Holter monitor (နှလုံးခုန်နှုန်းနှင့် စည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)

Holter monitor (နှလုံးခုန်နှုန်းနှင့် စည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)

ဟိုလ်တာစက် (Holter monitor) ဆိုသည်မှာ ကိုယ်ခန္ဓာတွင် အလွယ်တကူ ဝတ်ဆင်ထားနိုင်သော ကိရိယာငယ်တစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက်တို့ကို မှတ်တမ်းတင်ထားသည့် စက်တစ်မျိုးဖြစ်သည်။ နှလုံးခုန်စည်းချက်ကို (၂၄)နာရီ မှ (၄၈)နာရီ ဆက်တိုက်မှတ်တမ်းသွင်းထားနိုင်ပြီး နှလုံးခုန်စည်းချက် မမှန်သောရောဂါများကို ရှာဖွေရန် အသုံးပြုသည်။ ဟိုလ်တာစက်သည် နှလုံးအီးစီဂျီစစ်ဆေးခြင်း (ECG) ကဲ့သို့ နှလုံးလျှပ်စီးလမ်းကြောင်းများကို မှတ်တမ်းတင်ခြင်းဖြစ်သည်။ အီးစီဂျီသည် ထိုသို့မှတ်တမ်းတင်ခြင်းကို မိနစ်အနည်းငယ်သာ ပြုလုပ်ပေးနိုင်ပြီး၊ ဟိုလ်တာစက်မှာမူ (၁) ရက်၊ (၂) ရက်ဆက်တိုက် အချက်အလက်များကို မှတ်ထားပေးနိုင်သဖြင့် တစ်ခါတစ်ရံမှ ပေါ်လာသော စည်းချက်မမှန်မှုများကို ပိုမိုသိရှိနိုင်သည်။ ထို့ကြောင့် အီးစီဂျီဖြင့် စစ်ဆေး၍ မတွေ့နိုင်သော နှလုံးစည်းချက်မမှန်သည့် အခြေအနေများတွင် ဟိုလ်တာစက်ကို အသုံးပြု၍ စစ်ဆေးနိုင်သည်။

ဟိုလ်တာစက်အကြောင်း
ဟိုလ်တာစက်ကို (၁၉၅၀) ပြည့်နှစ်အလွန်ကာလများတွင် Dr. Norman J.Holter က တီထွင်ခဲ့သောကြောင့် Holter monitor ဟုခေါ်ဆိုသည်။ စက်၏ အရွယ်အစားမှာ အမျိုးအစားအလိုက် ကွာခြားနိုင်သော်လည်း များသောအားဖြင့် လက်ကိုင်ဖုန်းတစ်လုံး အရွယ်အစားမျှသာရှိ၍ သေးငယ်ပေါ့ပါးပြီး ဘက်ထရီအားဖြင့် လည်ပတ်သည်။ နှလုံးခုန်နှုန်းနှင့် စည်းချက်များကို မှတ်သားနိုင်ရန် ရင်ဘတ်အရေပြားပေါ်တွင် ကပ်ထားရသော Electrode ခေါ် အာရုံခံသတ္တုပြားလေးများ (၃)ခု မှ (၅)ခုအထိ ပါရှိပြီး၊ ၎င်းတို့မှ အချက်အလက်များကို စက်ထံသို့ ပို့ပေးနိုင်ရန်အတွက် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသည်။ Electrode များကို အဝတ်အစားအောက်တွင် ဝတ်ဆင်နိုင်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ဆောင်နိုင်သည်။

နှလုံးစောင့်ကြည့်စစ်ဆေးစက် အမျိုးအစားများ
  1. ကနဦးစက်များ (Traditional Holter monitor)
    သမားရိုးကျ ရိုးရှင်းသောစက်များဖြစ်ပြီး (၂၄)နာရီ မှ (၄၈)နာရီဆက်တိုက် နှလုံးခုန်နှုန်းကို မှတ်သားထားသည်။ တပ်ဆင်ရလွယ်ကူပြီး ရက်အနည်းငယ်သာ ဝတ်ဆင်ရသည်။ နှလုံးလက္ခဏာများ နေ့စဥ်ဖြစ်ပေါ်နေသော လူနာများအတွက် အဓိကအသုံးဝင်သည်။ ဝါယာကြိုးပါသော အမျိုးအစားများ ရှိသလို နောက်ပိုင်းတွင် ဝါယာကြိုးမဲ့စနစ်ပါဝင်သော စက်များလည်း ပေါ်လာသည်။
  2. ရက်ရှည်ဝတ်ဆင်နိုင်သောစက်များ (Extended-wear Holter monitor)
    ကနဦးစက်များထက် ပိုမိုအချိန်ကြာမြင့်စွာ (၂ ပတ်နှင့်အထက်) ဝတ်ဆင်ထားနိုင်ပြီး တစ်ခါတစ်ရံမှ လက္ခဏာဖြစ်ပေါ်တတ်သော လူနာများအတွက်နှင့် နှလုံးခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် စောင့်ကြည့်ရန်အတွက် အသုံးပြုသည်။ စက်အရွယ်အစားမှာလည်း ပိုမိုကျစ်လစ်သေးငယ်သောကြောင့် လူနာများ ရက်ရှည်ဝတ်ဆင်ရန် အဆင်ပြေသည်။ ဥပမာ – Patch recorder အမျိုးအစားစက်သည် ရင်ဘတ်တွင် ကပ်ထားရုံဖြင့် နှလုံးခုန်နှုန်း မှတ်တမ်းတင်ခြင်းနှင့် အချက်အလက်သိမ်းဆည်းခြင်းတို့ကို စက်တစ်ခုတည်းဖြင့် အလွယ်တကူ ပြုလုပ်နိုင်သည်။
  3. ဖြစ်စဥ်မှတ်တမ်းတင်စက် (Event Monitor)
    ဤစက်သည် ဟိုလ်တာစက်ထက် ပို၍ရက်ကြာကြာ တပ်ဆင်ထားနိုင်ပြီး လူနာမှ ရင်တုန်ခြင်း၊ တလှပ်လှပ်ဖြစ်ခြင်း၊ ခေါင်းမူးခြင်း စသည့်လက္ခဏာများ ခံစားရချိန်တွင် ကိုယ်တိုင်ခလုတ်နှိပ်၍ မှတ်တမ်းတင်နိုင်ခြင်း သို့မဟုတ် နှလုံးခုန်စည်းချက် မမှန်ချိန်များကို အလိုအလျောက် မှတ်ထားနိုင်ခြင်းစသည့် ကွာခြားချက်များရှိသည်။ အကယ်၍ လူနာ၏ လက္ခဏာများသည် နေ့စဥ်ဖြစ်ပေါ်ခြင်းမရှိဘဲ ရက်ပိုင်း၊ လပိုင်းကြာမှ ဖြစ်ပေါ်တတ်ပါက ဟိုလ်တာစစ်ဆေးခြင်းတွင် မတွေ့နိုင်သောကြောင့် ထိုအခြေအနေများကို ဖြစ်စဥ်မှတ်တမ်းတင်စက် (Event recorder) ဖြင့် ပြန်လည်စစ်ဆေးနိုင်သည်။
  4. အဝေးမှစောင့်ကြည့်နိုင်သော စက်များ (Mobile Cardiac Telemetry – MCT)
    လူနာတွင် စက်ကို ဝတ်ဆင်ထားပြီး နှလုံးခုန်နှုန်း၊ စည်းချက်စသည်တို့ကို မှတ်တမ်းယူထားရုံသာမက ထိုအချက်အလက်များကို ဗဟိုထိန်းချုပ်စနစ်သို့ အချိန်နှင့်တပြေးညီ ပို့ပေးသည်။ ဆရာဝန်သည် ထိုဗဟိုစနစ်မှ အချက်အလက်များကို အချိန်မရွေး ကြည့်ရှုနိုင်ပြီး၊ လိုအပ်သော ကုသမှုများ၊ လမ်းညွှန်မှုများကို ချက်ချင်းလုပ်ဆောင်နိုင်ခြင်းမှာ ဤစက်၏ အဓိကအားသာချက်ဖြစ်သည်။ ရုတ်ချည်းဖြစ်ပေါ်တတ်သော နှလုံးခုန်မမှန်ခြင်း၊ နှလုံးဆေးဝါးများ ပေးပြီးနောက် အာနိသင်စစ်ဆေးခြင်း၊ နှလုံးခွဲစိတ်ကုသမှုများ ပြုလုပ်အပြီး စောင့်ကြည့်ခြင်း စသည်တို့အတွက် သုံးနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် ဟိုလ်တာစက်တပ်၍ စစ်ဆေးရန် လိုအပ်နိုင်သည်။ ဟိုလ်တာစက် မတပ်ခင် နှလုံးအီးစီဂျီ စစ်ဆေးခြင်းကို ဦးစွာပြုလုပ်မည်ဖြစ်သည်။

  • နှလုံးစည်းချက်မမှန်သော လက္ခဏာများရှိခြင်း (Arrhythmia)
  • နှလုံးခုန်နှုန်း မြန်လွန်းခြင်း သို့မဟုတ် ‌နှေးလွန်းခြင်း (Tachycardia or Bradycardia)
  • အကြောင်းရင်းမရှိဘဲ သတိလစ်မေ့မြောခြင်း (Fainting)
  • နှလုံးခုန်စည်းချက်မမှန်ခြင်းကို ဖြစ်စေနိုင်သော နှလုံးရောဂါရှိခြင်း (ဥပမာ_ နှလုံးကြွက်သားနံရံ ထူသောရောဂါ၊ နှလုံးသွေးကြောပိတ်ပြီးနောက် နှလုံးညစ်အား ကျဆင်းသောရောဂါ)
  • နှလုံးရောဂါဆေးဝါးများ၏ အာနိသင်များ၊ နှလုံးစက်တပ်ခြင်း၊ နှလုံးဆိုင်ရာကုသမှုများ ပြုလုပ်ပြီးနောက် ကုသမှုရလဒ်များကို ပြန်လည်စစ်ဆေးခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
  • ဟိုလ်တာစက်တပ်ခြင်းသည် များသောအားဖြင့် မည်သည့်အန္တရာယ်မျှ မဖြစ်စေပါ
  • လူအနည်းစုတွင် Electrode ကပ်ထားသော အရေပြားနေရာ သက်သောင့်သက်သာ မရှိခြင်းနှင့် အရေပြားယားယံခြင်းတို့ ဖြစ်တတ်သည်၊ ကပ်ခွာများ၊ ပလာစတာတိပ်များနှင့် ဓာတ်မတည့်ခြင်းရှိပါက ကြိုတင်အသိပေးထားရန် လိုသည်
  • အိမ်သုံးလျှပ်စစ်ပစ္စည်း အများစုသည် ဟိုလ်တာစက်၏ လုပ်ငန်းကို အနှောင့်အယှက် မပေးနိုင်သော်လည်း လျှပ်စစ်စောင်များ၊ လျှပ်စစ်သုံး မုတ်ဆိတ်ရိတ်စက်များနှင့် သွားပွတ်တံများ၊ သံလိုက်များ၊ မိုက်ခရိုဝေဖ့်မီးဖိုများ၊ သတ္တုရှာဖွေစက်များစသော လျှပ်စစ်ပစ္စည်းများနှင့် ဗို့အားမြင့် နေရာများသို့သွားခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့သည် အာရုံခံသတ္တုပြားများ၏ လုပ်ဆောင်ချက်ကို ထိခိုက်စေသောကြောင့် စက်ကိုဝတ်ဆင်ထားစဥ်၌ ၎င်းအချက်များကို ရှောင်ကြဥ်ရမည်
  • ထို့ပြင် လက်ကိုင်ဖုန်းများနှင့် MP3/ MP4 စက်များ၊ CD player များကိုလည်း စက်နှင့် အနည်းဆုံး (၆) လက်မအကွာတွင် ထားရန်လိုအပ်သည်
  • ဟိုလ်တာစက်အများစုသည် နှလုံးခုန်နှုန်းနှင့် စည်းချက်ဆိုင်ရာ အချက်အလက်များကို မှတ်တမ်းအနေဖြင့် မှတ်ထားခြင်းသာဖြစ်ပြီး ဆရာဝန်ထံသို့ အချိန်နှင့်တပြေးညီ ပေးပို့ခြင်းမရှိသောကြောင့် စက်တပ်ထားစဥ် နှလုံးရောဂါဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် ဆက်သွယ်ပါ သို့မဟုတ် အရေးပေါ်ဌာနသို့ သွားရောက်ပြသပါ
ဟိုလ်တာစက် တပ်ဆင်ခြင်းအဆင့်ဆင့်

စက်မတပ်ခင်

  • ဟိုလ်တာစက်တပ်ရန် လိုအပ်သော အကြောင်းရင်းများ၊ သိရှိနိုင်သော အဖြေရလဒ်များ၊ စက်တပ်စဥ် သတိထားရှောင်ကြဥ်ရမည့် အချက်များ၊ ဆက်လက်ပြုလုပ်ရနိုင်သော ကုသမှုများကို ဆရာဝန်မှ ကြိုတင်ရှင်းပြမည်
  • ထို့နောက် ဟိုလ်တာစက်တပ်ရန်အတွက် သတ်မှတ်ထားသော ဆေးရုံ၊ ဆေးခန်းတွင် ရက်ချိန်းယူရမည်
  • ချိန်းဆိုသည့်ရက် မသွားခင်တွင် ရေချိုးသွားရန် လိုအပ်သည်
  • စက်တပ်ထားသည့် (၁) ရက်၊ (၂) ရက်အတွင်း စက်ကို ခြောက်သွေ့စွာထားရန် လိုအပ်သဖြင့် ရေမချိုးဘဲနေရမည်
  • အရေပြားပေါ်တွင် အကြွေစေ့အရွယ်ခန့်ရှိသော Electrodes အာရုံခံအပြားငယ်များ သေချာကပ်ရန် လိုအပ်ပြီး တစ်ခါတစ်ရံ ကပ်မည့်နေရာတွင် အမွေးများထူနေပါက အနည်းငယ်ရိတ်ပြီးမှ ကပ်ရမည်ဖြစ်သည်

စက်တပ်ဆင်ခြင်း

  • အရေပြားပေါ်တွင် Electrode များကို ကပ်ပေးပြီး ဝါယာကြိုးများနှင့် မှတ်တမ်းယူမည့်စက်များ ပုံမှန် ဖြစ်မဖြစ် စစ်ဆေးမည်ဖြစ်သည်
  • နှလုံးခုန်ခြင်းကို စနစ်တကျ မှတ်တမ်းတင်မှု စတင်နေပြီဆိုပါက လိုအပ်သော လမ်းညွှန်ချက်များကို လူနာအား အသိပေးမည်ဖြစ်သည်
  • စက်တပ်ပြီးပါက လူနာသည် အိမ်သို့ ပြန်နိုင်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်
  • စက်ကို များသောအားဖြင့် (၁)ရက် မှ (၂)ရက်ထိ တပ်ထားရန်လိုပြီး အရေပြားရှိ Electrode များနှင့် ဝါယာကြိုးများကို အဝတ်အစားဖြင့် ဖုံးအုပ်ထားနိုင်သည်၊ စက်ကိုမူ အင်္ကျီအိတ်ကပ်ထဲထည့်၍ လည်းကောင်း၊ ခါးပတ် သို့မဟုတ် စလွယ်သိုင်းကြိုးဖြင့် ချိတ်၍လည်းကောင်း ဝတ်ဆင်နိုင်သည်
  • စက်ကို လုံးဝမဖြုတ်ရဘဲ အိပ်ချိန်အပါအဝင် (၂၄) နာရီ တပ်ဆင်ထားရန် လိုအပ်သည်
  • စက်နှင့် ဝါယာကြိုးများသည် အမြဲခြောက်သွေ့နေရန် လိုအပ်သောကြောင့် ရေချိုးခြင်း၊ ရေကူးခြင်း မပြုလုပ်ရပါ၊ သို့ရာတွင် နောက်ဆုံးပေါ် ကြိုးမဲ့ Holter စက်များတွင်မူ ရေချိုးချိန်တွင် အာရုံခံအပြားများနှင့် အချက်အလက်မှတ်တမ်းတင်သည့် စက်ကို ခေတ္တဖြုတ်ထားနိုင်သည်
  • စက်တပ်ထားသည့် ရက်များတွင် ဆောင်ရန် ရှောင်ရန် လမ်းညွှန်ချက်များအတိုင်း ပုံမှန်လှုပ်ရှားသွားလာနိုင်ပြီး လှုပ်ရှားချိန်တွင် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကို ‌ မှတ်တမ်းတင်ထားရန် စာရွက်စာတမ်းများ ပေးထားမည်ဖြစ်သည်၊ အထူးသဖြင့် အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း၊ ရင်တလှပ်လှပ် ခံစားရခြင်း၊ နှလုံးခုန်ရပ်သလို ခံစားရခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်းစသည့် အရေးကြီးလက္ခဏာများဖြစ်ပေါ်ပါက သေချာမှတ်ထားရန် လိုအပ်သည်
  • စက်ဝတ်ဆင်ထားစဥ် စက်ချို့ယွင်းခြင်းသည်ဟု သံသယရှိခြင်း၊ စက်နှင့် ပတ်သက်၍ ထပ်မံသိလိုသော အချက်များ၊ အာရုံခံကပ်ခွာများ ချောင်လာခြင်း၊ အရေပြားမှကွာထွက်ခြင်းနှင့် အထက်ပါ နှလုံးရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက မိမိဆရာဝန်နှင့် ဆက်သွယ်ပြသရန်လိုသည်

စက်တပ်ဆင်မှုပြီးဆုံးခြင်း

  • စောင့်ကြည့်မှတ်တမ်းတင်သည့် အချိန်ပြီးဆုံးပါက သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြီး စက်ကို ပြန်လည်အပ်နှံရမည်
  • စက်တွင် သိမ်းဆည်းထားသော မှတ်တမ်းများနှင့် လူနာလက္ခဏာခံစားရသော အချိန်တို့ကို တိုက်၍ စစ်ဆေးနိုင်ပြီး ရရှိလာသော တွေ့ရှိချက်များနှင့် ရလဒ်အဖြေများကို သက်ဆိုင်ရာဆရာဝန်ထံသို့ ပို့ပေးမည်ဖြစ်သည်
အဖြေရလဒ်များ

သက်ဆိုင်ရာဆရာဝန်ထံသို့ (၁) ပတ်အတွင်း အဖြေရလဒ်များကို ပို့ပေးမည်ဖြစ်ပြီး ဆရာဝန်မှ လူနာအား ရလဒ်များကို ရှင်းပြပေးမည်ဖြစ်သည်။ နှလုံးခုန်နှုန်းနှင့် စည်းချက်ဆိုင်ရာ သိရှိနိုင်သောရောဂါများမှာ_

  • နှလုံးခုန်မြန်ပြီး စည်းချက်မမှန်ခြင်း (Atrial fibrillation)
  • နှလုံးခုန်နှုန်း နှေးခြင်း (Bradycardia)
  • နှလုံးခုန်နှုန်း မြန်ခြင်း (Tachycardia)
  • နှလုံးခုန်နှုန်းပုံမှန်တွင် တစ်ခါတစ်ရံ အချက်ပိုခုန်ခြင်း (Premature ventricular contraction-PVC) စသည်တို့ဖြစ်ပြီး နှလုံးရောဂါ ရှိမရှိသိနိုင်သလို လက်ရှိသောက်နေသော နှလုံးဆေးဝါးများ၏ အာနိသင် သက်ရောက်မှု ရှိမရှိကိုလည်း သိရှိနိုင်သည်။
နောက်ဆက်တွဲစောင့်ရှောက်မှုများ

ဆရာဝန်မှ အဖြေရလဒ်များအပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အောက်ပါစစ်ဆေးကုသမှုများကို လမ်းညွှန်ပေးမည်ဖြစ်သည်။

  • နှလုံးအတွက် အခြားစစ်ဆေးမှုများ (ဥပမာ _ သွေးကြောဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များ ရိုက်ခြင်း)
  • နှလုံးအတွက် လိုအပ်သောဆေးဝါးများ ပေးခြင်း၊ ဆေးဝါးပမာဏ ပြန်ညှိခြင်း (ဥပမာ_ Antiarrhythmic drugs နှလုံးခုန်နှုန်း ထိန်းညှိဆေးများ ပေးခြင်း)
  • နှလုံးခုန်နှုန်းနှေးခြင်းအတွက် နှလုံးခုန်လှုံ့ဆော်ပေးသောစက်ကို တပ်ဆင်ပေးခြင်း (Pacemaker)
  • နှလုံးခုန်မြန်၍ မမှန်ခြင်းအတွက် ပုံမှန်စည်းချက် ပြန်ဖြစ်စေသော ကုသမှုများပေးခြင်း (Cardioversion procedure)
  • အပူ သို့မဟုတ် အအေးစွမ်းအင်ကို အသုံးပြု၍ နှလုံးအခန်းနံရံတွင် အမာရွတ်တစ်ရှူးများ ဖြစ်စေခြင်းဖြင့် နှလုံးစည်းချက်မမှန်ခြင်းကို ကုသခြင်း (Ablation) စသည်တို့ကို လိုအပ်သလို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

References:

  1. American Heart Association. (n.d.). Holter monitor. Retrieved November 24, 2025, from https://www.heart.org/en/health-topics/heart-attack/diagnosing-a-heart-attack/holter-monitor
  2. Cleveland Clinic. (n.d.). Holter monitor. Retrieved November 24, 2025, from https://my.clevelandclinic.org/health/diagnostics/21491-holter-monitor
  3. Healthline Media / MedlinePlus. (n.d.). Holter monitor. Retrieved November 24, 2025, from https://medlineplus.gov/ency/article/003877.htm
  4. Hopkins Medicine. (n.d.). Holter monitor. Retrieved November 24, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/holter-monitor
  5. Mayo Clinic. (n.d.). Holter monitor. Retrieved November 24, 2025, from https://www.mayoclinic.org/tests-procedures/holter-monitor/about/pac-20385039
  6. Tentabs. (n.d.). Exploring the different types of Holter monitors, benefits, and uses. Retrieved November 24, 2025, from https://tentabs.in/blogs/news/exploring-the-different-types-of-holter-monitors-benefits-and-uses

Published: 24 December 2025

Share

24 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)
Dec 25, 2025
Tests and Procedures

24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)

စားချဥ်ပြန်ရောဂါနှင့် အစာရေမျိုပြွန်၊ အစာအိမ်ဆိုင်ရာ အခြားရောဂါများကို...

Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)
Dec 3, 2025
Tests and Procedures

Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)

ပျက်စီးပေါက်ပြဲသွားသော နားစည်မြှေးကြောင့် အကြားအာရုံဆုံးရှုံးခြင်းအား...

Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)
Dec 2, 2025
Tests and Procedures

Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ရှိနေပြီး၊ သားဥကြွေစေသော...