စက်၏ လုပ်ဆောင်ပုံ – ပိုက်ပျော့ထိပ်ရှိ အာရုံခံစနစ်သည် (၂၄) နာရီအတွင်း အစာရေမျိုပြွန်အတွင်း အစာဖြတ်သန်းမှု၊ အစာအိမ်ထဲမှ ပြန်ဆန်တက်သော အစာနှင့်အက်ဆစ်ရည်များ၏ အချက်အလက်များကို အာရုံခံ၍ အပြင်ဘက်ရှိ စက် (Recorder) ထံသို့ ပို့လွှတ်ပေးသည်
- လူနာ၏ လုပ်ဆောင်ရမည့်အရာများ (မှတ်တမ်းတင်ခြင်း)
- ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း ပိုက်ထည့်ပြီး (၂၄) နာရီအတွင်း စားသောက်သော အစားအစာများ၊ အရည်များနှင့် ပမာဏ၊ စားသောက်သောအချိန်တို့ကို မှတ်တမ်းတင်ရမည်
- ထိုင်ခြင်း၊ လဲလျောင်းခြင်း၊ အိပ်စက်ခြင်းစသည့် သွားလာလှုပ်ရှားမှုများကိုလည်း မှတ်တမ်းတင်ထားရမည်
- ထိုအချိန်များတွင် ခံစားရသော ရောဂါလက္ခဏာများ (ဥပမာ _ ရင်ပူခြင်း၊ ချောင်းဆိုးခြင်း) ရှိပါကလည်း မှတ်ထားရန် လိုအပ်သည်
- သတိထားရမည့်အချက်များ
- ပိုက်ထည့်ထားသည့် (၂၄) နာရီအတွင်း ရေချိုးခြင်း၊ ရေစိမ်ခြင်း၊ ရေကူးခြင်းတို့ကို မပြုလုပ်ရပါ
- အိမ်တွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များရှိပါကလည်း ဆော့ကစားစဉ် ပိုက်ကို ထိခိုက်မိ၍ မတော်တဆ ပြုတ်သွားနိုင်သောကြောင့် ဂရုပြုရန် လိုအပ်သည်
စစ်ဆေးမှုပြီးဆုံးခြင်းနှင့် ရလဒ်အဖြေထုတ်ယူခြင်း
- (၂၄) နာရီပြည့်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြန်လာပြီး ပိုက်ပျော့ကို ပြန်လည်ထုတ်ရန် လိုအပ်သည်
- ပိုက်ပြန်ထုတ်ခြင်းသည်လည်း မိနစ်အနည်းငယ်သာကြာ၍ နာကျင်မှုမရှိပါ
- ထို့နောက် စက်မှရရှိသော အချက်အလက်နှင့် ရလဒ်အဖြေများကို ပြန်လည်စီစစ်၍ တွေ့ရှိချက်များကို သက်ဆိုင်ရာဆရာဝန်မှ အသေးစိတ် ဆက်လက်ဆွေးနွေးပေးမည်ဖြစ်သည်
- ရလဒ်အဖြေများအရ စားချဥ်ပြန်ရောဂါ သို့မဟုတ် အခြားရောဂါဟု အဖြေထွက်ပါက ဆက်လက်ကုသရန် နည်းလမ်းများကို ဆရာဝန်မှ ဆက်လက်ဆွေးနွေးပေးမည်ဖြစ်သည်
အဖြေရလဒ်များ
အစာရေမျိုပြွန်အောက်ဆုံးပိုင်းနှင့် အစာအိမ်ထိစပ်သောနေရာ၌ ဖြစ်ပေါ်သော အက်ဆစ်ဓာတ်ပြောင်းလဲမှုများနှင့် အစာဖြတ်သန်းသွားမှု (အစာမျိုချခြင်း သို့မဟုတ် အစာပြန်ဆန်တက်ခြင်း) အဖြေရလဒ်များကို အောက်ပါအချက်များဖြင့် ဖော်ပြနိုင်သည်။
- အက်ဆစ်ထိတွေ့ချိန် ရာခိုင်နှုန်း (Acid Exposure Time)
- အစာရေမျိုပြွန်၏ ပုံမှန်အက်ဆစ်ဓာတ် pH သည် pH 7 ဖြစ်ပြီး၊ အစာမျိုချသည့်အချိန်နှင့် အစာပြန်ဆန်တက်ချိန်တို့တွင် pH ပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်သည်
- ထိုပြောင်းလဲမှု ရာခိုင်နှုန်းကို ကြည့်ခြင်းဖြင့် အစာပြန်ဆန်တက်မှုရှိ၊ မရှိကို သိနိုင်သည်
- အစာပြန်ဆန်တက်သော အကြိမ်အရေအတွက်နှင့် အစာအမျိုးအစား (Reflux Episode Number and Type)
- ၂၄ နာရီတွင်း အစာပြန်ဆန်တက်သော အကြိမ်ရေနှင့် အမျိုးအစားများကို ဖော်ပြသည်
- အစာအမျိုးအစား (ဥပမာ _ အစာရည်သီးသန့်၊ လေသီးသန့်၊ အစာရည်နှင့်လေ ရောနေခြင်း) ဖြင့် ဖော်ပြကြသကဲ့သို့ အက်ဆစ်ပြင်းအား (ဥပမာ _ အက်ဆစ်ဓာတ် အပြင်းအပျော့ သို့မဟုတ် အက်ဆစ်မဟုတ်သော သည်းခြေရည်များ ပါဝင်နေပါက အယ်လ်ကာလီဓာတ်) ဖြင့်လည်း ဖော်ပြသည်
- ရောဂါလက္ခဏာနှင့် ဆက်စပ်မှု (Symptom Correlation)
- အက်ဆစ်နှင့် အစာရည်များ ပြန်ဆန်တက်ချိန်သည် လူနာ၌ လက္ခဏာခံစားရချိန်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
- Symptom index (SI) နှင့် Symptom Association Probability (SAP) စသည့်အချက်များဖြင့် အဖြေထုတ်ပေးသည်
- အစာထိတွေ့မှု ကြာမြင့်ချိန် (Bolus Exposure Time)
- အစာစားပြီးနောက် ထိုအစာနှင့်အရည်များ အစာရေမျိုပြွန်နှင့် ထိတွေ့ရန်ကြာချိန်ကို တိုင်းတာသည်
- ကိုယ်ခန္ဓာ အနေအထားပြောင်းလဲမှုနှင့် ဆက်စပ်ခြင်း (Upright or supine reflux)
- ထိုင်နေစဥ်နှင့် လှဲနေစဥ် လက္ခဏာများဖြစ်ပေါ်မှုကို ဖော်ပြသည်
နောက်ဆက်တွဲဆိုးကျိုးများ
ဤအစာအိမ်စစ်ဆေးခြင်းသည် အများအားဖြင့် အန္တရာယ်ကင်းပြီး လူအများစုတွင် အလွယ်တကူ ပြုလုပ်နိုင်သည်။ ပိုက်ထည့်စဥ် နှာခေါင်းနှင့် အာခေါင်လည်ချောင်းတွင် အနည်းငယ် ကသိကအောင့် ဖြစ်နိုင်သော်လည်း ဝေဒနာမပြင်းထန်ဘဲ ခေတ္တမျှသာဖြစ်လေ့ရှိသည်။ အချို့သူများတွင် အာခေါင်ကို အထိမခံနိုင်ဘဲ ပျို့အန်တတ်သောကြောင့် အဆိုပါစစ်ဆေးခြင်းကို ပြုလုပ်ရန် ခက်ခဲနိုင်သည်။ ဖြစ်ပွါးနိုင်မှု အလွန်ရှားပါးသော်လည်း နှာခေါင်းသွေးလျှံခြင်း၊ အစာရေမျို၊ လည်ချောင်းနှင့် အဆုတ်နံရံများ စုတ်ပြဲခြင်းတို့ ဖြစ်နိုင်သည်။
နောက်ဆက်တွဲ စောင့်ရှောက်မှုများ
ရရှိလာသော အဖြေရလဒ်ပေါ် မူတည်၍ သက်ဆိုင်ရာဆရာဝန်မှ အောက်ပါအချက်များကို ရှင်းလင်းပြောပြပြီး ကုသမှုနည်းလမ်းများကို လမ်းညွှန်ပေးမည်ဖြစ်သည်။
- ရောဂါအတည်ပြုခြင်း
လူနာခံစားရသော လက္ခဏာများသည် စားချဥ်ပြန်ရောဂါနှင့် ဆက်စပ်မှုရှိခြင်း၊ ရောဂါဖြစ်နိုင်ခြေများခြင်း သို့မဟုတ် အခြားရောဂါ ဖြစ်နိုင်ခြေများခြင်း စသည်တို့ကို သိရှိနိုင်သည်။ - ရောဂါအမျိုးအစားခွဲခြားခြင်း
စားချဥ်ပြန်ရောဂါဆိုပါက အက်ဆစ်ဓာတ်များသော အမျိုးအစား (Acidic reflux) နှင့် အက်ဆစ်ဓာတ် မပါသော၊ နည်းသော အမျိုးအစား (Non-acid reflux) ခွဲခြားပေးနိုင်သည်။ - ရောဂါပြင်းထန်မှု သတ်မှတ်ခြင်း
စားချဥ်ပြန်ရောဂါတွင် အစာရေမျိုပြွန်သည် အက်ဆစ်ထိတွေ့ချိန် (Acid exposure time)၊ အက်ဆစ်ကို ပြန်လည်ဖယ်ရှားရန် ကြာချိန်၊ အစာရေမျိုပြွန်၏ မည်သည့်အပိုင်းအထိ အက်ဆစ်ထိတွေ့ခြင်း စသည့်အချက်များပေါ် မူတည်၍ ရောဂါပြင်းထန်မှုကို သိနိုင်သည်။ - ရောဂါကုသမှုအတွက် လမ်းညွှန်ပေးခြင်း
ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုပေါ် မူတည်၍- နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
- အဆီများသောအစာများ၊ အရက်၊ ကော်ဖီတို့ကို ရှောင်ရန်၊ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်၊ အစာစားပြီးချင်း လှဲအိပ်ခြင်းကို ရှောင်ကြဥ်ရန်၊ အစာကို ဖြည်းဖြည်းမှန်မှန် ဝါးစားရန်၊ အစာကို တစ်ခါတည်း အများကြီးမစားရန် စသည်တို့ဖြစ်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
အက်ဆစ်များသူများအတွက် အစာအိမ်အက်ဆစ်နည်းစေသော ဆေးဝါးများ ပေးခြင်း၊ သောက်လက်စဆေးဝါးများကို ပမာဏတိုးခြင်း၊ အခြားဆေးများ ပြောင်းပေးခြင်း၊ အက်ဆစ်ဓာတ်မပါသော အစာပြန်ဆန်ခြင်းအတွက် အစာအိမ်လှုပ်ရှားမှုကို အားပေးသော Prokinetic ဆေးများ၊ အစာခြေလမ်းကြောင်းကို ကာကွယ်ပေးသော Alginate ဆေးများဖြင့် ကုသခြင်းစသည်တို့ ပြုလုပ်နိုင်သည်။ - အကယ်၍ ဆေးဝါးများဖြင့် မသက်သာသော စားချဥ်ပြန်ရောဂါ လူနာများအတွက် လိုအပ်ပါက ခွဲစိတ်ကုသခြင်း (ဥပမာ _ Fundoplication, LINX device) နည်းလမ်းများကို လမ်းညွှန်မည်ဖြစ်သည်
References:
- Cary Gastroenterology Associates. (n.d.). What is the purpose of a pH impedance test? Retrieved December 8, 2025, from https://www.carygastro.com/blog/what-is-the-purpose-of-a-ph-impedance-test
- Gateshead Health NHS Foundation Trust. (n.d.). Oesophageal manometry and 24-hour pH/PH impedance measurement. Retrieved December 8, 2025, from https://www.gatesheadhealth.nhs.uk/resources/oesophageal-manometry-and-24-hour-ph-ph-impedance-measurement/
- Hopkins Medicine. (n.d.). 24-hour pH impedance testing. Retrieved December 8, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/24-hour-ph-impedance-testing
- MGIU (Medical Group International Universities). (n.d.). 24hr pH impedance monitoring study. Retrieved December 8, 2025, from https://www.mgiu.com.au/procedures/24hr-ph-impedance-monitoring-study
- University of Michigan Health. (n.d.). Esophageal 24-hour pH impedance reflux monitoring. Retrieved December 8, 2025, from https://www.uofmhealth.org/our-care/specialties-services/esophageal-24-hour-phimpedance-reflux-monitoring
- UCLA Health. (n.d.). 24-hour pH impedance off acid suppression. Retrieved December 8, 2025, from https://www.uclahealth.org/sites/default/files/documents/24-hour%20pH-impedance%20off%20acid%20suppression.pdf
- Westminster Health (Singapore). (n.d.). Oesophageal 24-hour pH-impedance study. Retrieved December 8, 2025, from https://www.wh.com.sg/ForPatientsVisitors/healthlibrary/Documents/Oesophageal-24-hour-pH-Impedance-Study.pdf
Published: 25 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
