သွေးစစ်ခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် ဆေးပညာရှင်များ အများဆုံး အသုံးပြုသော အခြေခံစစ်ဆေးမှုဖြစ်ပြီး၊ လူတစ်ဦး၏ ကျန်းမာရေးအခြေအနေကို ခြုံငုံဖော်ပြပေးနိုင်ခြင်းနှင့် အချို့ရောဂါများအတွက် တိကျသော အဖြေပေးနိုင်ခြင်းဟူသည့် ရည်ရွယ်ချက်နှစ်မျိုးဖြင့် အသုံးပြုကြသည်။ သွေးစစ်ခြင်းဖြင့် သွေးဆဲလ်များ (သွေးအား၊ သွေးဥမွှား)၊ ကိုယ်တွင်းရှိ Electrolytes သက်စောင့်ဓာတ်ဆားများ၊ ပရိုတင်းများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များအပြင် အသည်းနှင့် ကျောက်ကပ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများ ပုံမှန် ဖြစ်မဖြစ်ကိုပါ စစ်ဆေးနိုင်သည်။ အရေးကြီးသည်မှာ သွေးစစ်ချက်အများစုသည် ရောဂါလက္ခဏာများပေါ်မူတည်၍ ရောဂါရှာဖွေရာတွင် အထောက်အကူပြုခြင်းသာဖြစ်ပြီး၊ သွေးအဖြေတစ်ခုတည်းဖြင့် ရောဂါအမည်တပ်ရန် မဖြစ်နိုင်သည်ကို သတိပြုရန် လိုအပ်သည်။ ထို့ကြောင့် သွေးအဖြေ ပုံမှန်မဟုတ်ရုံဖြင့် ပြင်းထန်သောရောဂါ ရှိနေသည်ဟု တထစ်ချ မှတ်ယူရန် မလိုအပ်ပါ။
သွေးစစ်ရန် လိုအပ်သော အခြေအနေများ
- ခန္ဓာကိုယ်ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း
ခန္ဓာကိုယ်ကျန်းမာရေး ပုံမှန်စစ်ဆေးချိန်တွင် ဖော်ပြပါ အခြေခံသွေးစစ်ခြင်းများ ပြုလုပ်သည်။- သွေးအားစစ်ဆေးခြင်း (Complete blood count)
- အခြေခံ ဇီဝဖြစ်ပျက်မှု စစ်ဆေးခြင်း (Basic metabolic panel)
- ပိုမိုပြည့်စုံသော ဇီဝဖြစ်ပျက်မှုစစ်ဆေးခြင်း (Comprehensive metabolic panel) ဖြင့် ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပုံမှန် ဖြစ်မဖြစ် သိနိုင်သကဲ့သို့ တစ်ကိုယ်လုံးကျန်းမာရေးကို အကြမ်းဖျဥ်း ဆန်းစစ်နိုင်သည်
- ပုံမှန်အားဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို တစ်နှစ် တစ်ကြိမ် ပြုလုပ်ရန် ညွှန်ကြားလေ့ရှိသည်၊ သို့သော် အချို့အခြေအနေများ (အဝလွန်ခြင်း၊ မျိုးရိုးလိုက်ဆီးချိုရောဂါ) တွင် ဆီးချိုရောဂါကို မကြာခဏစစ်ဆေးရန် လိုအပ်နိုင်သည်
- ကြိုတင်စစ်ဆေးခြင်း
အချို့ရောဂါများ (ဥပမာ_ အချို့သောကင်ဆာရောဂါများ) ကို ရောဂါလက္ခဏာများ မပေါ်ခင်တည်းက ကြိုတင်စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်ဖြစ်နိုင်သော အခြေအနေများကို ကြိုတင်ကာကွယ်နိုင်သည်။ - ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာတစ်ခုခု ရှိသူများတွင် ၎င်းကိုဖြစ်စေသော အကြောင်းရင်းများကို သွေးစစ်ခြင်းဖြင့် ရှာဖွေနိုင်သည် (ဥပမာ _ လည်ပင်းဟော်မုန်း စစ်ဆေးခြင်း)။ - ကိုယ်တွင်းအင်္ဂါများ၏ စွမ်းဆောင်ရည်ကို ဆန်းစစ်ခြင်း
အကြီးစား ခွဲစိတ်မှုများနှင့် အခြားကုသမှုများ မပြုလုပ်မီတွင် လူနာ၏ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်စသည့် အဓိကကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများ လုံလောက်မှု ရှိမရှိကို သွေးစစ်ဆေးခြင်းဖြင့် ကြိုတင် အကဲဖြတ်နိုင်သည်။ - ကုသမှု၏ ထိရောက်ပုံကို ဆန်းစစ်ခြင်း
ကုသမှုတစ်ခု ခံယူပြီးနောက် အဆိုပါကုသမှုသည် မည်မျှထိရောက်မှု ရှိမရှိကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်သည် (ဥပမာ _ သံဓာတ်အားဆေးသောက်ပြီး၍ သွေးအား ပြန်လည်စစ်ဆေးခြင်း)။ - ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကို စောင့်ကြည့်ခြင်း
အချို့ဆေးဝါးများ (ဥပမာ _ သွေးကျဲဆေးများ၊ အတက်ကျဆေးများ၊ ကိုယ်ခံအားနှိမ့်ဆေးများ) သောက်သုံးနေရသော လူနာများတွင် ထိုဆေးဝါးများကြောင့် အသည်း သို့မဟုတ် ကျောက်ကပ် လုပ်ငန်းများ ပျက်စီးခြင်း၊ သွေးဆဲလ်အရေအတွက် ပြောင်းလဲခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို ပုံမှန်သွေးစစ်ခြင်းဖြင့် စောင့်ကြည့်ရန် လိုအပ်သည်။ - သွေးတွင်း ဆေးဝါးပမာဏကို တိုင်းတာခြင်း (Therapeutic Drug Monitoring – TDM)
အချို့သော ဆေးဝါးများ (ဥပမာ _ စိတ်ကျရောဂါ ကုသဆေးများ၊ အတက်ရောဂါ ကုသဆေးများ၊ အချို့သော နှလုံးဆေးဝါးများ) ကို သောက်သုံးသူများတွင် သွေးထဲ၌ ထိုဆေးဝါးများ၏ ပမာဏသည် ရောဂါပျောက်ကင်းစေနိုင်သော အဆင့် (Therapeutic Level) တွင် ရှိမရှိကို တိုင်းတာရန် လိုအပ်သည်။ ဤသို့တိုင်းတာခြင်းဖြင့် ဆေးဝါးပမာဏ အလွန်နည်းပါက ကုသမှု မထိရောက်ခြင်း သို့မဟုတ် အလွန်များပါက ဘေးထွက်ဆိုးကျိုးများ (Toxicity) ဖြစ်ပွားခြင်းတို့မှ ကြိုတင်ကာကွယ်နိုင်သည်။ - မျိုးဗီဇနှင့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှာဖွေခြင်း
မျိုးဗီဇပြောင်းလဲမှုများကြောင့် သွေးဆဲလ်များနှင့် သွေးဥမွှားများတွင် ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် အခြေအနေများ (ဥပမာ _ သွေးရောဂါအချို့) ကို သိရှိနိုင်ရန်အတွက် သွေးစစ်ဆေးခြင်းကို အသုံးပြုသည်။ ထို့ပြင် မိဘထံမှ အမွေဆက်ခံရရှိသော မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် ဖြစ်ပွားသည့် အချို့ရောဂါများကို ရှာဖွေဖော်ထုတ်ရန်အတွက်လည်း မျိုးဗီဇ ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်း (Genetic testing) ကို သွေးနမူနာယူ၍ ပြုလုပ်နိုင်သည်။
သွေးစစ်ဆေးမှု အမျိုးအစားများ
သွေးစစ်ရာတွင် အဖြေသိလိုသော အမျိုးအစားများစွာကို တစ်ပြိုင်တည်း စစ်ဆေးနိုင်သလို တစ်မျိုးတည်း သီးသန့်စစ်ဆေးခြင်းလည်း ပြုလုပ်နိုင်သည်။ အဓိကအားဖြင့် သွေးစစ်ခြင်း (၂) မျိုးရှိသည်။
- ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို အကြမ်းဖျင်း ဆန်းစစ်နိုင်သော ယေဘုယျသွေးစစ်ဆေးမှုများ (Non-specific tests)
- ရောဂါတစ်ခုကို တိကျစွာ အတည်ပြုရန် သို့မဟုတ် ကုသမှုအခြေအနေကို စောင့်ကြည့်ရန်အတွက် စစ်ဆေးသော အထူးပြု သွေးစစ်ဆေးမှုများ (Specific Tests) ဖြစ်သည်။
ယေဘုယျ သွေးစစ်ဆေးမှုများ (Non-specific tests)
- သွေးစစ်ခြင်း (Complete blood count)
အများဆုံးအသုံးပြုသော အခြေခံသွေးစစ်ဆေးမှုဖြစ်ပြီး သွေးဆဲလ်များ၏ အခြေအနေများကို အသေးစိတ်သိရှိနိုင်သည်။- သွေးတွင်းရှိ သွေးနီဥ၊ သွေးဖြူဥများနှင့် သွေးဥမွှားများ၏ အရေအတွက်
- သွေးအားပမာဏ ဟီမိုဂလိုဘင် (Haemoglobin)
- သွေးနီဥရာခိုင်နှုန်းကို တိုင်းတာသည့် Haematocrit
- သွေးနီဥများ၏ ပျမ်းမျှအရွယ်အစားကို တိုင်းတာသော Mean Corpuscular volume (MCV)
- သွေးနီဥ တစ်လုံးနှင့်တစ်လုံး အရွယ်အစားနှင့် ပမာဏ ကွဲပြားမှုကို ဖော်ပြသော သွေးနီဥဖြန့်ဖြူးမှုအကျယ် (Red cell distribution width-RDW)
- သွေးဖြူဥပမာဏနှင့် သွေးဖြူဥအမျိုးအစားများ၏ ရာခိုင်နှုန်းများ (Differential white cell count)
- သွေးဥမွှား နည်းခြင်း၊ များခြင်းစသည်တို့ကို သိရှိနိုင်သကဲ့သို့
- သွေးစက်နမူနာကို မှန်ပြားပေါ်တွင်တင်၍ အဏုကြည့်မှန်ဘီလူးအောက်တွင် သွေးဆဲလ်များ၏ ပုံသဏ္ဌာန်နှင့် အနေအထားများကို အသေးစိတ် စစ်ဆေးကြည့်ရှုနိုင်သည်၊ ဤစစ်ဆေးမှုသည် သွေးရောဂါများ၊ သွေးကင်ဆာနှင့် အခြားသွေးဆဲလ် ပုံမမှန်မှုများကို ဖော်ထုတ်ရာတွင် အလွန်အရေးကြီးသည်
- အခြေခံ ဇီဝဖြစ်ပျက်မှု စစ်ဆေးခြင်း (Basic metabolic panel)
သွေးထဲရှိ ဓာတ်အမျိုးမျိုးကို တိုင်းတာပေးပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးအခြေအနေကို ဆန်းစစ်ရန်၊ ရောဂါတစ်ခုကို ရှာဖွေရန် (သို့မဟုတ်) စောင့်ကြည့်ရန် အသုံးပြုသည်။ ပါဝင်သောစစ်ဆေးမှုများမှာ_- သွေးတွင်းဆီးချိုဓာတ် (Blood glucose) – ဆီးချိုရောဂါစစ်ဆေးခြင်း
- ကယ်လ်စီယမ်ဓာတ် (Calcium) – အရိုး၊ ကြွက်သားများနှင့်ဆိုင်သော ရောဂါများစစ်ဆေးခြင်း
- သွေးတွင်းယူရီးယားဓာတ် (Blood urea nitrogen) – ကျောက်ကပ်မှစွန့်ထုတ်သော ယူရီးယားနိုင်ထရိုဂျင်ဓာတ်ကို တိုင်းတာသောကြောင့် ကျောက်ကပ်လုပ်ငန်းကို စစ်ဆေးနိုင်ခြင်း
- ဆီးဆိပ်ဟုခေါ်သော Creatinine
- ကြွက်သားများမှ ထွက်ပြီး ကျောက်ကပ်မှ စွန့်ပစ်သောကြောင့် ကြွက်သားရောဂါ၊ ကျောက်ကပ်ရောဂါများကို စစ်ဆေးနိုင်ခြင်း၊ တစ်ခါတစ်ရံ ကြွက်သားထိခိုက်စေသော ရောဂါများတွင် Creatinine kinase (CK) ဓာတ်၊ နှလုံးကြွက်သားထိခိုက်ခြင်းကို စစ်ဆေးရန် CK-MB ဓာတ်များကို တိုင်းတာနိုင်သည်
- သွေးတွင်း Electrolytes သက်စောင့်သတ္တုဓာတ်များ
- ခန္ဓာကိုယ်အရည်ဓာတ်ကို ထိန်းပေးသော သွေးတွင်း ဆိုဒီယမ်ဓာတ် (Sodium)
- နှလုံးကြွက်သား၊ လှုပ်ရှားမှုကြွက်သားများနှင့် အာရုံကြောများအတွက် အရေးကြီးသော ပိုတက်ဆီယမ်ဓာတ် (Potassium)
- ကိုယ်ခန္ဓာအရည်ဓာတ်နှင့် သွေးတွင်းအက်စစ်ဓာတ်ထိန်းသော ကလိုရိုက်ဒ်ဓာတ် (Chloride)
- အသက်ရှူစနစ်နှင့် သွေးတွင်းအက်စစ်ဓာတ်ထိန်းပေးသော ဘိုင်ကာဗွန်နိတ်ဓာတ် (Bicarbonate) ကို တိုင်းတာခြင်း
- သွေးတွင်း Globulin ပရိုတင်း
- အသည်းမှထုတ်လုပ်ပြီး ကိုယ်ခံအားစနစ်၊ အသည်း၊ သွေးခဲခြင်းနှင့် သက်ဆိုင်သောရောဂါများတွင် တိုင်းတာနိုင်သည်
- ပြည့်စုံသော ဇီဝဖြစ်ပျက်မှု စစ်ဆေးခြင်း (Comprehensive metabolic panel)
အခြေခံစစ်ဆေးရာတွင် ပါဝင်သော ဓာတ်များပါဝင်သည့်အပြင် နောက်ထပ်ပြုလုပ်နိုင်သော စစ်ဆေးချက်များမှာ_- သွေးတွင်းပရိုတင်း Albumin – အသည်းနှင့် ကျောက်ကပ်ရောဂါများတွင် တိုင်းတာနိုင်သည်
- အသည်းအင်ဇိုင်းများ (Alanine transaminase- ALT/ Aspartate transferase- AST) – အသည်းလုပ်ငန်း ထိခိုက်သောရောဂါများ၊ အသည်းရောင်ရမ်းခြင်းတို့ကို စစ်ဆေးနိုင်သည်
- Alkaline phosphatase (ALP) – အသည်းရောဂါနှင့် အရိုးရောဂါအချို့ ရှာဖွေရာ၌ သုံးသည်
- အသားဝါဓာတ် (Bilirubin) – သည်းခြေတွင်ပါဝင်သော ဓာတ်ဖြစ်ပြီး အသည်းရောဂါစစ်ဆေးရာတွင် သုံးသည်
- အမိုးနီးယားဓာတ် (Ammonia) – အသည်းနှင့် ကျောက်ကပ်အားနည်းခြင်းကို စစ်ဆေးရာ၌ သုံးနိုင်သည်
- သက်စောင့် သတ္တုဓာတ်များစစ်ဆေးခြင်း (Electrolyte panel)
သွေးတွင်းသက်စောင့်သတ္တုဓာတ်များ ပုံမှန်မဟုတ်ခြင်းသည် နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် ကျောက်ကပ်ရောဂါများနှင့် ဆက်စပ်မှုရှိသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် ဇီဝဖြစ်ပျက်မှုစစ်ဆေးခြင်းတွင် တိုင်းတာသောဓာတ်များအပြင် ထပ်မံစစ်ဆေးနိုင်သော ဓာတ်များမှာ_- နှလုံး၊ ဦးနှောက်နှင့် ကြွက်သားများအလုပ်လုပ်ရန် လိုအပ်သော Magnesium ဓာတ်
- ခန္ဓာကိုယ်တွင်း အက်စစ်မျှခြေကို ဖော်ပြပေးသော Anion gap စသည်တို့ ပါဝင်သည်။
- အသည်းလုပ်ငန်းစစ်ဆေးခြင်း (Liver function tests)
အသည်းလုပ်ငန်းနှင့် ဆက်စပ်သော သွေးခဲဓာတ်များ၊ အသည်းအင်ဇိုင်းများ၊ အသည်းမှ ထုတ်လုပ်သော ပရိုတင်းများကို တစ်ပြိုင်နက်စစ်ဆေးခြင်းဖြစ်သည်။ အသည်းရောင်ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်း၊ ရောင်ရမ်းခြင်း လိုအပ်ပါက အသည်းကင်ဆာဖြစ်နိုင်ခြေ စသည်တို့ကို စစ်ဆေးနိုင်ပြီး အောက်ပါအချက်များ ပါဝင်သည်။- Bilirubin, Alkaline phosphatase
- ALT, AST
- Albumin
- Total protein
- Gamma-glutamyl transferrase (rGGT)
- Lactate dehydrogenase (LDH)
- Prothrombin time (PT/INR)
- Alpha-feto protein (AFP)
- သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း (Lipid profile)
သွေးတွင်းကိုလက်စထရောနှင့် အခြားအဆီဓာတ်များကို ကြိုတင်စစ်ဆေး၍ ကုသမှုခံယူခြင်းဖြင့် နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်နိုင်သည်။ စစ်ဆေးမှုတွင်ပါဝင်သော အဆီဓာတ်များမှာ_- Total cholesterol (စုစုပေါင်း ပမာဏ)
- Low-density lipoprotein (LDL) cholesterol (မကောင်းသော အဆီဓာတ်ဖြစ်ပြီး များလာပါက သွေးကြောများ ပိတ်စေနိုင်သည်)
- High-density lipoprotein (HDL) cholesterol (အကျိုးပြုအဆီဓာတ်ဖြစ်ပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေသည်)
- Triglycerides (အစားအစာများတွင် ပါဝင်သောအဆီဓာတ်ဖြစ်ပြီး များလာပါက နှလုံးသွေးကြောပိတ်ခြင်းနှင့် ပန်ကရိယရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်)
အထက်ပါသွေးစစ်ဆေးချက်များသည် အချက်အလက်များစွာဖြင့် ခန္ဓာကိုယ်၏ ကျန်းမာရေးအခြေအနေကို ဆန်းစစ်ရာ၌ များစွာအထောက်အကူပြုသည်။
ရောဂါအမျိုးအစားအလိုက် အထူးပြုသွေးစစ်ခြင်း
ရောဂါတစ်ခုကို တိကျစွာ အတည်ပြုရန် သို့မဟုတ် ကုသမှုအခြေအနေကို စောင့်ကြည့်ရန် အတွက် ပြုလုပ်ရသော အထူးပြုသွေးစစ်ဆေးမှုများ (Specific Tests) ဖြစ်သည်။
ဤအထူးပြု စစ်ဆေးမှုများသည် ရောဂါပိုးများကို တိုက်ဖျက်သည့် ကိုယ်ခံအားစနစ်မှ ထုတ်လုပ်သော ပဋိပစ္စည်းများ (Antibodies)၊ သို့မဟုတ် ရောဂါဆဲလ်များ (ဥပမာ _ ကင်ဆာဆဲလ်များ) မှ ထုတ်လွှတ်သော ဓာတ်ပစ္စည်းများ (Markers) ကို တိုင်းတာခြင်းဖြင့် ရောဂါကို တိတိကျကျ ဖော်ထုတ်ပေးသည်။ ဥပမာအားဖြင့် ဗိုင်းရပ်စ်ပိုးများ (ဥပမာ _ HIV, အသည်းရောင်အသားဝါပိုးများ) ကို စစ်ဆေးရာတွင် ထိုပိုးများ၏ ပဋိပစ္စည်း သို့မဟုတ် မျိုးဗီဇကို တိုက်ရိုက်တိုင်းတာခြင်း၊ ဟော်မုန်းရောဂါများ (ဥပမာ _ သိုင်းရွိုက်ရောဂါ) အတွက် သက်ဆိုင်ရာ ဟော်မုန်းပမာဏကို တိကျစွာတိုင်းတာခြင်းဖြစ်သည်။
ထို့အပြင် ကင်ဆာရောဂါဟု ရောဂါအမည်တပ်ခြင်း၊ ကင်ဆာရောဂါအခြေအနေကို ဆန်းစစ်ခြင်းနှင့် ကင်ဆာကုသမှု၏ အောင်မြင်မှုကို စောင့်ကြည့်ခြင်းတို့တွင် Tumor Markers (ဥပမာ – AFP, PSA, CA-125) စသည့်ဓာတ်များကို တိုင်းတာသော စစ်ဆေးမှုများမှာ အထူးအရေးပါသည်။ အထူးပြု သွေးစစ်ဆေးမှုများသည် ဆရာဝန်များအား ယေဘုယျသွေးစစ်ချက်များမှ ရရှိသော အချက်အလက်များထက် ပိုမို၍ ရောဂါ၏ မူလဇစ်မြစ်နှင့် ပြန့်ပွားမှုအတိုင်းအတာကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်စေရန် အားဖြည့်ကူညီပေးသည်။
အထူးပြုသွေးစစ်ဆေးခြင်း လိုအပ်နိုင်သော ရောဂါများ
- ဓာတ်မတည့်ခြင်းအမျိုးမျိုး (Allergies)
အစားအစာ၊ ပန်းဝတ်မှုန်၊ အရာဝတ္ထုအမျိုးမျိုးနှင့် တိရစ္ဆာန်အမွေးများကို ဓာတ်မတည့်သောရောဂါများတွင် သွေးတွင်းအင်မြူနိုဂလိုဗျူလင် (IgE) ပဋိပစ္စည်းများကို သွေးထဲ၌ စစ်ဆေးတိုင်းတာခြင်းဖြင့် ရောဂါရှာဖွေရန် အထောက်အကူပြုနိုင်သည်။ - ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ (Autoimmune disease)
ခန္ဓာကိုယ်ကို ရောဂါပိုးများနှင့် အန္တရာယ်ဖြစ်စေသော အရာဝတ္ထုများမှ ကာကွယ်တိုက်ဖျက်ပေးသော ကိုယ်ခံအားစနစ်သည် မိမိကိုယ်တွင်းတစ်ရှူးများကို မှားယွင်းတိုက်ခိုက်ပြီး ရောင်ရမ်းစေသောရောဂါများကို ရှာဖွေရာတွင် အောက်ပါသွေးစစ်ခြင်းများကို ပြုလုပ်နိုင်သည်။- ANA (antinuclear antibody test)
မိမိခန္ဓာကိုယ်ကို မှားယွင်းတိုက်ခိုက်သော ANA ပဋိပစ္စည်းများကို သွေးထဲ၌တိုင်းတာခြင်းဖြစ်သည်။ ပမာဏများနေပါက ကိုယ်ခံအားမူမမှန်တုံ့ပြန် ရောဂါရှိနိုင်ခြေ ပိုများသည်။ - C3 complement blood test
ဖြည့်စွက်ကိုယ်ခံအားစနစ် (Complement system) တွင်ပါဝင်သော C3 ပရိုတင်းကို တိုင်းတာခြင်းဖြစ်သည်။ အရေပြားလေးဘက်နာ သို့မဟုတ် သွေးလေးဘက်နာရောဂါများကို အတည်ပြုရန်နှင့် ကုသမှုခံယူနေစဥ် ရောဂါသက်သာမှု စောင့်ကြည့်ရန်အတွက် အသုံးဝင်သည်။ - C-reactive protein (CRP)
အသည်းမှ ထုတ်ပေးသော ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင် ရောင်ရမ်းခြင်းဖြစ်စေသော ရောဂါများတွင် သွေးတွင်းပမာဏမြင့်နေတတ်သည်။ ထို့ကြောင့် ကိုယ်ခံအား မူမမှန်တုံ့ပြန်ရောဂါများတွင် ရောင်ရမ်းခြင်းအခြေအနေကို သိနိုင်ရန် စစ်ဆေးသည်။ - Erythrocyte sedimentation rate (ESR)
သွေးနီဥ အနည်ထိုင်နှုန်းကို စစ်ဆေးခြင်းဖြစ်ပြီး ကိုယ်ခန္ဓာရောင်ရမ်းမှုများကို ညွှန်ပြနိုင်သည်။ - Peripheral blood smear (PBS)
သွေးစက်များကို မှန်ပြားပေါ်တွင် အမျှင်တန်းဖြစ်အောင်ဆွဲပြီး သွေးထဲရှိ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားတို့ကို အဏုကြည့်မှန်ဘီလူးအောက်တွင် စစ်ဆေးခြင်းဖြစ်ပြီး ကိုယ်ခံအားမူမမှန်ရောဂါများကြောင့် ဖြစ်သောပြောင်းလဲမှုများကို တွေ့နိုင်သည်။
- ANA (antinuclear antibody test)
- ဦးနှောက်အာရုံကြောဆိုင်ရာ ပဋိပစ္စည်းများ (Autoimmune Neuronal Antibodies)
ဦးနှောက်အာရုံကြောဆိုင်ရာ ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါများ (ဥပမာ-Autoimmune Encephalitis) ကို ရှာဖွေရာတွင် အသုံးပြုသည်။ အောက်ပါတို့ကို စစ်ဆေးနိုင်သည်။- Anti-NMDA Receptor Antibodies – စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းနှင့် အတက်ရောဂါများ ဖြစ်ပေါ်စေသည့် ဦးနှောက်ရောင်ရမ်းခြင်းကို ရှာဖွေသည်
- Anti-LGI1 နှင့် Anti-CASPR2 Antibodies – မေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် အချို့သော အတက်ရောဂါလက္ခဏာများပါဝင်သော ဦးနှောက်ရောဂါများကို ရှာဖွေသည်
- Anti-AQP4 (Aquaporin-4) Antibodies – ဦးနှောက်နှင့် အာရုံကြောမကြီး၊ မျက်စိအာရုံကြောစသည်တို့ကို ထိခိုက်စေသော Neuromyelitis Optica Spectrum Disorder (NMOSD) ကဲ့သို့သော ရောဂါများကို ရှာဖွေသည်
- ဟော်မုန်းရောဂါများ
ကိုယ်ခန္ဓာ၏ ဟော်မုန်းစနစ်တွင် ပါဝင်သော ဟော်မုန်းဓာတ်များကို စစ်ဆေးခြင်းဖြင့် ဟော်မုန်းရောဂါများကို ရှာဖွေနိုင်သည်။ များသောအားဖြင့် စစ်ဆေးသော သွေးများမှာ_- သွေးတွင်းအချိုဓာတ်
သွေးတွင်းဂလူးကို့စ်ဓာတ်ကို စစ်ဆေးခြင်းဖြစ်ပြီး ဆီးချိုရောဂါရှာဖွေရန် အသုံးပြုသည်။ (၃) လအတွင်း ဆီးချိုပမာဏပျှမ်းမျှကို စစ်ဆေးရန်အတွက် HbA1C ကို တိုင်းတာနိုင်သည်။ - သိုင်းရွိုက်ဟော်မုန်း (TSH,Free T4,T3)
သိုင်းရွိုက်ဂလင်းရောဂါများကို စစ်ဆေးရန် သုံးသည်။ - ပန်ကရိယလုပ်ငန်းကို စစ်ဆေးခြင်း
ပန်ကရိယမှထုတ်သော အင်ဇိုင်းများ (Lipase, Amylase) ကို စစ်ဆေးခြင်းဖြင့် ပန်ကရိယလုပ်ငန်းများကို စစ်ဆေးနိုင်သည်။
- သွေးတွင်းအချိုဓာတ်
- နှလုံးရောဂါများ
- နှလုံးရောဂါဖြစ်နိုင်ခြေနှင့် ဆက်စပ်သော အဆီဓာတ်များ၊ ဆီးချိုရောဂါ၊ ပရိုတင်းများ (Lipoprotein, Apoprotein-B, pro-brain natriuretic peptide) များကို စစ်ဆေးခြင်းဖြင့် နှလုံးသွေးကြောများ ထိခိုက်နိုင်ခြေ (သို့မဟုတ်) နှလုံးရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်သည်
- သွေးတွင်းအောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တိုင်းခြင်း (Arterial blood gas) – နှလုံးအမောဖောက်ခြင်း၊ နှလုံးရပ်ခြင်း စသည့် အရေးပေါ်အခြေအနေများတွင် သွေးတွင်းအောက်စီဂျင်ပမာဏ လုံလောက်ခြင်း ရှိမရှိကို တိုင်းတာနိုင်သည်
- ကူးစက်ရောဂါများ
- အသည်းရောင် ဘီပိုး၊ စီပိုး၊ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ရှိမရှိ ပဋိပစ္စည်းများ စစ်ဆေးခြင်း (Antibody tests)၊ ရောဂါပိုးရှိသူများတွင် ဗိုင်းရပ်စ်ပိုးကောင်ရေ ပမာဏတိုင်းတာခြင်း (Viral load)၊ ဆေးကုသရာတွင် ဆေးယဥ်ပါးသော မျိုးဗီဇ ရှိမရှိ (Drug resistant viral strain) စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်
- ကင်ဆာရောဂါ၊ သွေးကင်ဆာနှင့် အခြားသွေးရောဂါများ
ဆရာဝန်များသည် ကင်ဆာရောဂါအမျိုးမျိုးနှင့် သွေးရောဂါအမျိုးမျိုးကို ရှာဖွေရန် အောက်ပါ သွေးစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
ကင်ဆာရောဂါရှာဖွေရာတွင် အောက်ပါသွေးစစ်ဆေးမှုများ ပါဝင်သည်။- သွေးအားစစ်ဆေးခြင်း (Complete blood count)
- အချို့သွေးကင်ဆာများတွင် သွေးဆဲလ်များ အလွန်များခြင်း၊ နည်းခြင်းတို့ကို တွေ့နိုင်သည်
- ကင်ဆာပြ ဓာတ်ပစ္စည်းများ (Tumor markers)
- ကင်ဆာဆဲလ်များမှ ထုတ်သော (သို့မဟုတ်) ကင်ဆာကိုတုံ့ပြန်၍ ကိုယ်ခန္ဓာပုံမှန်ဆဲလ်များမှထွက်သော ဓာတ်ပစ္စည်းများကို တိုင်းတာခြင်းဖြစ်သည်
- ထိုဓာတ်များ ပုံမှန်ထက်များနေခြင်းသည် ကင်ဆာရှိနိုင်ခြေများသည်ဟု ယူဆနိုင်သော်လည်း အချို့သူများတွင် ကင်ဆာရောဂါမရှိဘဲလည်း ထိုဓာတ်ပစ္စည်းများ သွေးထဲ၌တက်နေနိုင်သည်
- ထို့ကြောင့် လူတစ်ဦးစီ၏ ရောဂါလက္ခဏာများနှင့် ချိန်ဆ၍ ဆုံးဖြတ်ရန်လိုအပ်သည်။ တိုင်းတာနိုင်သော ကင်ဆာပြဓာတ်ပစ္စည်းများမှာ_
- အသည်းကင်ဆာ – Alpha-fetoprotein (AFP)
- သားဥအိမ်ကင်ဆာ – CA-125
- သိုင်းရွိုက်ကင်ဆာ – Calcitonin
- ရင်သားကင်ဆာ – CA 15-3, CA 27-29
- အချို့ကင်ဆာများ – Carcinoembryonic antigen (CEA)
- အမျိုးသားများတွင် ဝှေးစေ့ကင်ဆာနှင့် အမျိုးသမီးများတွင် သားဥအိမ်ကင်ဆာ – Human Chorionic gonadotropin (HCG)
- ဆီးကျိတ်ကင်ဆာ – Prostate-specific antigen (PSA)
- သွေးအားစစ်ဆေးခြင်း (Complete blood count)
- သွေးတွင်း၌ ကင်ဆာဆဲလ်များကို ရှာဖွေခြင်း (Circulating tumor tests)
- ကင်ဆာအကျိတ်များမှ ပြုတ်ထွက်လာပြီး သွေးထဲသို့ ရောက်ရှိလာသော ကင်ဆာဆဲလ်များကို နောက်ဆုံးပေါ် နည်းလမ်းအသစ်များ အသုံးပြု၍ ရှာဖွေခြင်းဖြစ်သည်
- ထို့ပြင် ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာနှင့် အူမကြီးကင်ဆာ စသည့်ရောဂါများ ကုသမှုတုံ့ပြန်ခြင်းကို စောင့်ကြည့်ရန်လည်း အသုံးပြုနိုင်သည်
- အခြားသွေးစစ်ချက်များ – သွေးကင်ဆာများနှင့် ကင်ဆာမဟုတ်သောအခြားသွေးရောဂါများအတွက် ရောဂါရှာဖွေရာတွင် အသုံးပြုသည်
- D-dimer and Fibrinogen test – သွေးခဲခြင်းနှင့် ပတ်သက်သော ရောဂါများရှာဖွေရန်
- Kappa or Lambda free light chain – ပလပ်စ်မာဆဲလ်သွေးကင်ဆာ (Multiple myeloma) နှင့် Amyloidosis ခေါ် သွေးရောဂါတစ်မျိုးကို ရှာဖွေရန်
- Prothrombin time test (PT) – သွေးမတိတ်ရောဂါများ ရှာဖွေရန်
- Reticulocyte count – ရိုးတွင်းခြင်ဆီမှ သွေးနီဥများ ပုံမှန်ထုတ်လုပ်နိုင်ခြင်းကို စစ်ဆေးရန်
- သွေးစစ်ခြင်းမဟုတ်သော်လည်း ဆီးနှင့် ဝမ်းထဲ၌ သွေးပါဝင်ခြင်းကို စစ်ဆေးခြင်းဖြင့် ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများကို ရှာဖွေနိုင်သည်
အထက်တွင်ဖော်ပြခဲ့သည့် ရောဂါအမျိုးမျိုးသာမက အချို့ရောဂါများအတွက် လိုအပ်ပါက ထပ်ဆောင်း၍ သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်၊ ဥပမာအားဖြင့် _ အသည်းနှင့် ကျောက်ကပ်ပျက်စီးသူလူနာများတွင် သွေးတွင်းအမိုးနီးယား ပမာဏတိုင်းတာခြင်း၊ သွေးထဲအရက်ပမာဏတိုင်းတာခြင်း၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါအတွက် Ferritin တိုင်းတာခြင်း စသည်တို့ဖြစ်သည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
သွေးအဖြေများသည် ကိုယ်ခန္ဓာတွင်းရှိ ပြောင်းလဲမှုများကို ဖော်ပြသည်။ ဆရာဝန်များသည် လူနာ၏ ရောဂါလက္ခဏာများနှင့် သွေးအဖြေများကို ဆက်စပ်ပုံဖော်၍ ရောဂါရှာဖွေသည်။ တစ်ခါတစ်ရံ လိုအပ်ပါက အခြားသွေးစစ်ဆေးချက်များ ထပ်မံပြုလုပ်ရန်လည်း ညွှန်ကြားနိုင်သည်။ ဥပမာ _ သွေးအားနည်းခြင်းကို တွေ့ပါက လူနာ၏လက္ခဏာများနှင့် ချိတ်ဆက်၍ သွေးရောဂါ၊ သွေးကင်ဆာ သို့မဟုတ် အခြားရောဂါတစ်ခုကြောင့် သွေးအားနည်းခြင်း စသဖြင့် အကြောင်းရင်းများကို ဆက်လက်ရှာဖွေသည်။ အကယ်၍ Electrolyte ဓာတ်များ ပုံမှန်မဟုတ်ပါက ဖြစ်စေသော၊ ဆက်စပ်သော အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ကုသသည်။
ကြိုတင်သိရှိထားရမည့်အချက်များ
သွေးစစ်ခံမည့်သူအနေဖြင့် မည်သည့်သွေးများကို စစ်ဆေးမည်၊ မည်သည့်ရည်ရွယ်ချက်ဖြင့် စစ်ဆေးမည်၊ ဖြစ်နိုင်သော အဖြေရလဒ် စသည့်အချက်များကို သက်ဆိုင်ရာဆရာဝန်မှ ကြိုတင်ရှင်းလင်းမည်ဖြစ်သည်။ များသောအားဖြင့် သွေးစစ်ရာတွင် အစားအသောက်နှင့် အရည်တို့ကို ဖြတ်တောက်ရန် မလိုပါ။ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ခြင်းသည် သွေးဖောက်ရ လွယ်ကူစေသည်။
သို့သော် ဆီးချိုစစ်ခြင်း၊ သွေးအဆီစစ်ခြင်းတို့အတွက် အစားဖြတ်ထားရန် လိုအပ်သဖြင့် ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်။ သွေးထွက်လွယ်ခြင်း၊ သွေးမတိတ်ခြင်းစသည့် ရောဂါအခံများရှိပါက သက်ဆိုင်ရာဆရာဝန်ကို ကြိုတင်အသိပေးထားရန် လိုသည်။ သွေးမဖောက်ခင် လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ထားခြင်းဖြင့် သွေးပေါင်ချိန်အနည်းငယ်တက်စေပြီး သွေးဖောက်ရလွယ်စေသည်။
သွေးစစ်ခြင်းအဆင့်ဆင့်
- သွေးဖောက်ကျွမ်းကျင်သူများ (Phlebotomists) မှ သွေးဖောက်ပေးမည်ဖြစ်သည်၊ စနစ်တကျ လေ့ကျင့်ထားသူများဖြစ်သောကြောင့် နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် ဖောက်ပေးနိုင်သည်
- သွေးစစ်ဆေးခံယူမည့်သူကို လက်တင်ခုံပါသော ကုလားထိုင်တွင် ထိုင်စေပြီး တံတောင်ဆစ်အပေါ်နားအထိ အင်္ကျီလက်စများကို လှန်တင်ထားမည်ဖြစ်သည်
- တံတောင်ဆစ်ကွေး နေရာကို ပိုးသတ်ဆေးရည်ဖြင့် သုတ်လိမ်းပြီး သန့်စင်မည်
- ထို့နောက်တံတောင်ဆစ်အထက် လက်မောင်းပတ်လည်ကို ရာဘာကြိုး (elastic band) ဖြင့် စည်းနှောင်ပြီး လက်သီးဆုပ်ထားရန် ညွှန်ကြားမည်
- သွေးဖောက်ယူရန် တံတောင်ဆစ်ကွေးနေရာရှိ သွေးပြန်ကြောကို အပ်ဖြင့်ထိုးသွင်းကာ သွေးယူမည်ဖြစ်သည်၊ အရေပြားထဲသို့ အပ်ဝင်သွားသည့်အချိန်တွင် နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်သည်၊ အကယ်၍ စိုးရိမ်စိတ်အလွန်များပါက အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်း၊ သွေးဖောက်ချိန်တွင် မျက်နှာလွှဲထားခြင်း၊ အာရုံပြောင်းစေရန် ဂဏန်းရေတွက်နေခြင်း စသည်တို့ဖြင့် စိုးရိမ်စိတ်သက်သာစေနိုင်သည်
- ထို့နောက် အပ်နှင့်ဆက်ထားသော ပိုက်ငယ်မှတစ်ဆင့် သွေးပုလင်းပြွန် (tube) များထဲသို့ သွေးများကို ရောက်စေပြီး လိုအပ်သောသွေးပမာဏ ရပါက စည်းထားသော ရာဘာကြိုးကိုလည်း ပြန်ဖြည်၍ သွေးထုတ်ယူသည့် အပ်ကို အရေပြားမှ ပြန်ထုတ်မည်ဖြစ်သည်၊ သွေးဖောက်ထားသည့်နေရာကို အနာကပ် ပလာစတာဖြင့် ကပ်ပေးပြီး ဖုံးအုပ်ထားမည်ဖြစ်သည်
- သွေးထုတ်ယူသည့် ပမာဏသည် စစ်ဆေးမှုများအပေါ် မူတည်၍၊ များသောအားဖြင့် ၅- ၁၅ မီလီလီတာ (5-15 ml) ဝန်းကျင်မှ အများဆုံး ၃၀ မီလီလီတာ (30 mL) အထိ ထုတ်ယူနိုင်သည်
- ထို့နောက် သွေးပုလင်းများကို အလုံပိတ်၍ အမှတ်အသားများ ပြုလုပ်ကာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်မည်
- လိုအပ်ပါက တစ်ခါတစ်ရံ လက်ထိပ်မှ သွေးဖောက်ခြင်း (Finger stick)၊ မွေးကင်းစ ကလေးငယ်များတွင် သွေးစစ်ရန် လိုအပ်ပါက သွေးနမူနာကို ခြေဖနောင့်မှယူခြင်း (Heel stick) နှင့် သွေးပြန်ကြောမှ မဟုတ်ဘဲ သွေးလွှတ်ကြောမှ သွေးနမူနာယူခြင်း (Arterial blood gas) စသည့်နည်းလမ်းများဖြင့် သွေးနမူနာယူနိုင်သည်
- သွေးဖောက်ပြီးနောက် မိနစ်အနည်းငယ်ခန့် အနားယူရန် လိုအပ်နိုင်သည်၊ အများစုသည် မည်သို့မျှ မခံစားရသော်လည်း အချို့တွင် ခေါင်းအနည်းငယ်မူးဝေခြင်း၊ ချွေးထွက်၍ လန့်ခြင်းတို့ ရှိနိုင်သည်
သွေးအဖြေရလဒ်များ ရရှိခြင်း
သွေးအဖြေရလဒ်များသည် စစ်ဆေးသည့်အမျိုးအစားပေါ် မူတည်၍ နာရီပိုင်းနှင့် အဖြေထွက်နိုင်သလို မျိုးဗီဇစစ်ဆေးခြင်းရလဒ်ကဲ့သို့ ရက်ပေါင်းများစွာလည်း ကြာနိုင်သည်။ အဖြေကို ဓာတ်ခွဲခန်းတွင် လာရောက်ယူနိုင်သလို အွန်လိုင်း၊ အီးမေးလ်မှ တစ်ဆင့်လည်းလက်ခံနိုင်သည်။ အဖြေရလဒ်ပေါ် မူတည်၍ မိမိ ဆရာဝန်မှ လူနာအားဆွေးနွေးပေးမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ (ဥပမာ_ ဘဝနေထိုင်မှုပုံစံ ပြင်ဆင်ခြင်း၊ စားသောက်ပုံ ပြင်ဆင်ခြင်း၊ ဆေးဝါးများ စတင်သောက်ရန် လိုအပ်ခြင်း၊ ကုသမှုများကို ပြန်လည်ညှိနှိုင်းခြင်း၊ လိုအပ်သော အထူးကုများထံ လွှဲပေးခြင်း) ကို လမ်းညွှန်ပေးမည်ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Blood tests. Retrieved October 8, 2025, from https://my.clevelandclinic.org/health/diagnostics/24508-blood-tests
- Cleveland Clinic. (n.d.). Tumor markers. Retrieved October 8, 2025, from https://my.clevelandclinic.org/health/diagnostics/24813-tumor-markers
- Baxter Health Foundation. (n.d.). Common lab tests. Retrieved October 8, 2025, from https://www.baxterhealth.org/medical-services/lab-pathology/common-lab-tests/
- University of Wisconsin-La Crosse Student Health Center. (n.d.). Common laboratory tests explained [PDF]. Retrieved October 8, 2025, from https://www.uwlax.edu/globalassets/offices-services/student-health-center/common-laboratory-tests-explained-002.pdf
Published: 27 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
