ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Mastectomy) သည် ရင်သားတစ်ရှူးအားလုံးကို ခွဲစိတ်ဖယ်ရှားသည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ ဤခွဲစိတ်မှုကို အဓိကအားဖြင့် ရင်သားကင်ဆာရှိသူများတွင် ကင်ဆာဆဲလ်များ ဆက်လက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် သို့မဟုတ် ကင်ဆာအကျိတ်ကို ဖယ်ရှားရန် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် မိသားစုရာဇဝင်တွင် ရင်သားကင်ဆာမျိုးဗီဇ ပြောင်းလဲမှုရှိသူများတွင်လည်း ရောဂါဖြစ်ပွါးမှုကို ကာကွယ်ရန် ပြုလုပ်နိုင်သည်။ ခွဲစိတ်မှုအမျိုးအစားနှင့် လူနာအခြေအနေပေါ် မူတည်၍ နောက်ဆက်တွဲကုသမှုများ (ဓာတ်ရောင်ခြည်၊ ဟော်မုန်းကုထုံး) လိုအပ်နိုင်သည်။
ခွဲစိတ်မှုအမျိုးအစားများ
ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် လူနာ၏ ရွေးချယ်မှုအပေါ် မူတည်ပြီး ခွဲစိတ်နည်း အမျိုးမျိုးရှိသည်။
- ရင်သားတစ်ရှူးများသာမက ရင်သားအရေပြား အများစုနှင့် နို့သီးခေါင်းကိုပါ ခွဲစိတ်ဖယ်ရှားခြင်း (Total/ Simple Mastectomy)
- ရင်သားတစ်ရှူးတစ်ခုလုံး၊ ရင်သားအရေပြားနှင့် နို့သီးခေါင်းအပြင် ရင်ဘတ်ကြွက်သား အပေါ်ယံအမြှေးပါးနှင့် ချိုင်းကြားရှိ ပြန်ရည်ကြောအကျိတ်များကိုပါ ခွဲစိတ်ဖယ်ရှားခြင်း (Modified Radical Mastectomy)
- ရင်သားတစ်ခုလုံး၊ နို့သီးခေါင်းနှင့်အတူ ရင်သားအရေပြား အနည်းငယ်ကိုသာ ခွဲစိတ်ဖယ်ရှားခြင်း (Skin-sparing Mastectomy) – ရင်သားကင်ဆာ ကနဦးအဆင့်ကဲ့သို့ အချို့ရောဂါအခြေအနေများတွင် အရေပြား သို့မဟုတ် နို့သီးခေါင်းကို မဖယ်ရှားဘဲ ထားရှိနိုင်သည်
- နို့သီးခေါင်းနှင့် ရင်သားအရေပြားကိုချန်ကာ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Nipple-sparing Mastectomy) – နို့သီးခေါင်းနှင့် အရေပြားအောက်ရှိ ရင်သားတစ်ရှူးများတွင် ကင်ဆာဆဲလ်များ ရှိမရှိ ခွဲစိတ်နေချိန်အတွင်း အသားစစစ်ဆေး၍ ချက်ချင်းအဖြေထုတ်ရန် လိုအပ်သည်
- ရင်သားနှစ်ဖက်လုံး ခွဲစိတ်ဖယ်ရှားခြင်း (Double Mastectomy) – ရင်သားကင်ဆာမျိုးရိုးဗီဇ ပါရှိသူများတွင် ရင်သားကင်ဆာကာကွယ်ရန် ခွဲစိတ်မှုဖြစ်သည်
ရင်သားကင်ဆာရောဂါဖြစ်ပါက ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းနှင့်အတူ အောက်ပါခွဲစိတ်မှုများ တွဲ၍ပြုလုပ်သည်။
- နမူနာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel Node Biopsy)
- ချိုင်းကြားရှိ ပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ခြင်း (Axillary Node Dissection)
- ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ခြင်း (Breast Reconstruction) စသည်တို့ဖြစ်သည်။
ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ခြင်းအား ရောဂါအခြေအနေအပေါ် မူတည်၍ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားပြီး ချက်ချင်း သို့မဟုတ် အချိန်တစ်ခုအကြာတွင် ခွဲစိတ်ပြုပြင်နိုင်သည်။ ထို့ကြောင့် ခွဲစိတ်မှုမပြုလုပ်မီ
- ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ရန် သင့်မသင့်
- ပြန်လည်ပြုပြင်ခွဲစိတ်သင့်သည့်အချိန်နှင့်
- ပလတ်စတစ်ဆာဂျင် (Plastic Surgeon) နှင့် ပြသရန် လိုမလို စသည့်အချက်များအား ခွဲစိတ်ဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားသင့်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- ရင်သားကင်ဆာ ကနဦးအဆင့်များ
- ရင်သားအရွယ်နှင့် နှိုင်းယှဥ်ပါက ရင်သားကင်ဆာအကျိတ် အရွယ်အစားကြီးခြင်း
- ရင်သားအစိတ်အပိုင်း တစ်ပိုင်းထက်ပို၍ ကင်ဆာအကျိတ်တည်နေခြင်း
- ရင်သားဓာတ်ရောင်ခြည်ပြရန် မသင့်တော်သူများ (ဥပမာ – ကိုယ်ဝန်ဆောင်များ)
- ရင်သားကင်ဆာမျိုးရိုးဗီဇ ပါရှိသူများတွင် ကင်ဆာမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
ခွဲစိတ်ဆရာဝန်သည် ရောဂါအကြောင်းအသေးစိတ်နှင့် ခွဲစိတ်မှုအကြောင်းကို မခွဲစိတ်မီ သေချာစွာရှင်းပြမည်ဖြစ်သည်။ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်သောကြောင့် အောက်ပါ အကြံပြုပံ့ပိုးမှုများ လိုအပ်သည်။
- ခွဲစိတ်မှုနှင့် ရင်သားဆုံးရှုံးမည့် ကြောက်ရွံ့ဝမ်းနည်းမှု၊ ကိုယ်ခန္ဓာပုံသဏ္ဍာန် ပြောင်းလဲမှုဆိုင်ရာ စိုးရိမ်မှုများကို ဖော်ထုတ်ဆွေးနွေးခြင်း
- ဆုံးဖြတ်ချက်ချရာတွင် အကူအညီပေးခြင်း
- ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ကြိုတင်အသိပေးခြင်းနှင့် ခွဲစိတ်ပြီးနောက် နာလန်ထူမှုနှင့် နေ့စဥ်လူမှုဘဝအတွက် ကြိုတင်ပြင်ဆင်ပေးခြင်း စသည်တို့ကို အကြံပြုပံ့ပိုးမှုများ ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် ခွဲစိတ်မှုဒဏ် ခံနိုင်ရည်ရှိအောင် အောက်ပါအတိုင်း ပြင်ဆင်မည်ဖြစ်သည်။
- လိုအပ်သော သွေးစစ်ဆေးမှု၊ ဓာတ်မှန်ရိုက်စစ်ဆေးမှုများ ပြုလုပ်ခြင်း
- ခွဲစိတ်မှုအကြောင်း၊ အသုံးပြုမည့် မေ့ဆေး၊ ထုံဆေး၊ အိပ်ဆေးများအကြောင်းနှင့် ၄င်းတို့၏ ကောင်းကျိုး၊ ဆိုးကျိုး၊ နောက်ဆက်တွဲအန္တရာယ်များကို သေချာရှင်းပြပြီး ခွဲစိတ်ရန် သဘောတူညီချက်ကို တောင်းခံခြင်း
- ခွဲစိတ်မည့် နေ့၊ အချိန်၊ ရက်ချိန်း စီစဥ်ခြင်း
- ခွဲစိတ်စဥ် ဆိုးကျိုးအန္တရာယ်ဖြစ်ပွါးမှု နည်းစေရန် ဆေးလိပ်ဖြတ်ရန်၊ အစာဖြတ်ရန် ညွှန်ကြားခြင်း
- စွဲသောက်နေသော သောက်ဆေးများကို ထိန်းညှိခြင်း (ဥပမာ – သွေးကျဲဆေး၊ သွေးမခဲဆေး စသည့် အချို့ဆေးဝါးများ သောက်သုံးခြင်းကို ယာယီ ရပ်ထားရန် လိုအပ်ခြင်း) စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်
ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် အကြီးစားခွဲစိတ်ကုသမှုဖြစ်ပြီး တစ်ညအိပ်ဆေးရုံတက်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်ကုသမှု အဆင့်ဆင့်
မခွဲစိတ်မီ
ဆရာဝန်မှ အောက်ပါအကြောင်းအရာများကို မေးမြန်းမည်ဖြစ်သည်။
- လက်ရှိသောက်သုံးနေသော ဆေးဝါးများ
- မတည့်သော ဆေးဝါးများ
- ဓာတ်မတည့်ခြင်းများ – အထူးသဖြင့် ဆေးခန်းသုံး လက်အိတ်များတွင် ပါဝင်သော Latex ရာဘာနှင့် ဓာတ်မတည့်ခြင်း
- လက်ရှိကျန်းမာရေးအခြေအနေ စသည်တို့ဖြစ်သည်။
ထို့နောက်
- လက်မောင်းသွေးကြောမှတစ်ဆင့် လိုအပ်သော ဆေးရည်များ ထိုးပေးခြင်း
- မေ့ဆေးပေးခြင်း
- အနာပိုးဝင်ခြင်းကို ကာကွယ်ရန် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများ ထိုးခြင်း
- နမူနာပြန်ရည်ကျိတ်ခွဲစိတ်ထုတ်ခြင်း (Sentinel node biopsy) ပြုလုပ်ရန် လိုအပ်ပါက ရေဒီယိုသတ္တိကြွဓာတ်အနည်းငယ်ရှိသော ဆေးရည် (Mild radioactive tracer) သို့မဟုတ် ရောင်ခြယ်ဆေးတစ်မျိုး (ဥပမာ – Blue dye) ကို ရင်သားအကျိတ်အနီး ထိုးပေးခြင်း
ခွဲစိတ်စဥ်
ခွဲစိတ်မှုသည် တစ်နာရီ မှ သုံးနာရီအထိ ကြာမြင့်နိုင်သည်။ ရင်သား ပြန်လည်ပြုပြင်ခွဲစိတ်မှု ပါဝင်ပါက အချိန်ပိုမိုကြာမြင့်နိုင်သည်။
- ခွဲစိတ်နည်းအလိုက် ရင်သားအရေပြားပေါ်တွင် လိုအပ်သကဲ့သို့ ခွဲကြောင်းပေးကာ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားသည်
- လိုအပ်ပါက ပြန်ရည်ကျိတ်များ ခွဲစိတ်ဖယ်ထုတ်ခြင်း သို့မဟုတ် နမူနာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်းစသည်တို့ ပြုလုပ်သည်
- ထုတ်ယူထားသော နမူနာ ပြန်ရည်ကျိတ်အသားစနမူနာကို ချက်ချင်း အေးခဲပြီး ပါးလွှာသော အလွှာများအဖြစ် ဖြတ်ယူကာ အဏုကြည့်မှန်ပြောင်းအောက်တွင် အမြန်ဆုံး ကြည့်ရှုစစ်ဆေးခြင်း (Frozen Section) ပြုလုပ်နိုင်သည်၊ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ရှိမရှိ အမြန်ဆုံး သိရှိနိုင်ပြီး ခွဲစိတ်နေစဥ် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချက်ချင်းဆုံးဖြတ်ရသည့် အခြေအနေများတွင် အထောက်အကူပြုသည်
- ရင်သားဖယ်ရှားပြီး ကျန်ရှိသော နေရာတွင် စုလာနိုင်သော မန်းရည်၊ သွေးရည်များကို ထုတ်ယူရန် သေးငယ်သော အရည်ထုတ် ပြွန်ငယ် တစ်ခု သို့မဟုတ် နှစ်ခုထည့်ပြီး အရေပြားတွင် ချုပ်တွယ်ထားမည်
- ထို့နောက် ခွဲစိတ်အနာကို ပြန်ပိတ်ချုပ်သည်
ခွဲစိတ်ပြီးနောက်
- ခွဲစိတ်ပြီးချိန်တွင် သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်း စသည်တို့ကို စိတ်ချရသည်အထိ စောင့်ကြည့်တိုင်းတာမည်ဖြစ်သည်
- လူနာ မေ့ဆေးမှ ကောင်းစွာ ပြန်နိုးလာပါက
- လက်တွင် ဆေးရည်သွင်းထားသော ပိုက်များ
- ခွဲစိတ်ဒဏ်ရာအနီး ထည့်ထားသော အရည်ထုတ်ပြွန်ငယ်များနှင့်
- ခွဲစိတ်ဒဏ်ရာပေါ် ကပ်ထားသော အနာကပ်ပလတ်စတာများ စသည်တို့ကို သတိပြုမိမည်
- အနာသက်သာဆေးများ၊ ပိုးသတ်ဆေးများကို လိုအပ်သည့်အတိုင်း ပေးထားမည်
- မေ့ဆေးအရှိန်ပြယ်ပြီး စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာအခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆေးရည်များသွင်းပြီး ဆက်လက်ကုသမည်။
- နာလန်ထမြန်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည် (ဥပမာ – ခွဲစိတ်ပြီး သတိကောင်းစွာ ပြန်ရချိန်တွင် လမ်းလျှောက်ပေးခြင်း၊ ပခုံးလေ့ကျင့်ခန်း ပြုလုပ်ခြင်း)
- ဆေးရုံမဆင်းမီ ခွဲစိတ်အနာနှင့် အရည်ထုတ်ပြွန်များကို ဂရုစိုက်ထိန်းသိမ်းသည့် နည်းလမ်းများ သင်ကြားပေးမည်ဖြစ်ပြီး စနစ်တကျ လိုက်နာဆောင်ရွက်ရမည်
နောက်ဆက်တွဲပြဿနာများ
ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းပါးသော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲအခြေအနေများ ဖြစ်နိုင်သည်။
အကြီးစားခွဲစိတ်မှုတိုင်းတွင် ဖြစ်နိုင်သော ပြဿနာများမှာ_
- အနာရင်းခြင်း၊ အနာပိုးဝင်ခြင်း (Wound infection)
- ခွဲစိတ်ပြီးနောက် ဒဏ်ရာမှ သွေးပြန်ထွက်ခြင်း (Wound bleeding)
- မေ့ဆေးအသုံးပြုခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ (ဥပမာ – အဆုတ်ရောင်ခြင်း) စသည်တို့ဖြစ်သည်။
ရင်သားခွဲစိတ်မှုကြောင့် ဖြစ်နိုင်သော ပြဿနာများမှာ_
- အနာမန်းရည်စုခြင်း (Seroma formation)
- ရင်ဘတ်၊ ချိုင်းကြား၊ လက်မောင်းရင်းနှင့် ပခုံးအရေပြားများ ထုံကျဥ်ခြင်း
- ပခုံးဆစ် လှုပ်ရှားမရဖြစ်ခြင်း (ခွဲစိတ်ပြီး ပခုံးလေ့ကျင့်ခန်း မပြုလုပ်လျှင် ဖြစ်ပွါးနိုင်သည်)
- ချိုင်းတွင် မာခဲနေသော အမာရွတ်များ စမ်းမိခြင်း
- ခွဲစိတ်သည့် ရင်သားဘက်အခြမ်း လက်မောင်းတစ်လျှောက် ပြန်ရည်ကြောများ စီးဆင်းမှု မမှန်တော့သည့်အတွက် ရောင်ခြင်း၊ ဖောင်းခြင်းစသည်တို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခွဲစိတ်သည့် ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်မျှ ရင်ဘတ်နှင့် လက်မောင်းလှုပ်ရှားမှု ပြုလုပ်လျှင် နာကျင်နိုင်သည်၊ ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်ပြီး လက်မောင်းလေ့ကျင့်ခန်း ပြုလုပ်ရမည်
- အများအားဖြင့် လူနာသည် တစ်လခန့်အကြာတွင် ပုံမှန်နေထိုင် သွားလာမှုများ ပြန်လည်ပြုလုပ်လာနိုင်သည်
- အသားစအဖြေရရန် တစ်ပတ်ခန့် ကြာနိုင်ပြီး အဖြေအပေါ်မူတည်၍ လိုအပ်သည့် ကုထုံးများ ဆက်လက်ရယူရမည်
- ခွဲစိတ်ပြီး တစ်ပတ်အကြာတွင် ဆရာဝန်မှ ပြန်လည်စမ်းသပ်ရန် ချိန်းဆိုမည်
- ရက်ချိန်းမတိုင်မီ အထက်တွင် ဖော်ပြထားသည့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့လျှင် (အထူးသဖြင့် ခွဲစိတ်သည့်နေရာတွင် ဖောင်းခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း) ချက်ချင်း ပြန်လည်ပြသရန် လိုအပ်သည်
References:
- Mayo Clinic. (n.d.). Mastectomy. Retrieved April 26, 2026, from https://www.mayoclinic.org/tests-procedures/mastectomy/about/pac-20394670
- National Health Service (NHS). (n.d.). Mastectomy. Retrieved April 26, 2026, from https://www.nhs.uk/conditions/mastectomy/
- Cleveland Clinic. (n.d.). Mastectomy. Retrieved April 26, 2026, from https://my.clevelandclinic.org/health/procedures/21221-mastectomy
Published: 30 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.