မျက်ကြည်လွှာသည် မျက်လုံး၏ အရှေ့ဘက်ရှိ ခုံးနေသော၊ ထွင်းဖောက်မြင်ရသော မျက်လုံးအကာ အလွှာတစ်ခုဖြစ်သည်။ မျက်လုံးအတွင်းသို့ အလင်းကို စုစည်းပေးခြင်းဖြင့် ပုံရိပ်များကို ကောင်းမွန်စွာ မြင်နိုင်စေရန် ကူညီပေးသည်။ မျက်ကြည်လွှာကို အလွှာများစွာဖြင့် ဖွဲ့စည်းထားပြီး အမြင်အာရုံ ကြည်လင်စေရန်နှင့် မျက်လုံးကို ကာကွယ်ရန် ထိုအလွှာများ စုပေါင်းလုပ်ဆောင်ပေးသည်။ ကောင်းမွန်သောအမြင်အာရုံ ရရှိစေရန်အတွက် မျက်ကြည်လွှာသည် ကြည်လင်ချောမွေ့ကာ ကျန်းမာနေရန် လိုအပ်သည်။ သို့ရာတွင် မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း (သို့မဟုတ်) ပျက်စီးခြင်းတို့ရှိပါက အလင်းစုစည်းခြင်း ကောင်းစွာမပြုလုပ်ပေးနိုင်သဖြင့် အမြင်ဝါးလာခြင်း (သို့မဟုတ်) အလင်းစူးခြင်းတို့ ခံစားရနိုင်သည်။
မျက်ကြည်လွှာကို ပြန်လည်ပြုပြင်ခြင်းဖြင့် ကုသ၍မရပါက မျက်ကြည်လွှာအစားထိုးကုသရန် လိုအပ်သည်။ မျက်ကြည်လွှာအစားထိုးခြင်းသည် ရောဂါဖြစ်နေသော မျက်ကြည်လွှာကို ဖယ်ရှား၍ ကြည်လင်ကျန်းမာသော မျက်ကြည်လွှာဖြင့် အစားထိုးခြင်းဖြစ်သည်။ မျက်ကြည်လွှာအစားထိုးခြင်းအမျိုးအစားနှစ်မျိုးရှိသည်။
- အလှူရှင်ထံမှ မျက်ကြည်လွှာဖြင့် အစားထိုးခြင်း
- မျက်ကြည်လွှာအတုဖြင့် အစားထိုးခြင်းတို့ဖြစ်သည်။
အလှူရှင်ထံမှ မျက်ကြည်လွှာဖြင့် အစားထိုးခြင်း
မျက်ကြည်လွှာအစားထိုးကုသခြင်းတွင် သေဆုံးပြီးဟု ကျွမ်းကျင်ကျန်းမာရေးပညာရှင်များအဖွဲ့မှ သတ်မှတ်ထားသော အလှူရှင်ထံမှ မျက်ကြည်လွှာကို အသုံးပြုသည်။ အစားထိုးမည့်မျက်ကြည်လွှာတိုင်းသည် အစားထိုးရန် သင့်မသင့် စစ်ဆေးထားပြီးဖြစ်သည်။
အလှူရှင်ထံမှ မျက်ကြည်လွှာဖြင့် အစားထိုးကုသခြင်း ပြုလုပ်နိုင်သည့် အဓိကနည်းလမ်း (၃)မျိုးရှိသည်။
- မျက်ကြည်လွှာတစ်ခုလုံး အစားထိုးကုသခြင်း (Full thickness corneal transplant / Penetrating keratoplasty)
မျက်ကြည်လွှာ၏ အရှေ့အလွှာနှင့် အတွင်းပိုင်းအလွှာများ အားလုံးပျက်စီးပါက မျက်ကြည်လွှာတစ်ခုလုံး အစားထိုးရန် လိုအပ်သည်။ မျက်စိအထူးကုဆရာဝန်သည် ပုံမှန်မဟုတ်သော သို့မဟုတ် ရောဂါဖြစ်နေသော မျက်ကြည်လွှာ၏ အထူတစ်ခုလုံးကို ဖြတ်၍ သေးငယ်ပြီး ကြယ်သီးအရွယ်အစားခန့်ရှိ မျက်ကြည်လွှာတစ်ရှူးကို ဖယ်ရှားပစ်သည်။ ထိုသို့တိကျသော စက်ဝိုင်းပုံ ခွဲစိတ်ဖြတ်တောက်ရန်အတွက် အထူးပြုလုပ်ထားသောာကိရိယာကို အသုံးပြုသည်။ ထို့နောက် အံဝင်ခွင်ကျဖြစ်စေရန် ပြုပြင်ထားသော အလှူရှင်၏ ကျန်းမာသော မျက်ကြည်လွှာဖြင့် အစားထိုးသည်။ အစားထိုးထားသော မျက်ကြည်လွှာကို မြဲနေစေရန် ချုပ်ရိုးများဖြင့် ပြန်ချုပ်ထားရမည်။ ထို့နောက် ဆရာဝန်မှ အချိန်တစ်ခုအကြာတွင် ချုပ်ရိုးများကို ဖယ်ရှားမည်ဖြစ်သည်။
မျက်ကြည်လွှာတစ်ခုလုံး အစားထိုးကုသခြင်းသည် အခြားအမျိုးအစားများထက် ပြန်ကောင်းရန် အချိန်ကြာတတ်ပြီး အခြားကုသမှု အမျိုးအစားများနှင့်ယှဥ်လျှင် အစားထိုးမျက်ကြည်လွှာကို မိမိခန္ဓာကိုယ်မှ လက်မခံဘဲ တိုက်ထုတ်သည့်အခြေအနေ ပိုများသည်။ - မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း အစားထိုးကုသခြင်း (Partial thickness corneal transplant / Deep anterior lamellar keratoplasty) (DALK)
မျက်ကြည်လွှာ၏ အတွင်းဆုံးအလွှာသည် အကောင်းအတိုင်းရှိနေပြီး ပျက်စီးမှုသည် အလယ်အလွှာနှင့် အပြင်အလွှာတွင် ရှိနေပါက အထက်ပါနည်းလမ်းကို အသုံးပြုနိုင်သည်။ ထိုခွဲစိတ်မှုတွင် ပျက်စီးနေသည့် အလယ်အလွှာနှင့် အပြင်အလွှာများကို ဖယ်ရှား၍ အလှူရှင်၏ ကျန်းမာသော မျက်ကြည်လွှာဖြင့် အစားထိုးသည်။
ဤသို့ကုသခြင်းတွင် ပြန်ကောင်းရန် ကြာချိန်သည် မျက်ကြည်လွှာတစ်ခုလုံး အစားထိုးကုသခြင်းထက် ပို၍တိုတောင်းသည်။ ထို့အပြင် အစားထိုးမျက်ကြည်လွှာကို ခန္ဓာကိုယ်မှ လက်မခံဘဲ တိုက်ထုတ်နိုင်ခြေပိုနည်းသည်။ - မျက်ကြည်လွှာအတွင်းဆုံးအလွှာ အစားထိုးကုသခြင်း (Endothelial keratoplasty)
မျက်ကြည်လွှာ၏ အတွင်းဆုံးအလွှာ (endothelium) ကိုပျက်စီးစေသည့် အချို့သောမျက်လုံးပြဿနာများတွင် ဤအစားထိုးကုသခြင်းနည်းလမ်းကို အသုံးပြုသည်။ မျက်ကြည်လွှာအတွင်းဆုံးအလွှာ အစားထိုးကုသခြင်း နည်းလမ်းနှစ်မျိုးရှိသည်။ ၄င်းတို့မှာ_
- Descemet’s stripping automated endothelial keratoplasty (DSAEK)
- Descemet’s membrane endothelial keratoplasty (DMEK) တို့ဖြစ်သည်။
နည်းလမ်းနှစ်မျိုးလုံးတွင် သေးငယ်သောခွဲကြောင်းရာမှတစ်ဆင့် မျက်ကြည်လွှာ၏အတွင်းပိုင်းအလွှာရှိ ပျက်စီးနေသောဆဲလ်များကို ဖယ်ရှားခြင်းဖြစ်သည်။ ထို့နောက်တွင် အလှူရှင်၏ ကျန်းမာသောတစ်ရှူးများဖြင့် အစားထိုးမည်ဖြစ်သည်။ ခွဲကြောင်းရာကို ပြန်ပိတ်ရန်အတွက် ချုပ်ရိုးအနည်းငယ် လိုနိုင်သည်။ ထိုနည်းလမ်းနှစ်ခု၏ အဓိကကွာခြားချက်မှာ အသုံးပြုသည့် မျက်ကြည်လွှာအထူပမာဏဖြစ်သည်။ မျက်လုံး၏အခြေအနေပေါ် မူတည်၍ မျက်စိအထူးကုဆရာဝန်မှ မည့်သည့်အမျိုးအစားကို အသုံးပြုရန်လိုအပ်ကြောင်း ဆုံးဖြတ်မည်ဖြစ်သည်။
မျက်ကြည်လွှာအတုဖြင့် အစားထိုးကုသခြင်း (Keratoprosthesis)
အလှူရှင်ထံမှ မျက်ကြည်လွှာဖြင့် အစားထိုးကုသခြင်း ပြုလုပ်ရန် မဖြစ်နိုင်ခြင်း (သို့မဟုတ်) အစားထိုးမျက်ကြည်လွှာကို မိမိခန္ဓာကိုယ်မှ လက်မခံဘဲ တိုက်ထုတ်ခြင်း စသည့်အခြေအနေများတွင် မျက်ကြည်လွှာအတုများဖြင့် အစားထိုးကုသခြင်း ပြုလုပ်နိုင်သည်။ မျက်ကြည်လွှာအတုများကို တိုင်တေနီယမ်သတ္တုဖြင့် အများဆုံးပြုလုပ်ကြပြီး ဆီလီကွန်၊ Hydrogel, Polymethylmethacrylate စသောပစ္စည်းများဖြင့် ပြုလုပ်ထားသော အမျိုးအစားများလည်းရှိသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် မျက်ကြည်လွှာအစားထိုးကုသခြင်း ပြုလုပ်ရန်လိုအပ်သည်။
- မျက်ကြည်လွှာပါးလာသဖြင့် ပို၍ခုံးလာကာ အပြင်ဘက်သို့ ကြွတက်လာခြင်း (Keratoconus)
- မျက်ကြည်လွှာ အတွင်းအလွှာရှိ ဆဲလ်များ ကောင်းစွာအလုပ်မလုပ်သော မျိုးဗီဇရောဂါ (Fuchs’ dystrophy)
- ထိခိုက်ဒဏ်ရာများ၊ ပိုးဝင်ခြင်းများ၊ ရောင်ရမ်းခြင်းများကြောင့် မျက်ကြည်လွှာထိခိုက်ခြင်း
- မျက်ကြည်လွှာ အနာဖြစ်ခြင်း၊ လုံလောက်သောဆေးကုသမှုများ ပြုလုပ်ပြီးသည့်တိုင်အောင် မသက်သာခြင်း
- ယခင်ပြုလုပ်ထားသော မျက်စိခွဲစိတ်ကုသမှုများကြောင့် မျက်ကြည်လွှာထိခိုက်ခြင်း
- မျက်ကြည်လွှာတွင် အရည်ကြည်ဖုများဖြစ်ခြင်း (Bullous keratopathy)
ရရှိနိုင်သောအကျိုးကျေးဇူးများ
မျက်ကြည်လွှာ အစားထိုးကုသခြင်းဖြင့်
- မျက်ကြည်လွှာ ပျက်စီးနေသော လူနာများတွင် အမြင်အာရုံကို ပြန်လည်ရရှိစေခြင်း
- မျက်ကြည်လွှာရောဂါများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို သက်သာစေခြင်း
- မျက်ကြည်လွှာရောဂါများကြောင့် ဖြစ်ပေါ်လာသော အခြားသောလက္ခဏာများကိုလည်း သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ခွဲစိတ်မှုမပြုလုပ်မီတွင် မျက်စိအထူးကုဆရာဝန်မှ ကြိုတင်စစ်ဆေးမှုများအား ပြုလုပ်မည်ဖြစ်သည်။ မျက်စိအခြေအနေစစ်ဆေးခြင်း၊ ခွဲစိတ်မှုမပြုလုပ်သင့်သည့် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း၊ နောက်ဆက်တွဲပြဿနာများကို ပိုဆိုးစေမည့်အချက်များ ရှိမရှိ ဆုံးဖြတ်ခြင်း၊ နောက်ခံကျန်းမာရေးအခြေအနေများ စသည်တို့ကို စစ်ဆေးမည်။ စွဲသောက်နေသော ဆေးဝါးများကို ထိန်းညှိပေးခြင်း၊ သွေးကျဲဆေးများ သောက်နေပါက ခွဲစိတ်မှုမတိုင်မီ ရပ်ထားခြင်းများ ပြုလုပ်မည်။ ထို့အပြင် လူနာအား ခွဲစိတ်နေစဥ်အတွင်း ဖြစ်နိုင်ခြေရှိသောပြဿနာများ (Intraoperative complications)၊ ခွဲစိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ ပြန်ကောင်းရန်ကြာချိန်နှင့် နေ့စဉ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန်ကြာချိန် အစရှိသည်တို့ကိုလည်း ရှင်းပြပေးမည်။ ခွဲစိတ်မည့် နေ့၊ ရက်ချိန်းစီစဥ်ပေး၍ ခွဲစိတ်ရန် သဘောတူညီမှု တောင်းမည်ဖြစ်သည်။
ကုသပုံအဆင့်ဆင့်
မျက်ကြည်လွှာအစားထိုးကုသခြင်းအား ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ ခွဲစိတ်မှုအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။
- ထုံဆေး၊ မေ့ဆေးပေးခြင်း
ခွဲစိတ်မှု မစတင်ခင် မျက်လုံးကို ထုံနေစေရန် ထုံဆေးမျက်စဥ်း ခပ်ပေးမည်ဖြစ်သည်။ ထို့အပြင် လူနာ၏ ရောဂါအခြေအနေနှင့် ခွဲစိတ်မှုအစီအစဥ်၊ ကြာမြင့်ချိန်များပေါ် မူတည်၍ လူနာကို စိုးရိမ်စိတ်များ လျော့နည်းစေရန်နှင့် သက်သောင့်သက်သာဖြစ်စေရန် လိုအပ်ပါက သွေးကြောမှ အိပ်ဆေးများ ထပ်၍ ထည့်သွင်းပေးခြင်းများ ပြုလုပ်သည်။ တစ်ခါတစ်ရံ ကလေးငယ်များနှင့် လူကြီးများတွင် ခွဲစိတ်နေစဥ် ငြိမ်ငြိမ်နေရန် ခက်ခဲသော အချို့ရောဂါအခြေအနေများ (ဥပမာ _ အစိုးရိမ်လွန်ခြင်း၊ ခေါင်းတုန်၊ ခြေလက်တုန်ရောဂါရှိသူများ၊ ကြွက်သားရောဂါရှိသူများ) တွင် မေ့ဆေးပေး၍ ခွဲစိတ်ရန် လိုအပ်နိုင်သည်။ - မျက်လုံးပွင့်နေစေရန် ပြုလုပ်ခြင်း
ခွဲစိတ်နေစဉ်အတွင်း မျက်ခွံများကို ဆက်တိုက်ဖွင့်ထားနိုင်ရန် မျက်လုံးထဲသို့ ပိုးသတ်ထားသော မျက်ခွံထိန်းကိရိယာ (Lid speculum) ကို ဖြည်းညင်းစွာ ထည့်ပေးမည်ဖြစ်သည်။ မျက်လုံးဆက်တိုက် ပွင့်နေမည် ဖြစ်သော်လည်း လူနာသည် ထုံဆေးကြောင့် နာကျင်မှုကို ခံစားရမည် မဟုတ်ပါ။ အချို့လူနာများတွင် အလင်းရောင် (သို့မဟုတ်) အရိပ်များကို အနည်းငယ် တွေ့ရနိုင်သော်လည်း အသေးစိတ်ပုံရိပ်များကို မြင်ရမည် မဟုတ်ပါ။ - ခွဲစိတ်မှု ပြုလုပ်ခြင်း
လူနာ၏ ရောဂါအနေအထားပေါ် မူတည်၍ သင့်တော်သော မျက်ကြည်လွှာအစားထိုးသည့်နည်းလမ်း (ဥပမာ _ မျက်ကြည်လွှာတစ်ခုလုံး အစားထိုးကုသခြင်း၊ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း အစားထိုးကုသခြင်း) ကို မျက်စိဆရာဝန်မှ ရွေးချယ်၍ ဆုံးဖြတ်မည်။ ပျက်စီးနေသော မျက်ကြည်လွှာအစိတ်အပိုင်းကို ဖယ်ရှားပြီး အလှူရှင်၏ ကျန်းမာသောတစ်ရှူးဖြင့် အစားထိုးမည်ဖြစ်သည်။ မျက်ကြည်လွှာအစားထိုး ကုသမှုများသည် ယေဘုယျအားဖြင့် ခွဲစိတ်ချိန် နှစ်နာရီခန့် ကြာမြင့်နိုင်သည်။ - ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်ခြင်း
ခွဲစိတ်မှု ပြီးသည့်နောက်တွင် ပိုးသတ်ဆေးပါသော မျက်စဥ်းဆေးရည်များ ထည့်၍ မျက်လုံးကို မျက်လုံးအကာဖြင့် အုပ်ပေးထားမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်းနှင့် ခွဲစိတ်ထားသော မျက်လုံးကို မတော်တဆထိခိုက်မိခြင်းမှ ကာကွယ်ပေးနိုင်သည်။ - ကောင်းစွာသတိရပြီးနောက် အိမ်ပေးပြန်ခြင်း
ခွဲစိတ်မှုပြီးသည့်နောက်တွင် လူနာကို မေ့ဆေး (သို့မဟုတ်) ထုံဆေး အရှိန်ပြယ်၍ ကောင်းစွာ သတိပြန်ရသည့်အချိန်အထိ စောင့်ကြည့်ခန်းတွင် ထား၍ စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်။ သတိကောင်းစွာရလာပါက အိမ်ပြန်နိုင်ပြီး ဆေးရုံမှ အိမ်တွင် ဆက်လက်လုပ်ဆောင်ရမည့် အချက်များနှင့် ရက်ချိန်းပြန်ပြရန် နေ့ရက် စသည်တို့ကို ညွှန်ကြားပေးမည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အရေးကြီးဆုံးသော နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှာ အစားထိုးမျက်ကြည်လွှာကို ခန္ဓာကိုယ်မှ လက်မခံဘဲ တိုက်ထုတ်ခြင်း (Organ rejection) ဖြစ်သည်။ ပြန်တိုက်ထုတ်နိုင်ခြေသည် ခွဲစိတ်သည့်နည်းလမ်းနှင့် မျက်လုံး၏အခြေအနေပေါ်တွင် မူတည်သည်။ အချို့သောအခြေအနေများတွင် ကိုယ်ခံအားချဆေး (စတီးရွိုက်ဆေး) များကို ဆောလျင်စွာပေးနိုင်ပါက တိုက်ထုတ်ခြင်းမဖြစ်စေဘဲ ပြန်ကောင်းနိုင်သည်။
စောင့်ကြည့်ရမည့်အချက်များမှာ_
- မျက်လုံးနာကျင်ခြင်း
- အလင်းရောင်ဒဏ်မခံနိုင်ခြင်း
- မျက်လုံးနီရဲခြင်း
- မျက်လုံးအမြင်ဝါးခြင်းများရှိပါက ချက်ချင်းပြန်ပြရန် လိုအပ်သည်။
အခြားဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- မျက်လုံးပိုးဝင်ခြင်း
- သွေးထွက်ခြင်း
- မြင်လွှာကွာကျခြင်း
- ရေတိမ်ဖြစ်ခြင်း
- မျက်ကြည်လွှာမှ အရည်များစိမ့်ထွက်ခြင်း
- မျက်ကြည်လွှာ၏အကွေးပုံမမှန်မှုကြောင့် မျက်စိအလင်းဆုံချက် မညီခြင်း
- အစားထိုးထားသောမျက်ကြည်လွှာ ကွာကျခြင်းတို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ပြုလုပ်ရမည့်အချက်များ
- ခွဲစိတ်ပြီးနောက် မျက်စဥ်းဆေးများအား ညွှန်ကြားချက်အတိုင်း ခပ်ရန်လိုအပ်သည်၊ မျက်စဥ်းမခပ်ခင်တွင် ဆေးထည့်ပေးမည့်သူမှ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်
- မျက်လုံးရောင်ရမ်းခြင်းများ၊ နာကျင်ခြင်းများ သက်သာရန်နှင့် ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများနှင့် ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရမည်
- ညအိပ်ချိန်တွင် ရက်သတ္တပတ် အနည်းငယ်ခန့် မျက်လုံးအကာတပ်ဆင်ရန် လိုအပ်သည်
- အပြင်ထွက်လျှင် မျက်လုံးကိုကာကွယ်ရန် မျက်လုံးအကာ၊ မျက်မှန်၊ နေကာမျက်မှန်များ တပ်ဆင်ရမည်
- မျက်လုံးထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ရန် နေ့စဥ်လုပ်ငန်းဆောင်တာများ ပြန်လုပ်ကိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့်လှုပ်ရှားမှုများကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ကိုင်ရမည်
- မျက်လုံးကို ဖိခြင်း၊ ပွတ်ခြင်းများ မပြုလုပ်ရပါ
- မျက်ကြည်လွှာခွဲစိတ်မှု အမျိုးအစားပေါ် မူတည်၍ အနားယူသည့်အချိန် (သို့မဟုတ်) အိပ်စက်ချိန်များတွင် မျက်နှာကို အပေါ်သို့မော့ထားရန် လိုအပ်နိုင်သည်
- မျက်လုံးခွဲစိတ်ပြီးနောက် ရက်ချိန်းအတိုင်း ဆရာ၀န်နှင့် ပြန်လည်ပြသရန်လိုသည်၊ ထို့ပြင် မျက်စိနီခြင်း၊ မှုန်ခြင်း၊ ကိုက်ခြင်းစသည်ဖြင့် ထူးခြားမှုတစ်ခုခုရှိပါက ချက်ခြင်းပြန်ပြရန်လိုသည်
ရှောင်ကြဥ်ရမည့်အချက်များ
- မျက်လုံးကိုပွတ်ခြင်း၊ ကုတ်ခြင်းများ မပြုလုပ်ရပါ
- ခွဲစိတ်ပြီးနောက် (၂)ပတ် မှ (၄)ပတ်ခန့်အထိ မျက်လုံးအတွင်းသို့ ရေ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်များ တိုက်ရိုက်မဝင်စေရန် သတိထားရမည်၊ မျက်နှာသစ်ခြင်း၊ ခေါင်းရေလောင်းချိုးခြင်း၊ ခေါင်းလျှော်ခြင်းတို့ကို မျက်လုံးရေမထိရန် သတိထားပြုလုပ်ရမည်၊ မေးစေ့အောက်မှစ၍ ရေချိုးနိုင်သည်၊ မျက်နှာကို သန့်ရှင်းရေးလုပ်ရန် မျက်နှာသုတ်ပဝါကို အသုံးပြုနိုင်သည်
- ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ခြင်း၊ အလေးအပင်မခြင်းများအား အနည်းဆုံး (၂) လခန့် ရှောင်ကြဥ်ရမည်
- ရေကူးခြင်းအား အနည်းဆုံး (၁) လခန့် ရှောင်ကြဥ်ရမည် (ထို့နောက်တွင် ရေကာမျက်မှန်တပ်၍ ကူးနိုင်သည်)
- ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ ကားမောင်းခြင်း၊ လေယာဥ်စီးခြင်း မပြုလုပ်ရပါ
- ဆံပင်ဆေးဆိုးခြင်း၊ မျက်လုံးမျက်ခွံတွင် မိတ်ကပ်လိမ်းခြင်းအား အနည်းဆုံး (၁) လခန့် ရှောင်ကြည်ရမည်
- မျက်ကပ်မှန်တပ်ဆင်ခြင်းအား အနည်းဆုံး (၈) ပတ်ခန့် ရှောင်ကြဥ်ရမည်၊ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ပြန်လည်တပ်ဆင်သင့်သည်
- ကာယအားကို အသုံးပြု၍လုပ်ရသော အလုပ်များကို အနည်းဆုံး (၂) ပတ်ခန့် မပြုလုပ်သင့်ပါ
- မျက်လုံးယားယံခြင်းများမှ ကာကွယ်နိုင်ရန် ဖုန်ထူထပ်သောနေရာများ၊ မီးခိုးငွေ့များနှင့် ထိတွေ့မှုများကို ရှောင်ကြဥ်ရမည်
References:
- Leeds Teaching Hospitals NHS Trust. (2024). Corneal graft post operative advice (2nd ed.) [PDF]. Retrieved May 23, 2025, from https://flipbooks.leedsth.nhs.uk/LN005076.pdf flipbooks.leedsth.nhs.uk
- American Academy of Ophthalmology. (n.d.). About corneal transplantation. Retrieved May 23, 2025, from https://www.aao.org/eye-health/treatments/about-corneal-transplantation
- Cleveland Clinic. (n.d.). Cornea transplant. Retrieved May 23, 2025, from https://my.clevelandclinic.org/health/treatments/17714-cornea-transplant
- Mayo Clinic. (n.d.). Cornea transplant. Retrieved May 23, 2025, from https://www.mayoclinic.org/tests-procedures/cornea-transplant/about/pac-20385285
Published: 14 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.