Knee Replacement Surgery (ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

Knee Replacement Surgery (ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

ဒူးဆစ်အစားထိုးခွဲစိတ်မှုသည် အဆစ်အစားထိုးခွဲစိတ်မှုများတွင် အများဆုံးပြုလုပ်လေ့ရှိသည့် ခွဲစိတ်ကုသမှုဖြစ်သည်။ အသက်ကြီးသူအချိုးအစား ပိုမိုများပြားလာခြင်း၊ အဆစ်အစားထိုးပစ္စည်းများ အဆင့်မြင့်လာခြင်း၊ ခွဲစိတ်ကုသသည့်နည်းပညာများ တိုးတက်လာခြင်းကြောင့် ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုများ နှစ်စဉ်တိုးတက်များပြားလျက်ရှိသည်။ နာတာရှည် ဒူးဆစ်နာကျင်ခြင်းသက်သာစေရန်၊ ဒူးဆစ်လှုပ်ရှားမှုနှင့် လုပ်ဆောင်နိုင်စွမ်းပိုမိုကောင်းမွန်စေရန်နှင့် လူမှုဘဝနေထိုင်မှုအရည်အသွေးပြည့်စုံစေရန် ဒူးဆစ်အစားထိုးခွဲစိတ်ခြင်းကို ပြုလုပ်သည်။ အဆစ်အစားထိုးပစ္စည်းများကို သတ္တုစပ်နှင့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်များဖြင့်ပြုလုပ်ထားသည်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုတွင်

  • ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ်ကုသခြင်း (Partial Knee Replacement)
  • ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသခြင်း (Total Knee Replacement)
  • ယခင်ဒူးဆစ်အစားထိုခွဲစိတ်မှု ပျက်စီးယိုယွင်းလာသဖြင့် ပြန်လည်ခွဲစိတ်ရခြင်း (Revision Surgery) ဟူ၍ အမျိုးမျိုးရှိသည်။
knee replacement surgery image 1
ဒူးဆစ်ဖွဲ့စည်းပုံ

ဒူးဆစ်သည် ခန္ဓာကိုယ်၏ အကြီးဆုံးအဆစ်တစ်ခုဖြစ်ပြီး အရေးပါသော အဆစ်များထဲမှ တစ်ခုဖြစ်သည်။ ဒူးဆစ်သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အထိုင်အထပြုလုပ်ခြင်း၊ လှေကားအသုံးပြုခြင်းတို့တွင် အရေးပါသည်။ ဒူးဆစ်ကို အရိုးများ၊ အရွတ်များ (Ligaments)၊ အရိုးနုများ (Cartilages)၊ အရွတ်ကြောများ (Tendons) များဖြင့် ဖွဲ့စည်းထားသည်။ ဒူးဆစ်ကို ပေါင်ရိုးအဖျားပိုင်း (Distal Femur)၊ ခြေသလုံးရိုးအရင်းပိုင်း (Proximal Tibia)၊ ခုံညင်းရိုး (Patella) တို့ဖြင့် တည်ဆောက်ထားသည်။ ဒူးဆစ်ရှိ အရိုးနှင့် အရွတ်၊ အရွတ်ကြော၊ ကြွက်သားများ ပူးပေါင်းကာ ခန္ဓာကိုယ်၏အလေးချိန်ကို တောင့်ခံနိုင်ရန် အတူတကွလုပ်ဆောင်သည်။

ဒူးဆစ်အစားထိုးပစ္စည်း

ဒူးဆစ်အစားထိုးပစ္စည်းများသည် လူတစ်ယောက် သက်သောင့်သက်သာ သွားလာလှုပ်ရှားနိုင်ရန်နှင့် သဘာဝဒူးဆစ်ကဲ့သို့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားသော ပစ္စည်းများဖြစ်သည်။ သတ္တုအမျိုးမျိုးဖြင့် ပေါင်းစပ်ပြုလုပ်ထားသည့် သတ္တုစပ်များကို အသုံးပြုခြင်းဖြင့် အစားထိုးပစ္စည်းများသည် ပိုမိုခိုင်မာစေပြီး ကာလကြာရှည်စွာ အသုံးပြုနိုင်သည်။ သတ္တုစပ်များတွင် ပါဝင်သည့် တိုင်တေနီယမ် (Titanium) နှင့် ကိုဘော့-ခရိုမီယမ် သတ္တုစပ် (Cobalt-Chromium alloy) သည် ပိုမိုပေါ့ပါးပြီး ခန္ဓာကိုယ်နှင့်သဟဇာတဖြစ်ကာ ဖိအားဒဏ်ကို ခံနိုင်ရည်မြင့်သည်။ ဒူးဆစ်အစားထိုးပစ္စည်းတွင်

  • ဒူးဆစ်အထက်ပိုင်း ပေါင်ရိုးအခြေကိုဖုံးအုပ်သည့် သတ္တုစပ်အပိုင်း (Femoral component)
  • ဒူးဆစ်အောက်ပိုင်း ခြေသလုံးရိုးအရင်းကိုဖုံးအုပ်သည့် သတ္တုစပ်အပိုင်း (Tibial Tray) နှင့် ၎င်းအပေါ်ထပ်တင်ထားသည့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်ပြား (Polyethylene Tibial Insert) အပိုင်း
  • ခုံညင်းရိုး (Patella) မျက်နှာပြင်ပေါ်ဖုံးအုပ်သည့်အပိုင်း ဟူ၍ပါဝင်သည်။

ဒူးဆစ်အစားထိုးပစ္စည်းများကို အရိုးပေါ်တွင် တည်မြဲစွာ နေရာချထားနိုင်ရန် အရိုးစီးမန့်ကော် (Bone Cement) ကိုအသုံးပြုသည်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသရန်လိုအပ်သောရောဂါအခြေအနေများ

မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် မသက်သာသော နာတာရှည် ဒူးဆစ်နာကျင်မှု ခံစားနေရသူများတွင် ဒူးဆစ်အစားထိုးခွဲစိတ်မှု လိုအပ်နိုင်သည်။ ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုများကို ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Knee Osteoarthritis) တွင် အများဆုံးကုသလေ့ရှိပြီး ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis) တွင်လည်း ကုသမှုပေးလေ့ရှိသည်။ တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာရပြီးနောက် ဖြစ်ပွါးသည့် အဆစ်ရောင်ရောဂါ (Post traumatic arthritis) များတွင်လည်း ဒူးဆစ်အစားထိုးခွဲစိတ်မှု လိုအပ်နိုင်သည်။ အောက်ပါအခြေအနေများတွင် ဒူးဆစ်အစားထိုးခွဲစိတ်မှုပြုလုပ်ရန် စဉ်းစားသင့်သည်။

  • မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်းဖြင့် (၃-၆) လ ကုသပြီးသော်လည်း တိုးတက်မှုမရှိခြင်း
  • ဒူးဆစ် အမြဲတစေနာကျင်နေခြင်း၊ နာကျင်မှုပြင်းထန်ခြင်း
  • သိသာထင်ရှားစွာ ဒူးဆစ်အတွင်းခွင်နေခြင်း သို့မဟုတ် အပြင်ခွင်နေခြင်း၊ မိမိ၏ဒူးဆစ်အပါ် ယုံကြည်မှုမရှိခြင်း၊ မကြာခဏ ဒူးညွတ်ကျခြင်း
  • ဒူးဆစ်ရောင်ရမ်းခြင်း
  • ဒူးဆစ် အကွေးအဆန့် ခက်ခဲခြင်း၊ လှုပ်ရှားမှုတွင် အဆစ်အတွင်းမှ အသံမြည်ခြင်း
  • လှုပ်ရှားသွားလာမှုခက်ခဲခြင်း
  • ဒူးဆစ်နာကျင်မှုကြောင့် နေ့စဉ်လူမှုဘဝ လုပ်ဆောင်မှုများတွင် အခက်အခဲရှိခြင်း
  • လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေးများအတွက် လုပ်ဆောင်ရာတွင် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေခြင်း
  • ဒူးဆစ်ဓာတ်မှန်တွင် အဆစ်အတွင်း ကြားကွက်လပ်ကျဉ်းနေခြင်း၊ အရိုးအချင်းချင်းပွတ်တိုက်နေခြင်း၊ အဆစ်အတွင်း အရိုးအသစ်များထွက်ခြင်း၊ အဆစ်ပုံစံပျက်ယွင်းနေခြင်း

ယေဘုယျအားဖြင့် အသက် (၆၀) အထက် လူနာများတွင်သာ ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှု ပြုလေ့ရှိသော်လည်း အဆစ်ရောင်ရောဂါပြင်းထန်စွာခံစားရပါက အသက်ငယ်သော လူနာများတွင်လည်း ခွဲစိတ်ကုသမှုခံယူနိုင်သည်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုမပြုလုပ်သင့်သော လက္ခဏာများနှင့် အခြေအနေများ
  • အဆစ်အတွင်းပိုးဝင်၍ ရောင်ရမ်းခြင်း
  • ဒူးဆစ်ပေါ်ရှိ အရေပြားပါးလွှာခြင်း၊ အရေပြားရောဂါရှိခြင်း၊ အနာရှိခြင်း
  • ခန္ဓာကိုယ်တစ်နေရာ၌ ရောဂါပိုးမွှားကူးစက်မှု ခံစားနေရခြင်း
  • နှလုံးရောဂါကဲ့သို့ နောက်ခံကျန်းမာရေးအခြေအနေများကို မထိန်းချုပ်နိုင်ခြင်း
  • ခြေလက်သွေးကြောများတွင် သွေးလည်ပတ်မှုမကောင်းခြင်း
  • ခွဲစိတ်ပြီး ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း အစီအစဉ်များကို လိုက်နာဆောင်ရွက်လိုခြင်း မရှိခြင်းစသည့်အခြေအနေများတွင် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုမပြုလုပ်သင့်ပေ။
ကြိုတင်သိရှိထားရမည့်အချက်များ

မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်းများဖြင့် ကုသပြီးသော်လည်း ဒူးဆစ်နာကျင်ခြင်း ဆက်လက်ခံစားနေရခြင်း၊ လူမှုဘဝနေထိုင်မှုအရည်အသွေး မပြည့်စုံခြင်းတို့ကို ခံစားနေရပါက ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုအတွက် လူနာနှင့်အရိုးအထူးကုဆရာဝန်သည် အတူတကွ ဆုံးဖြတ်ချက်ချမှတ်မည်။

ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုနည်းလမ်းများဖြစ်သည့် ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ်ကုသသည့် နည်းလမ်း (Partial Knee Replacement) နှင့် ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသသည့် နည်းလမ်း (Total Knee Replacement) များအနက် မည်သည့်ခွဲစိတ်မှုနှင့် သင့်လျော်သည်ကို သက်ဆိုင်ရာအရိုးအထူးကုဆရာဝန်မှ ဆုံးဖြတ်သည်။ ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသသည့် နည်းလမ်းကို အများဆုံးအသုံးပြုကြသည်။

ဒူးဆစ်နာကျင်ခြင်းသည် ဒူးအဆစ်တစ်ခုတည်း ဖြစ်နိုင်သကဲ့သို့ နှစ်ဖက်လုံးတွင်လည်း ဖြစ်ပွါးနိုင်သည်။ ဒူးဆစ်တစ်ဖက်တွင်သာ နာကျင်မှုပြင်းထန်စွာခံစားရပါက ဒူးဆစ်တစ်ဖက်တည်း အစားထိုးခွဲစိတ်ကုသမှု (Unilateral Total Knee Replacement) ပြုလုပ်သည်။ ဒူးဆစ်နှစ်ဖက်လုံး အစားထိုးခွဲစိတ်မှုလိုအပ်ပါက တစ်ချိန်တည်း ဒူးဆစ်နှစ်ဖက်လုံးအား အစားထိုးခွဲစိတ်ကုသခြင်း (Bilateral Total Knee Replacement) လုပ်နိုင်သကဲ့သို့ အချိန်ခြား၍ တစ်ဖက်စီ အစားထိုးခွဲစိတ်ကုသခြင်း (Staged Bilateral Total Knee Replacement) ပြုလုပ်နိုင်သည်။

မခွဲစိတ်မီ ပေါင်နှင့် ခြေသလုံး ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများကို ပြုလုပ်ရမည်။ ဒူးဆစ်အစားထိုးပစ္စည်းပေါ် သက်ရောက်သောဒဏ် နည်းပါးစေရန် မခွဲစိတ်မီအချိန်ကတည်းက ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်သည်။ ခွဲစိတ်ကုသမှုခံယူအပြီး လှုပ်ရှားသွားလာမှု အဆင်ပြေစေရန်နှင့် လဲကျမှုအန္တရာယ် မရှိစေရန် အိမ်တွင်းအခြေအနေများကို လိုက်လျောညီထွေစွာ ကြိုတင်ပြုပြင်ပြောင်းလဲထားရမည်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသပုံအဆင့်ဆင့်
မခွဲစိတ်မီကြိုတင်ပြင်ဆင်ခြင်း
  • တစ်ချိန်တည်း ဒူးဆစ်နှစ်ခုလုံး အစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးကောင်းသော ခွဲစိတ်မှုဒဏ်ခံနိုင်သောသူများတွင် ပြုလုပ်နိုင်သည်၊ နောက်ခံရောဂါဖြစ်ပွါးမှု ရာဇဝင်ရှိသူများနှင့် ရောဂါဖြစ်ပွါးနှုန်းများသူများတွင် အချိန်ခြား၍ ဒူးတစ်ဖက်စီ အစားထိုးခွဲစိတ်ကုသနိုင်သည်၊ တစ်ဖက်နှင့်တစ်ဖက် အစားထိုးခွဲစိတ်ကုသမှု ကြားကာလမှာ ပုံမှန်အားဖြင့် (၆-၁၂) ပတ် ဖြစ်သည်
  • အရိုးခွဲစိတ်အထူးကုဆရာဝန်မှ ဒူးဆစ်ဓာတ်မှန် (knee X-ray)၊ ကွန်ပျူတာဓာတ်မှန် (CT scan) (သို့မဟုတ်) သံလိုက်ဓာတ်မှန် (MRI) တို့ကို အသုံးပြုပြီး အဆစ်ပျက်စီးမှုအခြေအနေကို သုံးသပ်ကာ ဒူးဆစ်အစားထိုးပစ္စည်း၏ အရွယ်အစားနှင့် အနေအထားကို ကြိုတင်ခန့်မှန်းမည်
  • ဒူးဆစ်အစားထိုးပစ္စည်းများကို နိုင်ငံအမျိုးမျိုး၊ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်သဖြင့် မိမိနှင့်သင့်တော်သည့် ပစ္စည်းအကြောင်းကို သက်ဆိုင်ရာ ခွဲစိတ်ကုသမည့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး အသုံးပြုမည့် အစားထိုးပစ္စည်းကို ရွေးချယ်ရမည်
  • ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှု ခံယူရန် ဆုံးဖြတ်ပြီးပါက ခွဲစိတ်ကုသမှု ရလဒ်ကောင်းမွန်စေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပွါးမှုမရှိစေရန် အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်၊ မေ့ဆေးအထူးကုဆရာဝန်များနှင့် တိုင်ပင်သင့်သည်
  • သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ခြင်း၊ အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစစ်ဆေးခြင်းတို့ကို ကြိုတင်ပြုလုပ်မည်
  • ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်သိရှိရန် လိုအပ်သည်၊ ခွဲစိတ်ကုသမည့်ရက်မတိုင်မီ တစ်ပတ်မှစ၍ သွေးကျဲဆေးသောက်ဆေးများကို မသောက်ဘဲ ရပ်ထားရမည်၊ လိုအပ်ပါက ဆရာဝန်မှ သွေးကျဲဆေးထိုးဆေးပေးရန် ညွှန်ကြားနိုင်သည်
  • လူနာကို ခွဲစိတ်ခံယူမည့်နေ့ (သို့မဟုတ်) တစ်ရက်ကြိုတင်၍ ဆေးရုံတက်ရောက်စေမည်
  • မခွဲစိတ်မီ ကြိုတင်၍ ပိုးသတ်ဆေးထိုးခြင်း၊ သွေးခဲခြင်းမှ ကာကွယ်နိုင်ရန် သွေးကျဲဆေးထိုးခြင်းတို့ ပြုလုပ်မည်
ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း
  • လူနာကို မေ့ဆေး (သို့မဟုတ်) ခါးရိုးထုံဆေးပေးပြီး ခွဲစိတ်ကုတင်ပေါ်တွင် ပက်လက်နေရာချထားမည်
  • သွေးထိန်းကြိုးပြား (Tourniquet) ကို ပေါင်အရင်းဘက်၌ ပတ်၍ သွေးထိန်းကြိုးပြား၏ ဖိအားကို ထိန်းချုပ်မည့်စက်သို့ ဆက်သွယ်ထားသည်
  • ခွဲစိတ်ကုသမှုခံယူမည့်ဘက်ရှိ ခြေထောက်တစ်ခုလုံးကို ပိုးသတ်ဆေးများနှင့် စနစ်တကျ ဆေးကြောပြီး ပိုးသတ်ပြီးသားအလွှာစကို ဖုံးအုပ်သည်
  • သွေးထိန်းကြိုးပြားအတွင်း ဖိအားတက်စေရန် ပြုလုပ်ခြင်းဖြင့် သွေးထွက်လျော့နည်းစေကာ မြင်ကွင်းရှင်းလင်းပြီး ခွဲစိတ်ကုသမှုအချိန် တိုတောင်းစေသည်
  • ဒူးဆစ်ရှေ့ဘက်တွင် (၁၀-၁၅) စင်တီမီတာခန့် ရှည်လျားသော ခွဲစိတ်ဒဏ်ရာပြုလုပ်မည်
  • ပျက်စီးနေသော ပေါင်ရိုးအောက်ဘက်စွန်း၊ ခြေသလုံးရိုးအပေါ်ဘက်စွန်းနှင့် ခုံညင်းရိုးတို့ရှိ အရိုးနုနှင့် အရိုးမာများကို ဖယ်ရှားမည်
  • အဆစ်အတွင်းရှိ အရိုးစွန်းများတွင် အစားထိုးပစ္စည်းနှင့် ကိုက်ညီမှုရှိစေရန် အရိုးကို လှီးဖြတ်ခြင်း၊ ထွင်းခြင်းတို့ ပြုလုပ်မည်
  • အဆစ်အစားထိုးပစ္စည်းများကို အစမ်းနေရာချထားပြီး ခြေထောက်အနေအထား၊ အရွတ်များ၏ အတင်းအလျော့၊ အဆစ် အကွေးအဆန့်တို့ကို ဆန်းစစ်သည်
  • အားလုံးအဆင်ပြေပါက ခန္ဓာကိုယ်အတွင်း အမှန်တကယ် အသုံးပြုမည့် ပေါင်ရိုးအောက်ဘက်စွန်းဖုံး (Femoral Component)၊ ခြေသလုံးအပေါ်ဘက်ဖုံး (Tibial Tray) တို့ကို အရိုးစီးမန့်ကော် (Bone Cement) သုံး၍ နေရာချထားမည်၊ သင့်တော်သောအထူရှိသည့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ် (Polyethylene) ကို Tibial Tray ပေါ် နေရာချထားသည်
  • ခုံညင်းရိုး (Patella) ရှိ အရိုးအတက်များကို ဖယ်ရှားပြီး လိုအပ်ပါက အရိုးမျက်နှာပြင် ညီညာအောင်လုပ်သည်
  • ခွဲစိတ်မှုပြီးသည်နှင့် ဒူးဆစ်၏ လှုပ်ရှားမှု၊ တည်ငြိမ်မှုနှင့် ခြေထောက်၏ အနေအထားကို ထပ်မံစမ်းသပ်စစ်ဆေးမည်
  • သွေးထိန်းကြိုးအတွင်းရှိ ဖိအားကိုပြန်လျှော့မည်၊ သွေးထိန်းကြိုးအတွင်းရှိ ဖိအားတင်ထားသည့် အချိန်သည် မိနစ် (၉၀) ထက် မကျော်လွန်သင့်ပါ
  • ခွဲစိတ်ထားသည့်ဒဏ်ရာမှ သွေးမထွက်စေရန် လိုအပ်ပါက သွေးဆင်းပိုက် (Drainage tube)ကို အနာအတွင်း ထည့်ထားပေးမည်
  • ခွဲစိတ်ထားသည့်ဒဏ်ရာကို အလွှာလိုက် ပြန်ပိတ်မည်
  • အဆစ်အစားထိုးခွဲစိတ်မှုသည် ပြင်ဆင်ချိန်မှ ပြီးဆုံးချိန်အထိ (၂-၃) နာရီခန့် ကြာနိုင်သည်
ခွဲစိတ်မှုအပြီးကုသမှုပေးခြင်း
  • ခွဲစိတ်ကုသမှုအပြီးတွင် ခွဲစိတ်ခန်းအတွင်းရှိ စောင့်ကြည့်လူနာခန်း၌ တစ်နာရီခန့်ထားပြီးနောက် အတွင်းလူနာအခန်းသို့ ပို့ဆောင်မည်
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးအတွင်း အောက်ဆီဂျင်ရာခိုင်နှုန်းကို ပုံမှန်စောင့်ကြည့်မည်
  • နာကျင်မှုသက်သာစေသော ဆေးများပေးခြင်း၊ လိုအပ်သော ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ သွေးခဲခြင်းကိုကာကွယ်ရန် သွေးကျဲဆေးများပေးခြင်းတို့ ပြုလုပ်မည်
  • မေ့ဆေး သို့မဟုတ် ထုံဆေး ပြေလျော့ပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဒူးဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများ စတင်ပြုလုပ်ရမည်
  • ဒူးအကွေးအဆန့် လေ့ကျင့်ခန်းလုပ်သည့်စက် (Continuous Passive Motion) ဖြင့် နေ့စဉ်တိုး၍ လေ့ကျင့်သွားမည်
  • ခွဲစိတ်ပြီးနောက်တစ်ရက်တွင် ဒူးဆစ်ဓာတ်မှန်ပြန်ရိုက်ပြီး ကောင်းမွန်ပါက မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းများ စတင်မည်
  • ခွဲစိတ်ကုသမှုအပြီး နာကျင်မှုသက်သာစေသော ဆေးဝါးများ၊ နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လှုပ်ရှားသွားလာမှုကို ပိုမိုတိုးတက်စေသည်
  • အနာအတွင်း ထည့်ထားသော သွေးဆင်းပိုက်ကို ခွဲစိတ်အပြီး (၂-၃) ရက်အကြာတွင် ဖြုတ်မည်
  • ခွဲစိတ်ကုသမှု ခံယူအပြီး ဆေးရုံတွင် (၃-၄) ရက်ခန့် ဆေးရုံတက်ရနိုင်သည်၊ သို့သော် အခြားကျန်းမာရေးပြဿနာများရှိလျှင် ဆေးရုံတက်ရက် ပိုကြာနိုင်သည်
  • ခွဲစိတ်ပြီး (၁၀-၁၄) ရက်ခန့်တွင် ချုပ်ရိုးဖြည်ရန် လိုအပ်သည်၊ ဆေးရုံဆင်းပြီးနောက်ပိုင်း ရက်ချိန်းတွင်မှ ချုပ်ရိုးဖြေလေ့ရှိသည်
  • အိမ်ပြန်ပြီးနောက် (၄-၆) ပတ်ကြာသည်အထိ ပုံမှန်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်
  • ပုံမှန်လှုပ်ရှားသွားလာမှုနှင့် အရည်အသွေးပြည့်ဝသော လူမှုဘဝနေထိုင်မှု ရရှိရန် (၃) လခန့် ကြာမြင့်နိုင်သည်။
အစားထိုးခွဲစိတ်ကုသမှု၏ကောင်းကျိုးများ

အရိုးရောဂါဆိုင်ရာ ခွဲစိတ်ကုသမှုများ၏ အောင်မြင်မှုအရဆုံး ကုသမှုများတွင် ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသမှု ပါဝင်သည်။ လူနာများ၏ (၉၀-၉၅) ရာခိုင်နှုန်းခန့်မှာ နာကျင်မှု သိသိသာသာ သက်သာပြီး သွားလာလှုပ်ရှားမှုကောင်းမွန်ကာ ခွဲစိတ်ကုသမှုရလဒ်ကို ကျေနပ်မှုရှိကြသည်။

ခွဲစိတ်ကုသမှု၏ကောင်းကျိုးများမှာ_

  • နာကျင်မှုသက်သာခြင်း
  • လှုပ်ရှားသွားလာမှု တိုးတက်ကောင်းမွန်လာခြင်း
  • ခြေထောက်ခွင်ခြင်းပျောက်ကင်းပြီး အရိုးအနေအထား ပိုမိုကောင်းမွန်လာခြင်း
  • လူမှုဘဝနေထိုင်မှုပုံစံ ပြည့်စုံစေပြီး စိတ်ချမ်းသာစေခြင်း
  • ယနေ့ခေတ် ဒူးဆစ်အစားထိုးပစ္စည်းများ၏ သက်တမ်းသည် အနှစ် (၂၀) ခန့်တာရှည်ခံပြီး စနစ်တကျ အသုံးပြုပါက ထို့ထက် ကြာရှည်ခံခြင်း
  • ဆေးပညာရပ်ဆိုင်ရာနှင့် ခွဲစိတ်ကုသမှု နည်းပညာတိုးတက်လာမှုကြောင့် နောက်ခံကျန်းမာရေး ပြဿနာများရှိလျက်ပင် လူနာများဘေးအန္တရာယ် ကင်းဝေးခြင်း
နောက်ဆက်တွဲဆိုးကျိုးများ

ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုသည် အများအားဖြင့် အောင်မြင်မှုအရှိဆုံး ခွဲစိတ်ကုသမှုတစ်ခုဖြစ်သော်လည်း အခြားခွဲစိတ်မှုများကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးရှိနိုင်သည်။

မေ့ဆေးနှင့်ပတ်သက်သောဆိုးကျိုးများ

  • မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးအိမ်တင်းခြင်းတို့သည် အဖြစ်များသော်လည်း ယာယီသာ ခံစားရနိုင်သည်
  • မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရုတ်တရက် နှလုံးဖောက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့သည် အဖြစ်နည်းသော်လည်း ပြင်းထန်နိုင်သည်
  • မေ့ဆေးနှင့် ပတ်သက်သော ဆိုးကျိုးများဖြစ်ပေါ်မှု လျော့ကျစေရန် မေ့ဆေးဆရာဝန်မှ မခွဲစိတ်မီ ကြိုတင်၍ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ထားမည်

အနာပိုးဝင်ခြင်း

  • အပေါ်ယံအနာ ပိုးဝင်ခြင်းနှင့် အတွင်းပိုင်း အဆစ်အစားထိုးပစ္စည်းအထိ ပိုးဝင်ခြင်းများ ဖြစ်နိုင်သည်
  • ပဋိဇီဝပိုးသတ်ဆေးထိုးရန် လိုအပ်နိုင်ပြီး အချို့ပြင်းထန်လူနာများတွင် ပြန်လည်ခွဲစိတ်မှု လိုအပ်နိုင်သည်
  • မခွဲစိတ်မီ ပဋိဇီဝပိုးသတ်ဆေး ကြိုတင်ပေးခြင်းနှင့် ခွဲစိတ်ကုသမှုတွင် ရောဂါပိုးမွှားဝင်ရောက်မှု မရှိစေရန် စနစ်ကျသည့် အစီအမံများရှိရမည်

သွေးခဲခြင်း

  • အတွင်းပိုင်း သွေးပြန်ကြော သွေးခဲခြင်းမှတစ်ဆင့် သွေးခဲသည် အဆုတ်သို့ ရောက်ရှိသွားပါက အသက်အန္တရာယ်ရှိနိုင်သည်
  • ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းရှိပါက သတိထားသင့်သည်
  • ထိုသို့မဖြစ်စေရန် ခွဲစိတ်ပြီးနောက် ဆောလျင်စွာ အဆစ်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကြွက်သားညှစ်အားသုံးကိရိယာများတပ်၍ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ သွေးကျဲဆေးများ ကြိုတင်ပေး၍ ကုသခြင်းဖြင့် ကာကွယ်နိုင်သည်

အာရုံကြောနှင့် သွေးကြောထိခိုက်ခြင်း

  • ခွဲစိတ်ကုသမှုခံယူနေချိန်အတွင်း အာရုံကြောနှင့် သွေးကြောထိခိုက်မှုမှာ ဖြစ်နိုင်ခြေနည်းပါးသည်

အဆစ်တင်းတောင့်ခြင်း

  • ခွဲစိတ်ပြီး ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို စောစီးစွာပြုလုပ်ခြင်းဖြင့် အဆစ်တင်းတောင့်ခြင်းကို ကာကွယ်နိုင်သည်

အရိုးတစ်ရှူးများပျက်စီးခြင်း (Osteolysis)

  • အဆစ်အစားထိုးပစ္စည်းများ (ဥပမာ _ ပလတ်စတစ်၊ သတ္တု) ပွန်းပဲ့ခြင်းကြောင့် ထွက်လာသော အမှုန်အမွှားများသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို လှုံ့ဆော်ပြီး အရိုးပျက်စီးခြင်းကို ဖြစ်စေနိုင်သည်

အစားထိုးခွဲစိတ်ပစ္စည်းနှင့်ဓာတ်မတည့်ခြင်း

  • အချို့လူနာများသည် အဆစ်အစားထိုးပစ္စည်းတွင် ပါဝင်သည့်သတ္တုနှင့် ဓာတ်မတည့်မှု ရှိနိုင်သော်လည်း ဖြစ်နိုင်ခြေနည်းပါးသည်

အဆစ်အစားထိုးပစ္စည်းများပျက်စီးလာခြင်း

  • အဆစ်အတုကို နှစ်ပေါင်းများစွာ အသုံးပြုပြီး အချိန်ကြာလာသည်နှင့်အမျှ အဆစ်အစားထိုးပစ္စည်းများ ချောင်လာခြင်း၊ ပျက်စီးလာခြင်းများရှိပါက အဆစ်နာကျင်ခြင်း၊ အဆစ်ခိုင်ခံ့မှု မရှိခြင်း၊ ပြုတ်ထွက်ခြင်းများ ခံစားရနိုင်သည်။ ထိုအခါ အဆစ်ပြန်လည်ခွဲစိတ်မှု လိုအပ်လာနိုင်သည်

စိတ်ကျေနပ်မှု အပြည့်အဝမရခြင်း

  • ခွဲစိတ်ကုသမှုခံယူသည့်လူနာများ၏ (၅-၁၀) ရာခိုင်နှုန်းသည်
    • နာကျင်မှုအနည်းငယ် ဆက်လက် ခံစားနေရခြင်း
    • ဒူးဆစ်လှုပ်ရှားမှု အပြည့်မရခြင်း
    • ပကတိအရှိတရားနှင့် ကွဲလွဲစွာ မျှော်လင့်ချက်ထားခြင်း
    • ခွဲစိတ်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်း
    • ခွဲစိတ်ကုသမှုမပြုမီကတည်းက ခံစားနေရသည့် စိတ်ကျရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့ကြောင့် စိတ်ကျေနပ်မှု အပြည့်အဝမရခြင်းများလည်း ရှိနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ

အဆစ်အစားထိုးခွဲစိတ်ကုသမှု ခံယူပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များသည် ပြန်လည်သက်သာမှုကို မြန်ဆန်စေပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် အရေးကြီးသည်။ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

  • ဆရာဝန် ညွှန်ကြားထားသော ပဋိဇီဝပိုးသတ်ဆေးများနှင့် အကိုက်အခဲပျောက်ဆေးများကို စနစ်တကျသောက်ပါ
  • နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန် ရေခဲကပ်ပါ
  • ခွဲစိတ်ထားသော ဒဏ်ရာကို သန့်ရှင်းစွာထားပါ
  • နောက်ဆက်တွဲပြဿနာများ ရှိမရှိ စောင့်ကြည့်ပါ
  • ဒဏ်ရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်း၊ ဖျားခြင်း စသည့် လက္ခဏာများရှိပါက ဆရာဝန်ကို အမြန်အကြောင်းကြား၍ ချက်ချင်းပြန်ပြပါ
  • အဆစ်တွင် နာကျင်မှု၊ တောင့်တင်းမှု သို့မဟုတ် ပုံမှန်မဟုတ်သော အသံများ ကြားရပါက ဆရာဝန်နှင့် တိုင်ပင်ပါ
  • အဆစ်များကို ဒဏ်မပိစေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားပါ
  • ကြွက်သားများကို သန်မာစေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ညွှန်ကြားထားသည့်အတိုင်း ပုံမှန်ပြုလုပ်ပါ
  • ခွဲစိတ်ပြီးစအချိန် လှုပ်ရှားလမ်းလျှောက်ရာတွင် ချိုင်းထောက် (Crutches) သို့မဟုတ် လမ်းလျှောက်တုတ် (Walker) ကို အသုံးပြုပါ
  • အားကစား ပုံမှန်လုပ်ပါ၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းကဲ့သို့ အနည်းငယ်သာ အားစိုက်ရသော လှုပ်ရှားမှုများကို ပြုလုပ်ပါ
  • ခွဲစိတ်ပြီးနောက် ဆရာဝန် ညွှန်ကြားထားသောရက်များတွင် ရက်ချိန်းပုံမှန်ပြသပါ။

References:

  1. Professional, C. C. M. (2025). Knee replacement. Cleveland Clinic. Retrieved June 5, 2025, from https://my.clevelandclinic.org/health/treatments/8512-knee-replacement
  2. Knee replacement – Mayo Clinic. (n.d.). Retrieved June 5, 2025, from https://www.mayoclinic.org/tests-procedures/knee-replacement/about/pac-20385276
  3. Levine, H. (2024). Knee replacement Surgery: an overview. WebMD. Retrieved June 5, 2025, from https://www.webmd.com/osteoarthritis/knee-replacement-surgery
  4. Website, N. (2025). Knee replacement. nhs.uk. Retrieved June 5, 2025, from https://www.nhs.uk/tests-and-treatments/knee-replacement/

Published: 24 June 2025

Share

24 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.